Sunday, December 25, 2011

နိုင်ငံရေးဝါသနာပါတာလား တာဝန်အရနိုင်ငံရေးလုပ်တာလား(မောင်ဝံသ)

0 comments

နိုင်ငံရေးဝါသနာပါတာလား တာဝန်အရနိုင်ငံရေးလုပ်တာလား 

တစ်လောက ကျွန်တော့်ဆီ အင်တာဗျူး လုပ်ဖို့ရောက်လာတဲ့ဂျာနယ် တစ်ခုက အသက်နှစ်ဆယ်ကျော်အရွယ် သတင်းထောက်မလေး တစ်ယောက်က အင်တာဗျူးကိစ္စပြီးသွားတော့ အလွတ်သဘောပါဆိုပြီး {ဆရာနိုင်ငံရေးကို ဘယ်အရွယ်ကစပြီး ၀ါသနာပါလာတာလဲ}လို့ မေးခဲ့ တယ်ဗျ။ အဲဒီမေးခွန်းကို ကျွန်တော် အင်းစိန်တောရမှာရှိခဲ့စဉ်တုန်း ကလည်း အခန်းနီးချင်း ကျောင်းသားလူငယ်တစ်ယောက်က မေးတာကို ခံခဲ့ရဖူးတယ်ဗျ။ အဲဒီတုန်းက ကျောင်းသားလူငယ်လေးနဲ့ အခု သတင်းထောက်မလေးတို့ရဲ့အမေးကို ကျွန်တော် ပြန်ဖြေခဲ့ပုံကို အနှစ်ချုပ်ပြီးတင်ပြချင်တယ်ဗျာ။

ဝါသနာအလုပ်ဆိုတာ အမှန်တော့ အဲဒီမေးခွန်းဟာ အခြေခံကစပြီးမှားနေတဲ့မေးခွန်း ဖြစ်တယ်ဗျ။ ဘာဖြစ် လို့လဲဆိုတော့ နိုင်ငံရေးလုပ်ငန်းကို ၀ါသနာတစ်ခုအဖြစ်သဘောထားပြီး မေးထားလို့ပဲဖြစ်တယ်ဗျာ။ တကယ်တော့ နိုင်ငံရေးဆိုတာ (သီးသီးသန့်သန့်ရွေးထုတ်ပြီးပြောရရင် ကျွန်တော်တို့လို နိုင်ငံမျိုးတွေမှာ) ၀ါသနာတစ်ခု မဟုတ်ဘူးဗျ။ ၀ါသနာဆိုတဲ့ဝေါဟာရကို {သင်အလုပ်လုပ်မနေချိန်မှာ စိတ်ချမ်းမြေ့ပျော်ရွှင် မှုရရှိရန်အလို့ငှာပြုလုပ်တဲ့လုပ်ရပ်တစ်ခု} (an activity that you do for pleasure when you are not working) လို့ အောက်စဖို့ဒ်အဘိဓာန်မှာဖွင့်ဆိုထားပြီး ရေကူးတာတို့ ဥယျာဉ်စိုက်ပျိုးတာတို့ စတဲ့အလုပ် တွေကို ဥပမာပေးထားတယ်ဗျာ။


ဒီမိုကရေစီနိုင်ငံတွေမှာတော

{ကျွန်တော်တို့လိုနိုင်ငံမျိုး တွေမှာ} လို့ ကျွန်တော်သုံးနှုန်းထားတာကို သတိပြုမိကြမယ်ထင်တယ်ဗျ။ မှန်တယ်ဗျာ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးပါဝင် လက်မှတ်ရေးထိုးပြဋ္ဌာန်း ထားတဲ့ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများ လုံလုံလောက် လောက်ရရှိထားကြပြီး အဲဒီအခြေအနေရဲ့အကျိုးဆက်အဖြစ် ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ တင့်တယ်ထည်ဝါမှု စတဲ့ ကောင်းမြတ်ခြင်းတရားတွေ စည်ပင်ပွင့်လန်းနေတဲ့နိုင်ငံတွေ (တစ်နည်း) ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံ ကြီးတွေမှာတော့ နိုင်ငံရေးဆိုတာ ၀ါသနာတစ်ခုဖြစ်ကောင်းဖြစ်နိုင်သလို အဲဒီက နောက်တစ်ဆင့်တက်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း (profession) တစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်တယ်ဗျ။ အဲဒါကို ရှုထောင့်တစ် မျိုးကကြည့်ပြီးပြောရရင် နိုင်ငံသူနိုင်ငံသားအားလုံး (တစ်ယောက်မကျန်) မဖြစ်မနေ အရေးတကြီးပါဝင်ဖြေ ရှင်းကြမှပြေလည်မယ့် အမျိုးသားရေးအကျပ်အတည်းကြီးတစ်ခုကို အောင်မြင်စွာဖြေရှင်းကျော်လွှား လွန်မြောက်နိုင်ခဲ့ကြပြီဖြစ်တဲ့နိုင်ငံမျိုးတွေမှာတော့ နိုင်ငံရေးဟာ ၀ါသနာတစ်ခု၊ အသက်မွေးဝမ်းကျောင်း တစ်ခု ဖြစ်နိုင်တယ်ဗျ။


