ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁၂)
မင်းမြတ်ဘိုးတော်ဘုရား၊ ဗဒုံမင်းလို့လည်းသိကြတဲ့ ဘိုးတော်ဘုရားဟာ
လည်း အလောင်းဘုရားရဲ့သားတော်ပဲ ဖြစ်ပါတယ်။ အလောင်းဘုရားရဲ့ စတုတ္ထသားတော်လို့လည်းသိရပါတယ်။ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်တော်မူတဲ့ အလောင်းဘုရားကနေ ကုန်းဘောင်မင်းတွေကိုေ ရတွက်လိုက်ရင် အလောင်းဘုရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ စဥ့်ကူးမင်း၊ ဖောင်းကားစားမောင်မောင်တို့ နန်းတက်ခဲ့ကြတဲ့အတွက် နံပါတ် (၆) ဖြစ်တဲ့ ကုန်းဘောင်မင်းလို့ဆိုရမှာ ဖြစ်ပါတယ်။
လည်း အလောင်းဘုရားရဲ့သားတော်ပဲ ဖြစ်ပါတယ်။ အလောင်းဘုရားရဲ့ စတုတ္ထသားတော်လို့လည်းသိရပါတယ်။ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်တော်မူတဲ့ အလောင်းဘုရားကနေ ကုန်းဘောင်မင်းတွေကိုေ ရတွက်လိုက်ရင် အလောင်းဘုရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ စဥ့်ကူးမင်း၊ ဖောင်းကားစားမောင်မောင်တို့ နန်းတက်ခဲ့ကြတဲ့အတွက် နံပါတ် (၆) ဖြစ်တဲ့ ကုန်းဘောင်မင်းလို့ဆိုရမှာ ဖြစ်ပါတယ်။
ငယ်နာမည် မောင်ဝိုင်းဖြစ်ပြီး ဆင်ဖြူရှင်ရဲ့သားတော်ဖြစ်တဲ့ တူတော် စဥ့်ကူးမင်းနဲ့ နောင်တော်ကြီးမင်းရဲ့သားတော်ဖြစ်တဲ့ တူတော်ဖောင်းကားစားမောင်မောင်တို့ကိုလုပ်ကြံပြီး နန်းတက်လာခဲ့တဲ့ မင်းဖြစ်ပါတယ်။
ခမည်းတော်အလောင်းဘုရားက “ငါမရှိသည့်နောက်တွင် ငါ၏သားတော်များသည် အစဉ်အတိုင်း မင်းပြုခဲ့ကြ ရမည်” ဟု မိန့်မှာခဲ့ပေမယ့် ပထမသားတော်ကြီး နောင်တော်ကြီးမင်းနတ်ရွာစံပြီး ဆင်ဖြူရှင် နန်းတက်လာ တဲ့အခါမှာတော့ ခမည်းတော်ရဲ့အမှာတော်နဲ့ဆန့်ကျင်ပြီး သားတော်စဥ့်ကူးမင်းသားကို နန်းရံထားတဲ့အတွက် ဘိုးတော် ဘုရားနန်းမရဘဲ စဥ့်ကူးမင်းသားက မင်းဖြစ်လာခဲ့ပါတယ်။
စဥ့်ကူးမင်းနန်းရလာတော့ ဘထွေးတော်ဖြစ်တဲ့အမြင့်မင်းကို မသင့်သောအကြံကို ကြံစည်တယ်ဆိုပြီး ကွပ်မျက်လိုက်ပါတယ်။ ဘိုးတော်ဘုရားဖြစ်လာမယ့် ဘထွေးတော်ဗဒုံမင်းကိုလည်း မယုံကြည်တဲ့အတွက် စစ်ကိုင်းမှာသွားပြီး နေထိုင်စေပါတယ်။
