Wednesday, November 16, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၇)(မျိုးမြင့်ချို)

0 comments
ဆမ်ကလျာဏီ၊ စုစု၊ နစ်က်ဒန်းလော့ပ်၊ ကျနော်နဲ့ မိုက်ကယ်လ်
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၇)(မျိုးမြင့်ချို)(၁၀/၂၈/၂၀၁၁) အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
        စင်ပေါ်ရောက်သွားပြီး ကျနော်စကားအစချီလိုက်တယ်ဆိုရင်ပဲ အောက်ကလူထုပရိသတ်က သာမန်စိတ်ဝင်စားမှုနဲ့ တိတ်တိတ် ဆိတ်ဆိတ်နားထောင်နေပေမယ့် တပ်စည်းရိုးနောက်က စစ်သည်တွေကြားထဲမှာတော့ နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွား တာကို သတိထားမိလိုက်ပါတယ်။ စောစောက လှောင် သလိုပြောင်သလိုမျက်နှာပေးနဲ့စစ်သည်တချို့လည်း အချင်းချင်း လက်တို့ပြီး တည်သွားကြပါတယ်။ အရာရှိတွေကတော့ စကားပြောစက်ကလေးတွေ ပါးစပ်နားကပ်ပြီး တခုခုသတင်းပို့နေပုံပါပဲ။

            စစချင်းတော့ အသံတွေနည်းနည်းတုန်၊ စကားတွေလုံးထပ်ပြီး လိုချင်တဲ့နေရာရောက်အောင်တည်လို့မရ ဖြစ်နေပါသေး တယ်။ နောက်တော့ ပြောရင်းပြောရင်းနဲ့အရှိန်ရလာပြီး ဖြောင့်သွားပါတယ်။  တပ်မတော်ထူထောင်ခဲ့တဲ့ရည်ရွယ်ချက်၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာတင်မက တရုပ်ဖြူကျူးကျော်မှုဆန့်ကျင်ရေး တိုက်ပွဲတွေအထိ ဗမာ့တပ်မတော်ရဲ့အစဉ်အလာကောင်းခဲ့ပုံ၊ ၁၉၆၂ခု ဗိုလ်နေဝင်းအာဏာသိမ်းမှုနဲ့အတူ တလက်ကိုင်တပ်အဖြစ် ပြောင်းလဲခံလိုက်ရပုံ၊ ဒီ့နောက် တပ်နဲ့လူထုကြားက အပြန်အလှန်ကိုးစားယုံကြည်မှုနဲ့ချစ်ခင်မှုတွေ တစတစလျော့ပါးလာခဲ့ရပုံ၊ ပြည်တွင်းစစ်ကိုလက်ညှိုးထိုးပြပြီး အစိုးရအဆက်ဆက်ဟာ ကယ်တင်ရှင်လုပ်ကိုယ်ကျိုးရှာနေပုံ၊ မဆလရဲ့စီးပွားရေးပေါ်လစီ နဲ့ပြည်တွင်းစစ်ကြောင့် အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့တဲ့တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေစာရင်းထဲဝင်သွားပုံ စတာတွေကို စင်ပေါ်ကနေတတ်နိုင်သမျှချုပ်ပြီး ကျနော်ပြောဖြစ်ခဲ့ ပါတယ်။

            အပြီးသတ်ခါနီးကျမှ လင်သေမုဆိုးမတွေ၊ သားပျောက်ရှာနေတဲ့မိခင်တွေ၊ ဖခင်မဲ့သားသမီးတွေ၊ ဒုက္ခိတဖြစ်သွားရရှာ သူတွေနဲ့ တိုင်းပြည်ကိုစိတ်မချမ်းသာစရာတွေဖြစ်လာစေတဲ့ အဓိကတရားခံဟာ စစ်တပ်ကိုလက်ကိုင်တုတ်လုပ်ပြီးကိုယ်ကျိုးရှာနေတဲ့ စစ်ခေါင်းဆောင်တွေပဲဆိုတာကို ကျနော့်ကိုယ်တွေ့နဲ့ နှိုင်းပြီးပြောချလိုက်ပါ တယ်။ ကျနော်ပြောနေရင်းကနေ စစ်သည်တွေဘက်ကို အကဲခတ်ကြည့်မိတော့ တကယ့်ကိုစူးစူးစိုက်စိုက်နဲ့နားထောင်နေတာတွေ့ရလို့ အတော်လည်းအားတက်မိပါတယ်။ တချို့ နားထောင်နေရင်း လက်ထဲကအသင့်အနေ အထားကိုင်ထားတဲ့သေနတ်တွေ အောက်ကိုမသိမသာလျှောကျသွားတာကိုတောင် သတိထားမိဟန်မတူပါဘူး။ ပြောနေတာတွေ မဆုံးခင်ကလေးမှာပဲ အမိန့်တခုရလိုက်ဟန်တူပါတယ်။ စစ်သည်တွေအားလုံး တပ်စည်းရိုးနောက်ကို တဖြည်းဖြည်းနဲ့ဆုတ်ဆုတ်သွားသွားပြီး ကျနော့် မြင်ကွင်းထဲကနေ ပျောက်သွားကြပါတော့တယ်။ ဒီလိုနဲ့ အဲဒီနေ့ကလုပ်ခဲ့ကြတဲ့ လူထုချီတက်ပွဲလည်း အေးအေးချမ်းချမ်းနဲ့ ပြီးခဲ့ရပါတယ်။

