Tuesday, December 20, 2011

ကျွန်တော် သန်းကြွယ်သူဋ္ဌေးဖြစ်ခဲ့စဉ်က(ပန်းချီထိန်လင်း)

0 comments

ကျွန်တော် သန်းကြွယ်သူဋ္ဌေးဖြစ်ခဲ့စဉ်က
များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်းစကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာအပထား စိတ်ထဲ ရှိတာလျောက်ပြီး အချိန်မစေ့မချင်းပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာမဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေးဖြစ်ခဲ့တုန်းကအကြောင်းကို ပြောမလို့ပါ။
ပန်းချီထိန်လင်းတယောက် သန်းကြွယ်သူဌေး ဖြစ်ခဲ့တုန်းကဘ၀ဆိုတော့ သစ်ကုန်ကူးတဲ့အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူကတွေးကောင်းတွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ်ခင်းလာဦးမလဲမသိဘူးလို့ ကြိုတင်တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့်အကြောင်းကတော့ ပိုက်ဆံသန်းချီချမ်းသာတဲ့ သန်းကြွယ်သူဌေးတယောက်ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေဆိုတဲ့ နောက်တီးနောက်တောက်သီချင်းလို သန်းဂျီးမတွေကြွယ်ဝခဲ့တဲ့ တခါကဘ၀လေးတခုကို ရေးပြမလို့ပါခင်ဗျ။ ကျွန်တော် ကိုယ်က သန်းတွေအကြောင်းမပြောခင်   သန်းရှာခြင်းယဉ်ကျေးမှုအကြောင်း ပထမပွားချင်ပါသဗျ။
လွန်ခဲ့တဲ့ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်းဖတ်ခဲ့ရကတည်းက ဒီစာလေးကိုရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့သန်းတွေအကြောင်းဖတ်ရင်း ကိုယ်ပါ ယားလာတယ်ဆိုပါတော့ဗျာ။
ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီးပေါ်ဦးသက်ရဲ့ ရေဆေးကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့မိန်းမတွေကို မကြာခဏဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ငယ်ငယ် ရုပ်ရှင်ဇာတ်ကားတွေထဲက အတင်းပြောတဲ့ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့)တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အတင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏကြည့်ခဲ့ဘူးကြပါလိမ့်မယ်။
ငယ်ငယ်က  ရွာမှာနေ့လည်နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တယောက်ခေါင်းကိုတယောက်ဖွပြီး သန်းရှာ သန်းတုပ်နေကြတာ အမြဲတွေ့ရပါတယ်။ သန်းတုတ်သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာဖြစ်တယ်ခင်ဗျ။ နောက်ပြီး သန်းရှာကောင်းတဲ့သူဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာစုံတတ်သဗျ။ ဒါကြောင့် တချို့က သန်းရှာတဲ့နေရာကို သန်းမရှိပေမယ့် သတင်းစုံအတင်းစုံကြားချင်လို့ လာကြတာလဲရှိသဗျ။ အခုခေတ် သတင်းသိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ ခင်ဗျာ။ အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့သူတွေကျတော့ ခုခေတ် သတင်းပေါင်းချုပ် ဘလောဂ်ဂါ ဒေါက် တာလွဏ်းဆွေတို့လို သိချင်တာအားလုံးရှိတတ်တာမို့ သူရှိတဲ့သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါတယ်။
အရင်ခေတ်တွေက အိမ်မှာ လူတယောက်အလုပ်လုပ်ရင် မိသားစုတစုလုံး ထိုင်စားလို့ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာတော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ဓလေ့ မရှိသလောက်ဖြစ်သွားပါပြီ။ ခက်တာက မြန်မာ့ရိုးရာသန်းရှာ၊ သန်းတုပ်တဲ့ဓလေ့ မပျောက်ပျက်အောင် သက်ဆိုင်ရာတွေကထိမ်းသိမ်းကြပါလို့ ခုခေတ်စားနေတဲ့ဖေ့ဘွတ်တို့ တွတ်တာတို့ (တွတ်တီး၊ တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ်လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘွတ်စာမျက်နှာမှာ ဒီလို အရေးမပါတဲ့စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့ လက်လျော့လိုက်ပါတယ်။
