Wednesday, December 7, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၈)

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၈)
မင်းမြတ်တပင်ရွှေထီး (အတွဲ- )
ပုဂံကိုအခြေပြုလို့အနော်ရထာမင်းမြတ် ပထမဆုံးစတင်တည်ထောင်တော် မူခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကြီး တရုတ်ပြေးမင်းလို့ခေါ်ကြတဲ့ နရသီဟ ပတေ့မင်းလက်ထက်မှာ ပြိုကွဲပျက်စီးသွားပြီးတဲ့နောက် သူ တစ်လူငါတစ် မင်းနဲ့ အစိပ်စိပ်အမွှာမွှာဖြစ်နေတဲ့နိုင်ငံကို ဒုတိယမြန်မာနိုင်ငံတော်ကြီး ဖြစ်လာအောင် ပြန်လည်စုစည်းပြီး စတင် တည်ထောင်တော်မူခဲ့တဲ့မင်း ကတော့ ကေတုမတီမြို့တောင်ငူက အာဇာနည်သူရဲကောင်းမင်းမြတ် တပင်ရွှေထီးပဲ ဖြစ်ပါတယ်။

တပင်ရွှေထီးဟာ တောင်ငူမင်း (၂၉) ဆက်မြောက်ဖြစ်တဲ့ တောင်ငူမြို့သစ်တည် ဘုရင်မင်းကြီးညိုရဲ့ သားတော်ဖြစ်ပြီး မယ်တော်ကတော့ ဝါးနွယ်ကုန်းမြို့သူကြီး သူရကျော်ခိုင်ရဲ့သမီး ခင်ဦးဖြစ်တယ်။ တပင်ရွှေ ထီးကို သက္ကရာဇ် (၈၇၈) ခု၊ ကဆုန်လပြည့်ကျော် () ရက်၊ ဗုဒ္ဓဟူးနေ့မှာဖွားမြင်ပြီး ထူးခြားတဲ့အတိတ်နိ မိတ်တွေနဲ့မွေးဖွားလာခဲ့တဲ့ လက်ရုံးရည်၊ နှလုံးရည်၊ ဘုန်းသမ္ဘာတွေနဲ့ပြည့်စုံတဲ့ ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်ပါ တယ်။ မွေးလာစဉ်မှာ ထူးထူးခြားခြား ဝင်ရိုးဖျားပမာဏရှိတဲ့ ရွှေရောင်တောက်ပနေသော ဆံပင်တော် တစ်ချောင်းပါရှိလာတဲ့အတွက် ခမည်းတော်ဘုရင်မင်းကြီးညိုက သားတော်ကို တပင်ရွှေထီးလို့ ဘွဲ့အ မည်ပေးခဲ့ပါတယ်။

တပင်ရွှေထီးလက်ထက်မှာ ထူးခြားတဲ့ စိတ်ဝင်စားမှုတွေကတော့ အများကြီးရှိခဲ့ပါတယ်။ ယောက်ဖတော်ဖြစ် တဲ့ သူရဲကောင်းဘုရင့်နောင်နဲ့အတူ ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ရာမှာ အလွန်ထင်ရှားတာတွေ ကတော့ ရန်သူ့နယ်မြေဟံသာဝတီကိုသွားပြီးနားထွင်းဖို့ သူရဲကောင်း (၅၀၀) ရွေးခြယ်တဲ့ပွဲ၊ ဟံသာဝတီမှာရှိ တဲ့ ရွှေမော်ဓေါဘုရားရင်ပြင်တော်မှာ ရန်သူတွေကိုဂရုမထားပဲ သူရဲကောင်းမင်းမြတ်ပီသစွာ နားထွင်းမင်္ဂ လာကို အောင်မြင်စွာကျင်းပပုံ၊ သူယုံကြည်အားထားရတဲ့ ဘုရင့်နောင်ရဲ့ မြန်မာ့သမိုင်းမှာအလွန်ထင်ရှားပြီး ယနေ့တိုင်စံပြုကြရတဲ့ နောင်ရိုးတိုက်ပွဲတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရေးချင်တာက တပင်ရွှေထီးအကြောင်းကိုရေးလိုက်တာနဲ့ ဘုရင့်နောင်အကြောင်းက ပါလာရတာ ကိုပါ။ ဒီမင်းနှစ်ပါးအကြောင်းက ခွဲပြီးရေးလို့မရပါ။ ဘုရင့်နောင်ကိုရေးရင်လည်း တပင်ရွှေထီးအကြောင်းပါ ပါလာရမှာဖြစ်တယ်။

