Sunday, December 25, 2011

ကျွန်တော် လူကက်ဆက်(ပန်းချီထိန်လင်း)

0 comments

ကျွန်တော် လူကက်ဆက်
တလောက သန်းဂျီးမတွေအကြောင်း(http://myo-myo-myintcho.blogspot.com/2011/12/blog-post_20.html)ေ တချို့လည်း သဘောတွေ့ကြ၊ တချို့ကလည်းပူပန်ကြ။ အသံမျိုးစုံ ကြားခဲ့ ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်းပြီးပိုးတွေအကြောင်းရေးမယ်စိတ် ကူးမိပါတယ်။ ပိုး က ရိုးရိုးပိုးမျိုး မဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမတွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်း မသေ၊ လျှပ်စစ်နဲ့တို့လို့လည်း မသေ၊ အင်မတန် ချိုးရနှိမ်ရခက် တတ်ပါတယ်။
၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့် လည်စံမြန်းစဉ်ကာလ ခြောက်နှစ်ခွဲအတွင်း ထောင်အာဏာပိုင်နဲ့အရှင်းရဆုံးအမှုဟာ ထောင်တွင်းသီချင်း အော်ဆိုမှု အများဆုံးပါ။ တခါကဆို သီချင်းအသစ်တပုဒ်ကိုစိတ်နဲ့ရေးပြီးစ သီချင်းတပုဒ်ကို အသံစမ်းဆို ကြည့်တော့ ထောင်ဝန်ထမ်းတွေ နံပတ်တုတ်တွေနဲ့တိုက်ထဲကို အလန့်တကြားပြေးဝင်လာကြပါတယ်။ နောက်တော့ ကျွန်တော်သီချင်းဆိုတာဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။ သူတို့အဆိုအရ ကျွန်တ်ာသီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကိုဆိုးတယ်လို့ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာမဟုတ်ဘူးဗျ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက်ပြောလာရင်တော့ ကျွန်တော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြားလူရဘို့မမြင်တော့ပါဘူး။ အဲလောက်ရူးပါတယ်။
ရှူးတဲ့အထဲမှာတော့ ကာလတခုမှာ လူကက်ဆက် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကက်ဆက်ခေတ်ဖြစ်တာမို့ လူကက်ဆက် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကက်ဆက်က ဘယ်တုန်းကဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာနောက်ပိုင်းကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) တပ်ဖွဲ့၏အကျဉ်းသားဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။
အဲဒီလိုပြောရတဲ့ အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့ တခုအဖြစ် ဆက်လက်ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်းမတ်တတ် တချို့က ဒီတပ်ဖွဲ့ကရဲဘော်တွေကို ဒီပြသနာတွေနဲ့ဆက်စပ်ပတ်သက်နေသယောင် ထင်ယောင်ထင်မှားမဖြစ်ရဘို့ တိတိကျကျကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြသနာက တောင်ပိုင်းတပ်ဖွဲ့ဦးဆောင်သူတွေထဲမှာက ကိုမျိုးဝင်း နာမည်တူကရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ယာအောက်ရေ၀ပ်တဲ့ကိန်းဝင်နိုင်တာ မြင်ယောင်မိ လို့ပါ။
ကျွန်တော်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဘို့က်တွန့်တဲ့အထဲမှာ အဓိကအချက်တခုကတော့ နှစ်ပေါင်း၂၀ ကျော်လာတဲ့ ကျောင်းသားတော်လှန်ရေးသမိုင်းအလံတော်ကို မည်သို့ပင်ဖြစ်စေချစ်နေဦးမည် ဆိုတဲ့စာသားလို ဒုက္ခအပေါင်းခါးစည်းခံပြီး စွဲစွဲမြဲမြဲလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကို လည်းသိနေတဲ့အခါ အတော်လက်တွန့်မိတယ်ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။
ပြည်ပကိုထွက်ခွင့်စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲကိစ္စနဲ့လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို)သံခဲက သမီးလေးနဲ့အတူ  ဆိုင်ကယ်လေးနဲ့လေယဉ်ကွင်း လာကြိုသဗျ။ ကျွန်တော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်း စခန်းမှာ ကျွန်တော့်အနွံအတာအများကြီးသည်းခံနားလည်မှုပေးခဲ့တဲ့သူငယ်ချင်း ဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာကျွေးမယ်ဆိုပြီး လာခေါ်ပါ တယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဌတဦးက တည်ခင်းမယ့်ညစာဆိုတော့ တော်တော်လေးစိတ်ဝင်စား ပြီး သူ့ဆိုင်ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကိုဝင်ပြီး ပဲဟင်းနဲ့ကြက်သားဟင်း ၂ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှားထားတဲ့အခန်းလေးကို သွားကြပါတယ်။
