Friday, December 23, 2011

သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၁) (မျိုးမြင့်ချို)

0 comments

သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၁) (မျိုးမြင့်ချို)
“ဒီအတိုင်းဆက်လုပ်နေလို့ကတော့ တနေ့နေ့ မင်းအဖမ်းခံရမှာ သေချာတယ်” ဟု သူငယ်ချင်းပြောသည့်နေ့ကား ရောက်လာလေပြီ။ ဇူလိုင်လ ၇ ရက် ၁၉၈၉ ခုနှစ်။ မင်္ဂလာဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ထောက်ကြန့်)ရုံးတွင် (မတရားတဲ့အမိန့် အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ) ဟူသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု၏အစိတ် အပိုင်းတရပ်အနေနှင့် ဆဲဗင်န်းဂျူလိုင်အခမ်းအနားတွင် အာဏာဖီဆန်ရေးလိုင်းကိုတွန်း တင်ဟောပြောအပြီး ကျနော်ရုံးခန်းကထွက်လာကတည်းက ကျနော့်နောက်မှ ထပ်ချပ် လိုက်လာသူ ၂ ဦးကိုသတိထားမိ၏။ ဟန်ကိုယ့်ဖို့အနေအထားနှင့်ကျနော်လည်း ခတ်တင်း တင်း။ လူအများကြားဝင်ဆွဲလျှင် ရုတ်ရုတ်ရက်ရက်ဖြစ်မည်ကိုရှောင်ချင်၍ သူတို့ဘက်က လည်း ခတ်လျော့လျော့။  နောက်ဆုံး ကျနော့်ဆိုင်ကလေးကိုပြန်ရောက်လာ၏။ ဆိုင်ထဲတွင်ထိုင်နေသည့်အမေ၊ ကျနော့်နောက်က လိုက်လာသူတွေကိုတွေ့တော့ မျက်စိမျက်နှာပျက်ချေပြီ။ ဘာမှတော့မပြော။ ကျနော့်ကိုတလှည့် သူတို့ကိုတလှည့်ကြည့်လိုက်ပြီး နောက် အမေ သဘောပေါက်သွားဟန်တူ၏။ ဘယ်မှမကြည့်တော့ပဲ တွေတွေငေးငေးမျက်လုံးအစုံဖြင့် ရှိုးကေ့စ်ပေါ်ကဂက်စ် မီးခြစ်တွေကို မလိုအပ်ပဲ ဟိုရွှေ့ သည်ရွှေ့ ရွှေ့နေ၏။ “ကျနော်တို့နဲ့ခဏလိုက်ခဲ့ပါ၊ မေးစရာလေး နည်းနည်းရှိနေလို့” ဆိုပြီး ကျနော့် လက်ကို သူတို့ဖမ်းဆွဲလိုက်ချိန်တွင် အမေက “မင်းတို့သူ့ကို ဖမ်းတာလား၊ ဘာလုပ်မလို့လဲ” ဟုမေးပြီး ကျနော့်အင်္ကျီအိပ်ကပ်ထဲ ဆေးလိပ်ဗူးနှင့်မီးခြစ်ကိုထိုးထည့်၏။  တယောက်တည်း ပြောသလို တယောက်ယောက်ကိုမေးသလိုဖြင့် “အဝတ်အစားအပိုလေး ဘာလေး….” ဟု ဆို၏။ “ရပါတယ်..အန်တီ မပူပါနဲ့၊ ဟိုမှာလည်း ရှိပါတယ်၊ နောက်ပြီး မကြာပါဘူး၊ ကျနော်တို့မေးစရာလေးမေးပြီး ပြန်လွှတ်ပေးပါမှာပါ၊ မပူပါနဲ့” ဆိုသည့်စကားက  အမေ့ကို အတန်ငယ်စိတ် သက်သာရာရစေသလားမပြောတတ်။ “အေးလေ..ဒါ ဆိုလည်းခေါ်သွားပေါ့..ကြာတော့မကြာစေနဲ့နော်” ဟုပြော၏။ နှုတ်ကသာ “သူတို့မေးတာ ကောင်းကောင်းမွန်မွန်ပြန်ဖြေနော်..သား” ဟု ဆိုသော်လည်း လက်ကမူ ကျနော့်လက်တဘက်ကိုဆွဲထား၏။ “ဟုတ်ကဲ့ပါ” ဟု အမေ့ကို ပြန်ဖြေရင်း ဆွဲထားလက်ကိုအသာ ပြန်သပ်ချလိုက်ချိန်တွင် အမေ့မျက်လုံးအိမ်မှ မျက်ရည်တပေါက် ပါးပြင်ပေါ်လိမ့်ဆင့်သွားသည်ကို မှတ်မှတ်ထင်ထင်မြင်ခဲ့၏။ အမှန်က ထိုမတိုင်မီကပင် ကျနော့်အတွက် အမေ့မျက်ရည် ဘယ်လောက်ကျနှင့်ပြီးခဲ့ပြီးသည်လဲဆိုတာကို သိဖို့ကောင်းခဲ့၏။ အမှန်က ထိုမတိုင်မီကပင် ကျနော့်ကို သူတို့ဖမ်းခဲ့ဖို့သင့်၏။