ဒုတိယမြန်မာနိုင်ငံတော်ဆိုတာကလည်း တပင်ရွှေထီး တောင်ငူကနေအခြေတည် စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး တပင်ရွှေထီးနတ်ရွာစံသွားတော့မှ ဘုရင့်နောင်က ဆက်လက်ပြီး နိုင်ငံတော်ကို အပြီးတိုင်ဆက် လက်တည်ထောင်သွားခဲ့တာပဲ ဖြစ်တယ်။

မင်းနှစ်ပါးခွဲလို့မရပါ။ ငယ်စဉ်ကလေးဘဝအရွယ်တွေကစပြီးတော့ ညီနောင်နွယ်ရင်းတွေထက်တောင် တစ် ဦးနဲ့တစ်ဦးချစ်ခင်ခဲ့ကြတဲ့မင်းတွေလို့ ဆိုရမှာဖြစ်ပါတယ်။ စာရေးသူ ဒီမင်းနှစ်ပါးအကြောင်းကို စာအုပ်နဲ့မဂ္ဂ ဇင်းဂျာနယ်တွေမှာ တော်တော်များများလည်း ရေးခဲ့ပြီးပါပြီ။

သမိုင်းကိုလေ့လာရင်လည်း ထူးထူးခြားခြား၊ ရှားရှားပါးပါးလို့ဆိုရအောင် မင်းနှစ်ပါးစလုံးကတည်ကြည်ဖြောင့် မတ်ပြီး စိတ်ရင်းသဘောထားကောင်းကြတယ်။ ဘုရင့်နောင်ကလည်း ယောက်ျားကောင်း၊ ယောင်္ကျားမြတ်ဖြစ်တဲ့အတိုင်း တပင်ရွှေထီးအပေါ်မှာ အလွန်သစ္စာရှိခဲ့တယ်။

သမိုင်းကိုပြန်ကြည့်ရင် အာဏာပလ္လင်အတွက် သားကအဖေသတ်၊ ညီက အစ်ကိုသတ်၊ အစ်ကိုက ညီသတ်၊ တူက ဦးရီးသတ်၊ ယုတ်မာကောက်ကျစ်မှုတွေ ကုန်းဘောင်ခေတ်မြန်မာနောက်ဆုံးအထိအောင် ရှိခဲ့တာတွေ့ ရပေမယ့် ဒီမင်းနှစ်ပါးကတော့ ဒီလိုဆိုစရာ အညစ်အစွန်းတွေကင်းစွာနဲ့ စိတ်ရင်းပြည့်ဝနှလုံးလှခဲ့ကြတဲ့ အတွက်၊ စာရေးသူက ထူးခြားတဲ့ဒီမင်းနှစ်ပါးကိုသမိုင်းထင်ရှားဖြောင့်မတ်သည့် မင်းနှစ်ပါးလို့ ဂုဏ်ပြုရေး ခဲ့တာ ဖြစ်ပါတယ်။

