စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၈) (၂ဝ၁၁ နိုဝင်ဘာ ၂၃ ရက်နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီး)
ကျနော်တို့ကြားမှာ တပ်အာဏာသိမ်းမှုဖြစ်နိုင်တာကတော့ဟုတ်ပြီ၊ ဒါဆိုရင် ဘာဆက်လုပ်ကြမလဲဆိုတဲ့ စဉ်းစားမှုပေါ်မှာတော့ အမြင်ကွဲလွဲခဲ့ကြတာကလည်း အမှန်ပါပဲ။ ဒီနေရာမှာ အဲဒီတုန်းက အခြေအနေနဲ့အဖြစ်အပျက်ကိုမပြောခင်မှာ ညီညွတ်ရေးနဲ့ပတ်သက်တဲ့ ကျနော့်အမြင်နဲ့သဘောထားကို နည်းနည်းလောက် တင်ပြချင်ပါတယ်။
ကမ္ဘာ့သမိုင်းမှာဖြစ်ခဲ့ဖူးသမျှ လူထုတော်လှန်ရေးတွေရဲ့ဖြစ်စဉ်တိုင်းမှာ တိုက်ပွဲပုံသဏ္ဍန်ဟာ အာဏာလက်ဝယ်ရှိသူဘက် ကသာ ဖန်တီးနိုင်တာနဲ့ ပြဋ္ဌာန်းခဲ့တာကိုမြင်ရမှာဖြစ်ပါတယ်။ အနုနည်း၊ အကြမ်းမဖက်တဲ့နည်းနဲ့ လူထုရဲ့တောင်းဆိုလိုအပ်ချက်ကို လိုက်လျောဖို့ငြင်းဆန်ပြီး အကြမ်းဘက်လာပြီဆိုရင်တော့ လူထုဘက်မှာ အကြမ်းဖက်ပြီး ပြန်ခုခံတိုက်ပွဲဝင်ဖို့ကလွဲလို့ ဘာရွေးချယ်စရာလမ်းမှမရှိတော့ပါဘူး။ ကျနော့်အနေနဲ့က အကြမ်းမဖက်ရေး၊ လက်နက်ကိုင်လမ်းစဉ်နဲ့မသွားရေးကိုသာ အားသန်တာမှန်ပေမယ့် အဲဒါနဲ့ ဆန့်ကျင်ဘက်လမ်းကို လူတွေ ဘာကြောင့်လျှောက်ခဲ့ကြရတယ်ဆိုတာကို နားလည်သိမြင် ထားပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ရွေးချယ်ဆုံးဖြတ်မှုအတွက် ကိုယ်တိုင် မပါဝင်တာသာရှိပေမယ့် ဆန့်ကျင်ကန့်ကွက်ခဲ့ တာမရှိပါဘူး။
နောက်တချက်က ကျနော်က Unity of Diversity နဲ့ Diversity in Unity လို့ဆိုရမယ့် ကွဲလွဲရင်းပေါင်းစည်း၊ ပေါင်းစည်း ရင်းကွဲလွဲဆိုတာကိုလည်း လက်ခံထားသူဖြစ်ပါတယ်။ တူတဲ့ပန်းတိုင်ကို မတူတဲ့နည်းနာနဲ့သွားကြမယ်ဆိုရင် ကွဲလွဲတဲ့လမ်းတွေ ကိုရွေးချယ်ခွင့် လူတိုင်းမှာရှိပါတယ်။ ရည်မှန်းချက်တူသူတွေချင်း လမ်းမတူရုံနဲ့မိတ်ဆွေမပျက်နိုင်သလို တချိန်ကျ စုရပ်မှာဆုံမိကြ မယ်လို့လည်း ယုံကြည်ထားသူဖြစ်ပါတယ်။ မတူတာတွေကို လွတ်လွတ်လပ်လပ်ကွဲလွဲခွင့်ပြုတာဟာ အလွန်သဘာဝကျပြီး ညီညွတ်မှုကိုလည်း ပိုအားကောင်းစေပါတယ်။ မတူတာတွေကို ညီညွတ်ရေးမျှော်မှန်းချက်ဆိုတဲ့ ထောင့်တခုတည်းကကြည့်ပြီး အတင်းတူအောင်လုပ်ယူတာဟာ အန္တရာယ်အလွန်များပြီး ပေါင်းစည်းရေးကို ထိခိုက်တတ်တယ်လို့လည်း ယူဆသူဖြစ်ပါတယ်။