            နောက်တနေ့ နေ့လည်ပိုင်းလောက်ရောက်တော့ ကျနော်တို့နဲ့ကပ်လျှက်မြို့နယ်က သပိတ်ခေါင်းဆောင်တချို့လာပြီး သူတို့ဆီမှာ လိုက်ဟောပြောပေးဖို့ ကျနော့်ကိုဖိတ်ပါတယ်။ သူတို့မြို့နယ်ကလည်း ကျနော်တို့လိုတပ်နယ်ပဲဖြစ်ပါတယ်။ ဒါနဲ့ ကျနော်လိုက်သွားပြီး ပထမနေ့ကပြောခဲ့တာတွေကိုပဲ ပြန်ပြောဖြစ်ပါတယ်။ အတွေ့အကြုံတကြိမ်ရထားပြီးသားဆိုတော့ ဒီတခေါက် တော်တော်အဆင်ချောတယ်လို့ဆိုရ မှာပါ။ ကျနော့်ပြောခဲ့တာတွေဟာ တပ်မိသားစုတွေကြားထဲမှာ ဘယ်လောက်သက်ရောက်မှုရှိခဲ့ တယ်ဆိုတာကိုတော့ မသိခဲ့ရပါဘူး။

            နောက် ၂ ရက်လောက်ကြာတော့ ကျနော်သွားပြောခဲ့တဲ့ ကပ်လျှက်မြို့နယ်က သပိတ်ခေါင်းဆောင်တချို့ရောက်လာပြီး သူတို့မြို့ခံတပ်က ရဲဘော်တချို့ထွက်လာပြီး လာဆက်သွယ်တဲ့အကြောင်း၊ ဆန္ဒပြပွဲတွေမှာ ယူနီဖေါင်းဝတ်ပြီးလူထုနဲ့အတူ ပါဝင်လိုကြောင်း၊ တချို့ကတော့ လက်နက်တွေပါယူချလာပြီး လူထုဘက်ကနေဝင်တိုက်မယ် ဆိုတဲ့အကြောင်းတွေပြောပြပါတယ်။ ကျနော်တို့ အံ့သြဝမ်းသာဖြစ်ရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဆန္ဒထွက်ပြပြီးတပ်ထဲပြန်ဝင်ချိန်မှာ သူတို့ကိုတပ်ကအရေးယူလာမယ် ဆိုရင် ဘာလုပ်ပေးနိုင်မလဲဆိုတာက ပြဿနာပါပဲ။ ရှင်းရှင်းပြောရရင်တော့ စည်းရုံးရေးအမြင်နဲ့ တပ်ကိုလူထုဘက်ပါလာရေး သာပြောရပေမယ့် တကယ့်လက်တွေ့ပါလာချိန်ကျတော့ ကျနော်တို့ဘက်မှာ ဘာမှအဆင်သင့်ဖြစ်မနေခဲ့ကြပါဘူး။ အခြေအနေအရ လုပ်သာလုပ်နေရတာ အာဏာရှိသူတွေလည်းမဟုတ်တော့ ဘာအာမခံချက်မှလည်းမပေးနိုင်ကြပါဘူး။ ဒါနဲ့နောက်ဆုံး လူတွေချည်းပဲ ယူနီဖေါင်းနဲ့သာထွက်လာခဲ့ကြဖို့၊ တပ်ထဲမပြန်ပဲ သက်ဆိုင်ရာသပိတ်စခန်းတွေမှာနေထိုင်ကြဖို့၊ နောက်မှ အခြေအနေအရကြည့် လုပ်ကြဖို့ဆိုပြီး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

