သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(မျိုးမြင့်ချို)
ရှေးစကားရှိ၏။
အကျဉ်းထောင်၊ တရားရုံး၊
သင်္ချိုင်းကုန်းနှင့်ဆေးရုံတို့သည်
လူမစည်ကားအပ်သည့် အရပ်များအဖြစ်။
ကျနော်တို့ခေတ်တွင် ထိုအရပ်တို့ကား ကျီးနှင့်ဖုတ်ဖုတ်တခါဖူးမှမရှိခဲ့။ ကျောင်းစိမ်းဝတ်မှသည် ပါမောက္ခချုပ်အထိ။ လက်လုပ်လက်စားမှသည် သူကြွယ်သားအထိ။ နုပျိုရွယ်မှသည် သက်ကြားအိုအထိ။ အတန်းစုံ အလွှာစုံ၏။ အရွယ်စုံ ဘဝစုံ၏။ အသိစုံ အတတ်စုံ၏။ အတွေးစုံ အမြင်စုံ၏။ အစုံလိုက် အစုံလိုက်ရှိနေသည်မှန်သော်လည်း ဆုံချက်တခုတည်းတွင် စုစုဆုံဆုံသာဖြစ်ကြ၏။
ရှေးလူတို့ဆို၏။
တရားမင်းတို့စိုးစံချိန်တွင်
ထိုအရပ်တို့ သွေ့ခြောက်ဆိတ်ညံ၏။
လူသွမ်းတို့လက် ဓါးထက်သည့်အခါ
ထိုအရပ်တို့ ကြက်ပျံမကျ။
ကျနော်ကား တရားမင်းများနှင့်ကြုံဖူးသူမဟုတ်ပါ။ ထို့ကြောင့် ခြင်းထဲဝင် ပျံဖူးသည့်ကြက်ဖြစ်ရ၏။ ဂုတ်ပေါ်မိုးထားသည့်ဓါး ဇက်ပေါ် မကျပဲ၊ ဘဝပေါ်ကျသဖြင့် အထိအရှမရှိဟုတော့ ပြောလို့မဖြစ်ထင်၏။ အသားပေါ်တင်မက အသွေးထဲအထိပါ ရှိနေဆဲအနာတရများ၊ အထီးကျန်နှစ်များ၊ မျက်ရည်များ၊ တောက်ခေါက်သံများ၊ မချိတင်ကဲများ၊ အားတင်းအပြုံးများ၊ မချိမဆန့်များ၊ ခြောက်အိပ်မက်များ၊ စုံးတောက်ချိန်များ၊ ပိန်းပိတ်မှောင်ညများ၊ အဆိပ်သင့်နာရီများနှင့်ယဉ်ပါးခဲ့ဖူး၏။ ကိုယ်တိုင်ရွေးချယ်မှု၏ ခါးသီးဖွယ်ဖြစ်စဉ်တွင် လိမ့်ဆင်းမျောပါရင်း အလိုက်သင့်မဖြစ်ခဲ့သည့်သက္ကရာဇ်များသည် ပစ္စုပ္ပန်တိုင်သက်ဝင်နေဆဲပင် ဖြစ်နေသေး၏။
“ချက်” ကဗျာဆရာ ဂျူလိယက်ဖူးချစ်ကဆို၏။
“ထောင်ဆိုတာ
အမှောင်ခေတ်မှာ
သူရဲကောင်းတို့ရဲ့ပြတိုက်
အာဏာရှင်တို့ရဲ့ ယာဇ်ပလ္လင်” ဟု။
ကျနော်တို့သည် အမှောင်ခေတ်တွင် ဖြစ်လာသည့်လူများ။ သူရဲကောင်းဖြစ်စေစိတ်ဖြင့် ယာဇ်ပလ္လင်ထက် တက်ခဲ့သူများမဟုတ်ခဲ့ကြသည်မှာ မှောက်မှောက်မှားမှားဖြစ်စရာမရှိ။ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ်ထွန်းညှိ၍ ကိုယ့်အလင်းဖြင့်လင်းချင်သူများ။ သို့သော် ကျနော်တို့ ထို ပြတိုက်သို့ ဝင်ခဲ့ကြ၊ ထွက်ခဲ့ကြ၏။ နံရံအိုကို ဦးခေါင်းဖြင့်တိုက်ကာ ကူဖြိုခဲ့ကြ၏။ သော့အိမ်၏ဆူးလိမ်ကြိုးများကို အသက်တာ၏ နုပျိုခြင်းများဖြင့် အလဲအထပ်ပြုခဲ့ကြ၏။ အလောင်းအအစားမဟုတ်။ စွန့်စားကြည့်ခြင်းမဟုတ်။ မှိုနှင့်မျှစ်ကိုစားချင်၍ ကျဉ်တုတ်ခံဝံ့ခြင်းသာဖြစ်၏။
ဗန်းမော်တင်အောင်ကဆို၏။
“လူတယောက်ရဲ့တန်ဖိုးဆိုတာ
သူဖြတ်သန်းနေတဲ့ခေတ်က
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့
သမိုင်းပေးတာဝန်ကို
ဘယ်လောက်ကျေပြွန်သလဲဆိုတာနဲ့တိုင်းရမယ်” ဟု။
ကျနော်တို့လည်း ကျနော်တို့ခေတ်ပြိုင်များနှင့်အတူ ခေတ်ကိုဖြတ်သန်းကြ၏။ ကျနော်တို့က ခေတ်ဝန်ကိုစွမ်းသမျှထမ်းနေချိန်တွင် ရက်ဘတ်တ္တလာများက ဟားတိုက်ရယ်မောခဲ့ကြ၏။ ကျနော်တို့က ပေမီဒေါက်မီတော့ ဖြစ်ချင်မှဖြစ်လိမ့်မည်။ သို့သော် အတိုင်းမခံဝံ့သူများမဟုတ်ကြ။
ခုတော့ ညီအစ်ကိုမသိတသိချိန်လည်း လွန်ပြီ။ နွားရိုင်းသွင်းချိန်လည်း ကုန်ပြီ။ လူလုံးလည်းကွဲလောက်ပြီ ထင်၏။ ကောက်ကာငင်ကာမိတ်ဆွေများနှင့် ကောက်ကာငင်ကာရန်သူများလည်း ကိုယ့်လမ်းကိုယ်သွားကြပြီ။
ဘားမားဗီဂျေဝက်ဘ်ဆိုက်က ထောင်အတွေ့အကြုံတွေ ရေးပေးပါဟုဆိုတော့ စိတ်နားချိန်၊ စိတ်အားချိန်နှင့်စိတ်သန့်ချိန်မို့
ရေးမည်ဟုစကားပြန်လိုက်၏။
အကျဉ်းထောင်ကရက်စွဲများ၊ လူများ၊ ခံစားမှုများ၊ အတွေးများအား တတ်နိုင်သလောက် စေ့စေ့တွေးပြီး
ရေးရေးထင်သရွေ့ရေးမည်ဟု စိတ်တွင်တေးထားလိုက်၏။
မျိုးမြင့်ချို (ဒီဇင်ဘာ ၁၃/၂ဝ၁၁)
0 comments:
Post a Comment