Monday, November 21, 2016

ကျွန်ပ်၏ချစ်လှစွာသော......(မျိုးမြင့်ချို)

0 comments
ပြီးခဲ့တဲ့လက ကန်ထဲကဒိုက်ဆယ်ရင်း အိပ်ထောင်ထဲက တယ်လီဖုန်း ရေထဲကျသွားပါတယ်။ ဖုန်းမရှိပဲ ၂ရက်ကြာမှပြန်တွေးတော့ ကန်ထဲကျသွားတယ်လို့ထင်ပြီး ဆင်းစမ်းတော့ ပြန်တွေ့ပါတယ်။ သုံးစားလို့မရတော့ပါ။ အသစ်တလုံးလည်းမဝယ်နိုင်၊ အလကားထပ်ရမယ့် ဖယ်မလီဖုန်းကန်ထရိုက်သက်တမ်းကလည်း ၂ဝ၁၇ ဖေဖော်ဝါရီမှဆိုတော့ ၃ နှစ်လောက်က ပစ်ထားခဲ့တဲ့ ရိုးရိုးဖုန်းလေးပြန်သုံးပြီး ဆက်သွယ်နေရ အလုပ်လုပ်နေရတာပါ။ ကျနော့်အလုပ်သဘောမှာက ပေးထားတဲ့အဆိုင်းမင်န့်ပြီးတာနဲ့ နေ့မကူးခင် တိုမ်းရှိ TIME SHEET ကို ဖုန်းနဲ့ဓာတ်ပုံရိုက်ရင်ရိုက် မရိုက်ရင်ကွန်ပြူတာမှာ စကင်န်ဖတ်၊ ဓာတ်ပုံဖောမက်ပြောင်း ဆိုက်ကိုပြန်ချုံ့ပြီး ဝဘ်ပေါ်တယ်လ်ပေါ်တင်ပေးရပါတယ်။ ဒါမှ အလုပ်ချိန်ဘယ်လောက်အတွက် လုပ်ခဘယ်လောက်ကို တွက်ပေးပါတယ်။ အိုင်ဖုန်းမရှိတော့ အလုပ်ကပြန်လာအိမ်ရောက်တောါမှ စကင်န်ဖတ်တာ ဖောမက်ပြောင်းတာ ပုံချုံ့တာတွေလုပ်ပြီးတင်ရတာဆိုတော့ အလုပ်လည်းရှုပ်သလို ကြာလည်းကြာပါတယ်။ တခါတလေ အပြင်ကပြန်လာ လူကမောနေပြီး အိမ်အလုပ်ကလေးဘာလေးလည်းလုပ်စရာရှိနေရင် ကောက်လုပ်ရင်း တိုမ်းရှိတင်ပေးဖို့ မေ့သွားတတ်ပါတယ်။ ဒါ့ကြောင့် အေဂျင်စီရဲ့သတိအပေးလည်း ခနခနခံရပါတယ်။
ဒါနဲ့ ဖေဖော်ဝါရီကြမှ ၂ နှစ်ပြည့်မယ့် အလကားရမယ့် အိုင်ဖုန်း ၆ ကို မျှော်နေမယ့်အစား ဒီကြားထဲ ၃ လစာလောက်သုံးရမယ့် အိုင်ဖုန်းအဟောင်းတလုံးတော့ ဝယ်မှဖြစ်တော့မယ်လို့စိတ်ကူးပြီး အွန်လိုင်းကနေ တပတ်ရစ်လျှပ်စစ်ပစ္စည်းရောင်းတဲ့ဝဘ်ဆိုက်တွေ တက်ကြည့် လိုက်ကြည့်ပါတယ်။ ဖေ့စ်ဘွတ်စတေးတပ်ကနေလည်း အိုင်ဖုန်း ၅ စီ ဒါမှမဟုတ် ၅ အက်စ် တပတ်ရစ်အကောင်းလေးများ ပြန်ရောင်းမယ့်သူရှိရင်ပြောပါဗျို့ဆိုပြီး ဗျိုးဟစ်လိုက်တော့ ကို Ye Win Latt က လည်း ဝဘ်ဆိုက်လိပ်စာတခုပို့လာပါတယ်။
တယ်။
ဒီနောက်တော့ ချက်ခြင်းပဲ Lucy Su ဆိုတဲ့ မိန်းကလေးက အဖေ သမီးမှာ အိုင်ဖုန်း ၄ တလုံးရှိတယ်။ သမီး တလပဲသုံးပြီး မသုံးတော့တာ။ ဖုန်းက အသစ်အတိုင်းပဲ.။ လာယူ အလကားပေးမယ်လို့ ပြောတယ်။
ဒီမိန်းကလေး ဗမာနံမည်ရင်းက ချောစုယဉ်ပါ။ အင်္ဂလိပ်လိုပေါင်းတော့ နောက်ဆုံးစာလုံးကို Yin နဲ့ဆိုတော့ ရင် လို့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရှေ့ ၂ လုံးက ချောစုဆိုတော့ နောက်အလုံးက ရင် ဖြစ်စရာအကြောင်းမရှိတော့ဘူး။ ယဉ်ပဲဖြစ်ရတော့မယ်။ သူနဲ့ကျနော် စသိခဲ့ကြတာက ကျနော် ဖို့တ်ဝိန်းရောက်ပြီး သိတ်မကြာခင်လေးမှာပါပဲ။ အဲ့ဒီတုန်းက သူက ကက်သလစ်ချာရတီးစ်ဒုက္ခသည်ပြန်လည်နေရာချထားရေးအေဂျင်စီမှာ ကေ့စ်ဝေါကားလုပ်နေပါတယ်။