ဝါသနာအလုပ် လုံးဝမဟုတ် ပါ

 ဒါပေမယ့် ကျွန်တော့်တို့လို အမျိုးသားရေးအကျပ်အတည်းကြီးတွေ တစ်ခုပြီး တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး အခုအထိလည်း အမျိုးသားရေးအကျပ်အတည်းကြီးတစ်ခုနဲ့ ကြုံတွေ့ရင်ဆိုင်ဖြေရှင်းနေ ရဆဲဖြစ်တဲ့နိုင်ငံတစ်ခုမှာတော့ နိုင်ငံရေးဆိုတာ ၀ါသနာတစ်ခု လုံးဝ(လုံးဝ)မဟုတ်ပါဘူးဗျာ။

လောကီနယ် ပယ်အတွင်းကျင်လည်လှုပ်ရှားနေကြရတဲ့လူသားတွေရဲ့အန္တိမပန်းတိုင်က ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာ ၀ပြောတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးပဲဖြစ်တယ်ဗျာ။ ဒီကနေ့ အဲသလိုမျိုးလူဘောင် အဖွဲ့အစည်းကို အတော်ကလေးမြင့်မားတဲ့ အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ကြပြီးဖြစ်တဲ့နိုင်ငံတွေလျှောက်လမ်းခဲ့တဲ့ခရီးက မရောက်သေးတဲ့နိုင်ငံတွေကို ပေးနေတဲ့ သင်ခန်းစာက ဖွံ့ဖြိုးရေးဆိုတာ ငြိမ်းချမ်းရေးရှိမှ ရရှိခံစားနိုင်တဲ့အရာဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း ညီညွတ်ရေးရှိမှ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်တဲ့အရာဖြစ်တယ်။ ညီညွတ်ရေးဆိုတာကလည်း လွတ်လပ်မှုနဲ့ အခွင့်အရေးတန်းတူညီမျှမှုရှိမှ တည်ဆောက်နိုင်တဲ့အရာဖြစ်တယ်ဆိုတာပဲ ဖြစ်တယ်ဗျ။

နယ်ချဲ့နဲ့ဖက်ဆစ်တော်လှန်ရေး အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပထမဆုံးအခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးရရှိဖို့ တိုက်ပွဲအလီလီ ဆင်နွှဲခဲ့ရတဲ့နိုင်ငံဖြစ်တယ်ဗျ။ ဗြိတိသျှကိုလိုနီနယ်ချဲ့ အစိုးရကို နှစ်ကြိမ်၊ ဖက်ဆစ်ဂျပန်အစိုးရကို တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဆင်နွှဲခဲ့ရတဲ့ အမျိုးသားလွတ် မြောက်ရေးတိုက်ပွဲများဟာ ကျွန်တော်တို့နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ အမျိုးသား ရေးအကျပ်အတည်းကို တစ်မျိုးသားလုံး (တစ်နည်း) ပြည်သူတစ်ရပ်လုံး အားသွန်ခွန်စိုက်စွမ်းစွမ်းတမံ ပါဝင်ဖြေရှင်းခဲ့ကြရတဲ့ ရုန်းကန်မှုကြီးတွေပဲဖြစ်တယ်ဗျ။

ကိုဘဦးမှသည် သခင်အောင်ဆန်းသို့ အဲဒီကာလတွေမှာ ကောလိပ်ကျောင်းသားကိုဘဦးခေါင်းဆောင် တဲ့ကျောင်းသားတွေ စာသင်ခန်းကိုစွန့်ခွာပြီး သပိတ်စခန်းတွေမှာနေထိုင်ခဲ့ကြတာ (၁၉၂၀)။ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမားကြီးတွေ တံစဉ်တွေလွှတ်ချပြီး ဓားတွေ၊ သေနတ်တွေကိုစွဲခဲ့ကြတာ (၁၉၃၁)၊ သခင်ဘိုးလှကြီးခေါင်းဆောင်တဲ့ ရေနံမြေအလုပ်သမားကြီးတွေ လုပ်ငန်းခွင်သုံး လက်နက်ကိရိ ယာတန်ဆာပလာတွေကိုစွန့်လွှတ်ပြီး ခရီးရှည်ချီတက်ဆန္ဒပြခဲ့တာ (၁၉၃၈)၊ သခင်အောင်ဆန်းခေါင်းဆောင် တဲ့ လူငယ်နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ ရပ်ဝေးမြေခြားမှာစစ်ပညာသွားသင် ခဲ့ကြတာ (၁၉၄၁)၊ အလွှာစုံက ပြည်သူတွေ မိမိတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို စွန့်လွှတ်ကျော ခိုင်းပြီး ဘီအိုင်အေထဲဝင်ရောက်ခဲ့ကြတာ (၁၉၄၂)၊ တစ်နည်းပြောရရင် တစ်ချိန်က သလဲသီးလို သူ့အကန့်နဲ့ သူရှိခဲ့ကြတဲ့ပြည်သူတွေ အမျိုးသားလွတ်မြောက်ရေးဆိုတဲ့ နိုင်ငံရေးပင်မရေစီးကြောင်းကြီးထဲ ခုန်ချပါဝင်လာကြတာတွေဟာ ၀ါသနာပါလို့လုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ ငါတို့နိုင်ငံလွတ်မြောက်ရေးအတွက် ငါတို့အားလုံးမှာတာဝန်ရှိတယ်ဆိုတဲ့တာဝန်သိစိတ်နဲ့ ပါဝင်ထမ်းဆောင်ခဲ့ကြတာပဲ ဖြစ်တယ်ဗျ။ ၀ါသနာတစ်ခုအနေနဲ့ အပန်းဖြေဖို့နိုင်ငံရေးလုပ်ခဲ့ကြတာမဟုတ်ပါဘူးဗျာ။


