Thursday, November 17, 2016

ကား (မျိုးမြင့်ချို)

0 comments
ထမင်းဖိုးရှာတဲ့အလုပ်ကို ဒီနေ့ကစ ပြန်လုပ်ရမယ်။ ကြားထဲမှာ ကျန်းမာရေးမကောင်းတာရယ် စိတ်လေတာရယ် စိတ်ကျတာရယ်ပေါင်းပြီး ဘာအလုပ်မှမလုပ်နိုင် မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီ့အရင်က ရှာထားတာလေးရယ် မိန်းမလုပ်စာရယ်ကိုထိုင်စားရင်း ဖေ့စ်ဘွတ်ခ်ပေါ် ဘုတွေချည်း တက်တက်တောနေတာ။
ဒီနေ့တော့ အဆိုင်းမင်န့် ၂ ခု ရထားတယ်။ တခုကို တနာရီကြာ
စကားပြန်လုပ်ပေးရပါမယ်။ ၂ နာရီစာလုပ်ခ ရပါမယ်။ ကျနော်တို့ ၂ ယောက်ပေါင်းမှာ ကားပိစိကွေးလေးတစင်း ရှိပါတယ်။ တချို့ဆို ကားထဲဝင်ထိုင်ရတာတောင် အသက်ရှူကြပ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် အဲ့ဒီ ကားပိစိလေးက အင်ရှူးရင်န့်ပဲ ပေးရတော့တာပါ။ ကြေတာကြာပါပြီ။
တခါတလေ ကျနော့်အလုပ်က အရေးပေါ်လှမ်းခေါ်တဲ့အချိန် ဇနီးက ကားယူသွားရင် အလုပ်ကို လက်လွှတ်လိုက်ရတာတွေရှိပါတယ်။ အလုပ်လုပ်တဲ့အေဂျင်စီကိုလည်း အားနာစရာ မျက်နှာပူစရာပါ။ ပိုဆိုးတာက အဲ့သလိုတွေဖြစ်ပေါင်းများတော့ အေဂျင်စီကလည်း ကျနော့်ထက်အဆင်ပြေမယ့်စကားပြန်ကို အလုပ်အပ်လိုက်တာများပါတယ်။
ခုတော့ ဒရိုင်ဘာလိုင်စင်လည်းရပါပြီ။ ကားလည်း ဘာအထိအခိုက်မှမရှိအောင် မောင်းနိုင်ပါပြီ။ ကားက ၂ ယောက်ပေါင်းမှတစီးတည်းဆိုတော့ ပေါပေါပဲပဲ စီးဖြစ်ရုံ အလုပ်ဖြစ်ရုံလေးတစီး ဝယ်မယ်လို့ ၂ ယောက်သား စိတ်ကူးရကြပါတယ်။ ထရပ်ကားဝယ်ဖို့ ကူးထားတဲ့ ပထမစိတ်ကူးကို နောက်ပြန်ရွှေ့ပြီး ရိုးရိုးလူစီးကားလေးဘဲ ဝယ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း အရစ်ကျပေးအကြွေးနဲ့ပေါ့။ ဒါပေမယ့် အချင်းချင်းဆီက သူတို့စီးပြီးသား တပတ်ရစ်အနေအထားကောင်းလေးကို ပြန်ဝယ်မှာဆိုတော့ ဘဏ်ကနေငွေချေးစရာမလိုပါ။ ဘဏ်တိုးပေးစရာမလိုပါ။ ကားတန်ဖိုးရဲ့ ဆယ်ပုံတပုံလောက်ကို လစဉ်အရစ်ကျငွေသားနဲ့ ပေးသွားမယ်လို့ သဘောတူထားပါတယ်။
ကားဆိုတာက ကျနော်တို့နေတဲ့ ဖို့တ်ဝိန်းလို နယ်မြို့လေးတွေမှာ မရှိမဖြစ်ပစ္စည်းပါ။ ဘစ်ကားဆိုတာက တနာရီမှတစီးထွက်ပြီး တက္ကစီလည်းရှားပါတယ်။ တက္ကစီခက ဈေးလည်းများပါတယ်။ မြို့ပတ်ရထား(မြေပေါ်မြေအောက်)လည်းမရှိပါ။