အဲဒီနောက် စဥ့်ကူးမင်းနန်းစံပြီး (၅) နှစ်လောက်အကြာမှာ နောင်တော်ကြီးမင်းရဲ့သားတော် ဖောင်ကားစား မောင်မောင်က စဥ့်ကူးမင်းကိုဖယ်ရှားပြီး အင်းဝနန်းကိုသိမ်းလိုက်ပါတယ်။ ဒါပေမယ့် ဖောင်ကားစားမောင်မောင် မင်းဖြစ်တာ (၇) ရက်ပဲ ကြာပါတယ်။ ပင်းတလဲမင်းသားက ဖောင်ကားစားမောင်မောင်ကိုဖယ်ရှားပြီး နောင်တော်ဖြစ်တဲ့ဘိုးတော်ဘုရားကို နန်းအပ်ပါတယ်။ ဘိုးတော်ဘုရားက ဖောင်ကားစားမောင်မောင်ကို ကွပ်မျက်လိုက်ပါတယ်။
ထီးနန်းစွန့်ခဲ့ရတဲ့စဥ့်ကူးမင်းလည်း နောက်တော်ပါ သူ့ရဲ့ဗိုလ်မှူးတွေ သူ့ကိုစွန့်ခွာသွားခဲ့ကြတဲ့အတွက် ကံစီမံရာအတိုင်းသာဖြစ်သည်။ ဖြစ်လိုရာဖြစ်စေတော့ဆိုပြီး အင်းဝကိုပြန်အလာ ဘိုးတော်ဘုရားက ကွပ်မျက်လိုက်ပြန်ပါတယ်။
ဒီနေရာမှာရေးရရင် အာဏာပလ္လင်အတွက် ဆွေရင်းမျိုးရင်း၊ သွေးရင်းညီနောင်အချင်းချင်း သတ်ကြဖြတ်ကြတာကတော့ ကုန်းဘောင်ခေတ် (သာယာဝတီမင်းနဲ့ သီပေါမင်းတို့နန်းရတဲ့အချိန်မှာလည်း လူသတ်ပွဲတွေနဲ့ပါပဲ) မှာ စိတ်မကောင်းစရာ အကျည်းတန်ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။
ဘိုးတော်ဘုရားကိုနန်းတင်ပေးခဲ့တဲ့ ညီတော်ပင်းတလဲမင်းသားရဲ့ ဘဝဇာတ်သိမ်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဖောင်းကားစားမောင်မောင်ကို တိုက်ခိုက်ဖယ်ရှားပေးမယ့် ပင်းတလဲမင်းသားက နောင်တော်ဖြစ်တဲ့ ဘိုးတော်ဘုရားကို မေးပါတယ်။ “နောင်တော်နန်းရခဲ့ရင် ညီတော်ကို ဘယ်မှာထားမလဲလို့မေးတော့ “ငါက နန်းစံဆိုရင် ညီတော်က နန်းရံပ” ဆိုပြီးကတိပေးခဲ့တယ်။ ဒါပေမယ့်..ဘိုးတော်ဘုရားနန်းရလာတော့ ကတိအတိုင်းမဟုတ်တော့ဘဲ မြောက်နန်းမိဖုရားက ဖွားမြင်တဲ့သားတော် ရွှေတောင်မင်းသားကိုသာ အိမ်ရှေ့အရာပေးခဲ့ပါတယ်။ အဲဒါကို ညီတော် ပင်းတလဲမင်းသားကမကျေမနပ်ဖြစ်ပြီး နောင်တော်ကိုလုပ်ကြံဖို့ကြံစည်ခဲ့လို့ ပင်းတလဲမင်းသားလည်း ကွပ်မျက်ခံလိုက်ရပါတယ်။
