Monday, November 21, 2016

တသောင်းတန် အာစေး (မျိုးမြင့်ချို)

0 comments
(တသောင်းတန် အာစေး)
ရန်ကုန်မြို့အခြေစိုက် အထိုက်အလျှောက်ကြီးတဲ့ကုမ္ပဏီတခုမှာ ကျနော့်မိတ်ဆွေတယောက် အလုပ်လုပ်ပါတယ်။ သူက ထုပ်လုပ်ရေးတိ့ အရောင်းမြှင့်တင်ရေးတို့ သယ်ယူပို့ဆောင်ရေးတို့လိုနေရာတွေမှာမဟုတ်ပဲ ရုံးလုပ်ငန်းဆိုင်ရာမှာလုပ်တာဖြစ်ပါတယ်။ သူ့အတတ်ပညာ သူ့အတွေ့အကြုံ သူ့လုပ်သက်နဲ့နှိုင်းတော့ တလတလ သူရနေတဲ့လခကလည်း ဒေါ်လာ ၅ ရာမပြည့်ပါဘူး။ ဒါပေမယ့် အခြားအခွင့်အလမ်း လည်း မရှာတတ် မိသားစုနဲ့အိုးမကွာအိမ်မကွာနေချင်တာလည်းပါတော့ ရသမျှလခလေးနဲ့အောင့်အီး ရတာလေးနဲ့ဝအောင်စားဆိုတဲ့ မွဲဆေးဖော်ဂါထာကြီးတွင်တွင်ရွတ် သူထက်နိမ့်ပါးနွမ်းပါးသူတွေဘက်ငဲ့ကြည့်ရင်း ငါ့ထက်ဆိုးတဲ့ဘဝတွေအများကြီးပါလားလို့ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေသူလည်းဖြစ်ပါတယ်။
တနေ့ သူနဲ့ စကားပြောရင်း ဟေ့လူရေ တသောင်းတန်ငွေစက္ကူအတုတွေ ထွက်နေပြန်ပြီဗျာလို့ စိတ်ပျက်လက်ပျက်ပြောတယ်။ အစိုးရအတု ခေါင်းဆောင်အတုတောင်ထွက်နေသေးတာ ငွေတုထွက်တာများ စကားလုပ်လို့ဗျာ။ ခုမှ ပိုက်ဆံတုထွက်တာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှာ ထွက်ခဲ့တာပဲမဟုတ်လားဗျလို့ အငေါ်ပြန်တူးတော့ သူက အေးဗျာ ဒါပေမယ့် ငွေစက္ကူတုကြောင့် စိတ်မချမ်းသာရတဲ့ကြားထဲ ကျုပ်တို့ကုမ္ပဏီပိုင်ရှင်လုပ်တဲ့စောက်ချိုးကြောင့် ပိုပြီး စိတ်ထိခိုက်ရလို့ပါတဲ့။ ခင်ဗျားတို့သူဌေးက ဘာစောက်ချိုးတွေများ ချိုးပြန်တာတုန်းဆိုတော့ ကုမ္ပဏီအရောင်းဌာနက အရောင်းဝန်ထမ်းလေးတွေလက်ထဲ ငွေစက္ကူတုပါလာရင် ပါလာတဲ့သူ တာဝန်ယူရမယ်တဲ့ဗျာတဲ့။
ကျနော် သူပြောတာသိတ်မရှင်းတာနဲ့ ဘယ်လိုဗျဆိုတော့ ဒီလိုဗျာ ဝယ်သူကလာဝယ်ပြီး ငွေချေတဲ့အထဲမှာ ငွေစက္ကူအတုတွေပါလာရင် ပါလာသလောက်ကို အရောင်းဝန်ထမ်းရဲ့လခထဲကနေ ပြန်ဖြတ်မယ်ပေါ့ဗျာ။ သူဌေးဘက်က အနာမခံဘူး ကုမ္ပဏီဘက်ကအနာမခံဘူးပေါ့။
