စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၉) နိုဝင်ဘာ ၃၀ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ပန်းတိုင်တူတဲ့ခင်မင်သူတချို့ သူတို့ယုံကြည်ရာလမ်းတွေဆီ ထွက်ခွာခဲ့ကြ တယ်ဆိုတာဟာ ကိုယ်လွတ်ရုန်းသွားကြတာလို့ပြောရင် လုံးဝကို မှန်ကန်မျှတမှုမရှိတဲ့ အပြောပဲဖြစ်မှာပါ။ လက်နက်ကိုင်ဖိနှိပ်နေသူကို လက်နက်နဲ့ပြန်ခုခံတိုက်ပွဲဝင်တာ မှန်တယ်လို့ မထောက်ခံဝံ့သူaတာင် မှားတယ်လို့ပြောမရတဲ့ တရားတခုလို့ ထင်ပါတယ်။ သူတို့တွေ ထွက်ခွာသွားကြပြီးသိတ်မကြာခင်မှာပဲ “စစ်တပ်အာဏာသိမ်းလိုက်ပြီ” ဆိုတဲ့သတင်းဟာ ဗမာပြည်တနံတလျား တမဟုတ်ချင်းတောမီးလိုပျံ့ပြီး တစ္ဆေလိုလှန့်လိုက်ပါတော့တယ်။
၁၉၈၈ စစ်တပ်အာဏာသိမ်းမှုကိုပြန်ကြည့်ရင် သမားရိုးကျအာဏာသိမ်းမှုတခု မဟုတ်ဘူးဆိုတာကတော့ ဘယ်သူမှငြင်းလို့ မရတဲ့ အချက်ဖြစ်ပါတယ်။ ပုံမှန်အာဏာသိမ်းမှုတိုင်းမှာ အာဏာသိမ်းအစိုးရဟာ အစိုးရဟောင်းအဖွဲ့ဝင်တွေကိုဖမ်းဆီး၊ နိုင်ငံရေး ယန္တရားကြီးတခုလုံးကို ဖျက်သိမ်းပစ်ရပါတယ်။ ၈၈ အာဏာသိမ်းမှုက ပြောင်းပြန်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါပဲ။ အစိုးရဟောင်းကိုဖြုတ်ချ ခဲ့သူတွေကို ဖမ်းဆီး နှိပ်ကွပ်ပြီး အစိုးရဟောင်းအဖွဲ့ဝင်တွေကိုတော့ အရာချလိုက်တာမှန်ပေမယ့် အကာအကွယ်အပြည့်အဝပေး ထားတာတွေ့ရမှာပါ။ အဲဒီအမြင်aပ်ါကနေကြည့်ပြီး လက်တွေ့အရပြောရရင် ၁၉၈၈ စစ်အာဏာသိမ်းမှုဟာ မဆလရဲ့အခွင့်အာဏာကို လက်လွှဲယူပြီး လူထုဆီကအာဏာသိမ်းတယ်လို့ပြောတာက ပိုမှန်ပါလိမ့်မယ်။
နောက်တခါ သွေးရိုးသားရိုးအာဏာသိမ်းမှုတွေဟာ သိမ်းသူနဲ့အသိမ်းခံရသူကြားမှာ သွေးထွက်သံယိုဖြစ်တာနဲ့ မဖြစ် တာလောက်ပဲကွာပါတယ်။ ၈၈ အာဏာသိမ်းမှုကတော့ သိမ်းသူရောအသိမ်းခံရသူမှာပါအထိအရှမရှိခဲ့ပဲ တိုင်းပြည်နဲ့လူထုသာ သွေးချင်းချင်းလွှမ်းခဲ့ရတဲ့ အဖြစ်ပါပဲ။ အာဏာမသိမ်းခင်ကရော သိမ်းပြီးနောက်တလျှောက်လုံးမှာရော လမ်းမတွေပေါ်မှာ၊ လူမမြင် သူမမြင်နေရာတွေမှာ၊ အကျဉ်းaထာင်တွေထဲမှာ အစိုးရဟောင်းကိုဖြုတ်ချခဲ့သူတွေရဲ့ သွေးအသက်နဲ့ဘဝတွေ ဘယ်လောက်များ ကြေပြုန်းခဲ့ရသလဲဆိုတာကိုလည်း လူတိုင်းသိမြင်ပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် ၈၈ စစ်အာဏာသိမ်းမှုဟာ ပုံမှန်သမားရိုးကျ သွေးရိုးသားရိုး အာဏာသိမ်းမှုတခုမဟုတ်ဘူးဆိုတာ ပေါ်လွင် ထင်ရှားပါတယ်။