နောက်ထပ်စိတ်မကောင်းစရာကတော့ ဝန်ကြီးမဟာသီဟသူရနဲ့ ပတ်သက်လို့ပါ။ ဝန်ကြီးမဟာသီဟသူရဆိုတာက ဆင်ဖြူရှင်လက်ထက်တုန်းက တရုတ်တွေကိုရော ယိုးဒယားတွေကိုပါ စစ်ပွဲတွေအောင်မြင်အောင်၊ သမိုင်းမှာ မြန်မာတွေဂုဏ်ယူရလောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါလျက် ဘိုးတော်ဘုရားလက်ထက်မှာ ဘိုးတော်ဘုရားရဲ့ညီတော် စည်သာမင်းသားနဲ့ မသင့်သောအကြံကိုကြံစည်တယ်ဆိုပြီး ကွပ်မျက်ပစ်လိုက်တာပါပဲ။ ဒါကလည်း စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းအကြောင်းကိုလည်း ရေးချင်ပါတယ်။ မင်းတုန်းမင်းကတော့ သတ်တာတို့၊ ကွပ်မျက်တာတို့ကိုမနှစ်မြို့တဲ့ မင်းပါ။ ညီတော် ကနောင်မင်းသားနဲ့အတူ နောင်တော်ပုဂံမင်းကို နန်းချပြီးနန်းစံခဲ့ပေမယ့် ဘိုးတော်ဘုရားလို မကွပ်မျက်ခဲ့ပါဘူး။ နောင်တော်ပုဂံမင်းကို သူ့မိဖုရားတွေနဲ့အတူ ကောင်းမွန်စွာထားခဲ့ပါတယ်။
ဒါပေမယ့် ဒီကိစ္စတွေကလွဲရင် ကျန်တဲ့ နိုင်ငံတော်သာယာရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံစီးပွားရေး၊ ဘာသာသာသနာရေးနဲ့ စာပေအနုပညာဆိုင်ရာအရေးတွေမှာ တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်းနဲ့ပြည့်စုံတဲ့ မင်းတစ်ပါးဖြစ်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းလို့မရတဲ့အတွက် မင်းမြတ်တစ်ဆယ့်တစ်ပါးထဲမှာလည်း ဘိုးတော်ဘုရားကို ထည့်ရေးရခြင်းဖြစ်ပါတယ်။
ဘိုးတော်ဘုရားနန်းတက်ပြီး (၁) နှစ်အကြာမှာတော့ အင်းဝနေပြည်တော်နဲ့ (၆) မိုင် အကွာမှာ မြို့နန်းအသစ်တည်ပါတယ်။ အဲဒီနောက် (၁၇၈၄) မှာ အမရပူရလို့ မြို့အမည်ကိုသမုတ်ပြီး အင်းဝကနေ ပြောင်းရွှေ့စိုးစံပါတယ်။
(၁၇၈၄) မှာပဲ ရခိုင်ကိုသိမ်းယူဖို့ သားတော်အိမ်ရှေ့ဥပရာဇာကို ကြည်းကြောင်း၊ ရေကြောင်း၊ စစ်ကြောင်း (၄) ကြောင်းနဲ့ ရခိုင်ကိုချီစေပါတယ်။ စစ်ကြောင်း (၄) ကြောင်းစလုံးကို ရခိုင်တို့အပြင်းအထန် ခုခံတိုက်ခိုက်ကြပေမယ့် မနိုင်လို့ သံတွဲနဲ့ တောင်စဉ်ခုနှစ်ခရိုင် သိမ်းပိုက်ခံလိုက်ရပါတယ်။
အဲဒီနောက် (၁၇၈၅) မှာ မြန်မာတွေက ရခိုင်တစ်ပြည်လုံးကို ရခိုင်ဘုရင်နဲ့တကွရရှိခဲ့တဲ့အတွက် ရခိုင်မှာ မင်းကြီးမင်းခေါင်ကျော်ကို စစ်သည် (၁၀၀၀၀၀) နဲ့ အုပ်ချုပ်ဖို့ခန့်ထားခဲ့ပြီး ရခိုင်ဘုရင်နဲ့တကွ၊ မင်းဆွေမင်းမျိုးတွေ၊ မှူးမတ်တွေနဲ့ အမြောက်လက်နက်ခဲယမ်းတွေ၊ ဆင်မြင်းလူသူ (၃၀၀၀၀) ကျော်၊ ယိုးဒယားလုပ်ကြေးရုပ် (၃၀) ကျော် (ဒီကြေးရုပ်တွေကတော့ ဘုရင့်နောင် ယိုဒယားကနေဟံသာဝတီကို ယူဆောင်လာခဲ့တဲ့ ကြေးရုပ်တွေပဲဖြစ်တယ်။ ဘုရင့်နောင်ရဲ့သားတော် နန္ဒာဘုရင်စိုးစံတဲ့ဟံသာဝတီကို တောင်ငူဘုရင်မင်းရဲသီဟသူနဲ့ ရခိုင်ဘုရင် မင်းရာဇာကြီးတို့ ပူးပေါင်းတိုက်ခိုက်သိမ်းယူပြီးနောက် ရခိုင်ဘုရင်က ရခိုင်ကိုယူဆောင်သွားခဲ့တဲ့ ကြေးရုပ်တွေဘဲ ဖြစ်တယ်) ကို အမရပူရကို ယူဆောင်ခဲ့ပါတယ်။
ရခိုင်ဘုရင်တွေ အစဉ်အဆက်ကိုးကွယ်လာတဲ့ မဟာမုနိရုပ်ပွားတော်ကြီးကိုလည်း တောင်ကုတ်လမ်းကနေ ပင့်ဆောင်လာပြီး ဘိုးတော်ဘုရားက အမရပူရမြောက်အရပ်မှာ ရွှေပြသာဒ်နဲ့တည်ထား ကိုးကွယ်တော်မူပါတယ်။ ရေးရရင် ရခိုင်ကို မြန်မာတွေတိုက်ခိုက်တဲ့အကြိမ်က နည်းပါတယ်။ တိုက်လို့နိုင်ရင်လည်း ကြာရှည်သိမ်းမထားနိုင်ပါဘူး။ သွားလာဖို့ခရီလမ်းကခက်ခဲတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ဘိုးတော်ဘုရားလက်ထက်မှာတော့ ရခိုင်ကို အပြီးတိုင်သိမ်းယူနိုင်တဲ့အတွက် အဲဒီကတည်းက ရခိုင်မင်းဆက်လည်း ပြတ်ခဲ့ရပါတယ်။
(၁၇၈၂) မှာ ယိုးဒယားပြည်က ယိုးဒယားဘုရင် ဖရားတက်ဆင် (ဖရားတက်ဆင်ဆိုတာက ဆင်ဖြူရှင်လက်ထက် ယိုးဒယား အယုဒ္ဓယမြို့တော်ကိုသိမ်းချိန်က ထွက်ပြေးသွားပြီး နောက်လိုက်နောက်ပါတွေ စုဆောင်းကာ ဘန်ကောက်အမည်နဲ့ မြို့သစ်တည်ကာ မင်းပြုတဲ့အမတ်ဖြစ်ပါတယ်။) ကို ဖရားချက်ကရီကလုပ်ကြံပြီး ပထမမြောက် ရာမဘုရင်ဘွဲ့ခံလို့ နန်းတက်လာပါတယ်။ (ယခုလက်ရှိ ထိုင်းဘုရင်ဟာလည်း ရာမမင်းဆက်ပဲဖြစ်ပါတယ်။) အဲဒီ ရာမနန်းတက်လို့ (၃) နှစ်အကြာ (၁၇၈၅) မှာတော့ ဘိုးတော်ဘုရားဟာ ယိုးဒယားကို မြိတ်စစ်ကြောင်း၊ ထားဝယ် စစ်ကြောင်း၊ ဇင်းမယ်စစ်ကြောင်း၊ ဘုရားသုံးဆူစစ်ကြောင်း စစ်ကြောင်း (၄) ကြောင်းနဲ့ ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်ပါတယ်။ တိုက်ခိုက်ရတဲ့အကြောင်းကတော့ ဖရားတက်ဆင်လက်ထက်က သိမ်းထားခဲ့တဲ့ မြန်မာပိုင်နယ်အချို့ကိုပြန်ရဖို့ပဲ ဖြစ်ပါတယ်။
ပထမဆုံး ဝိတိုရိယအငူရဲ့တောင်ဘက်မှာရှိတဲ့ ယိုးဒယားပိုင် ပူကတ်ကျွန်းကို တိုက်ခိုက်သိမ်းယူပါတယ်။ ဒါပေမယ့် ယိုးဒယားတွေက ပြန်ပြီးတိုက်ခိုက်လာလို့ အဲဒီကျွန်းကိုလက်လွတ်လိုက်ရပါတယ်။