သေချာမှတ်မိတာက ကျွန်တော် စတုတ္ထတန်းနှစ်က ကျွန်တော့်ရှေ့ခုံမှာထိုင်တဲ့ ဌေးရီဆိုတဲ့ ကျွန်တော့်သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီးရှိနေတယ်လို့ ထင်ရလောက်အောင် တရွရွနဲ့ပြေးလွား ရွေ့ရှားနေသဗျ။ သူ့ခေါင်းကို ကြည့်ရင် တစိစိနဲ့စိတ်ထဲမှာယားလာအောင်များလှပေမယ့် ကျွန်တော်တို့သူငယ်ချင်းဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေရှိတယ်လို့အမှုမထားပါဘူး။ ဒါကြောင့် နောင်အခါ သန်းထူတဲ့ခေါင်း မယား ဆိုတဲ့ စကားပုံကို ကြားဘူးတဲ့အခါ ငယ်ငယ်ကသူငယ်ချင်း သန်းကြွယ်သူဌေး ဌေးရီမျက်နှာကိုပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့ လက်ခံရပါတယ်။
နောင် ကျွန်တော် အလယ်တန်းကျောင်းသားဘ၀လောက် ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်ဆံပင်ထဲမှာ သန်းများ ခိုအောင်းနေသည်ကိုသိရှိခဲ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့ညွန်ကြားချက်နဲ့ ဘီးစိပ်တိုက်ရပါ တော့တယ်။ ပထမ ဗလာစာအုပ် (သို့) သတင်းစာ အလယ်စာမျက်နှာကိုဖြန့်ချထား ပြီးတော့မှ ခေါင်းကိုငုံ့ပြီး ၀ါးဘီးစိပ်နဲ့တိုက်ချရပါတယ်။ အဲဒီမှာ သန်း သကောင့်သားတွေခမျာ ဆံကြားမှာမနေသာဘဲ သတင်းစာပေါ်ကို တဖေါက်ဖေါက် ပြုတ်ကျလာရပါတော့တယ်။ နောက်တော့ ကျွန်တော့်ညီမနဲ့ ကျွန်တော်တို့ဟာ ဘယ်သူ့ခေါင်းက ဘယ်လောက်ရတယ်ဆိုတာကို ပြိုင်ပွဲလုပ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့ လိုက်တုပ်တော့တာပေါ့ ခင်ဗျာ။ သန်းတုပ်တဲ့အခါ တဖေါက်ဖါက်နဲ့ မြည်တဲ့အသံကြောင့် ပိုပိုပြီး တုပ်ချင်လာတတ်သဗျ။ အဲဒီ နေ့မျိုးဟာ ကျွန်တော်တို့ခေါင်းပေါ်က သန်းတွေအတွက်ကတော့ ကမ္ဘာပျက်တဲ့နေ့ပေါ့ခင်ဗျာ။ နောက်  ရွာဘုရားတန်ဆောင်းတခုမှာ  သန်းတုတ်သူများခံစားရသောငရဲဆိုတဲ့ ပန်းချီကားတွေ့လိုက်တော့ နည်းနည်းတော့ ဖျား သွားသဗျ။ အဲဒီနောက်ပိုင်းမှာတော့ ကျလာတဲ့သန်းတွေကို အိမ်ပြင်ဘက်သွား ခါချဖြစ်ပါတယ်။
အဲဒီလို  ဘီးစိပ်တိုက်လို့ သန်းမကြီးတွေကျလာရင် အားရ၀မ်းသာနဲ့ အဖွားလုပ်တဲ့လူကိုပြတော့ ဂျပန်ခေတ်က ဆပ်ပြာတွေပြတ်လတ်ပြီး လူတွေကိုယ်မှာသန်းဂျီးမတွေ တွယ်ကပ်တဲ့အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြတတ်ပါတယ်။ အဲဒီလို ဂျပန်ခေတ်အကြောင်းပြောပြီဆို  ကျွန်တော်ဆိုတဲ့ကောင်က အဲဒီခေတ်မျိုး မရှိတော့လို့ဝမ်းသာရမယ့်အစား အဲဒီခေတ်ကိုမမီလိုက်တာပဲနာသလိုလို တွေးမိခဲ့သဗျ။ အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ အဲဒီ သန်းဂျီးမဆိုတာကြီးနဲ့ ဘ၀တကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိပါတော့တယ်။
နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် KIA ဌာနချူပ် လိုင်စင်နဲ့ကပ်လျက်မှာ ABSDF (NB) ပါဂျောင် စခန်းရဲ့ အကျဉ်းစခန်းတခုမှာ ကျွန်တော်အပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရကလွတ်လိုက်တဲ့ သူလျိုတွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးနှိပ်စက် ညှဉ်းဆဲမှုတွေနဲ့ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံတွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့အဆောက်အဦးက တကယ်တော့ သာမာန် မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြား တွေ) မိုးပြီး ၀ါးခြမ်းသေးသေးလေးတွေနဲ့ကာထားတဲ့ တဲကြီးဗျ။
ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲခြေ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။ ညဘက် လှဲချမအိပ်ခင်မှာတော့ လက်တွေ ကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ပူးတုပ်ထားပါတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့တင်းကြပ်နေအောင်စည်းပြီးမှ အိပ်ကြရပါတယ်။ အိပ်ယာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေခင်းထားတဲ့ ဘူမိကဗ္ဗလာ မြေမွေ့ယာပါ။ မအိပ်ခင်မှာ လုံခြုံရေးအဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ပုဂ္ဂိုလ်တွေကို သီချင်းတွေဘာတွေနဲ့ ဖျော်ဖြေတင်ဆက်ရသေးသဗျ။ ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီဆိုရင်တော့ လူးလွန့်လှုပ်ရှားခွင့် မရှိတော့ပါဘူး။