တူတဲ့ပန်းတိုင်ကို မတူတဲ့လမ်းတွေကနေသွားကြမယ်လို့ ရွေးချယ်ဆုံးဖြတ်မှုတွေ ဟာ ကောင်းတဲ့လက္ခဏာလို့ လည်းမြင်ပါတယ်။ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်အောက်ကနေ ပေါင်းစည်းရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်းနိုင်ခြင်းဟာလည်း ဒီမိုကရေစီရဲ့အနှစ်သာရတခု ဖြစ်မယ်ထင်ပါတယ်။ ဘယ်လမ်း ဘယ်နည်းနာကိုပဲရွေးချယ်ရွေးချယ် မိမိရွေးချယ်ဆုံးဖြတ်မှုအတွက် မိမိပဲတာဝန်ယူရတာဖြစ်လို့ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ဆိုတာဟာ လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တခု လည်း ဖြစ်မယ်ထင်ပါတယ်။ ကျနော့်အဖို့ကတော့ ကျနော့်ရဲ့ ပင်ကိုယ်ယုံကြည်ရပ်ခံချက်အရအပြင် ရုပ်ပိုင်းဘဝအခြေအနေအရပါ လက်နက်ကိုင်နည်းလမ်းကိုငြင်းပယ်ပြီး အနုနည်း၊ အာဏာဖီဆန်တဲ့ နည်းနဲ့လူထုလှုပ်ရှားမှုကိုရွေးချယ်ပြီး ထောင်ကျခံနိုင်ငံရေး ကလွဲလို့ ဘာမှမရှိပါဘူး။
ကဲ - ညီညွတ်ရေးအပေါ် ကျနော့်သဘောထားအမြင်ကို တင်ပြပြီးတဲ့နောက် - ကျနော်ဆက်ပြောမယ့် ၁၉၈၈ လူထု အရေးတော်ပုံကြီးအတွင်းက ကျနော်တို့မြို့ကလေးဆီ ပြန်သွားကြပါဦးစို့။
လူထုလှုပ်ရှားမှုလှိုင်းလုံးကြီးနဲ့အတူမျောပါနေတဲ့ ကျနော်တို့တွေလည်း ဘာတွေများ ဆက်ဖြစ်လေဦးမလဲဆိုပြီး ရင်တမမ နဲ့ တွန်းထိုးလုပ်နေကြရတာပါ။ အခြေအနေတွေက ရှူပ်ထွေးပြီး၊ ဖြစ်စဉ်တွေကလည်း မြန်မြန်သွက်သွက် နဲ့အကြိမ်စိတ်စိတ် လာနေပါတယ်။ ပြီးတော့ သိရ၊ ကြားရသမျှတွေကလည်း ဘယ်ဟာက သတင်းအစစ်အမှန်၊ ဘယ်ဟာက ကောလဟာလ ဆိုတာက ဝေခွဲရခက်လှတဲ့ အချိန်လည်းဖြစ်နေပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်တွေ ဘာဆုံးဖြတ်ကြမလဲ ဆိုတာပေါ်မှာသာ အားပြုပြီး လုပ်နေရတဲ့သဘောမျိုး ပိုဆောင်နေပါတယ်။ အခြေအနေတွေအပေါ် မှန်မှန်ကန်ကန်သုံးသပ်ပြီး တခုခုကိုပြတ်ပြတ် သားသားဆုံးဖြတ်လို့ မရနိုင်အောင်ကိုပဲ ဖြစ်ခဲ့ရတယ်ဆိုတာကိုလည်း ဝန်ခံရမှာပါပဲ။
ဆေးရုံကြီးကဒေါ်အောင်ဆန်းစုကြည်တရားပွဲ၊ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးရဲ့ ပဒုမ္မာကွင်းက စစ်တပ်ကိုစိတ်နဲ့တောင် မပြစ်မှားနဲ့ဆိုတဲ့ခြိမ်းခြောက်မှု၊ အထွေထွေသပိတ်ကော်မတီ၊ အဖွဲ့ပေါင်းစုံက ထုတ်ပြန်ကြေငြာချက်ပေါင်းစုံ၊ ရွှေတိဂုံစေတီမြောက် ဘက်မုခ်က လူထုစည်းဝေးပွဲကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကြေငြာချက်၊ စည်းကမ်းရှိပါညီညွတ်ပါနဲ့ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေါ်သံ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများပြန်လည်ဖွဲ့စည်းခြင်း၊ မင်းကိုနိုင်မိုးသီးဇွန်၊ တကသ၊ ရကသ သမဂ္ဂများ၊ ဗိုလ်ချုပ်ကြီးဟောင်းသူရတင်ဦးနဲ့ မျိုးချစ်ရဲဘော်ဟောင်းများ၊ အောင်၊ စု၊ တင် ပေါင်း စည်းမှု၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့စင်ပြိုင်အစိုးရနဲ့မိမိသာလျှင်ဝန်ကြီးချုပ်၊ လက်စားချေရေးနဲ့သင်ပုန်းချေရေး၊ လေ တပ်နဲ့ရေတပ်က စစ်ရုံးနဲ့လူကြီးတွေနေတဲ့ရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်မယ်၊ လူသတ်ခေါင်းဖြတ်မှုတွေနဲ့လုယက်မှုမျိုးစုံ၊ တပ်ခေါင်းဆောင်တွေနဲ့ မဆလထိပ်သီးတွေရဲ့ အေဒီလမ်းကကြိတ်ဝိုင်း၊ သပိတ်တိုက်ပွဲနဲ့တန်ပြန်သပိတ် စတာတွေကြားမှာ မျက်စိလည်နေတာမှန်ပေမဲ့ လူထုတိုက်ပွဲအရှိန်ကိုတော့ ကျနော်တို့ဆက်ပြီးထိန်းထားနိုင်ခဲ့တယ်လို့ဆိုရပါမယ်။
အဲဒီအခြေအနေတွေကြားမှာပဲ ကျနော်နဲ့အတွေးအခေါ်အရ မနီးစပ်ပေမယ်လို့ လူချင်းရင်းတဲ့မိတ်ဆွေတချို့ တောတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ဆက်သွယ်ဖို့ဆိုပြီး ကိုယ်ရောင်ဖျောက်သွားကြပါတယ်။ ဘယ်ကိုသွားကြ ဆက်သွယ်ကြတယ် ဆိုတာကိုသာ အတိအကျမသိရပေမယ့် သူတို့သွားမယ်ဆိုတော့ မတားတဲ့အပြင် သူတို့လိုမယ့်ခရီးစရိတ်ကလေးတွေတောင် ရှာဖွေပေးလိုက်ပါသေးတယ်။ တယောက်ကိုတယောက်နှုတ်ဆက်ချိန်မှာ ဘယ်တော့မှများပြန်ဆုံကြမလဲမသိ ဆိုတဲ့ အတွေးတွေကြောင့်ပဲ ထင်ပါတယ်။ ကျနော့်ရင်ထဲမှာ တခုခုကို ထိထိခိုက်ခိုက် နာနာနာကျင်နဲ့ခံစားရသလို မျက်ရည်လည်း ဝဲခဲ့မိပါတယ်။
အခု ကျနော်တို့တွေဟာ ကိုယ်လိုချင်တဲ့အရာကို အသာတကြည်ရဖို့တောင်းဆိုခဲ့ကြပေမယ်လို့ မလွဲသာတော့တဲ့အခြေ အနေရဲ့ တွန်းပို့မှုအောက်မှာ မိမိယုံကြည်ရာကိုရွေးချယ်ဖို့ ပိုင်းဖြတ်ချက်တွေချခဲ့ကြရပါပြီ။ သေကွဲရှင်ကွဲတွေအဖြစ်နဲ့ ချစ်သူခင် သူတွေခွဲကြရပြန်ပါပြီ။ ကျနော်တို့ရှေ့မှာ ပိုပြီးပြင်းထန်လာဦးမယ့် ပြည်တွင်းစစ်မီးလျှံတွေနဲ့ ထောင်နံရံတွေကလည်း အတိုင်း သားမြင်နေကြရပါပြီ။ ယုံကြည်ရာရွေးချယ်မှုတွေအတွက် ဘာတွေ ဘယ်လောက် ဘယ်အချိန်အထိ ပေးဆပ်ကြရဦးမှာလဲ ဆိုတာသာမသိရပေမယ့် လေးလံတဲ့ဖိစီးမှုတွေနဲ့အတူ ပိုင်းဖြတ်ချက်တွေကတော့ ပီပြင်သွားပြီလို့ပဲဆိုရမှာဖြစ်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။ (၁၁/၂၃/၂ဝ၁၁)
0 comments:
Post a Comment