အဲဒီနောက်မှာတော့ ယိုးဒယားမြန်မာနှစ်ဘက်တပ်တွေ အင်အားအလုံးအရင်းနဲ့တိုက်ကြရာမှာ မြန်မာတွေအဖို့ ရိက္ခာပြင်ဆင်မှုကအသင့်မရှိသလို၊ မြန်မာတပ်တွေချီလာရာ လမ်းတစ်ကြောင်းမှာလည်း ရိက္ခာမှန်သမျှ ယိုးဒယားတွေက ကြိုတင်ရွှေ့ပြောင်းထားတဲ့အတွက်ကြောင့် ရိက္ခာပြတ်ပြီး မြန်မာတွေစစ်ရှုံးခဲ့ကြရပါတယ်။ ထားဝယ်စစ်ကြောင်း၊ မုတ္တမစစ်ကြောင်းတွေဟာ ယိုးဒယားတပ်တွေရဲ့ ချေမှုန်းတာကို ခံခဲ့ရတယ်။ ဇင်းမယ်စစ်ကြောင်းသာ အတော်အသင့်အောင်မြင်ခဲ့ပြီး ကျန်တဲ့စစ်ကြောင်းတွေ အရှုံးနဲ့ဆုတ်ခွာခဲ့ရပါတယ်။ ယိုဒယားတွေ မြန်မာတွေကို နိုင်လိုက်ပေမယ့်လည်း ထားဝယ်တောင်ဘက်က နယ်တွေကိုတော့ လက်လွှတ်လိုက်ရပါတယ်။
ဘိုးတော်ဘုရားဟာ ယိုးဒယားကိုရှုံးတဲ့အတွက်ကြောင့် မျိုးရိက္ခာစုစောင်းဖို့အတွက်ရှေ့ကချီရတဲ့ မင်းကြီးမင်းခေါင်ကျော်ကိုအမျက်တော်ရှပြီး မြိတ်ကြောင်းချီရာက ပြန်ခေါ်ကာကွပ်မျက်လိုက်ပါတယ်။ အဲဒီ မင်းကြီးမင်းခေါင်ကျော်ဆိုတာကတော့ ရခိုင်ကိုသိမ်းစဉ်က အုပ်ချုပ်ဖို့ထားခဲ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။
ဘိုးတော်ဘုရားဟာ နောင်တစ်နှစ် (၁၇၈၆) မှာ မင်းကြီးနန္ဒာကျော်ထင်ကိုဦးဆောင်စေပြီး ယိုးဒယားကို ထပ်မံ ချီတက်တိုက်ခိုက်စေပါတယ်။ ဒါပေမယ့် ယိုးဒယားတပ်တွေ ဆီးကြိုတိုက်ခိုက်တာကိုမခံနိုင်လို့ ပြန်ဆုတ်ခွာသွားရပါတယ်။
(၁၇၈၇) မှာ တတိယအကြိမ် ဝန်ကြီးမဟာဇေယျသူရကိုဦးဆောင်စေပြီး ယိုးဒယားမြောက်ဘက်တလွှားကို ချီတက်တိုက်ခိုက်စေပေမယ့် ယိုးဒယားတွေတိုက်ခိုက်ပုံက အရင်ကနဲ့မတူ၊ အယုဒ္ဓယကို အသိမ်းခံရပြီးတဲ့ နောက်ပိုင်း ဘန်ကောက်ကို မြို့တည်အုပ်ချုပ်တဲ့ နောက်မင်းတွေလက်ထက်မှာ တိုးတက်လာတဲ့အတွက် မြန်မာတွေ ရှုံးနိမ့်ပြီးဆုတ်ခွာခဲ့ရပြန်ပါတယ်။ အဲဒီနောက် (၄) နှစ်အကြာမှာ ထားဝယ်နဲ့မြိတ်မှာ ယိုးဒယားဘုရင်နဲ့ ယိုးဒယားအိမ်ရှေ့မင်းသားတို့ အုပ်ချုပ်ပြီးချီလာတဲ့ ယိုးဒယားတပ်တွေနဲ့ တွေ့ဆုံတိုက်ပွဲဖြစ်တာမှာ ယိုးဒယားတပ်တွေ ဆုတ်ခွာသွားရတဲ့အတွက် အရှေ့ဘက်မြို့ရွာတွေကို အရှေ့ဘက်မြို့ရွာတွေကို အနေထားကျအောင်စည်းကြပ်စီရင်ပြီး ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့ဥပရာဇာဦးဆောင်တဲ့တပ် ပြန်လာခဲ့ပါတယ်။ အဲဒီ အိမ်ရှေ့ဥပရာဇာဆိုတာက ဘိုး တော်ဘုရားနတ်ရွာစံပြီးတဲ့နောက်မှာတက်လာမယ့် ဘိုးတော်ဘုရားရဲ့မြေးတော် စစ်ကိုင်းမင်းသားလို့သိကြတဲ့ ဘကြီးတော်ဘုရားရဲ့ ခမည်းတော်ပဲဖြစ်ပါတယ်။ ဘိုးတော်ဘုရားက သူ့နောက်မှာဆက်ခံဖို့ သူ့အဲဒီသားတော်ကြီး အိမ်ရှေ့ဥပရာဇာကို နန်းလျာထားခဲ့ပေမယ့် ဘိုးတော်ဘုရားနတ်ရွာမစံမီ အိမ်ရှေ့ဥပရာဇာက ကွန်လွန်သွားခဲ့ပါတယ်။ ဒါကြောင့် မြေးတော်ဖြစ်သူ စစ်ကိုင်းမင်းသားက မင်းဖြစ်လာတာပါ။
ဘိုးတော်ဘုရားဟာ သူ့လက်ထက်မှာ မဏိပူရကသည်းပြည်အရေးနဲ့ အာသံပြည်အရေးတွေကိုလည်း အောင်မြင်စွာဆောင်ရွက်ပြီး လက်အောက်ခံတွေအဖြစ် ထားနိုင်ခဲ့ပါတယ်။ မဏိပူရကသည်းစော်ဘွား မဟာရာဇာချောဂျစ်ဆင်နဲ့ ညီဖြစ်တဲ့ ဇူပရာဇာမာဂျစ်ဆင်တို့ မသင့်မမြတ်ဖြစ်နေကြပြီး ဇူပရာဇာ ထွက်ပြေးလာတဲ့အတွက် ဘိုးတော်ဘုရား ချောဂျစ်ဆင်ကို အမရပူရကိုလာဖို့ဆင့်ခေါ်ပါတယ်။ ချောဂျစ်ဆင် မလာရောက်တဲ့အတွက် မဏိပူရကိုတပ်တွေစေလွတ်ပြီးတိုက်ခိုက်တာမှာ ချောဂျစ်ဆင် ထွက်ပြေးသွား ရတဲ့အတွက် မာဂျစ်ဆင်ကိုနန်းတင်ပေးခဲ့ပါ တယ်။
အာသံပြည်မှာလည်း အမတ်တချို့က စန္ဒရကန္ထရှိန်ထွက်ပြေးခဲ့ရပြီး ဘိုးတော်ဘုရားကို လျှောက်ထားလာတဲ့အတွက် မြန်မာတပ်တွေကို (၂) ကြိမ်တိုင် ချီတက်တိုက်ခိုက်စေကာ စန္ဒရကန္ထရှိန်ကို ပြန်ပြီးနန်းတင်ပေးခဲ့ပါတယ်။
ဘိုးတော်ဘုရား ရခိုင်ကိုသိမ်းယူပြီးတဲ့နောက်မှာ ရခိုင်နဲ့ဆက်စပ်နေတဲ့ စစ်တကောင်းဆိုတာက အင်္ဂလိပ်တွေသိမ်းထားတဲ့နယ်ဖြစ်နေတဲ့အတွက် အဲဒီအချိန်ကစပြီး မြန်မာနဲ့အင်္ဂလိပ်ဟာ နယ်စပ်အရေးကိစ္စတွေနဲ့ပတ်သက်လို့ ပြဿနာတွေဖြစ်လာကြရတယ်။
ရခိုင်သားတွေ မငြိမ်မသက်ထကြွလှုပ်ရှားနေကြတဲ့အတွက် နှိပ်ကွပ်တာမှာ စစ်တကောင်းနယ်ထဲကို ပြေးဝင်သွားခဲ့ကြတယ်။ အဲဒါကို မြန်မာတပ်တွေက စစ်တကောင်းနယ်ထဲထိလိုက်ဖမ်းလို့ မြန်မာနဲ့အင်္ဂလိပ် မသင့်မမြတ်ဖြစ်လာကြရတယ်။