ညလယ်ကောင်မှာ ဆီးသွားဖို့နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ ခြေရင်းမှာချထားတဲ့ ဂလူးကို့စ် ပုလင်းလွတ်တွေထဲကို သေသေချာချာချိန်ပြီး ရှူရှူးပေါက်ထည့်ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။ အဲအိပ်ချိန်မှာ လူးလွန့်တာများတဲ့သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီးပုလင်းတွေသွန်ပြီးတာနဲ့ နာမည်တွေခေါ်လိုက်ပြီရင် မြေကြီးပေါ်ဝမ်းလျားထိုးပေးထားရပါတယ်။ အဲဒီမှာ ထောင်မှူးဆိုတဲ့လူ ဒါမှမဟုတ် အရိုက်အနှက် အင်မတန်ကြမ်းပါပေတယ်လို့ နာမည်ကောင်းထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျပုဂ္ဂိုလ်တွေရဲ့ မနက်ခင်းသွေးပူလေ့ကျင်ခန်း ပါတယ်။ သုံးလက်မ ပတ်လည်နီးပါးတုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ကျော (သို့) ခါးရိုးပေါ်ကို စုံကိုင်ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အလည်အပတ်ကျရောက်လာပါတော့တယ်။
သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့တုတ်ချက်တွေဟာ ကျွန်တော်တို့အဖို့တော့ ထမင်းစားရေသောက်လိုပါပဲ။ အဲဒီမတိုင်ခင်က စစ်ကြောရေးလို့ခေါ်တဲ့ငရဲခန်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးစစ်ဆေးတဲ့ကျောင်းသားတပ်ဖွဲ့ ထောက်လှမ်းရေးရဲ့တုတ်ချက်၊ ဓါးချက်တွေ၊ မီးရှို့ချက်တွေ၊ လျပ်စစ်တို့ချက်တွေ၊ ရေနှစ်ချက်တွေနဲ့ယှဉ်တဲ့အခါ ကလေးကစားသလိုဖြစ်နေပါတယ်။ ဒီငရဲခန်းရဲ့ညှဉ်းပန်းမှုနဲ့ ရှေ့မှာ ဘ၀ဆုံးပါးသွားတဲ့ ကိုတင်မောင်အေး (ကသာ) နိုင်ငံရေးတာဝန်ခံ ပီကင်းပြန် ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နဲ့အသက်ထွက်မခံလိုလို့ တော် လှန်ရေးသမားဘ၀ကနေ မဆလလွတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေပါလို့ ရင်နာနာထွက်ဆိုပြီး အသက်ကိုဆက်မွေးဖို့ကြိုးစားနေတဲ့ ဒီဇာတ်ထုပ်မှာတော့ ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်း မဟုတ်တော့ပါဘူး။
ကျွန်တော်တို့လို အသက်ကိုမွေးပေမယ့် မိမိတို့ကိုယ်လက်အင်္ဂါတချို့ကို ပေးလိုက်ရသူတွေလည်းရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်းဟာ ဈေးက အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေးလိုက်ရ) လက်ချောင်းတွေခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့၊ ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကိုမီးဖုတ်ပြီးလျှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ်အတောက်တွေကြားမှာ ကျွန်တော်ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ် ချုပ်ခံရတတ်တာမို့ ကိုယ်ပေါ်ကအ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။
ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကိုလည်းမပစ်သာပါဘူး။ လဲစရာလည်း မပေးပါဘူး။ အဲဒီ ပါဂျောင်ဒေသဆိုတာက တရုတ်မြန်မာနယ်စပ် ကေအိုင်အေဌာနချုပ် လိုင်စင်စခန်းနဲ့တဆက်တည်း အမြင့်ပေ ခုနှစ်ထောင်ကျော်ရှိတာမို့ ဆောင်းမှာ အရိုးကွဲအောင်အေးစက်ပါတယ်။ ဒါကြောင့်မို့ စောင်မရှိပဲ (တခါတရံ စောင်ပါးလေးတထည် ၂ယောက်မျှ) မြေပေါ်လှဲအိပ်ရတဲ့ ကျွန်တော်တို့အဖို့ သွေးဘယ်လိုရွှဲနေပေမယ့် အဲဒီအင်္ကျီကိုမပစ်နိုင်ပါဘူး။ အနည်းဆုံး လေးထပ်လောက် ထပ်ဝတ်ထားတာတောင် အဆောက်အဦးထရံကြဲကြဲကြားက တိုက်လာတဲ့ တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ဒဏ်တွေက အရိုးကွဲအောင်အေးမြလှပါတယ်။
နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တခါမှ ရေချိုးခွင့်လည်းမပေးသလို၊ ကျွန်တော်တို့ဘက်ကလည်း ထပ်အသားနာခံပြီး ရေချိုးခွင့်တောင်းဆိုဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိပါဘူ။ ဒါကြောင့် အ၀တ်အစားတွေမှာ သွေးတွေကခြောက်ပြီး ချပ်ခေါက်ကြီးဖြစ်တဲ့နေရာ၊ ဆီးနံ့၊ သွေးနံ့နဲ့ ဖုန်မှုန့်တို့လိမ်းကျံနေခဲ့တာ လနဲ့ ချီပြီး ကြာလာတာတဲ့နောက် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘယ်အချိန်က စတင်ပေါက်ဖွါးခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ခေါ်တဲ့ ကိုယ်သန်းတွေနဲ့ အဆွေခင်ပွန်းဖွဲ့မိကြပါတော့တယ်။
အမှန်တော့ ကျွန်တော်တို့ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်က သတိထားမိ ဘယ်သူက သတိထားမိတယ်ဆိုတာ မှတ်မှတ်သားသား ရှိသင့်ပါလျက် မရှိတာကတော့ အဲဒီအချိန်က  ဘယ်အချိန်ခေါ်ပြီး ရိုက်စစ်ဦးမလဲ။ ရှော့ခ်တိုက်ပြီး အစစ်ခံရဦးမလဲ။ မီးမြိုက်ခံရဦးမလဲဆိုတာကို နေ့နေ့ညညလန့်နေရလို့ပါ။ အစစ်မခံရတဲ့အချိန်တွေမှာလဲ သူတို့ခိုင်းတဲ့အလုပ်ကြမ်းတွေကို ကျွဲလိုနွားလိုလုပ်ရတဲ့ ကျွန်တပိုင်းဖြစ်နေတာမို့ သတိမထားမိကြ တာပါ။
အဲနောက်တော့ တယောက်သောသူက စပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေရှိနေတယ်လို့ စကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့တွေ အလုပ်နားတဲ့အချိန် အင်္ကျီတွေကို တလွာချင်းချွတ်ပြီး သေချာ စစ်ကြည့်သောအခါမှာတော့ အင်္ကျီရဲ့ချူပ်ရိုးကြောင်းတွေကြားမှာ ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့ လက်ပြင်အဆက် ချုပ်ရိုးတွေကြား) သန်းဖြူဖြူကြီးတွေကို တွေ့ရပါတယ်။
လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ ဒီ ကိုယ်သန်းကြီးတွေကို စတွေ့တော့ ဒါဟာအင်မတန် လန့်စရာကောင်းတဲ့ကိစ္စကို အန္တရာယ်လို့မမြင်ပဲ ငါ့အမေကြီး (အဖွါး) ပြောတဲ့ ဂျပန်ခေတ်လို ခေတ်ပျက်ကာလမျိုးမှာမှကြုံရတဲ့ သန်းဂျီးမကြီးတွေကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ကပ်နေပါပေါ့လားဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ ဒါပေမယ့် ကြာကြာမစောင့်လိုက်ရပါဘူး ညလည်းရောက်ရော သတ္တိပြတော့တယ်ဗျာ။ ခက်တာက ညဘက် မခံမရပ်နိုင်အောင် ဒင်းတို့ကကိုက်ပေမယ့် စောစောကပြောခဲ့သလို လက်ပြန်ကြိုးကတုပ်ထားတဲ့အပြင် နည်းနည်းလေးလှုပ်ချင်လွန့်ပြီဆိုရင် ခွင့်ပြုချက်အရင်တောင်းရတာမို့ စိုင်းထီးဆိုင်သီချင်းအလိုက်နဲ့ပြောရရင် ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့လို့ပဲဆိုသလို ဖြစ်နေတာပေါ့ဗျာ။
အမှန်တော့ ညည ကျွန်တော်တို့အကျဉ်းစံရဲဘော်တချို့ဟာ ခွင့်ပြုချက်မတောင်းဘဲ လူးတယ်လွန့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မနက်မနက် တုတ်ချက်ထိခံနေရတာ တော်တ်ာကြာနေပါပြီ။ အရိုက်သာခံနေရတယ် ကိုယ့်ဖာသာ လူးမိလွန့်မိသလားမသိရဘဲ အသလွတ်အနွှာခံနေရတာက တော်တော်ကြာနေပြီခင်ဗျ။ မနက်ကျ စာရင်းကထွက်လာပြီ လူးတယ်လွန့်တယ်တဲ့။ နောက်မှ အဖြေကပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီအတွင်းထဲမှာကိုက်နေတာဆိုတော့ လူးတော့တာပေါ့ဗျာ။ လွန့်တော့တာပေါ့ဗျာ။
လူစိတ်ဟာ အင်မတန်ဆန်းသဗျ။ ပထမဆုံး ကျွန်တော်တို့ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေရှိနေတယ်ဆိုတာ စသိတဲ့ညကိုမှာတော့ ညအိပ်ဘို့ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ်အတွင်းကကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြားခြားယားလာပါတော့တယ်။ သန်းဂျီးမတပ်ဖွဲ့ဟာ  တညတာ စစ်ဆင်ရေးစတင်ဘို့အတွက် တပ်ချီတပ်ပြောင်းတွေ လုပ်နေပုံရပါတယ်ဗျ။ သိတဲ့အတိုင်း ခြေထောက် ချောင်းကလည်း သံကြိုးကွင်းထဲမှာ။ လက် ဖက်ကို ကျောနောက်ပို့ပြီး