တပင်ရွှေထီးကိုဖွားမြင်လာတော့ ခမည်းတော်ဖြစ်တဲ့ ဘုရင်မင်းကြီးညိုက သားတော်အတွက် အထိန်းတော် ကြီး () ဦးကိုခန့်ထားရာမှာ ဘုရင့်နောင်ရဲ့ဖခင် မင်းကြီးဆွေလည်း ပါဝင်ခဲ့ပါတယ်။ တပင်ရွှေထီးအတွက် နို့ထိန်းအကြီးခန့်အပ်တော့လည်း မင်းကြီးရွှေရဲ့ဇနီး၊ ဘုရင့်နောင်ရဲ့မိခင်၊ တုရွင်းတိုင်ရွာသူ ရှင်မျိုးမြတ်ကို နို့ထိန်းကြီးအဖြစ်ခန့်ခဲ့တယ်။ ဘုရင့်နောင်က တပင်ရွှေထီးလို မင်းမျိုးထဲကမဟုတ်ပါ။ ငယ်မည်က ရှင်ရဲ ထွတ်ဖြစ်ပြီး တပင်ရွှေထီးထက် အသက်သုံးလလောက်ကြီးပါတယ်။

ကေတုမတီ တောင်ငူမြို့တည်နန်းတည်မင်းကြီးညို သက္ကရာဇ် (၈၉၂) ခုနှစ်မှာ နတ်ရွာစံတော့ တပင်ရွှေထီး က မင်းဖြစ်လာပါတယ်။ မင်းအဖြစ်ကိုရတော့ သက်တော် (၁၅) နှစ်ပဲရှိပါသေးတယ်။ ညီနောင်နွယ်ရင်းလို ချစ်တဲ့ ဘုရင့်နောင်ကို ကျော်ထင်အနော်ရထာဆိုတဲ့ ဘွဲအမည်ပေးပြီးတော့ အိမ်ရှေ့စံလိုထားပါတယ်။ အတိအကျပေးပြီး အပ်နှင်းတာတော့မဟုတ်ပါ။

ပြီးတော့ ဘုရင့်နောင်နှမ ခင်ဘုန်းကိုလည်း မိဖုရားမြှောက်ပါတယ်။ တပင်ရွှေထီးမှာ အဓိက မိဖုရားနှစ်ပါး ရှိပါတယ်။ တစ်ဦးကတော့ ငယ်စဉ်ကတည်းက သံယောဇဉ်ဖြစ်ပြီး ကျွမ်းချစ်ခဲ့ရတဲ့ ခင်ဘုန်းဖြစ်ပြီး နောက် တစ်ဦးကတော့ အထိန်းတော် သတိုးဓမ္မရာဇာဘွဲ့စံ ရှင်နီတာရဲ့သမီး ခင်မြတ်ဖြစ်ပါတယ်။

တပင်ရွှေထီးမင်းဖြစ်လာတော့ ကျေးဇူးအထူးရှိသူတွေကို ဘွဲ့ထူးဂုဏ်ထူးအဆောင်အယောင်ထူးတွေနဲ့ ချီးမြှင့် မြှောက်စားသလို ဘုရင့်နောင်ရဲ့ဖခင် မင်းကြီးဆွေကိုလည်း မင်းရဲသိင်္ခသူဆိုတဲ့ ဘွဲ့နာမည်နဲ့ ရာထူးစည်းစိမ် အဆောင်အယောင်တွေပေးပြီး ချီးမြှင့်မြှောက်စားတယ်။ မင်းကြီးဆွေက နောက်ပိုင်းမှာတော့ တောင်ငူဘု ရင်ခံဖြစ်လာပါတယ်။ ဘုရင့်နောင်ကိုလည်း ငယ်စဉ်ကတည်းက ချစ်သူတွေဖြစ်ခဲ့တဲ့ သူ့ရဲ့ အစ်မတော်သခင် ကြီးနဲ့ လက်ဆက်ပေးပါတယ်။

တပင်ရွှေထီးဟာ ပြည်သူတွေနဲ့သူ့လက်အောက်မှာ အမှုထမ်းကြတဲ့သူတွေက ချစ်ခင်လေးစားကြည်ညိုကြ တာကိုခံရတဲ့ မင်းကောင်းမင်းမြတ်ပဲဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိပြီး လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံတဲ့မင်းဖြစ် ကာ သူရဲကောင်းတွေကိုလည်း ချီးမြှင့်မြှောက်စားပါတယ်။