ဒီကို အပျိုဖော်မဝင့်တဝင်လေးမှာ ရောက်လာပြီး ကောလိပ်လည်း
တဘက်ကတက်ရင်း အလုပ်လည်းလုပ်နေတာပါ။ ဗမာစကားကို ကျနော်တို့လောက် ပုံကြပန်းကြမပြောတတ်ပေမယ့် နားပေါက်အောင်တော့ ကြိုးစားပြောတတ်ပါတယ်။ ဗမာစာတော့ မရေးတတ်မဖတ်တတ်ရှာပါဘူး။ ကျနော့် ဇနီးကလည်း သူတို့အေဂျင်စီမှာလုပ်တာဖြစ်ပြီး သူက ကျနော့်ဇနီးကို အမေလို့ခေါ်ပြီး ကျနော့ကိုတော့ အဲ့ဒီကတည်းက အဖေလို့ခေါ်ခဲ့တာပါ။ သူ့အဖေအရင်းက ဘယ်မှာ ဘာဆိုတာ တခါမှ မမေးမိသလို ရှိသေးလားမရှိတော့ဘူးလားတောင် ကျနော်မသိပါ။ သူ့မွေးနေ့ သူ့ကလေးတွေမွေးနေ့ရှိတိုင်း ကျနော်တို့ကိုဖိတ်တတ်သလို ကျနော်တို့ အရင်နေခဲ့တဲ့အခန်းကိုလည်း လာလာလည်တတ်ပါတယ်။ လာလည်တာရဲ့အဓိကအကြောင်းကတော့ သူတက်နေတဲ့ကောလိပ်ကျောင်းကစာတွေ မရှင်းတာတွေကို ကျနော့်ဇနီးနဲ့ကျနော့်ကို လာလာမေးတာပါ။ တခါတလေ ငါးပိရည်ကျို ငါးပိချက် တို့စရာ ငါးပိထောင်း ဘာညာလေးတွေလည်း ကျနော်စားဖို့ ယူယူလာတတ်ပါတယ်။
ခုလည်း သူ အေဂျင်စီတခုမှာ အလုပ်လုပ်နေတာပါ။ လောလောဆယ်တော့ မီးဖွားချိန်နီးပြီး ကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတော မီးဖွားခွင့်နဲ့ အိမ်မှာ နားနေခိုက်ဖြစ်ပါတယ်။ ဟိုတလောက ကျနော် စိတ်လေ စိတ်ကျပြီး ပုလင်းထဲခေါင်းစိုက်မိတဲ့အချိန်က စကားပြောဖော်မရှိတာနဲ့ သူ့ကိုဖုန်းလှမ်းခေါ်တော့ ကျနော့်အခြေအနေကိုရိပ်စားမိတဲ့သူက ကျနော့်ညီမကိုပါ ခေါ်ချလာပြီး ကျနော် အောင်းနေတဲ့နေရာအထိ ပေါက်ချလာကြပါတယ်။ ရောက်တော့ ကဲ အဖေ အဝတ်အစားတွေထည့် အထုတ်ပြင်၊ သွားမယ်၊ အဖေ ဒီလိုနေလို့ မဖြစ်ဘူး၊ မမသင်းတို့ အဖွားတို့နဲ့ ခနသွားနေ။ စိတ်ပြေပြီး ကျန်းမာရေးကောင်းမျ အမေ့ဆီပြန်ဆိုပြီး ဗိုက်ကြီးတကားကားနဲ့ ပြောတယ်။ ဒါနဲ့ ကျနော်လည်း သေနတ်နဲ့ကျည်ဆန်တွေသိမ်း၊ အဝတ်အစားအိပ်မပြီး အိမ်ပြန်ရောက်လာတယ်။ ကျနော် အိမ်ပြန်ရောက်ကတည်း သင်းသင်းအေးဆီကို အဖေနေကောင်းရဲ့လား စားရဲ့လား အရက်တွေသောက်နေသေးလား ကျန်းမာရေးအခြေအနေရော စတာတွေ ဖုန်းနဲ့ လှမ်းလှမ်းမေးရှာပါတယ်။