လက်ကောက်ဝတ်ကနေပူးတုပ်ထားတာမို့ လှဲချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့်နိုင်တော့ပါဘူး။ ငယ်ငယ်က ဘူတာရုံမှာ ခြေလေးချောင်းလုံးကိုပူးတုပ်ထားတဲ့ ၀က်တွေပုံစံပါပဲဗျာ။ မျက်စေ့ကိုလည်း ပိတ်စနဲ့ အမြဲတင်းနေအောင် ချည်ထားတာဆိုတော့ နားကိုအမြဲစွင့်ထားတဲ့ အလေ့ကရှိနေသဗျ။ ဘယ်သူ့ ခေါ်ထုတ်သွားပြီလဲ။ ဘယ်သူ ၀င်လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။ ညဘက်တွေမှာခေါ်ပြီး စစ်ဆေးတာကိုးဗျ။ ဘယ်သူတော့ဖြင့် စစ်ရင်းလက်လွန်သွားလို့ ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့..ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။ ဘ၀က။
ပြောရင်တော့ ပိုလွန်းတယ်ပြောကြမှာပဲ။ တကယ်ပါဗျာ နောက် အာရုံစိုက်ထားတဲ့အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမတပ်ဖွဲ့အထဲမှာ ပြေးလွားလှုပ်ရှားတဲ့အသံကို နားထဲမှာ တခါတခါ ကြားရသဗျ။ အရေပြားပေါ်မှာပြေးနေရင်လည်း သိနေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့တော့ဗျာ။
သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခုငါတို့ သွေးစုတ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှမတုံ့ပြန်နိုင်တဲ့ ကောင်တွေလို့ ကောင်းကောင်းသိနေပုံရတယ်ဗျ။ အဲဒီတော့ ညရောက်တာနဲ့ ကျွန်တော်တို့ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်းဆုံးပျော်ပွဲစားရုံကြီးတွေဖြစ်သွားတော့တာမို့ တညလုံး စိတ်ကြိုက် ပွဲတော်တည်ကြပါတော့တယ်။ ကျွန်တော်တို့ သန်းတွေကပ်နေတာ စသိတဲ့ညကတော့ ဘာပြောကောင်းမလဲဗျာ။ အရင်ကနဲ့မတူအောင်ယား။ မတူအောင်နာတော့ကိုး။ အဲဒီတော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမယ့် နည်းနည်းလေး သက်သာလိုသက်သာငြား လူးကြည့်လွန့်ကြည့်ချင်တဲ့စိတ်က ဘယ်လိုမှတားမရဘူးခင်ဗျ။
ယားနေတာကိုအာရုံစိုက်ပြီး မြေကြီးနဲ့ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။ ဘာပြောကောင်းမလဲဗျာ။ တညလုံးဟာ တယောက်ပြီးတယောက် နည်းနည်းလှုပ်ပါရစေဗျဆိုတာချည်း ဖြစ်ကုန်တာပေါ့။ ခက်တာက အကုန်လုံးက ကုပ်ချင်လှုပ်ချင်တဲ့လူတွေချည်းဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက်ရဘို့ကလည်း အလွန်အရေးကြီးတာကိုးဗျ။ ကျွန်တော် နည်းနည်းလှုပ်ပါရစေဗျလို့ပြောပေမယ့် လှုပ်လို့ ခွင့်ပြုချက်ကျဖို့စောင့်ရတာက တခါ တခါ တကမ္ဘာလောက် ကြာနေသလိုပဲ။ ကိုယ့်အလှည့်တောင်မရောက်သေးဘူး နောက်တစ်ယောက်က ကျွန်တော်လည်းကုတ်ပါရစေ ဖြစ် လာပြန်ရော။ သိတဲ့အတိုင်းဗျာ တာဝန်ကျတဲ့အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့ ကွင်းထဲမှာလည်းတန်းစီရော ဘာမှပြောမနေနဲ့ အစောင့်ကျတဲ့လူအားလုံးက တုတ်ကိုယ်စီနဲ့ စောင့်နေတော့တာပေါ့။ ညက လှုပ်တဲ့လူ မလှုပ်တဲ့လူ ခွဲမနေတော့ဘူးလေ အားလုံးမြေကြီးပေါ် ၀မ်းလျားမှောက်ထားစေဆိုတာမျိုးနဲ့ အ၀ စားရတော့တာပေါ့ဗျ။
အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဘ၀မှာ ကျွန်တ်ာတို့ကိုဖမ်းထားပြီး မကြာခဏ အကြီးအကျယ်နှိပ်စက်နေတဲ့ ငရဲသားတွေရဲ့ရန်ထက်၊ နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကိုပိုပြီး ထိတ်မလန့်လာပါတော့တယ်။ ညတိုင်း ဘယ်လိုအချိန်မှာ လူးခွင့်တောင်းရပါ့မလဲဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။ သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ ညဆို သူတို့ပုန်းအောင်းနေတဲ့နေရာကနေ လက်မောင်းတလျောက်ဆင်းလာပြီး လက်ပြန်ကြိုးတုပ်ထားတဲ့ လက်ကောက်ဝတ်ကကြိုးချည်ထားတဲ့ နေရာတ၀ိုက်ကိုဆင်းလာပြီး ကိုက်တတ်သဗျ။ တိုတိုပြောရရင်တော့ ညမလှုပ်ပဲလည်းမနေနိုင် မနက်ကျတော့မှ ရိုက်ပါစေတော့ဆိုပြီးလှုပ်ရာက အရိုက်ခံရတာကြာလာတော့ ဒီသန်းဂျီးမတွေရန်က လွတ်ဖို့အရေးဟာ တို့တာဝန်အရေးတပါး ဖြစ်လာတော့တာပေါ့ဗျာ။