နန်းတက်ပြီး () နှစ်အကြာ သက်တော် (၁၇) နှစ်မှာတော့ နားထွင်မင်္ဂလာကျင်းပဖို့စီစဉ်ပါတယ်။ ကျင်းပဖို့ သွားမယ့် နေရာကရန်သူ့နယ်မြေဖြစ်တဲ့ ဟံသာဝတီပဲခူးက ရွှေမော်ဓောစေတီတော်ကိုပါ။ အဲဒီအချိန်က ဟံသာဝတီမှာ မွန်ဘုရင် သုရှင်တကာရွတ်ပိ အုပ်စိုးနေပါတယ်။ ရန်သူ့နယ်မြေကို တကယ်တန်းသွားဖို့ဆို တာက တော်ရုံတန်ရုံဘုရင်ဆိုရင် စိတ်ကူးဖို့တောင် မလွယ်ပါ။

ဒါပေမယ့်...တပင်ရွှေထီးကတော့ ရဲစွမ်းသတ္တိနဲ့လည်း ပြည့်စုံတယ်၊ စိတ်နေကလည်းမြင့်ပြီး ကြံရွယ်ချက်က လည်း ကြီးမားတဲ့မင်းဆိုတော့ အဲဒီကိုသွားဖို့အတွက် သူနဲ့လိုက်ပါဖို့ သူရဲကောင်းရွေးခြယ်ပွဲကို ပြုလုပ်ပါ တယ်။ အဲဒါကလည်း မြန်မာ့သမိုင်းမှာထင်ရှားတဲ့ စံပြုရတဲ့ သူရဲကောင်းရွေးခြယ်ပွဲပဲ ဖြစ်ပါတယ်။ သူရဲကောင်း (၅၀၀) ရွေးတာဖြစ်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ သူရဲကောင်းအဖြစ်လိုက်ပါလိုတဲ့သူတွေကို သတ္တိကို စမ်းသပ်တဲ့အနေနဲ့ လက်မကိုအပ်စိုက်ပြီး တူနဲ့ထုမြှပ် ပါတယ်။ တွန့်သွားတဲ့သူဆိုရင် ပယ်ပါတယ်၊ မရွေးပါဘူး။ လက်မထဲအပ်တဆုံးဝင်သွားတဲ့အထိ မတုန်လှုပ် တဲ့သူ မတွန့်တဲ့သူကိုမှ သူရဲကောင်းအဖြစ်ရွေးပါတယ်။

အဲဒီတုန်းက ပထမဆုံး စံပြအနေနဲ့အစမ်းသပ်ခံသူကတော့ ဘုရင့်နောင်ပါ။ လက်မထဲအပ်တစ်ဆုံးဝင်သွား တာတောင် မတွန့်မရွံ့ မတုန်လှုပ်တဲ့အတွက် ဘုရင့်နောင်ရဲ့သတ္တိကိုကြည့်ပြီး တပင်ရွှေထီး အလွန်ကျေနပ် အားရသွားခဲ့ပါတယ်။

အဲဒီလို သူရဲကောင်းတွေရွေးတဲ့ပွဲမှာ မှတ်သားစရာအဖြစ်အပျက်တစ်ခုကလည်း အမှတ်မထင်ပေါ်ပေါက် လာခဲ့ပါတယ်။ ဒါကတော့ သူရဲကောင်းအဖြစ်အစမ်းသပ်ခံမယ့် တပင်ရွှေထီးရဲ့ငယ်ကျွန်ရင်းဖြစ်တဲ့ ဗလရဲထင် ရဲ့ အလှည့်မှာ ဖြစ်တယ်။ ဗလရဲထင်က လက်မထိပ်ကိုအပ်စိုက်ပြီး တူနဲ့ထုသွင်းခံရာမှာ တွန့်ခနဲဖြစ်သွားတဲ့ အတွက် တပင်ရွှေထီးကနာမည်က ဗလရဲထင် သွေးတွန့်ရသလားလို့ ဆိုလိုက်ပါတယ်။ ဒီမှာတင် သူရဲကောင်းအရွေးမခံရတဲ့အပြင် မိမိရဲ့အရှင်သခင် အပြစ်တင်တာကိုခံလိုက်ရတဲ့ ဗလရဲထင်ဟာ ရှက်သွား ပြီး တပင်ရွှေထီးကို-

