ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁)
မာတိကာ
မာတိကာ
▪ ရေးသားပြုစုသူ၏အမှာ
▪ ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
▪ ပုဂံသည် မြန်မာ၊ မြန်မာသည် ပုဂံ
▪ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ သမိုင်းဆိုင်ရာအတွေးအမြင်အယူ
▪ မင်းမြတ်အနော်ရထာ
▪ မင်းမြတ်ကျန်စစ်သား
▪ မင်းမြတ်အလောင်းစည်သူ
▪ မင်းမြတ်တပင်ရွှေထီး
▪ မင်းမြတ်ဘုရင့်နောင်
▪ မင်းမြတ်အလောင်းဘုရား
▪ မင်းမြတ်ဆင်ဖြုရှင်
▪ မင်းမြတ်ဘိုးတော်ဘုရား
▪ မင်းမြတ်မင်းတုန်း
▪ ရေးသားပြုစုသူ၏အမှာ
ဝတ္ထုတစ်ပုဒ် ရေးပါတယ်၊ ဒါမှမဟုတ် သုတဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လားဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာတစ်ခုပါ။ ဘဝဖြတ်သန်းမှုဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။
ဒါပေမယ့်... အဲ့ဒီ သုတရသစာမျိုးရေးတဲ့အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီးရှိပါတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြုးနိုင် ပါတယ်။
ရသဝတ္ထုဆိုရင် ပိုလို့တောင် လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာပြနေတဲ့ ကိုရီးယားဇာတ်ကား တွဲတွေလိုပေါ့။ ဘာမှ မဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်း ရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရောအရေးပါ လွတ်လပ်ပါတယ်။ တချို့ အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္တုတစ်အုပ် ရေးနိုင်တဲ့သူတွေရှိပါတယ်။ ငွေရပြီး စတမ်း ဘာရေးရမလဲဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက် (၂၀) လောက်ကို ပြီးအောင်ရေးနိုင်တဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိတ်သတ်အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကို ရေးသားဖို့၊ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့အကြောင်းအရာ အဖြစ် အပျက်ကို ပြုစုရမှာဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာတာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်း တစ်ပါးရဲ့အကြောင်းကို ပြုစုမယ်ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လဲ တချို့ သမိုင်းဆိုင်ရာစာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာအလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကို ရေးတာတောင် မှန်အောင်မရေးနိုင်တာတွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူမရှိပဲထားလို့ကြာသွားခဲ့ရင် အမှန်တွေလို ဖြစ်တတ်သွားတာ မျိုးမို့ စေတနာနဲ့ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
သမိုင်းကို ရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ်ကွန့်မြုးလို့လည်းမရပါ။ စာမျက်နှာတွေများ အောင်ဆိုပြီး ရှိတာထက်ပိုပြီးချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါ တယ်။ ရသဖွဲ့သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်းပါနိုင်သလို စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန်မရေးပဲ လူပြိန်း ကြိုက်ဆိုတာမျိုးတွေထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာမျိုးတွေ ထိခိုက်နစ်နာသွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေ ရေးတာမှာ ပိုဆိုးပါတယ်။
ရေးချင်တာ ရှိပါသေးတယ်။ တချို့ သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာထားပါဦး။ အခုထိ သမိုင်း ဆောင်းပါးအချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာတွေ့နေရပါသေးတယ်။ တတိယ အကြိမ်ပြန်ရိုက်ပြီးရောင်းနေရတဲ့ ပုံဂံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာဆိုရင် အနော်ရထားမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီးတည်တံ့အောင်၊ တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့ မင်းကောင်း မင်းမြတ် တပါးဖြစ်တဲ့ မြန်မာတွေရဲ့ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင်မှားပြီး ရေးသားထားတာဖတ်လိုက်ရပါတယ်။ ဒီလို ရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို ကျန်စစ်သားမင်းအတွက်လည်း အင်မတန် ထိခိုက် နစ်နာလှပါတယ်။
အဲ့ဒါကတော့...