ထိုမတိုင်မီက ကျနော်ကမြို့နယ်စည်းရုံးရေးကော်မတီဝင်ဖြစ်သလို မြို့နယ်လူငယ်အလုပ်အဖွဲ့တွင်လည်း တာဝန်ခံ(၃)။ မြို့နယ်လူကြီးအလုပ်အဖွဲ့တွင် ကိုကြည်ဝင်း (ဦးသန့်ဈာပနအရေးအခင်း ကျောင်းသားဟောင်း၊ နောက်ပိုင်း NLD အမတ်၊ နောက်တော့ NC တက်၊ အဆုံးတော့ NLD ကထွက်သွားသူ)တယောက်သာ နိုင်ငံရေးအခံလည်းရှိသလို လုပ်တတ်ကိုင်တတ်ရှိသူ လည်းဖြစ်၏။ သူက အာဏာဖီဆန်ရေးလှုပ်ရှားမှုကို လက်မခံလိုသူ။ အကြောင်းပြချက်က အဖမ်းခံရမည်။ သူက ထောင်ကျဖူးသူမို့ (ထောင်ဆိုတာဘယ်လောက်ဆိုး) ဆိုသည့်စကားဖြင့် အဖမ်းမခံနိုင်ငံရေး။ သို့ဖြင့် အဖမ်းခံနိုင်ငံရေးကို မလုပ်လိုသူကအများစု။ ထိုအများစုက သူ့နောက်တွင်ရှိ၏။  မြို့နယ် ဥက္ကဋ္ဌဖြစ်သူက စစ်ဗိုလ်လူထွက်။ ခတ်ရိုးရိုး၊ ခတ်အေးအေးသမား။ စကားလည်းနည်းပြီး ဗိုလ်မှူးဟုခေါ်လျှင် ကျေနပ်နေတတ်သူ။ ရုံးခန်းဖွင့်ထားသည်ကလည်း စမ်းကြီးဝရှိ ကိုထင်ထွန်းမောင်နေအိမ်။ (နောက် ပိုင်း NLD အမတ်၊ နောက်တော့ NC တက်၊ အဆုံးတော့ NLD ကထွက်သွားသူ)။ သူလည်း စစ်ဗိုလ်လူထွက်။ နံမည်ကြီးမင်းသားတဦး၏ ယောက်ဖ၊ နောက်ပိုင်းနံမည်ကြီးလာမည့် မင်းသားလောင်းတဦး၏ဖခင်။ သဘောကောင်း၊ မွန်ရည်ပြီး နိုင်ငံရေးတွင် ကိုကြည်ဝင်းနှင့် အတူလိုက်ရပ်တတ်သူ။ ကိုကြည်ဝင်းက နိုင်ငံရေးအပါးဝသူဟုဆိုရမလား နပ်သူဟုပြောရမလားတော့ မဆိုတတ်။ စစ်ဗိုလ်ဟောင်း များနှင့် အလွမ်းသင့်သလိုကျန်သူတွေနှင့်လည်း တည့်အောင်ပေါင်းပြီး မြို့နယ်အင်န်အယ်လ်ဒီအား တစုံတရာစေစားနိုင်၏။ လူငယ်အလုပ်အဖွဲ့ ဖွဲ့တော့လည်း သူဝင်ပြီးအကြံဉာဏ်ပေးခြင်းဖြင့် သူ့စကားမြေဝယ်မကျမည့်သူကို တာဝန်ခံဖြစ်အောင်စွမ်းနိုင်ခဲ့ သည်ဟု ကျနော်ကမြင်၏။ လူငယ်အလုပ်အဖွဲ့သည် သူ့အာဘော်နှင့်တထပ်တည်းကျ၏။ ကျနော်အပါအဝင် လူငယ်တချို့ကမကြိုက်။ မကြိုက်ပေမယ့် ဘာမှလုပ်မရသေး။ သူ့အာဘော်ကို စစ်ဗိုလ်လူထွက်များကလည်း နှစ်သက်၏။  မြို့နယ်လူငယ်အလုပ်အဖွဲ့ အစည်း အဝေးများတွင် သူတက်လာလေ့ရှိပြီး အကြံပေးသည်ဟုဆိုကာ အာဘော်ဖန်တီးမှုလုပ်တတ်သည်ကို ကျနော်တို့ကမကြိုက်။ သို့နှင့် လူငယ်အလုပ်အဖွဲ့အစည်းအဝေးတွင် လူကြီးများတက်မလာရေး၊ လူငယ်များလွတ်လွတ်လပ်လပ် လုပ်နိုင်ရေးကိုတွေးရတော့သည်။ သည်တွင် ကျနော် မြို့နယ်လူကြီးအလုပ်အဖွဲ့မှထွက်ရန် စဉ်းစားရတော့၏။ ထွက်လည်း ထွက်လိုက်၏။ 