(၁၇၉၄) မှာ ရခိုင်သားသူပုန်တွေ စစ်တကောင်းနယ်ထဲပြေးဝင်သွားကြပြန်တဲ့အတွက် မြန်မာတွေလိုက်ဖမ်းရာမှာ အင်္ဂလိပ်ပိုင်နယ်ထဲ ကျူးကျော်ဝင်ရောက်သွားတယ်။ ဒါပေမယ့် အင်္ဂလိပ်တွေက သူပုန်အကြီးအကဲကိုဖမ်းပြီး မြန်မာတပ်တွေကိုပေးအပ်တဲ့အတွက် ပြဿနာမဖြစ်ဘဲပြီးသွားရတယ်။
(၁၇၉၇) မှာလည်း ရခိုင်သားတွေ စစ်တကောင်းနယ်ထဲ ပြေးဝင်ကြတဲ့အတွက် မြန်မာတပ်ကလိုက်ဖမ်းတာ အင်္ဂလိပ်နယ်ထဲရောက်သွားတယ်။ ဒါပေမယ့် ဘိုးတော်ဘုရားကပြန်ခေါ်လို့ မြန်မာတပ်တွေပြန်လာကြတယ်။ မြန်မာတပ်ကရခိုင်သားတွေကို ပြန်လည်ပေးအပ်ဖို့တောင်းတဲ့အခါ အိန္ဒိယဘုရင်ခံချုပ်က နောက်နောင်အင်္ဂလိပ်ပိုင်နယ်ထဲကို ရခိုင်သားတွေဝင်မလာစေရပါလို့သာ ကတိပေးတယ်။ ရခိုင်ကိုအုပ်ချုပ်နေတဲ့မြို့ဝန်က မြန်မာတို့တောင်းဆိုတာကိုမလိုက်နာပါက အင်္ဂလိပ်ပိုင်နယ်ကို ဝင်ရောက်တိုက်ခိုက်ရလိမ့်မယ်လို့ အိန္ဒိယဘုရင်ခံချုပ်ထံ စာပေးပြီးခြိမ်းခြောက်တယ်။
အဲဒီစာပါ ကိစ္စကိုရှင်းဖို့ (၁၈၀၂) မှာ ကာနယ်ဆိုင်းဆိုသူ သံအဖြစ်နဲ့ရောက်လာပေမယ့် မြန်မာဘုရင်နဲ့မတွေ့ရဘဲ ဟံသာဝတီဝန်ကြီးနဲ့သာတွေ့ရပြီး ဟံသာဝတီဝန်ကြီးက အိန္ဒိယဘုရင်ခံချုပ်ထံပေးပို့ခဲ့တဲ့ရခိုင်မြို့ဝန်ရဲ့ စာအကြောင်းကို မြန်မာဘုရင်နဲ့မိမိတို့ဝန်ကြီးများ မသိရှိခဲ့ကြောင်းသာ နှုတ်နဲ့ပြန်ကြားခဲ့တယ်။
(၁၈၁၁) မှာလည်း ချင်ပြန်ဆိုတဲ့ ရခိုင်သားသူပုန်ဗိုလ်နဲ့ သူ့နောက်လိုက်တွေဟာ စစ်တကောင်းနယ်ကိုပြေးဝင်ပြီး အဲဒီနယ်ကိုအခြေပြုလို့ ရခိုင်နယ်ကိုထိပါးတိုက်ခိုက်နေပါတယ်။ ဒါကို ရခိုင်မြို့ဝန်မြန်မာတပ်တွေနဲ့လိုက်တိုက်ရာမှာ စစ်တကောင်းနယ်ထဲကိုဝင်ရောက်ဖို့ အင်္ဂလိပ်တွေခွင့်ပြုခဲ့တယ်။ ဒါပေမယ့် (၁၈၁၅) မှာတော့ ချင်ပြန်ကို မြန်မာတွေက ဖမ်းမိလို့မဟုတ်ဘဲ တိမ်းရှောင်နေရာကနေ သေဆုံးသွားခဲ့တယ်။ ဒါတွေကတော့ ဘိုးတော်ဘုရားလက်ထက် နယ်စပ်အရေးနဲ့ပတ်သက်ပြီး အင်္ဂလိပ်နဲ့ဖြစ်ခဲ့ရတဲ့ကိစ္စတွေပဲဖြစ်တယ်။
ဘိုးတော်ဘုရားဟာ သူ့လက်ထက်မှာ နိုင်ငံတော်အတွင်း မငြိမ်မသက်ဖြစ်ရတဲ့အရေးခင်းများနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတွင်းအခြေနေတွေကိုစစ်ဆေးဖို့ သန်ခေါင်စာရင်းအတိအကျကောက်ယူ ပါတယ်။ ဒါကို ဘိုးတော်ဘုရားစစ်တမ်းဆိုပြီးခေါ်ခဲ့ကြတယ်။