မြန်မာပြည်မှာ စစ်တပ်ကနိုင်ငံရေးအာဏာထဲ ဝင်ချယ်လှယ်ချုပ်ကိုင်တယ်ပဲပြောပြော၊ အာဏာသိမ်းတယ်ပဲဆိုဆို စစ်တပ် က နိုင်ငံရေးထဲဝင်လာပြီး အာဏာကိုအတိအလင်းဝင်ထူထောင်လာခဲ့တာ ဒါပါနဲ့ဆို ၃ ကြိမ်ရှိခဲ့ပါပြီ။ တကြိမ်နဲ့တကြိမ် နိုင်ငံ ရေးနောက်ခံအခြေအနေတွေသာမတူကြပေမယ့် သိမ်းယူပြီးအခါတိုင်းမှာ စစ်အာဏာရှင်စနစ်ကို သဏ္ဍန်မျိုးစုံနဲ့ထူထောင် ခဲ့ကြတာ လည်း ငြင်းကွယ်လို့မရနိုင်ပါဘူး။ ၅၈ ကိစ္စကို အာဏာသိမ်းမှုဆိုတာထက် အစိုးရနဲ့စစ်ခေါင်းဆောင်တွေနားလည်မှုယူပြီး ရှောရှောရှူရှူ နဲ့အာဏာလှူခဲ့တာလို့ မြင်ပါတယ်။ ဒါတောင် ဒီ ၅၈ အိမ်စောင့်အစိုးရခေါင်းဆောင် ဗိုလ်နေဝင်းဟာဝန်ကြီးချုပ်ရာထူးနဲ့တကွ ကာကွယ်ရေးနဲ့စီးပွားကူးသန်းရောင်းဝယ်ရေးလို အရေးပါတဲ့နေရာတွေကိုချုပ်ကိုင်ထားခဲ့သလို စစ်ထောက်လှမ်းရေးကိုလည်း နိုင်ငံတော်ထောက်လှမ်းရေးဗျူရိုက ထိလို့မရအောင်ခွဲထားပါတယ်။ သိတ်ပြီး အရေးမပါလှတဲ့နေရာတွေမှာ အရပ်သားတွေခန့် ထားခဲ့တယ်ဆိုတာကလည်း လူမြင်ကောင်းရုံနဲ့ စစ်ဗိုလ်တွေ နိုင်ငံရေးအပါးမဝသေးတာတွေကြောင့်ဖြစ်ပါတယ်။
၆၂ အာဏာသိမ်းချိန်မှာ စစ်ဗိုလ်တွေဟာ ၅၈ အာဏာသိမ်းမှုရဲ့အကျိုးဆက်အဖြစ် အာဏာရဲ့အရသာကို သိသွားပြီးဖြစ် သလို နိုင်ငံရေးအပါးလည်း အထိုက်အလျှောက်ဝလာခဲ့ပြီလို့ဆိုနိုင်မှာပါ။ ၆၂ ကိစ္စမှာ သွေးထွက်သံယို နည်းနည်းပါးပါဖြစ်ခဲ့ရတာနဲ့ အစိုးရဟောင်းနဲ့ သူ့ယန္တရားအဖျက်ခံရတဲ့အပြင် အဖမ်းအဆီးတွေလည်းရှိခဲ့ပါတယ်။ ဒါ့ကြောင့် ၆၂ အာဏာသိမ်းမှုကို သမားရိုးကျအာဏာသိမ်းမှုလို့ ပြောမယ်ဆိုရင်ပြောနိုင်မှာဖြစ်ပါတယ်။ ၈၈ ကျတော့ ရှေ့က ၂ ခုစလုံးနဲ့ ထပ်ပြီးကွဲသွားပြန်ပါတယ်။ တခုနဲ့တခု ဘယ်လိုပဲကွဲပြားကွဲပြား စစ်တပ်ကနိုင်င်ငံရေးအာဏာထဲဝင်လာပြီဆိုရင်တော့ ဒါဟာစစ်အာဏာရှင်စနစ်ကို ထူထောင်တော့မယ်ဆိုတာ အတိအလင်းပြဋ္ဌာန်းလိုက်တာပဲဖြစ်ပါတယ်။ အတိမ်အနက်ကတော့ ရှိနေတဲ့အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲကျင့်သုံးခဲ့တာချည်းပါပဲ။