လူကြီးအလုပ်အဖွဲ့မှထွက်ပြီးနောက် လူငယ်ကိစ္စများကိုသာ ဇောင်းပေးလုပ်တော့၏။ ထောက်ကြန့်ရှိလူငယ်အင်အားလည်း များလာ၏။ အတွေးအခေါ်နှင့်လုပ်ဟန်ပိုင်းတွင်လည်း မြို့နယ်လူငယ်များထက် ပို၍တင်းတင်းရင်းရင်းလည်းရှိလာ၏။ လူကြီး/လူငယ် အလုပ်အဖွဲ့ (ထောက်ကြန့်)လည်း ဖွဲ့စည်းဖြစ်ထွန်းလာ၏။ ကျနော့်ကိုလည်း ထောက်ကြန့်လူငယ်အလုပ်အဖွဲ့တွင် လူငယ်တာဝန်ခံ အဖြစ်ရွေးချယ်လိုက်ကြ၏။ မြို့နယ်လူငယ်အလုပ်အဖွဲ့အပေါ် လွှမ်းမိုးနေသည့်အာဘော်များနှင့် အထိုက်အလျှောက် ကင်းကင်းရှင်း ရှင်းလည်းဖြစ်လာ၏။ ကိုယ်ပိုင်ရုံးခန်းလေးလည်းဖြစ်လာ၏။ လူငယ်တွေနိုင်ငံရေးစာပေလေ့လာရေးအတွက်လည်း ကျနော်တို့ စာဖတ်ဝိုင်းကစာအုပ်များ အသုံးတည့်လာ၏။ ရုံးခန်းတွင်စာအုပ်ဘီရိုလေး တလုံးလည်းဖြစ်လာ၏။ အလှည့်ကျရုံးထိုင်စနစ်နှင့် ရုံးခန်းလေးတွင် လူမပြတ်တတ်။ ဒါကို မြို့နယ်လူငယ်ရော လူကြီးကပါ သိတ်မကြိုက်။ မကြိုက်လည်းမတတ်နိုင်သဘောထားပြီး လုပ်စရာရှိသည်များသာလုပ်နေခဲ့၏။ ဤတွင် မြို့နယ်မှလူတချို့က ကျနော့်ကို ထောင်စော်နံပြီး ဗကပ လေသံထွက်သည်ဟု ဆိုကြတော့၏။