ဒီစစ်တမ်းအရ ကျေးရွာမြို့နယ်တွေရဲ့အကျယ်အဝန်း၊ လူနေအိမ်ခြေတွေနဲ့ အဲဒီအချိန်က လူဦးရေကို အတိအကျမှတ်တမ်းတင်ထားခဲ့တဲ့အတွက် ဘိုးတော်ဘုရားလက်ထက်မှာ လူဦးရေ (၂) သန်း နီးပါးရှိတာကို သိရှိရပါတယ်။
ဘိုးတော်ဘုရားဟာ မန္တလေးအရှေ့ဘက်မှာ အောင်ပင်လယ်ကန်နဲ့ အဲဒီကန်ရဲ့မြောက်ဘက်က နန္ဒကန်ကိုတူးဖော်ပြီး မိထ္ထီလာကန်ကိုလည်း ဆည်ဖို့ခဲ့ပါတယ်။
ကောင်းမှုတော်တွေအနေနဲ့ စစ်ကိုင်းအိမ်တော်ရာမှာ အောင်မြေလောက စေတီတော်၊ မြစ်အနောက်ဘက်မှာ မင်းကွန်းစေတီတော်နဲ့ မင်းကွန်းခေါင်းလောင်းကြီးကို တည်ထားသွန်းလုပ်တော်မူပါတယ်။ ရခိုင်ပြည်က ပင့်ဆောင်လာတဲ့ မဟာမုနိရုပ်ပွားတော်ကိုလည်း အမရပူရမှာထားရှိပြီးကိုးကွယ်ခဲ့တယ်။
ပြီးတော့ နိုင်ငံတော်တစ်ဝှမ်းမှာ သာသနာတော်တိုးတက်ထွန်းကားစေဖို့အတွက်လည်း မြို့(၅၆) မြို့ကို တစ်မြို့ကို ပိဋကတ်တော် (၁) စုံနဲ့ ရဟန်းတော်တွေကို သာသနာပြုစေလွှတ်ခဲ့တယ်။ သီဟိုဠ်မှရဟန်းတော်တွေနဲ့ သီဟိုဠ်သံအမတ်ရောက်ရှိလာပြီး သာသနာတော်ပြုစုပါမည့်အကြောင်း လျှောက်ထားလာတဲ့အတွက် သီဟိုဠ်ကို ရဟန်းတော်တွေနဲ့ ပိဋကတ်စာတွေပို့ခဲ့ပါတယ်။ မိမိနိုင်ငံသားတွေရဲ့ အကျင့်စာရိတ္တကို မြှင့်တင်ရေးအတွက်လည်း အရက်သေစာမသောက်စားဖို့ ပိတ်ပင်တားမြစ်ခဲ့တယ်။
စာပေယဉ်ကျေးမှုအနုပညာနဲ့ပတ်သက်လို့ ပညာရှိစာဆိုတွေလည်း ဘိုးတော်ဘုရားလက်ထက်မှာ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကတော့ လက်ဝဲသုန္ဒရ၊ တွင်းသင်းမင်းကြီး မဟာစည်သူ၊ ရွှေတိုက်စိုး ဦးတိုး၊ အမတ်ကြီးမဟာဓမ္မသဂြာင်္ံ၊ ပြင်စည်မင်းသား၊ ဒုတိယနဝဒေး၊ ဦးဖျော်၊ အမတ်ကြီးဦးပေါ်ဦး၊ ဖိုးသူတော် ဦးမင်း၊ လူဦးမင်း၊ သာချင်းဆရာကြီး ဦးအောင်ဖြိုး၊ ဝန်ကတော်မယ်ခွေ၊ မင်းဘူးဆရာတော် ဦးသြဘာသ တို့ပဲ ဖြစ်ကြပါတယ်။
နိုင်ငံတော်သာယာရေး၊ တိုးတက်ရေးနဲ့ စာပေယဉ်ကျေးမှု အနုပညာ၊ သာသနာထွန်းလင်းပျံ့ပွားရေး စတဲ့ နိုင်ငံအကျိုးတွေကို မင်းမြတ်တို့ရဲ့အရည်အချင်းပြည့်စုံစွာနဲ့ ဆောင်ရွက်တော်မူခဲ့တဲ့ ဘိုးတော်ဘုရင်ဟာ (၁၈၁၉)၊ နန်းသက် (၃၈)၊ သက်တော် (၇၅) မှာ နတ်ရွာစံတော်မူခဲ့ပါတယ်။
ဟိန်းဇေ
0 comments:
Post a Comment