ဒါနဲ့ ပြန်ဆက်ရရင် မနေ့က ၁ နာရီလောက်မှာ ဇနီးနဲ့ကျနော် သူပေးမယ့်တယ်လီဖုန်းလည်းသွားယူ သူ့လည်း ကိုယ်ဝန်သတင်းမေးရအောင် သူ့အိမ်ရောက်သွားတယ်။ သူပြောတဲ့အတိုင်းပဲ။ ဖုန်းက တကယ့်ကို အသစ်ကျပ်ချွတ်လေးအတိုင်းပဲ။ မှန်ပြင်ပေါ်မှာ ဘာအစင်းရာ အဖြစ်ရာမှမရှိဘူး။ သူ့မိသားစုမှာ အထွေးဆုံး သူ့သမီးအငယ်ဆုံးလေးတောင် မနည်းကြီးနေပြီ၊ ၅ နှစ်သမီးတဲ့။ သားအကြီးကောင် ၂ ယောက်ကတော့ အိုင်ပက်ဒ်နဲ့ကွန်ပြူတာနဲ့နေရာက တချက်တချက် ဧည့်ခန်းထဲလာပြီး ကျနော်နဲ့ဆော့နေတဲ့ သူတို့ညီမလေးကို လာစကားပြောတယ်။ ကလေး သုံးယောက် ဗိုက်တဗိုက် လင်ယောမယားပါ အလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ရှင်းချိန်ဘာချိန်တွေလည်း ရပုံမပေါ်ဘူး။ အမေရိကန်က ကလေးတွေထုံးစံအတိုင်း ခန်းလုံးပြည့် ကစားစရာတွေ အရုပ်တွေ အဝတ်အစားတွေနဲ့ ဧည့်ခန်းဟာ မုန်တိုင်းကျပြီးစ မြို့ပျက်ကြီးလို။
တနာရီခွဲလောက် သူ့အိမ်မှာအချိန်ဖြုန်းပြီး အိမ်ပြန်လာတော့ ကျနော့်ဘာသာ ဖုန်းကို ဆက်တင်ပြန်လုပ်တယ်။ အကြိမ်ကြိမ်ပဲ။ မအောင်မြင်ဘူး။ ဒါနဲ့ သူ့အမေ(ကျနော့်ယောက္ခမကြီး)နဲ့အတူကျေးဇူးတော်နေ့အတွက် ဈေးဝယ်ထွက်သွားတဲ့ဇနီးသည် ပြန်အလာကိုစောင့်တယ်။ သူက အဲ့ဒါမျိုးတွေကြ(တယ်လီဖုန်းကိစ္စမှာ)ကျနော့်ထက်ကျွမ်းတယ်။ ကျနော် ကွန်ပြူတာမှာကြတော့ သူ့ထက်နားလည်တယ်ဆိုပါတော့။
သူပြန်လာတော့ အဝတ်တောင်မလဲဘဲ ညစာအတွက် စားစရာပြင်ရင်း ကျနော့်နားလာပြီး ပြစမ်းနင့်ဖုန်း ငါကြည့်စမ်းမယ်ဆိုပြီး ယူတယ်။ ပြီးတော့ ကျနော့်ကွန်ပြူတာဖွင့်ခိုင်းတယ်။ အိုင်ကျူးန်းကိုသွားခိုင်းတယ်။ နောက်တော့ သူ့ဘာသာသူလုပ်လိုက်တာ နာရီဝက်တောင်မကြာဘူး ဖုန်းက အလုပ်စလုပ်တော့တယ်။ အင်တာနက်လည်းချိတ်မိသွားပြီ။ အိုင်ဖုန်းတလုံးရဲ့လုပ်လို့ရတဲ့ကိစ္စမှန်သမျှ လုပ်လို့ရသွားပြီ။
ဒါနဲ့ကျနော်က ချောစုကျေးဇူးနဲ့ ငါ ဖုန်းတလုံး အလကားရခဲ့တာ ကျေးဇူးတင်စရာနော်ဆိုတော့ ငါ့ကြတော့ရော။ ကျွန်ုပ်၏ချစ်လှစွာသောဇနီးသည်၏ အကူအညီဖြင့်လေးတောင် မပါတော့ဘူးလားလို့ ပြုံးစေ့စေ့ ခနဲ့တဲ့တဲ့လေးလုပ်တယ်။ အေးပါ မိန်းမရယ်။ နင်ပါလို့ ဒီအရာပြီးတာပါ။ ကျွန်ုပ်၏ချစ်လှစွာသောဇနီးပါလို့မှ ဤအရာပြီးမြောက်ရတာပါဆိုတော့ ဟီးဟီး-ဟီးဟီးလုပ်ပြီး မျက်နှာမချိုမချဉ်နဲ့ အဝတ်အစားလဲလိုက်ဦးမယ်ဆိုပြီး သူ့အခန်းထဲဝင်သွားတယ်။ ကျနော်လည်း ဖုန်းသစ်ကလေးမှာ အပလီကေးရှင်န်းတွေ အင်စတောလ်လုပ် ဗမာစာ ဗမာဖေါင့်တွေထည့်နဲ့ ညည့်နက်သွားပါတော့တယ်။
ချောစုယဉ်က ဗမာစာမတတ်တော့ ဒါကို သူဖတ်နိုင်ရှာမယ်မဟုတ်ဘူး။ လူချင်းတွေ့မှ စကားပြန်ပြီးပြောပြမယ်စိတ်ကူးထားပါတယ်။
နိုင်ဝင်၊ ၂၁၊ ၂ဝ၁၆

0 comments:

Post a Comment