ပထမဆုံးစစ်ဆင်ရေးကတော့ အပြင်မှာအလုပ်တွေထွက်လုပ်ရာကအပြန် ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက်ချိန်မှာခွင့်တောင်းပြီး အင်္ကျီအထပ်ထပ်ကိုချွတ်ပြီး အောက်ဆုံးထပ်ကိုထားပြီး ကျန်အထပ်တွေကိုပြန်ဝတ်ပြီး (ပြန်မ၀တ်လို့ကလည်းမဖြစ်ဘူး တခါတလေဆို ရေခဲအောင်အေးတဲ့နေရာကိုး) တော့ ရတဲ့အချိန်အတွင်းမှာ အဲဒီအင်္ကျီရဲ့ချူပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူတော်သန်းဂျီးမတွေကို လက်စားချေကြပါတော့တယ်။
ကျွန်တော်တို့ရဲ့အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင်အင်္ကျီချုပ်ရိုးကြားမှာခိုနေတဲ့ ဒင်းတို့ကိုရှာရတာ ဘယ် ခက်လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။ အမယ် တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာသိတော့ ဒင်းတို့ကလည်း ပြေးချင်တယ်ဗျ။ ဒါပေမယ့် ဘယ်ရလိမ့်မလဲဗျာ။ ညပေါင်းများစွာ အညှိုးကြီးညှိုးထားတဲ့ ကျွန်တော်တို့လက်ကလွတ်အောင် မပြေးနိုင်ကြပါဘူး။ အတုံးအရုံးပေါ့ဗျာ။ ဒါပေမယ့်ခက်တာက သူတို့ကို ကုန်စင်သွားအောင်ရှာဘို့ ကျွန်တော်တို့မှာက လုံလောက်တဲ့အချိန် မရှိတာပဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့ အရင်လိုပဲ နေ့နေ့ကျ အစောင့်နဲ့စစ်ကြောရေးပြုသမျှနုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှနုရတဲ့ဘ၀မှာပဲ စင်းခံခဲ့ရသဗျ။
အဲဒီလို စင်းခံနေရတဲ့ဘ၀ကနေ တယောက်သောသူက သူ့ အတွေ့အကြုံတခု ဝေငှလာသဗျ။ အဲဒါ ကတော့ ည အိပ်ယာဝင်ခါနီး လက်ပြန်ကြိုးချည်ကာနီးမှာ အတွင်းဆုံးကအင်္ကျီကိုချွတ်ပြီး အပေါ်ဆုံးကိုပြောင်းပြီးဝတ်တဲ့နည်း ခင်ဗျ။ များသောအားဖြင့် ဒီသန်းဂျီးမတွေက အောက်ဆုံးကအင်္ကျီမှာ တွယ်ကပ်နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည်အောင်လုပ်တဲ့စိတ်ကူးဖြစ်ပါတယ်။ တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလိုဖြစ်ပြီး နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ ငါတို့ကို မလိမ့်တပတ်နဲ့လုပ်တဲ့ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစားရသဗျ။ ဒီတော့ နေနှင့်ဦးပေါ့ကွာဆိုပြီး ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ခင်ဗျာ။
ဒီလိုနဲ့ ဆောင်းတွင်းကြီးတတွင်းလုံးမှာ ရေခဲတွေလွှမ်းတဲ့ဆောင်း၊ အရိုက်ကြမ်း အဖြတ်အတောက်ကြမ်းတဲ့ စစ်ကြောရေးနဲ့ သွေးအစုပ်ကြမ်းတဲ့သန်းဂျီးမတို့နဲ့လုံးထွေးရင်း ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည် ဆိုသလိုပဲ ကျွန်တော်တို့ထဲက ရဲဘော်တချို့မကြွေသင့်ဘဲ၊ ကြွေလွင့်ခဲ့ရပြီး ဆောင်းအလွန်နှင်းခဲပျော်ချိန် ရောက်လာပါတယ်။
ကျွန်တော်တို့တွေလည်း ငရဲမှာ နည်းနည်းသားကျလာပါတယ်။ တရက်မှာတော့ ကျွန်တော်တို့ အကျဉ်းသားတွေထဲမှာ တန်းစီးတာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက အရဲစွန့်ပြီး အထူးအရေးကြီးတဲ့စီမံကိန်းတခုကို လုံခြုံရေးယူထားတဲ့ တာဝန်ခံကတဆင့် တင်ပြလိုက်ပါသဗျ။
အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းကဆင်းတဲ့ တောင်ကြားစမ်းချောင်းလေး ပေါ်လာတဲ့နေရာမှာ ကျွန်တော်တို့ကို ရေချိုးခွင့်ပြုဖို့နဲ့ အ၀တ်တွေကိုလည်း ရေနွေးနဲ့စိမ်ပြီးပြုတ်လျော်ခွင့် ပေးဖို့ဖြစ်ပါတယ်။
အဲဒီချိန်က ကျွန်တ်ာတို့အားလုံး ရေမချိုးရတာ လေးလကျော်နေပါပြီ။ နောက်ဆုံးတော့ အစောင့်အကြပ်စုံလင်စွာနဲ့ သဘောတူညီချက်များစွာနဲ့ ရေချပွဲအခမ်းအနား လုပ်ဖြစ်ပါတော့တယ်။ အချိန်က မနက် ၁၀ နာရီလောက် နေထွက်ချိန်လောက်မှာ စဖြစ်ပါတယ်။ ကျွန်တော်တို့ ထောင်ကုန်းနဲ့အာသံကုန်းနှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်းဝတ်လောက်နက်ပြီး လေးပေလောက်ကျယ်တဲ့ စမ်းချောင်းလေးရှိသဗျ။ အာသံကုန်းလို့ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ စစ်သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့သူပုန်တွေထဲက စစ်စည်းကမ်းမလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ်သတ်ခဲ့ဘူးတဲ့ ကုန်းဖြစ်လို့ပါ။