နံပါတ် (၁) ကျန်စစ်သားဟာ အနော်ရထာမင်းမှ ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင် ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့မှရတဲ့ ရာဇတမန်အမတ်ရဲ့သားဖြစ်တယ်။
နံပါတ် (၂) လူမျိုးအနေနဲ့ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီကမွေးလို့ ရခိုင်မြန်မာလူမျိုး ဖြစ်တယ်။
နံပါတ် (၃) အဲဒီလူမျိုးဖြစ်တဲ့အတွက် ကျန်စစ်သားက ကုလားကိုမုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်းဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။
အလွန်စိတ်မကောင်းစရာဖြစ်တဲ့အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူမှ စာရေးသူရဲ့စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ် တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံး လေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။
ရှင်းရရင်တော့...
နံပါတ် (၁) ကျန်စစ်သားက ရာဇတမာန်အမတ်ရဲ့သား မဟုတ်သလို၊ အနော်ရထားမင်းရဲ့ သားတော်လည်း မဟုတ် ပါ။ ဦးကုလားရဲ့မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီမင်းသမီးနဲ့ လူသားမဟုတ်တဲ့နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုး ကလည်း နိုင်ငံတကာလက်သင့်ခံတဲ့ သမိုင်းရှူထောင့်ကကြည့်ရင်ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာမရှိပါ။ အဲဒီ မဟာရာဇဝင်ထဲမှာပဲပါတဲ့ နေနတ်သားနဲ့နဂါးမဇံသီးကမွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက် မခံပါ။ ကျန်စစ်သားရဲ့ ဖခင်နဲ့မိခင်အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျမပြောနိုင်သေးဘူးလို့ ပြောပါရစေ။
နံပါတ် (၂) ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုးဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီဆိုတာက ဝေသာလီပြည် ရခိုင် ဘုရင်ရဲ့သမီးတော်မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ခေါ်တဲ့နယ်နဲ့ ဘင်္ဂလားနယ်အရှေ့ပိုင်းဒေသမှာ ရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသားဘုရင်ရဲ့ သမီးတော်ဖြစ်နေလို့ပါဘဲ။ ၁၉၁၁ ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာကိုကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့သားဆိုတာလည်း မဟုတ်နိုင်တော့ပါ။
နံပါတ် (၃) ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ပညာရှင်တွေလက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားတွေမတွေ့ရတဲ့အတွက် ကျန်စစ်သားက ရခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကိုသတ်ပစ်တယ်ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။
တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေရေးတာတွေကို ဇာတ်ထုပ်ခင်းပြီးကပြခဲ့ကြတာ စာရေးသူ လည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန်လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီးတာဝန်မကျေဘဲ အုတ် (၂) ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လို ချစ်ရတဲ့ အဲဒီ ညီနောင် (၂) ဦးကို မလိမ္မာတစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်း လို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ ဇာတ် ထုပ်မှာ ကျန်စစ်သားကို အားလုံးကမုန်းကြတဲ့ ကုန်းရုပ်ကြီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။ ဒါတွေက မဟုတ် မမှန်တဲ့ ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာတင်ရေးတဲ့ ရသဖွဲ့ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ရပါတယ်။
စာရေးသူအနေနဲ့ စာရေးသူတို့ရဲ့နိုင်ငံသမိုင်းမှာထင်ရှားပြီး နိုင်ငံနဲ့လူမျိုးကိုအကျိုးပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်း မြတ်တွေရဲ့အကြောင်းကို ဓာတ်ပုံတွေစုံစုံလင်လင်ထည့်ပြီး စာတစ်အုပ်အနေနဲ့ ရေးချင်နေတာကြာပါပြီ။ အခုမှပဲ ရေးဖြစ်ပါတော့တယ်။
သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅) ဆက်ကနေရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀) ကျော် ရှိပါတယ်။ ရေးချင်တာက အနည်းဆုံး (၁၁) ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့လိုက်အောင် တကယ်ရေးသင့်တဲ့ ရေးစရာတွေလည်းများတဲ့ မင်းအနေနဲ့ မင်း (၉) ပါးကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း (၃) ပါးဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့အလောင်းစည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း (၂) ပါး ဖြစ်တဲ့ တပင်ရွှေထီးနဲ့ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြုရှင်၊ဘိုးတော်ဘုရားနဲ့မင်းတုန်း စုစုပေါင်း မင်းကောင်းမင်းမြတ် (၉) ပါး အကြောင်းပဲဖြစ်ပါတယ်။
0 comments:
Post a Comment