            နောက်နေ့တွေမှာ ကျနော်တို့မြို့ခံတပ်ထဲကလည်း ရဲဘော်တချို့လျှို့ဝှက်ပြီး ဆက်သွယ်လာကြပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ သေနတ်တွေယူမလာဖို့၊ သပိတ်စခန်းမှာနေဖို့ပဲပြောလိုက်ရပါတယ်။ တပ်ထဲကနေဆက်သွယ်လာသူ အရေအတွက်ဟာတနေ့ထက် တနေ့ များများလာပါတယ်။ လက်ရှိတပ်မတော်အရာရှိတွေထဲက ဗိုလ်ကြီးစိုင်းဝင်းကျော်တို့လို လူထုဘက်ကနေ ဗြောင်ဝင်ရပ်ပေး လာကြတဲ့အရာရှိတွေလည်းရှိလာပါပြီ။ ဒါတွေဟာ မြို့နယ်လူထုအတွက်အားတက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပါလာတဲ့ ရဲ့ဘော်တွေကို ကျနော်တို့ ရေရှည်ထိန်းမထားနိုင်တာက တကြောင်း၊ မြို့ထဲကနေဆို ပိုပြီးကျယ်ကျယ့်ပြန့်ပြန့် လုပ်နိုင်မယ်လို့ယူဆ တာကတကြောင်းမို့ သူတို့ကို  မြို့ထဲကသပိတ်စခန်းတွေနဲ့ ချိတ်ဆက်ပေးလိုက်ရပါတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့နားက လေထီး(၁၆)တပ်က ရဲဘော် (၁၆) ယောက် ကိုတော့ လူအရေအတွက်နဲ့တပ်အမှတ် တစ်ထပ်တည်းကျနေလို့ မှတ်မှတ်ရရရှိနေ ပါသေးတယ်။
           
            ကျနော်တို့ဆီကသွားတဲ့ရဲဘော်တွေရယ် မြို့ထဲကရှိနေတဲ့ လေတပ်၊ ရေတပ်၊ ရဲနဲ့စီအိုင်ဒီလူတွေပါပေါင်းမိသွားပြီး အင်အားတွေ အတော်စုမိလာပါတယ်။ ဆန္ဒပြပြည်သူတွေကလည်း ပါလာတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ပန်းကုံးတွေစွပ်ကြ ကြိုဆိုအားပေးကြနဲ့မို့ တပ်နဲ့ပြည်သူတော့ ဒီတချီမှာအမှန်ပဲ ပြန်တွဲမိကြတော့မလားလို့တောင် ထင်မှတ်မျှော်လင့်စရာဖြစ်လာ ကြပါတယ်။ ဒီလိုအခြေအနေအတွင်း ကျနော်တို့ကြားမှာ အရေးပေါ်ဆွေးနွေးစရာတချို့ စပေါ်လာတယ်လို့မှတ်မိနေပါတယ်။ လက်ရှိအနေအထားကို တပ်ကဘယ်လောက်အထိ ဆက်ခွင့်ပြုထားမလဲ။ ရေရှည်မှာ တပ်ကလူထုဘက်ပါသွားရင် တပ်ခေါင်းဆောင်တွေ ဘာလုပ်လာမလဲဆိုတာပါပဲ။ စစ်အာဏာသိမ်းမှု နောက်တကြိမ်ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ အားလုံးကတွက်မိကြပါတယ်။ ဒါပေမယ့်လို့ ဘာလုပ်မလဲ။ ဘာတွေပြင်ဆင်ကြမလဲဆိုတာမှာ တော့ အမြင်တွေမတူကြပါဘူး။

            တချို့က တပ်ထဲကရဲဘော်တွေကို လက်နက်တွေပါယူလာခိုင်းပြီး မြို့ပြပျောက်ကျား စတိုက်မယ်။ တချိန်တည်းထဲမှာ တောထဲက လက်နက်ကိုင်အင်အားစုတွေနဲ့ဆက်သွယ်မယ်။ အခုချိန်ကတည်းကစပြီး တောထဲသွားနှင့်သူက သွားထားနှင့်မယ်။ ဒီဘက်မှာ အဆင်သင့်ဖြစ် ချိန်လောက်မှာ လူထုဘက်ပါလာတဲ့တပ်တွေနဲ့ တောထဲကအင်အားစုတွေပေါင်းပြီးပြန်ချရင် အောင်ပွဲခံပြီဆိုတဲ့ အမြင်တွေရှိပါတယ်။ ကျနော် အပါအဝင်တချို့ကတော့ လက်နက်ကိုင်တိုက်ပွဲနည်းနာကို ရှောင်ချင်တယ်ဆိုတဲ့ အမြင်ရှိတာမှန်ပေမယ့် တပ်ကအာဏာသိမ်းလာခဲ့ရင် ဘာလုပ်မလဲလို့ မေးလာတာကိုတော့ ရေရေရာရာဘာမှပြန်မဖြေနိုင်ပဲ “ကြည့်လုပ်တာပေါ့” ဆိုပြီးသာ နေလိုက်ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။ (၁၀/၂၈/၂၀၁၁)
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်။

           

0 comments:

Post a Comment