အခုလည်း ကျနော်တို့တွက်ဆမိခဲ့တဲ့အတိုင်း စစ်အာဏာသိမ်းမှုဖြစ်လာပါပြီ။ ထုံးစံအတိုင်း ပုဒ်မ ၁၄၄ နဲ့ နေဝင်မီးငြိမ်းအမိန့် တွေထွက်ချလာပါတယ်။ ကြိုတွေးမိတယ်ဆိုပေမယ့် ဘာပြင်ဆင်မှုမှရှိမထားတဲ့ ကျနော်တို့အဖို့တော့ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်ခဲ့ရပါတယ်။ ချက်ခြင်းပဲ လက်လှမ်းမီသလောက်လူတွေစုပြီး ဘာဆက်လုပ်ကြမလဲဆိုတာကို တိုင်ပင်ကြပါတယ်။ အားလုံးလည်း ထူပူပြီးသွေးဆူနေချိန်လို ဖြစ်နေကြပါတယ်။ တခုခုကို ခေါင်းအေးအေးနဲ့ ချိန်ချိန်ဆဆလုပ်ဖို့ထက် လက်တုန့်ပြန်မှုတခုခုကို မြန်မြန် ထက်ထက် လုပ်ကြရေးဘက်ကိုပဲ ဇောင်ပေးပြောဆိုနေကြသလိုမျိုးကြီး ဖြစ်နေကြတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် တခုခု လက်တုန့်ပြန်ဖို့လိုတယ်သာပြောနေကြတာ ဘယ်လိုတုန့်ပြန်မှာလဲဆိုတဲ့အဖြေကိုတော့ အားလုံးသဘောတူ တိတိကျကျဆုံးဖြတ်လို့ မရနိုင်ခဲ့ကြပါဘူး။
လက်နက်ကိုင်နည်းနဲ့သွားရေးမူ ရှိသူတွေအတွက်ကတော့ ရှင်းပါတယ်။ သူတို့ထဲက ကြိုတင်ထွက်နှင့်သူတွေထွက် ထားကြပြီးပေမယ့် ကျန်နေသေးသူတွေအတွက် ဘယ်အချိန်မှာစရမယ်ဆိုတာကို အာဏာသိမ်းမှုကပြဋ္ဌာန်းပေးလိုက်ပါပြီ။ ဒါနဲ့ သူတို့တွေ ပြင်ကြဆင်ကြပါတယ်။ ကျနော်တို့လည်း လက်နက်ကိုင်တိုက်ပွဲဆီကို တက်သွားကြတော့မယ့် မိတ်ဆွေတွေကိုကြည့်ရင်း ဝမ်းနည်းဝမ်းသာခံစားချက်တွေ ရင်မှာကိုယ်စီဖြစ်ကြရပါတယ်။
ကျန်နေခဲ့မယ့်သူတွေမှာတော့ ဘာဆက်လုပ်ကြမယ်ဆိုတာ ရေရေရာရာမရှိဖြစ်ခဲ့ကြရပါတယ်။ ဒီ့မတိုင်ခင်ကလေးကပဲ “အာဏာသိမ်းလာရင် ကြည့်လုပ်ကြတာပေါ့” လို့ ခပ်လွယ်လွယ်ပြောခဲ့တဲ့ ကျနော်တို့စကားဟာ တကယ့်လက်တွေ့မှာ မလွယ်ပါလား ဆိုတာကိုလည်းသိလာရပါပြီ။ လောလောဆယ် ဘာဆုံးဖြတ်ချက်တခုခုကိုမှ မချနိုင်သေးခင်မှာတော့ ရှိထားတဲ့အင်အားတွေပြန့်ကျဲ မသွားဖို့၊ တတ်နိုင်သမျှ စုစုစည်းစည်းထိထိတွေ့တွေ့ရှိနေကြဖို့၊ ဦးဆောင်ခဲ့ကြသူတွေထဲက တချို့အနေနဲ့ လိုအပ်ရင်ရှောင်ဖို့တိမ်းဖို့၊ မြို့ထဲက အရေးတော်ပုံခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီး သူတို့ဘာလုပ်မလဲဆိုတာနဲ့ ကိုယ့်ဘက်ကဘယ်လိုပါဝင် ပေါင်းစည်းနိုင်မလဲ ဆိုတာကို အဖြေရှာကြဖို့လောက်ပဲပြောပြီး လူစုခွဲလိုက်ကြပါတယ်။
အချိန်နဲ့အမျှ ရေဒီယိုကလွှင့်ထုတ်ပေးနေတဲ့ စစ်ချီသီချင်းသံတွေနဲ့အတူ စစ်သြဇာနဲ့စစ်အာဏာရှင်အရိပ်ကြီးတော့ တိုင်းပြည်အပေါ် ကျရောက်လို့လာခဲ့ပြန်ပါပြီ။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။
0 comments:
Post a Comment