တကယ်တမ်း၌ ကျွန်တော်မျိုးသည် ကြောက်သွေးရှိသူမဟုတ်ပါ။ ယခု သူရဲကောင်းရွေးခြယ်ပွဲ၌ မအောင် မြင်သဖြင့် အလွန်ဝမ်းနည်းရပါသည်။ သို့သော် ကျွန်တော်မျိုး၏သတ္တိကို အရှင်မင်းမြတ်နှင့်လူအများ သိအောင် ပြလိုပါသည်လို့ လျှောက်ထားလိုက်ပြီး သူ့ခါးမှာထိုးထားတဲ့ ဓားမြှောင်ကိုဆွဲထုတ်ကာ သူ့ဝမ်း ဗိုက်ကို ထိုးဖောက်လိုက်ပါတယ်။

ပြီးတော့ ဝမ်းဗိုက်ကထွက်လာတဲ့ အူကို ဆွဲယူပြီး အနားမှာရှိတဲ့ ဘုရင့်နောင်ကို ကိုင်ခိုင်းပါတယ်။ ဘုရင့်နောင်က အူကို ကိုင်ထားစဉ်မှာ ဗလရဲထင်က အူခွေဆုံးသွားတဲ့အထိပြေးလိုက်တာ အူလည်းဆုံးရော ဘိုင်းကနဲလဲကျပြီး သေဆုံးသွားတယ်။ ကြည့်နေကြသူအားလုံး တအံ့တသြဖြစ်နေကြတဲ့အချိန်မှာ ဘုရင် တပင်ရွှေထီးမိန့်ဆိုလိုက်တာက မှတ်သားစရာဖြစ်ပါတယ်။

အဲဒါကတော့..“ငါ၏ ကျွန်တော်ရင်း ဗလရဲထင်သည် မိုက်ကားမိုက်၏၊ သို့သော် သတ္တိရှိသူကား မဟုတ်ပေဆိုတဲ့ စကားပါပဲ။

သူရဲကောင်းရွေးပွဲပြီးသွားလို့ သူရဲကောင်း (၅၀၀) ကို ရရှိတဲ့အခါမှာတော့ မင်္ဂလာနေ့ရက်ကိုရွေးပြီး တပင်ရွှေထီးကသတ္တရုဇေယျလို့ အမည်ရှိတဲ့မြင်းတော်ကိုစီးကာ ဘုရင့်နောင်အပါအဝင် သူရဲကောင်း (၅၀၀) နဲ့ ဟံသာဝတီကို သွားပါတယ်။ လမ်းမှာ အတားအဆီးမရှိပဲ ရွှေမော်ဓောစေတိကို ရောက်တဲ့အခါ မွေးနံတော်အင်္ဂါထောင့်မှာ လိုက်ပါလာတဲ့ ပုဏ္ဏားတော်တွေနဲ့ နားထွင်းမင်္ဂလာဆင်ယင်တော်မူတယ်။

ဒီနေရာမှာရေးရရင် ဟံသာဝတီမွန်ဘုရင် သုရှင်တကာရွတ်ပိလက်ထက်မှာ ရွှေမော်ဓောစေတီတော်က ဟံသာဝတီ မြို့တော်ရဲ့အပြင်မှာရှိနေပါတယ်။ ဘုရင့်နောင် ကမ္ဗောဇဒီသာ မြို့နန်းသစ်တည်တဲ့အခါကျမှသာ မြို့တော်အတွင်းကို ရောက်ရှိသွားတာဖြစ်တယ်။

