Wednesday, November 9, 2011

ဖာစီယာ (အေးမင်းစော)

0 comments

စကုမြို့မှ စာရေးဆရာ၊ ကဗျာဆရာ အေးမင်းစောကို ရသအလင်းမှ ဂုဏ်ပြုငွေ ကျပ် ၃ သိန်း ပေးအပ်ချီးမြှင့်
ဒီနေရာကယူပါတယ် http://drlunswe.blogspot.com/2011/11/blog-post_6097.html

ရသအလင်းဖောင်ဒေးရှင်းရဲ့ နိုဝင်ဘာလအတွက် ဂုဏ်ပြုငွေကျပ် ၃ သိန်းတိတိကို စာရေးဆရာ၊ ကဗျာဆရာအေးမင်းစောကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။

ဆရာအေးမင်းစောဟာ ၁၉၉၂ ခုနှစ်ကစပြီး ယနေ့အချိန်အထိ ခန္ဓာကိုယ်မလှုပ်ရှားနိုင်ဘဲ အိပ်ရာပေါ်မှာ ပက်လက်အနေအထားနဲ့ ရောဂါဝေဒနာခံစားနေရင်း ၀တ္ထုတို၊ ဆောင်းပါးနဲ့ ကဗျာတွေကို အစဉ်မပြတ်ရေးသားခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာတဦးဖြစ်ပါတယ်။

ဆရာအေးမင်းစောအတွက်ဂုဏ်ပြုငွေကို ပိတောက်ပွင့်သစ်အယ်ဒီတာ ကဗျာဆရာ မောင်စိမ်းနီရဲ့အိမ်မှာ ဆရာမောင်စိမ်းနီက ရသအလင်းကိုယ်စားပေးအပ်ပေးခဲ့ပြီး ကဗျာဆရာမောင်လင်းရိပ်က ဆရာအေးမင်းစော ကိုယ်စားလက်ခံပေးခဲ့ပါတယ်။ ဆရာအေးမင်းစောက စကုမြို့မှာနေတဲ့အတွက် ဆရာ့လက်ခံရရှိကြောင်းကိုတော့ ထပ်မံတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဆရာအေးမင်းစော၏ ကိုယ်ရေးအကျဉ်း

ကလောင်အမည် - အေးမင်းစော 
အမည်ရင်း - မိုးအောင်ဇော်
အဖအမည် - ဦးအောင်ဇော် + အမိအမည် - ဒေါ်ခင်စိုးဝင့်
ပညာအရည်အချင်း - တတိယနှစ် (ရူပဗေဒ)
မွေးသက္ကရာဇ် - ၁၇.၁၀.၁၉၆၈

ကျန်းမာရေးကြောင့် ၁၉၉၂ ကစပြီး အိပ်ရာထဲမှာပင် နေ့နေ့ ညည နေထိုင်လာခဲ့ရသည်မှာ ယနေ့အထိတိုင် ဖြစ်ပါသည်။ ခါးရိုးကျီးပေါင်းတက်ရောဂါဟုလည်း (တဆင့်စကားဖြင့်) သိရသည်။

၁၉၉၆ ခု ဇန်န၀ါရီလထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ အတွဲ ၁၂၊ အမှတ် ၁ တွင် ဖော်ပြပါရှိသည့် “ဘော့စနီးယား” ကဗျာဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ပါသည်။ ယခုအချိန်အထိ ကဗျာ ၃၉ ပုဒ်၊ အက်ဆေး ၁၄ ပုဒ်၊ ၀တ္ထုတို ၃၁ ပုဒ်၊ ၀တ္ထုရှည် ၁၃ ပုဒ် ဖော်ပြပါရှိပြီးဖြစ်ပါသည်။

ဆရာအေးမင်းစောသည် အမှတ် ၁၂၀၊ ဖောင်တန်းရပ်၊ စကုမြို့၊ မကွေးတိုင်းဒေသကြီး နေအိမ်တွင် ဆွေမျိုးသားချင်းများနှင့် အတူနေထိုင်ရင်း စာပေအနုပညာများကို ဆက်လက်ဖန်တီးစွမ်းဆောင်လျက်ရှိပါသည်။