ခင်ဗျားတွေးကြည့်ဗျာ အရောင်းဝန်ထမ်းတွေမှာ ငွေစက္ကူအတုအစစ် စစ်တဲ့စက်လည်းမရှိ။ ရောင်းနေရတာလည်း နေ့တဓူဝ လူပေါင်းစုံနဲ့။ ငွေတုနဲ့တမင်လာဝယ်သူတွေရှိသလို ငွေတုကိုငွေတုမှန်းမသိပဲ လာဝယ်သူတွေလည်းရှိမှာပဲလေ။ အဲ့ဒါကို အရောင်းဝန်ထမ်းက ရောင်းဝယ်နေရင်း ပိုက်ဆံအစစ်အတု ဘယ့်နှယ်လို့ အတိအကျစစ်ဆေးနေနိုင်မှာလဲ။ ဥပမာဗျာ ဆယ်သိန်းတန်ပစ္စည်းရောင်းလိုက်တယ်ဆို အဲ့ဒီဆယ်သိန်းလုံးကြီးက ပိုက်ဆံတွေနဲ့ အပုံလိုက်ကြီးချေတာဗျ။ အဲ့အထဲမှာ အသစ်ရော အဟောင်းရော အနွမ်းရော အစုတ်ရော အကုန်ပါတာဗျ။ ခင်ဗျားတို့ဆီမှာလို ဘဏ်ကဒ်လေး ခရက်ဒစ်ကဒ်လေးခြစ်တာလည်းမဟုတ်ဘူး။ အဲ့ဒီ ပိုက်ဆံအပုံလိုက်ကြီးကို ဆယ်သိန်း ပြည့်မပြည့်ရေရတာကတမျိုး၊ အစစ်အတုခွဲရတာကတမျိုးဆို သေရချည်ရဲ့ဗျာ၊ အဲ့ဒီ ပိုက်ဆံအစည်းလိုက်ကြီးတွေထဲမှာ ဘယ်အရွက်ကအစစ် ဘယ်အရွက်ကအတု စစ်ဆေးနေရအောင်လည်း အချိန်ကမရှိ။ နောက်ပြီး အရောင်းဝန်ထမ်းလေးတွေက ငွေတုစစ်ဆေးကျွမ်းကျင်သူတွေလို မြင်ရုံနဲ့ လက်နဲ့ထိလိုက်ရုံနဲ့ ဒါအတု ဒါအစစ်ပြောနိုင်တဲ့လူတွေလည်းမဟုတ်ဘူးလေ။ ဆိုတော့ တရွက်ခြင်း ငွေပြည့်မပြည်ကလည်း ရေရမယ် တခါ ငွေတုငွေစစ်ကလည်း ခွဲနေရဦးမယ်ဆို တွေးကြည့်ပါဦးဗျာ၊ အဲ့ဒီဆယ်သိန်းပုံကြီးပြီးအောင် အချိန်ဘယ်လောက်ကြာလိုက်မလဲ။ အချိန်ကြာပြန်တော့လည်း တွက်ခြေမကိုက်လို့ သတ်မှတ်နာရီအတွင်း ပြီးရမယ့်အလုပ်မပြီးလို့ဆိုပြီး အလုပ်ကအဖြုတ်ခံရဦးမယ်။ မရှိလို့မှ အတတ်ပညာတခုခုနဲ့ ပညာသည်သဘောလုပ်မစားနိုင်လို့မှ အရောင်းဝန်ထမ်းလေး ဝင်လုပ်ပါတယ်ဗျာ။ ခုတော့ ပိုက်ဆံတုပါလာရင် ကိုယ့်လုပ်ခထဲကဖြတ်မယ်ဆိုတော့ စဉ်းစားကြည့်တော့ဗျာ သူဌေးလုပ်ပုံကို။ တော်တော် ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ တဘို့တည်း ကြည့်တတ်တဲ့ ငို့ဘသမား ဝိသမသမားဗျာ၊ တော်တော် လူစိတ်မရှိ လူမဆန်တဲ့လူဗျာ၊ အရောင်းဝန်ထမ်းလေးတွေတော့ စိတ်အတော်ဆင်းရဲနေကြမှာပဲ။ ကျနော်တို့လည်း ဘာမှ ဝင်ပြောလို့မရ၊ သူလုပ်သမျှငုံ့ခံနေရတဲ့ဘဝဆိုတော့ ဘဝတူခြင်းတွေအတွက် စိတ်လက်မချမ်းမသာဖြစ် အံကြိတ်တက်ခေါက်မိတာအပြင် ဘာမှမတတ်ဘူးလို့ ကြေကြေကွဲကွဲဆို့ဆို့နင့်နင့်ပြောရှာတယ်။
ဒါနဲ့ ကျနော်လည်း အငေါ်တူးတာတွေ သူ့အလိုလိုရပ်သွားပြီး လူလည်း အာစေးမိတဲ့လူလို တုံဏှိဘာဝေ ကြက်သေ သေမိတယ်။
နိုဝင်ဘာ ၁၉၊ ၂ဝ၁၆

0 comments:

Post a Comment