တကယ့်စည်းဇိမ်ရှင်ကြီးတွေကတော့ တကယ့်ဇိမ်ခံကားအကောင်းစားကြီးတွေကို ဂုဏ်အတွက် ဇိမ်ခံဖို့အတွက် ဓနအခြေပြညွှန်းမှတ်အတွက် ဝယ်ကြစီးကြပါတယ်။ သာမန်လူတွေ(အထူးသဖြင့် လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့) သာမန် သူလိုကိုယ်လိုလူတွေအတွက်တော့ တော်ရိလျော်ရိလေးတွေပဲ စီးကြတာပါ။ ဒါတောင် တချို့က လုပ်တော့သာ အသားခုတ်ငါးခုတ်ရုံတွေမှာ စက်ချုပ်ရုံတွေမှာ သန့်ရှင်းရေးလုပ်ငန်းတွေမှာ လုပ်ကြပေမယ့် စီးတော့ လဲဆပ်စ်တို့ ဗျု့က်တို့ ကက်ဒလက်တို့ ခရိုင်စလာတို့ စီးကြပါတယ်။ တလတလ သူတို့ရတဲ့လုပ်ခက ကားဖိုးနဲ့ ကားအင်ရှူးရင်န့်
လူအင်ရှူးရင်န့်နဲ့တင် မနည်း ထိတာပါ။
ကားကောင်းလေလေ အင်ရှူးရင်န့်ကလေ ကြီးလေလေ၊ ကားတိုက်ဖူးလေလေ အင်ရှူးရင့်န့်ကလည်း ကြီးလေလေမဟုတ်လား။ တချို့များ ကိုယ့်အလုပ် ကိုယ့်ဘဝနဲ့ မဟပ်စပ်တဲ့ အသုံးအဆောင်တွေဝယ်ထားပြီး ရတဲ့လုပ်ခနဲ့ မိသားစုစရိတ် အိမ်ဖိုး မီးဖိုး ရေဖိုး အင်တာနက်ဖိုး တယ်လီဖုန်းဖိုးတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး မနိုင်ဝန်ထမ်းထားသလိုကြီးဖြစ် စိတ်တွေပူ စိတ်ဖိစီးမှုတွေနဲ့ မြင်ရတာ စိတ်မသက်သာစရာပါ။ ဒီကြားထဲ အလုပ်ကပြုတ်သွားရင်တော့ သေပြီသာမှတ်ပါပဲ။ တချို့များ ပေးမင်န့်တွေမပေးနိုင်တော့လို့ ငွေချေးထားတဲ့ဘဏ်က ဒါမှမဟုတ် ငွေကြေးအဖွဲ့အစည်းတခုခုကနေ ကားတွေပြန်လာသိမ်းသွားတာ အိမ်တွေပြန်အပ်လိုက်ရတာတွေရှိပါတယ်။ အဲ့သလို သိမ်းသွားပြီ ပြန်အပ်လိုက်ရပြီဆိုရင် ကိုယ်ရှေ့မှာ ပေးထားခဲ့သမျှ ဒေါင်းပေးမန့်ရော အရစ်ကျသွင်းထားတဲ့ငွေရော အကုန်ဆုံးပါတယ်။ စိတ်မကောင်းစရာကြီးပါဘဲ။ ဒါပေမယ့် သူတို့ကတော့ ပျော်ရွှင်နေပုံ အပူအပင်ဘာမှမရှိပုံပေါ်ပါတယ်။ ကိုယ်ကသာ ဘေးက စိတ်မသက်မသာဖြစ်မိတာပါ။
နိုဝင်ဘာ ၁၇၊ ၂ဝ၁၆
ခု ကျနော်လည်း နည်းနည်းလေး ပိုချောင်ချိမယ့် ခြေနိုင်လက်နိုင်ဖြစ်မယ့် ကားတပတ်ရစ်ကလေးတစီး ဝယ်ပါတော့မယ်ခင်ဗျား။
အင်း ကားနဲ့တွဲပြီး ဓာတ်ပုံရိုက်တင်ဖို့တော့ စိတ်ကူးမမိသေးပါဘူး။

0 comments:

Post a Comment