ဆရာ့အနေနှင့် ရေးခဲ့သမျှကဗျာများထဲမှ အနှစ်သက်ဆုံးနှင့် ကျေနပ်အားရဆုံးကဗျာမှာ ၂၀၁၀ ဇူလိုင်လ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင်ပါဝင်သော “ဖာစီယာ” ကဗျာဖြစ်ပြီး အကြောင်းအရာမှာ နိုင်ငံခြားအသံလွှင့်ဌာနတခုမှ သတင်းတစ်ပုဒ်ကိုကြားပြီး အစပြုခံစားမိရာမှ ထိုကဗျာကို ၂ လခန့် အချိန်ယူရေးဖွဲ့ခဲ့ရပြီး အခြားကဗျာများထက် အားထုတ်မှုပြုခဲ့ရသောကြောင့် အားရကျေနပ်မိပါကြောင်း ဆရာအေးမင်းစောမှ ပြောပါသည်။

*****

ဆရာကိုယ်တိုင် သူ့ဖန်တီးမှုတွေထဲမှာ အကျေနပ်ဆုံးလို့ ပြောတဲ့ “ဖာစီယာ” ကဗျာရှည်ကို ရသအလင်းပရိ သတ်များအတွက် မျှဝေပေးလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ဂျူလိုင်လထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့ တဲ့ ကဗျာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွက် ထန်းရိပ်ညိုကဗျာဆု ရပါတယ်။ (ဒီကဗျာကို ရသအလင်း ၆ လ ပြည့်ပွဲမှာ Blogger မိုးမြင့်တိမ်ကလည်း ဆရာအေးမင်းစောရဲ့အနုပညာကို ဂုဏ်ပြုလေးစားသောအားဖြင့် ရွတ်ဆိုခဲ့ပါတယ်။)

ဖာစီယာ

ညနေစောင်းမှာ
ငှက်တွေ အိမ်ပြန်ကြတယ်
အဲဒီအချိန်မှာ
လေလှိုင်းက ငါ့ကို ဖြတ်ပိုင်းပြန်ပို့တယ်
ထွက်ခွာသွားတဲ့ ဘ၀ခြားတနေရာမှာ
နေသာထိုင်သာရှိပါရဲ့လား ဖာစီယာ။

ဒီကမ္ဘာမြေပေါ်
ပိုက်ဆံဝါလားတွေ
ကမ်းခြေမှာ အပန်းဖြေရေလှိုင်းစီးနေချိန်
ဒီကမ္ဘာမြေပေါ်
ကန္တာရဆိုတော့
လေရိုင်းရှိမယ်
အစိုးမရတဲ့ သဲမုန်တိုင်းရှိမယ်
ဟိုး ရှေးအစဉ်အဆက်
သဲကန္တာရကို အိမ်လုပ်နေသူတွေရှိမယ်
အခု အဲဒီ “ဘေဒိုအင်း” တွေရဲ့ အသွေးအသားတွေဟာ
သဲမုန်တိုင်းကြားမှာ ပန်းတပွင့်အဖြစ် မွေးဖွားခဲ့ပေါ့
ဖာစီယာ။

မင်းမွေးဖွားလာချိန်မှာ
ကောင်းကင်အဇဋာဟာ ပြာလဲ့နေခဲ့လိမ့်
လေရိုင်းတွေ အရှိန်တန့်
သဲမုန်တိုင်းတွေ ရပ်တန့်
မကြုံစဖူး
သဲတောင်ကုန်းများအလွန်
အနောက်ဘက်ကောင်းကင်ယံမှာ
အထွန်းလင်းဆုံး ကြယ်နက္ခတ်တစင်း
ကမ္ဘာမြေပေါ် ၀င်းပနေလိမ့်။