အဲဒီအချိန်မှာ တောင်ငူဘုရင် တပင်ရွှေထီး ရွှေမော်ဓောစေတီတော်ကိုရောက်လာတာ မွန်ဘုရင် သုရှင် တကာရွတ်ပိလည်းကြားရော၊ အမျက်ဒေါသထွက်ပြီး မွန်တပ်ကို ရွှေမော်ဓောစေတီတော်ဆီ အပြင်းချီစေ တယ်။ စေတီတော်ခြေရင်းမှာရှိတဲ့ တောင်ငူတပ်ကိုမြင်တော့ မွန်တပ်တွေက ဝိုင်းရံထားလိုက်တယ်။

ဒါကို ရင်ပြင်တော်ပေါ်မှာ နားထွင်းမင်္ဂလာဆက်လက်ကျင်းပနေတဲ့ တပင်ရွှေထီးလည်းကြားရော၊ မိမိ လက်အောက် အမှုတော်ထမ်းတွေကို..“သင်တို့ ရန်သူအား အလေးထားဂရုစိုက်ရန်မလို၊ ငါ၏ မင်္ဂလာ ကိစ္စကိုသာပြီးစီးအောင် ဆောင်ရွက်ကြ၊ ပြီးလျှင် ငါကိုယ်တော်တိုင် ရန်သူတပ်ကိုဖြိုဖျက်တော်မူမည်လို့ မိန့်တော်မူတယ်။

အဲဒီလို မိန့်တော်မူတဲ့အတိုင်း နားထွင်းမင်္ဂလာကိစ္စလည်းပြီးရောသတ္တရုဇေယျမြင်းတော်ကို ဇက်ကုန်ဖွင့် တဟုန်တည်းစိုင်းကာ ဝန်းရံထားတဲ့မွန်တပ်တွေကို ဖောက်ထွက်ပါတယ်။ အဲဒီမှာ မွန်တပ်တွေလည်း ထိတ် လန့်ကာ ဖရိုဖရဲဖြစ်ကုန်ပြီး တောင်ငူတပ်ကို ရှောင်ပေးလိုက်ကြရပါတယ်။

တပင်ရွှေထီး ဆန္ဒတော်အောင်မြင်ပြီးမြောက်သွားပြီး နောက်ပါသူရဲကောင်း (၅၀၀) နဲ့အတူ ကေတုမတီကို ပြန်လည်ရောက်ရှိလာပါတယ်။ ဒါကတော့ တပင်ရွှေထီးမင်းဖြစ်ပြီး () နှစ်အကြာမှာ ပထမဆုံးသူရဲကောင်း မင်းမြတ်အနေနဲ့ ရန်သူ့နယ်မြေကိုသွားရောက်ခဲ့တဲ့၊ သမိုင်းတွင်တဲ့ ထူးထူးခြားခြားလုပ်ဆောင်မှုတစ်ခုပဲ ဖြစ်တယ်။

တပင်ရွှေထီးဟာ နိုင်ငံကိုချဲ့ထွင်လိုတဲ့မင်းဖြစ်တဲ့အတိုင်း သက္ကရာဇ် (၈၉၆) မှာတော့ အားစမ်းတဲ့အနေနဲ့ ဟံသာဝတီကို အစမ်းချီပြီးသွားတိုက်ပါတယ်။ () ရက်တိုင်တိုင်လုပ်ကြံပေမယ့် မြို့ကိုမအောင်နိုင်လို့ တပ်ဆုတ်ပြီးပြန်ခဲ့ရတယ်။ (၈၉၇) မှာ ဒုတိယအကြိမ် သွားတိုက်တော့လည်း မအောင်မြင်ဘဲတပ်ဆုတ်ခဲ့ ရတယ်။