ဘ၀တွေအသက်တွေပေး၍

 လွတ်လပ်ရေးရပြီးတော့လည်း အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေးတို့တစ်ပေါင်းတည်းပါဝင်တဲ့ အမျိုးသားရေးအကျပ်အတည်းကြီးနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်ဗျ။ ၁၉၄၈-၄၉ မှာ ကျောင်းသားတွေ စာသင်ခန်းတွေထဲကထွက်လာပြီး သေနတ်ကိုင်ခဲ့ကြရပြန်တယ်။ ၁၉၆၂ မှာ စာသင်ခန်းကိုကျောခိုင်းပြီး အဓိပတိလမ်းမပေါ် လျှောက်ခဲ့ကြရ တယ်။ ၁၉၇၄-၇၅-၇၆ မှာ ကျောင်းသားနဲ့အလုပ်သမားတွေ စာပေသင်ယူမှုနဲ့ကုန်ထုတ်လုပ်မှုတွေကိုရပ် ဆိုင်းပြီး သပိတ်သမားတွေဖြစ်ခဲ့ကြရတယ်။ ၁၉၈၈ မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ မိမိတို့ကို ထမင်းကျွေးနေတဲ့အလုပ်တွေကိုစွန့်လွှတ်ပြီး လမ်းမတွေပေါ်ချီတက်ခဲ့ကြတယ်။ ၂၀၀၇ မှာ သံဃာတော်တွေ ကျောင်းသင်္ခဏ်းတွေကိုကျောခိုင်းပြီး လမ်းမတွေပေါ်ကြွချီခဲ့ကြတယ်။ အဲဒီလုပ်ရပ်တွေအား လုံးဟာ မိမိတို့လုပ်နေကျအလုပ်ကနေ ငြီးစီစီဖြစ်လာလို့ ခေတ္တခဏလောက်အပန်းဖြေရအောင်ဆိုပြီး နိုင်ငံရေးလုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ နေ့တွေ လတွေ နှစ်တွေနဲ့ တည်ဆောက်ထားတဲ့ဘ၀တွေ၊ တချို့ဆိုရင် အသက်တွေကိုတောင် စတေးပေးဆပ်ပြီးလုပ်ခဲ့ကြတဲ့ နိုင်ငံရေးဖြစ်တယ်ဗျ။ မလုပ်မဖြစ်လွန်းလို့ မတတ်သာလွန်းလို့လုပ်ခဲ့ကြရတဲ့နိုင်ငံရေး ဖြစ်တယ်ဗျ။ ၀ါသနာပါလို့လုပ်တဲ့နိုင်ငံရေး မဟုတ်ပါဘူးဗျ။

လူတိုင်းတက်ကြွပါဝင်

 ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်ချိန်မှာတော့ နိုင်ငံရေးဟာ ၀ါသနာအလုပ်တစ်ခု ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရေးဟာ ၀ါသနာအရမဟုတ်ဘဲ ဒီမိုကရေ စီနိုင်ငံထူထောင်ရေးတည်းဟူသော အမျိုးသားရေးတာဝန်အရ မလုပ်မဖြစ်လုပ်ကြရမှာဖြစ်တာကြောင့် ...... (ဆောင်းပါးအဆုံးပိုင်းစာများမတွေ့ရသေးပါ။ ရှိထား သိထားသူများထပ်မံဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံပါသည်)မောင်ဝံသ ၁၃ ၁၂ ၁၁

(ပြောချင်လွန်းလို့) မောင်ဝံသ (ပြည်သူ့ခေတ်ဂျာနယ်ပါ ဆောင်းပါး)

0 comments:

Post a Comment