ငိုသံတွေထဲမှာ
လူ့လောက၀င်ခါစ ကလေးတယောက်ရဲ့ ငိုသံလောက်
အဓိပ္ပာယ်ရှိတာ မရှိဘူး
လေရိုင်းတွေ
ဟူးဟူးရားရား တိုက်စမ်းပါ
မင်းမိဘတွေရဲ့ လက်ပေါ်မှာ
မင်းမျက်လုံးတွေဟာ
အဖိုးထိုက်တဲ့ တွင်းထွက်ရတနာတပါး
မင်းအသံက
ဘုရားသခင်ရဲ့ အနူးညံ့ဆုံး ကောင်းခြီးပေးသံ
မင်းခန္ဓာကိုယ် သေးသေးလေးက
လောကမှာ အလေးလံဆုံး မေတ္တာတရား
မင်းပါးပြင်ကို နမ်းတဲ့အခါ
သူတို့ဟာ
ကမ္ဘာသစ်တခု ရှာဖွေတွေ့ရှိခဲ့သလား။

ဒါပေမယ့် ဖာစီယာ
ဒါပေမယ့်တွေသိပ်များတဲ့ ကမ္ဘာမှာ
ဘုရားသခင်ဟာ
ကောင်းခြီးပေးသံတခုအဖြစ်
မင်းကို မွေးဖွားခြင်း မဟုတ်ခဲ့တာ သေချာတယ်။

သစ်ပင်တွေ
စိမ်းလန်းပြီးရင် ညှိုးခြောက်
ကမ္ဘာဟာ ပွင့်လန်းပြီး ဆုတ်ယုတ်
အဲဒီအရှုပ်ထုပ်ထဲမှာ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ့်
လက်ညှိုးညွှန်ရာ သေဖြစ်တယ်။

တကယ်ဆို
နို့နံ့မစင်သေးတဲ့ ကလေးငယ်တယောက်ဟာ
ကစားကွင်းထဲမှာ
သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားလို့ ကောင်းနေတုန်း
စာသင်ခန်းထဲမှာ
ထိတွေ့သမျှ စုပ်ယူလို့ ကောင်းတုန်း
မျှော်လင့်ခြင်းဟာ
နင်းထားတဲ့ သဲမှုန်တွေလို
မရေမတွက်နိုင်အောင် များပြားတုန်း
မနက်ခင်းရဲ့ပူနွေးတဲ့ နေရောင်ခြည်အောက်
ကျောပိုးအိတ်ထဲ
ကမ္ဘာကြီးတခုလုံး ပစ်ထည့်ပြီး
ကျောင်းကားဆီ ပြေးလွှားနေတဲ့ခြေထောက်တွေက
အိမ်တိုင်တွေလို သန်မာလို့
တိုးဝှေ့လာတဲ့ လေပြည်ဆီ
ခန္ဓာကိုယ်တခုလုံးကို ပစ်ထည့်လိုက်တော့
မျက်စိတဆုံး မင်းအနာဂတ်က
ပွင့်ချင်တိုင်းပွင့်မယ်။

မင်းစာကြည့်စားပွဲပေါ်က ပုံဆွဲစာအုပ်မှာ
တအားလှတဲ့ ပန်းတွေ
အပူအပင်မဲ့ ပျံသန်းနေတဲ့ငှက်တွေ
ပတ်ဝန်းကျင်ကိုအလှခြယ်ဖို့ ခဲတံချွန်နေချိန်
မင်းဟာ
သီချင်းတပုဒ်ကို တိုးတိုးဆိုညည်းလိမ့်။

အိပ်ရာဝင်ချိန်
ပိကျလာတဲ့ မျက်ခွံပေါ်မှာ
အနာဂတ်ဟာ
ရွှေအဆင်းနဲ့ အိပ်မက်မှာ ကိုယ်ထင်ပြလိမ့်။