နောင် အဲဒီ တောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ရက် ညနေ လေးနာရီလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်အပါအ၀င် တော်လှန်ရေးကျောင်းသားခေါင်းဆောင် ရဲဘော် ၁၅ ဦးကို   တချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ်သတ်ခံခဲ့ရတာလည်း အဲဒီကုန်းပေါ်မှာ ဖြစ်ခဲ့တာပါ။
ပထမဦးစွာ ကျွန်တော်တို့က အဲဒီစမ်းချောင်းလေးကို လူတယောက်လှဲပြီးစိမ်လို့ရအောင် ပြုပြင်ရပါတယ်။ တဖွဲ့ကတော့ မိုးဗြဲဒယ်ကြီးတလုံးထဲရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကိုဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတခု တည်ပါတယ်။ အဲဒီမိုးဗြဲဒယ်ကြီး ပွက်လာတာကိုကြည့်ပြီး ကျွန်တ်ာတို့အားလုံးဟာ တော်တော်စိတ်လှုပ်ရှားနေကြပါတယ်။ ရေတွေ ကျွက်ကျွက်ဆူလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သန်း နှိမ်နင်းရေးစီမံကိန်းကြီးကို စတင်ပါတော့တယ်။
ပထမဆုံးရေချိုးမယ့်တသုတ် ခွဲလိုက်ပြီး သူတို့အားလုံးရဲ့ အ၀တ်တွေအားလုံးကိုချွတ်ပြီး အငွေ့တထောင်းထောင်း ထနေတဲ့ရေတွေထဲကို ပစ်ထည့်လိုက်ကြပြီး ၀ါးလုံရှည်နဲ့ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့မျက်လုံးတွေကလည်း စိတ်ဝင်စားစွာနဲ့ ဒယ်အိုးရေမျက်နှာပြင်ကို စိုက်ကြည်နေလိုက်ပါတယ်ဗျာ။ တထည် ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာလိုက်တဲ့ သန်းဂျီးမဖွေးဖွေးကြီးဗျာ။ ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။ နောက်ဆုံး ညစ်မဲနေတဲ့ဒယ်အိုးရေမျက်နှာပြင်တခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့်ဖုံးသွားလိုက်တာ ရေမဲညစ်ညစ်တွေတောင် ပျောက်သွားတဲ့အထိပါပဲ။
ကျွန်တော်တို့ အကုသိုလ်ကလည်း မသေးလှဘူး ခင်ဗျ။ ဒီလောက် ဘယ်နေ့ ထုတ်ရိုက်လို့သေမလဲဆိုတာကို တထိတ်ထိတ်ဖြစ်နေရတဲ့အထဲ ဒီသန်းဂျီးမတွေက အကုန်ကြွသွားတာကို အားရပါးရအရသာခံပြီး ကြည့်နေကြသေးတယ်ခင်ဗျ။ ပြောရရင်တော့ သူတို့ပေးထားတဲ့ဒုက္ခကလည်း မသေးဘဲကိုးဗျ။ အဲဒီနေ့ညမှာတော့ ကျွန်တော်တို့အားလုံးဟာ သန်းဂျီးမတွေရဲ့ဘေးရန်ကလွတ်မြောက်ပြီး အေးအေးချမ်းချမ်း အိပ်စက်ရပါတော့တယ်။
ဒါပေမယ့် သိပ်တော့မကြာပါဘူး ဒင်းတို့ အတိုးချနှိပ်စက်တဲ့ဒဏ်ကို ပြန်ခံရပြန်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့မထနိုင်တဲ့လူတွေ လောလောလတ်လတ် လက်ခြေ ပြတ်ထားတဲ့ဒဏ်နဲ့ ရေလုံးဝထိလို့မရတဲ့ရဲဘော်တချို့က ထောင်တွင်းဆောင်မှာကျန်ခဲ့တာမို့ သူတို့ အ၀တ်အစားတွေမှာနဲ့ ကျွန်တော်တို့အိပ်တဲ့ နေရာခင်းတို့စောင်တို့မှာ အသက်ဆက်ရှင်သန်နေတဲ့သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ် မတိမ်ကောရေးအတွက် သံဝါသအမှုကို အရင်ကထက် နှစ်ဆအတိုးချပြီး လုပ်အားပြကြပုံရပါတယ်။ မကြာခင်မှာပဲ မျိုးဆက်တွေပြန့်ပွားပြီး ကုတ်ပါရစေ ဘ၀။ လူးပါလွန့်ပါရစေဘ၀ကို ပြန်ကျရောက်ရပြန်ပါတယ်။
ဒီလိုနဲ့ သန်းဂျီးမစစ်ဆင်ရေးတခုကိုဆင်နွှဲဖို့အခွင့် လျောက်ရပြန်ပါတယ်။ ဒီလိုနဲ့ န၀တ ခေတ်ဦး မြို့ပြစီမံကိန်း တွေမှာ စစ်တပ်နဲ့ပေါင်းပြီး သန်းကြွယ်သူဌေးတွေဖြစ်ဖို့ အလုအယက်စီးပွားရှာနေကြတဲ့ခေတ်ကြီးထဲမှာ ကျွန်တော်အပါအ၀င် ကံထူးသူငမိုက်သားတသိုက်ကတော့ သန်းကြွယ်သူဌေးတွေဘ၀ကနေလွတ်ဖို့ အသည်းအသန်ကြိုးစားနေခဲ့ကြရသဗျ။
မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန်ခင်းခဲ့တဲ့စစ်ပွဲကို ကျွန်တော်တို့ဘက်ကနေ တဖက်သက်ရပ်စဲလိုက်တဲ့အချိန်ကတော့ စောစောကပြောသလို ကျွန်တော်တို့နဲ့ဘ၀တူ ရဲဘော်တချို့ကွပ်မျက်ခံခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဇက်ပေါ်ကို တကယ်ဓါးဝဲခဲ့တဲ့ အတွေ့အကြုံအရ တိရိစ္ဆာန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ် ကိုယ့်အသက် သေမှာတာကြောက်ရှာမှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်း ပါသလို၊ နေ့စဉ်အလုပ်ခွင် ထင်းထမ်း၊ ထင်းဖြတ်၊ ကျောက်ထု၊ ကျောက်သယ်လုပ်ကြရတိုင်း ရဲဘော်တွေ ကွပ်မျက်ခံခဲ့ရတဲ့ အာသံကုန်း (နောင်အခါ ကိုထွန်းအောင်ကျော်ကုန်း) ဘေးက နေ့စဉ်ဖြတ်သွားလာရင်း စဉ်းစားမိတဲ့အချက်တခုရှိပါတယ်။
ဗုဒ္ဓကျမ်းဂန်တခုမှာ ရဟန်းကြီးတပါးဟာ ပျံလွန်တော်မူချိန်မှာ မိမိရဲ့သင်္ကန်းကိုစွဲလန်းမိခဲ့လို့ သင်္ကန်းမှာကပ်ညိပြီး သန်းဂျီမဖြစ်ရရှာတဲ့ ဇာတကရှိပါတယ်။ ကျွန်တော်တို့ရဲဘော်တွေထဲကတချို့ဟာ ကျွန်တော်တို့ကိုများနောက်ဆုံးအချိန်မှာ စိတ်မှာစွဲသွားခဲ့သော်ဆိုတဲ့အတွေးတခု ရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်းဝေငှပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့မိုးဗြဲဒယ်စစ်ဆင်ရေးကို တဖက်သတ်ရပ်ဆိုင်းပြီး သန်းကြွယ်သူဌေးတွေဘ၀မှာပဲ လူးရင်းလွန့်ရင်း ကြိတ်ခံကြတာ နွေ .. တနွေကုန်လို့၊ မိုးကူးပြီး မိုးသည်းညတညမှာ ပါဂျောင်စခန်းက စွန့်ခွာထွက်ပြေးခဲ့တဲ့ တိုင်အောင်ပါပဲ။
နောက်ဆုံး အလင်းဝင်ဘ၀နဲ့ ကြက်ခြေနီအဖွဲ့ကပေးတဲ့ အ၀တ်အစားသစ်တွေကို ပြောင်းလဲခွင့်ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါလမ်းခွဲပေါ့ခင်ဗျာ။ အမှန်တော့ ကိုခင်ဝမ်းရဲ့နုတ်ဆက်ခဲ့ပါတယ်ဆိုတဲ့ သီချင်းလေးနဲ့ နုတ်ဆက်ချင်ပေမယ့် သန်းဂျီးမဆိုတော့လည်း အနုပညာတွေဘာတွေ နားလည်ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့တော့ပါဘူး။
တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီးမက်ခဲ့တဲ့ သန်းကြွယ်သူဌေးဘ၀ဟာ ခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်တင်းတင်းပြည့်မြည်ခဲ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေးတခုအတွက် မွန်မြတ်တဲ့စိတ်နဲ့ စွန့်လွှတ်စွန့်စားမယ်ဆိုပြီးထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်အပါအ၀င် ရဲဘော်တွေ ကွပ်မျက်ခံခဲ့ရတာ နှစ်ပေါင်းနှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။
နိဒါန်းမှာဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့သန်းတွေအကြောင်းဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများစွာ သန်းဂျီးမတွေတွားသွားခဲ့တဲ့နေရာတွေက ယားလာပါတယ်။ အခုတခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။
နိုင်ငံအတွက် စွန့်လွှတ်ရင်းအသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့သိဖို့ တစိုးတစိမှမတို့မထိခဲ့ပဲ၊ ရေငုံနေခဲ့တဲ့ မိမိကိုယ်မိမိ ကြည့်မိတဲ့အခါ အပြစ်မကင်းသလိုခံစားရတဲ့စိတ်က တရွရွ ကိုယ်ပေါ်ပြေးလွားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဘူးတဲ့သန်းဂျီးမတွေအကြောင်းကို ခုလို ချရေးမိတာဖြစ်ပါကြောင်း ၀န်ခံချက်ပေးပါတယ်။
တကယ်တော့လည်း အစ မထင် သံသရာအစဉ်က ကျွန်တော်တို့ခန္ဓာမှာ ကပ်ငြိလိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့မမြင်သာတဲ့သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါ ပြေးလွား ကိုက်ဖဲ့ သွေးစုတ်နေခဲ့တာက
ဘ၀များစွာ၊
နှစ်များစွာ၊
လများစွာ၊
ရက်များစွာ၊
နာရီများစွာ
မိနစ်များစွာ၊ စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။

(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက်)
ပန်းချီထိန်လင်း
(ဒီနေရာကယူတာပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=670:article&catid=37:2009-04-17-01-30-25&Itemid=64

0 comments:

Post a Comment