သည်တော့မှ အခုနပြောခဲ့သည့် အာဏာဖီဆန်ရေးကိစ္စကို ပြန်တွန်းတင်ရ၏။ ထောက်ကြန့်လူငယ်အလုပ်အဖွဲ့ မဖွဲ့နိုင်သေးခင်ကတည်းက မြို့နယ်လူငယ်အစည်းအဝေးများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို အကြိမ်ကြိမ်တင်ဖူး၏။ တင်တိုင်းအပယ်ခံရ၏။ သို့သော် ကျနော်မလျှော့။ အခွင့်သင့်တိုင်း ထပ်ထပ်တင်၏။ မကျ။ ပထမကျနော်တွေးမိသည်က ထောက်ကြန့်လူငယ်အားနှင့် မြို့နယ်လူငယ်အလုပ်အဖွဲ့တွင် အာဏာဖီဆန်ရေးလိုင်း ကျအောင်လုပ်ယူရေး။ မဖြစ်နိုင်ခဲ့။ မြို့နယ်လူငယ်အလုပ်အဖွဲ့ကို ကျနော်တို့မစီးနိုင်။ ခုတော့ ကိုယ့်အလုပ်အဖွဲ့လေးလည်းရှိလာပြီ။ ဗဟိုကချနေသည့်လိုင်းကို မြို့နယ်၏သြဇာကိုပယ်လှန်ပြီး ကျနော်တို့ကိုယ်တိုင်ဝင်ပါရေးပဲဖြစ်လာခဲ့ပြီ။ ထောက်ကြန့်လူကြီးအလုပ်အဖွဲ့ကလည်း မကန့်ကွက်။

သည်တော့မှ ကျနော် တိုင်းလူငယ်၊ ဗဟိုလူငယ်အလုပ်အဖွဲ့တွေနှင့်တွေ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုအတွက် မြို့နယ်ကိုထားခဲ့ပြီး ကျနော်တို့ဆီက စမည်ဖြစ်ကြောင်းဆွေးနွေးရ၏။ သဘောတူကြ၏။ မြို့နယ်က လူကြီး/လူငယ်တွေကတော့ မကြည်ကြ။ သူတို့ပြောသလို ထောင်စော်နံလာသည့် ကျနော့်အနားလည်း သိတ်မကပ်ကြ။ ဤအတောအတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်ထပ်တွေ့ဖြစ်၏။ မြို့နယ်အခြေအနေ၊ ထောက်ကြန့်အခြေအနေနှင့် ကျနော်တို့ပြင်ဆင်ထားမှု များကို ရှင်းလင်းတင်ပြပြီး အားပေးစကားနှင့် သဘောတူညီမှုကိုလည်းရခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်ဖတ်ရှူလေ့လာ ရန်ပေးထားသည့် ဒုဗိုလ်မှူးကြီးဟောင်းကြည်ဆွေပြုစုသည့် အာဏာရှင်ကြီး၏အတွင်းရေးများ စာအုပ်ကလေးကိုလည်း ပြန်ပေးဖြစ်ခဲ့၏။ ထိုတကြိမ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ကျနော် နောက်ဆုံးတွေ့ဆုံခဲ့သည့် အကြိမ်လည်းဖြစ်၏။ ၁၉၈၉ ခုနှစ် ဇွန်လ အလယ်ပိုင်းလောက်ဖြစ်မည်ထင်၏။ ရက်ကို သေသေချာချာမမှတ်မိတော့။
မျိုးမြင့်ချို
ဒီဇင်ဘာ ၁၄ ရက် ၂ဝ၁၁ ခုနှစ်
(ဆက်ရန်)



0 comments:

Post a Comment