ဒါပေမယ့် ဖာစီယာ
တကယ်တမ်းကျတော့
အဲဒီကျောပိုးအိတ်ထဲမှာ
မင်းကမ္ဘာက အနားတွေ ဖွာထွက်နေ
မင်းတည်မှီ်ရာ အခန်းလေးက
ပိန်းပိတ်မှောင်မည်းနေ
ဒီလို မင်းအနာဂတ်က
လူမမြင်ကွယ်ရာမှာ တတိတိ ပိုးကျနေ
ဘယ်လိုပဲ လေသလပ်ခံပေမဲ့
မခြောက်တဲ့ အဲဒီကမ္ဘာလေးဟာ နံစော်လို့
မျက်နှာပေါ်က အမွေးအမှင်တွေလို
ခေါင်းပေါ်မှာ ဆံပင်ဘုတ်သိုက်နဲ့ မင်းအဖေသတ္တိခဲက
ကြွက်သားတွေသန်မာပေမယ့် အဝေးမှုန်သူ
သူ့ကိုယ်ပေါ်က အမွှေးအမှင်တွေ ရှည်လျားသလောက်
သူ့အတွေးအခေါ်က စပါးလုံးတထောက်လောက် မနက်သူ
အဲဒီလို လူတယောက်
မင်းအဖေဖြစ်ခဲ့တာ
ကမ္ဘာမြေရဲ့ကျီစယ်မှုတခုလား။

မင်းရဲ့ အဖေက
မင်းရဲ့ရယ်မောသံကို အဓိပ္ပာယ်ဖွင့်ဖို့ မကြိုးစားခဲ့သူ
မင်းမျက်လုံးတွေရဲ့ အရောင်ကို
ဖမ်းယူဆုပ်ကိုင်ဖို့ မကြိုးစားခဲ့သူ
တတိယအရွယ်ရောက်တဲ့အခါ
သမီးဖြစ်သူရဲ့လက်ကိုတွဲလို့
ဆည်းဆာချိန်မှာ လေညင်းခံရတဲ့အရသာကို
သိနိုင်မစွမ်းသူ
အဲဒီလူတယောက် မင်းအဖေဖြစ်ခဲ့တာ
ဘုရားသခင်ရဲ့ဖန်ဆင်းမှုလား။

ဒါပေမယ့် ဖာစီယာ
လက်တွေ့ဟာ
သွေးကြောကိုလွန်ပြီး
အရိုးထိအောင် စိုက်တဲ့ဓား
အချိန်တန်လို့
အခန်းတံခါးကို ဖွင့်တဲ့အခါ
အခန်းထဲမှာ မြွေတကောင်က ခွေလို့။

ဖာစီယာ
အနားကို ဖြည်းဖြည်းတိုးစမ်းပါ
နားကို အံကြိတ်ရင်း ကြိုးစားပိတ်လိုက်ပါ
နို့နံ့မစင်သူရဲ့ဘေး
မွေးပွ ၀က်ဝံရုပ်ကလေး ရှိရမယ့်အချိန်
တရေးနိုးချိန် သူမ စမ်းမိတာက
အေးစက်နေတဲ့ မြွေတကောင်တဲ့။

မေတ္တာတရားဆိုတာ
အခါတပါးမှာ ခါးတတ်သလား။

မင်းအဖေရဲ့
ဆင်းရဲမွဲတေမှု ကုန်တိုက်ပေါ်မှာ
မင်းဟာ အနုပျိုဆုံး
ဈေးခေါ်လို့ကောင်းတဲ့ အရောင်းသွက်ပစ္စည်း၊

မင်းအဖေရဲ့
ချိနဲ့တဲ့ ဦးနှောက်စက်ရုံအတွက်
မင်းဟာ အကောင်းဆုံးနဲ့ တခုတည်းသော ထုတ်ကုန်။

အဲဒီညက
အသက်ပြင်းပြင်းရှူရင်း
အသက် ၁၁ နှစ်သမီးဟာ
အခန်းမီးကို ဘယ်လိုပိတ်ခဲ့သလဲ။

ကိုယ်ပေါ်ဖြတ်ကြိတ်သွားတဲ့
မီးရထားသံအောက်မှာ
မင်းဟာ ဘယ်အရာကို ဆွဲယူဆုပ်ကိုင်ခဲ့သလဲ။

ခုတော့ မွေးခန်းထဲ
နှစ်ထပ်သင်္ဘောမြုပ်သလို
အလဟဿ
ပျက်ကျသွားတဲ့ သားအိမ်တလုံးရယ်
ငါတို့ရဲ့ဆွံ့အမျက်လုံးတွေရယ်။