တတိယအကြိမ်တိုက်တာမှာ ဟံသာဝတီတပ်တွေက ကောလိယထိချီလာပြီး တောင်ငူတပ်တွေကို ဆီးကြို တိုက်ခိုက်ပါတယ်။ အဲဒီမှာ ရှေ့ဆုံးကချီနှင့်တဲ့ဘုရင့်နောင်တပ်က မွန်ဘုရင်ရဲ့တပ်ကို အတင်းဝင်ပြီးပြန်တိုက် တာမှာ မွန်တပ်တွေအရေးနှိမ့်ပြီး ဟံသာဝတီကိုဆုတ်ပြေးကြရတယ်။

ဒီနောက်တော့ ဟံသာဝတီကိုထပ်မတိုက်သေးဘဲ ဒဂုန် (ရန်ကုန်) ကို အပြင်းချီကာ ဒဂုန်မှ ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်၊ ဒေးပလွယ်ဆိုတဲ့မွန်မြို့တွေကို ချီတက်တိုက်ခိုက်သိမ်းယူလိုက်တယ်။ ပြီးတော့မှ စတုတ္ထအကြိမ်အဖြစ် ဟံသာဝတီကို အပြင်းထန်လုပ်ကြံရာမှာ ဟံသာဝတီပျက်ပြီး မွန်ဘုရင်သုရှင်တကာရွတ်ပိ ပြည်ကို ထွက်ပြေး သွားခဲ့ရတယ်။

ဒီစစ်ပွဲမှာ နာမည်ကျော်ခဲ့တာက မြန်မာ့သမိုင်းမှာ စံနမူနာပြုရလောက်အောင်ကိုထင်ရှားတဲ့ ဘုရင့်နောင် တိုက်တဲ့ နောင်ရိုးတိုက်ပွဲ ဖြစ်ပါတယ်။ ဒိတိုက်ပွဲကို မြန်မာရာဇဝင်အစောင်စောင်မှာ တခမ်းတနားဖော်ပြ ခဲ့ကြသလို၊ ကုန်းဘောင်ခေတ်က လက်ဝဲသုန္ဒရအမတ်ကြီးနဲ့ ပညာရှိပုဂ္ဂိုလ်တွေကလည်း စကားပြေနဲ့ရော၊ ကဗျာတွေနဲ့ပါ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒါကိုတော့ ဘုရင့်နောင်အကြောင်းကျမှပဲ အသေး စိတ်ရေးပါ့မယ်။

ဆက်ရေးရရင် သုရှင်တကာရွတ်ပိဟာ ပြည်ကိုရောက်သွားပြီး ပြည်ဘုရင်ဖြစ်တဲ့ နရပတိနဲ့ ပူးပေါင်းပါတယ်။ တပင်ရွှေထီးကို ပြန်တိုက်ဖို့အတွက် အင်းဝက ရှမ်းမင်းသိုဟန်ဘွားရဲ့ အကူအညီကိုယူဖို့လည်း စီစဉ်ပါတယ်။

ဒါပေမယ့် သုရှင်တကာရွတ်ပိရဲ့ ဟံသာဝတီနန်းကိုပြန်လည်ရရှိဖို့ ကြံရွယ်ချက်ဟာ မအောင်မြင်ခဲ့ပါ။ အင်္ဂ ပူမှာ သူ့ရဲ့ ဆင်တပ်ကိုတိုးချဲ့ဖို့ကြိုးပမ်းနေချိန်မှာ အင်္ဂပူတောတန်းမှာ ဆင်ကောင်းပေါ်တယ်သတင်းကြား ရတဲ့အတွက် ဆင်ကျော့ဖို့တောကိုထွက်တာမှာ တောထဲအလွန်ချောမောလှတဲ့ နတ်သမီးနဲ့တွေ့ပြီး နတ် သမီးကိုစွဲလန်းတဲ့စိတ်နဲ့ နတ်နန်းတော်ကိုပြန်အရောက်မှာ နန်ရွာစံသွားပါတယ်လို့ သမိုင်းတွေကဆိုပါတယ်။

ဟိန်းဇေ

0 comments:

Post a Comment