အဲဒီညနေထဲ
လွင့်လာတဲ့ လေလှိုင်းဟာ အညိုအမည်းစွဲလို့
ငါတို့ဟာ အပြိုပြိုအလဲလဲနဲ့ ကွဲပြဲလို့။

မိသားစုဆိုတာ
တယောက် နာရင် တယောက် လျှာနဲ့သပ်လို့
တယောက် ဆာရင် တယောက် ဖဲ့လို့
တယောက် လဲရင် တယောက် ထူရင်း
တယောက် လောင်ရင် တယောက် ငြှိမ်းရင်း
ခုတော့ ငါတို့ဟာ
ဆင်းရဲတွင်းကို လုံးလုံး ပုံချလိုက်မယ်။

အဲဒီတောင်ကြောဟာ မတ်စောက်တဲ့တောင်ကြော
အဲဒီဒဏ်ရာက ကမ္ဘာပတ်တဲ့အနာ
အဲဒီခရီးဟာလည်း
သမိုင်းဦးအစ အသက်ရှည်ကြာခဲ့လေတော့
ငါတို့ဟာ လုံးလုံး ပုံချလိုက်ကြမယ်။

ဖာစီယာ
ငါတို့ဟာ သိပ်တိုးတက်ယဉ်ကျေး
ငါတို့ဟာ ကြောက်ခမန်းလိလိ အောင်မြင်
ငါတို့ဟာ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာ
ငါတို့ဟာ ဒီလိုနဲ့ မင်းကို ထားစရာရှာမရ ဖြစ်ခဲ့ပေါ့။

ငါတို့ကမ္ဘာက
ကလေးတယောက်ကို
သူဆွဲနေတဲ့ ပုံတွေ
ပြီးမြောက်အောင် ဆေးရောင်ခြယ်ခွင့်မရှိတဲ့ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အိတ်ကိုယ်ဖိရင်း
မျက်လုံးမှေးစင်းနေတတ်တဲ့ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အနာကိုယ်ဖိရင်း
ဘယ်ကိုမှ မကြည့်နိုင်တဲ့ကမ္ဘာ။

အဲဒီကမ္ဘာမှာ
သမိုင်းဝင် အောင်မြင်မှုအဖြစ်
ငါတို့ မင်းကို အခု အလံစိုက်မယ်။

ဖာစီယာ
သံသရာအဆက်ဆက်
နောက်တခါ လူပြန်ဖြစ်ရင်
ဒီကမ္ဘာကို မလာနဲ့
မင်းဟာ လူသားအဖြစ် အပြစ်ရှိလို့
နောက်တခါ ဒီကမ္ဘာကို မလာနဲ့
လွတ်ရာ ကျွတ်ရာ
တခြားကမ္ဘာတခုမှာ
အဆုံးမသတ်ရသေးတဲ့ ပုံတွေကို
ဆက်ပြီး ဆေးရောင်ခြယ်ပါ
ကစားကွင်းထဲက စိမ်းလန်းမြက်ခင်းတွေပေါ်
ရယ်မောပြေးလွှားပါ။

ညရောက်တဲ့အခါ
ကြယ်တွေကို လွယ်လို့
လရောင်ကို သီချင်းလုပ်ဆိုရင်း
လေညင်းကို နားစွင့်နိုင်စေကြောင်း
တိမ်တွေပြိုဆင်းနေတဲ့
ရာစုသစ်အ၀င် ညနေစောင်းမှာ ...

မင်းကို ငါ ခေါင်းလောင်းထိုးလိုက်တယ်

ဖာစီယာ

အလ္လာကောင်းခြီးပေးပါစေ ...။     ။

[ဖာစီယာ - အသက် ၁၁ နှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူ၏ ရောင်းစားမှုဖြင့် မိမိထက် အသက် ၂၄ နှစ်ကြီးသူနှင့် လက်ထပ် ခဲ့ရပြီး အသက် ၁၂ နှစ်အရွယ်တွင် မီးဖွားရင်း သွေးလွန်သေဆုံးခဲ့ရသည့် ယီမင်နိုင်ငံသူ]

အေးမင်းစော

0 comments:

Post a Comment