သူတို့မိသားစုသုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကွန်တော်အတွက်အထူးစီမံထား တဲ့ ဟင်းတခွက်နဲ့စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ ကျွန်တော်တို့ အိန္ဒိယမှာနေခဲ့စဉ်က ရွှေလှံဗိုလ် လို့နံမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ထောင်းထားသဗျ။ ပြောစရာတခုရှိတာကတော့ မဒမ်သံခဲ (ကျွန်တော်တို့အခေါ် ဒေါ်လှိုင် ခေါ်  မခင်ဆွေလှိုင်) ဟာ ကျွန်တော်တို့ မြောက်ပိုင်းပြဿနာတွေဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ်တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့အနိဌာရုံအားလုံးကိုမြင်တွေ့ခဲ့ရတဲ့ မျက်မြင်တဦး လည်းဖြစ်ပါသဗျ။ ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ (ရွှေလှံဗိုလ် ငြုပ်သီးကြောင့်ပါ။ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင်စပ်ပါတယ်။)
ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ်စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB) က တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာဖစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စစကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါတယ်။ သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စ မှာတိုက်ရိုက်ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှားရှိနေပါရက်နဲ့ ဘာမသဘောထားမှမပေးဘဲ ရေငုံနေကြတာ ကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှမလိုဘူးထင်တယ်လို့ ပြောပါတယ်။ သူပြောတာ အမှန်ပါပဲ။ အမှန် ကတော့ ကျွန်တော်တို့မသေဘဲကျန်နေသူတွေ လုပ်ရမယ့်အလုပ်ပါ။ ကျွန်တော်တို့တွေရဲ့အားနည်းချက်။ ကျွန်တော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှုသက်သက်ဖြစ်ပါတယ်။
ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့အခြေအနေကို ထိမ်းထားနိုင်ဘို့ကို မနည်းရုန်းကန်နေ ရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ ဒါလည်းအမှန်ပါ။ လောလောဆယ် ကျွန်တော်တို့သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစုအိပ်ခန်းထဲမှာ စားနေရ တာပါ။ အိပ်ခန်းနဲ့မီးဖိုချောင်နဲ့ထမင်းစားခန်းကိုပေါင်းထားတဲ့ သရီး အင်န် ၀မ်း အခန်းလေးကိုကြည့်ပြီး လက်ရှိ အေဘီအတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ခေါင်းဆောင်တဦးတောင် ခုလို ကြပ်ကြပ်တည်း တည်း ချို့ချို့တဲ့တဲ့နေရရင် အထဲမှာရုန်းနေရတဲ့ ရဲဘော်တွေခမျာ ဘယ်လောက်ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီးစာနာမိပါတယ်။ ဒီလို အကြပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓါတ်ကိုလည်း လေးစားမိသွား ပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကက်ဆက်အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန် မရှိပါကြောင်း ကြိုတင်ပြောထားရပါတယ်။
ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင်ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ  အမြဲပါပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျွန်တော်ရဲ့ ငယ်ကျိုးငယ်နာအားလုံးကို ဒီငတိက သိထားတာ။ မတော် အိန္ဒိယစခန်းမှာနေခဲ့တုန်းက ကျွန်တော်ကြောင်ခဲ့ တဲ့ ကသည်းမတွေထဲက တယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့အွန်လိုင်းကနေ ကျွန်တော့်မိန်းမ မေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီးတလုံးထဲနဲ့တင် ကျွန်တော် စပွန်ဆာပျောက်သွားနိုင်တဲ့ အကွက်လေးတွေကရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရတာလေးတွေတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာအခြေအနေကြည့်ပြီး ပဏာမအမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲဖါးခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ်ဖြစ်လို့ ပြေးပေါက်တွေမှားခဲ့ရဘူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။
နောက်ပြဿနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြသနာပါ။ ခက်တာက ယောက်စလုံးက အေဘီ ဥက္ကဋ္ဌတွေချည်း ဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျွန်တော်တို့ရှေ့က ၁၉၇၄ မျိုးဆက်ကဖြစ်ပြီး ကျွန်တော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။
ဒီလောက် နိဒါန်းပျိုးပြီးပြီဆိုရင်ဖြင့် ကျွန်တော့်လူကက်ဆက်ဖက်ကို  လှည့်လို့ရပြီထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာစာရေးရတာလည်း မလွယ်ဘူးဗျ။ ပြောသလိုအင်မတန် ၀ဋ်ကြွေးမကင်းတဲ့လူတွေ လုပ်တဲ့အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့မပြီးသေးခင် ကွန်မင့်က အောက်ကအရင်တက်လာတဲ့ ခေတ်ကြီး ကိုး။
ကျွန်တော်တို့ ပါဂျောင်မှာဖြစ်ပွါးခဲ့တဲ့ သန်းဂျီးမအတွေ့အကြုံကို ဖတ်ပြီးကြတဲ့နောက်မှာ အမျိုးမျိုးတုန့်ပြန်လာ တာတွေ့ရပါတယ်။ ကျွန်တော်ကိုလည်း ဒီပြဿနာကို ဘယ်သူတွေကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေပဲ ကျန်နေတယ်စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျွန်တော်နဲ့ အတူထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှားရှိနေကြသလို တိကျတဲ့စာရင်း ဇယားနဲ့ထုတ်ဘို့လည်း လုပ်နေတယ်ဆိုတာ ကြားရပါတယ်။
နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ပြောကြားချက်တွေကတဆင့် အချက်အလက်တွေကို ဖေ့စ်ဘွတ် စာမျက်နှာပေါ် တက်လာတာလည်းတွေ့နေရတာမို့ အချက်အလက်တွေသိချင်ရင်တော့ အဲဒီ စာမျက်နှာတွေ ကိုပဲ ညွန်းဆိုရပါတယ်။ ကျွန်တော်အဓိကရေးချင်တာက အဲဒီ ကာလဆိုးကြီးမှာ ကျွန်တော်တို့ ဘယ်လိုခံစား ရသလဲ၊ ဘယ်လို အသက်ရှင်အောင်မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။
ဒီလိုဗျ ဒီပြသနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ဥက္ကဌက ကိုထွန်းအောင်ကျော်ပါ။ ဥက္ကဌ အပါအ၀င် ဗဟိုကော်မတီဝင်အားလုံးလိုလိုကို ထောက်လှမ်းရေးတွေဆိုပြီးဖမ်းဆီးခဲ့တဲ့အဖွဲ့မှာ ဥက္ကဌလုပ်ခဲ့သူက ကိုအောင်နိုင်။ အတွင်းရေးမှူးက ကိုမျိုးဝင်း ပါ။ စစ်ရေးတာဝန်ခံက ကိုသံချောင်း ပါ။ ကျွန်တော်တို့ကို ဖမ်းဆီးနှိပ်စက်စစ်ဆေးတဲ့ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့ကဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။
အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့်ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း အချိန် မရွေး ထောင်ကနေခေါ်ထုတ်ပြီး အချက်အလက်လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီးကြိုက်တဲ့ နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှဉ်းပန်းနည်းမျိုးစုံကိုလည်း တီထွင်ခွင့်ရှိပါတယ်။ ဒီလိုပြောရတာကတော့ တကြိမ်မှာ ကျွန်တော်ကိုခေါ် ပြီး ပါးစပ်ထဲကိုဝါယာကြိုး ပင် ပူးထည့်ပါတယ်။ ပြီးပါးစပ်ကို တိတ်နဲ့ပိတ်လိုက် ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျပ်စစ်ဓါတ်ထွက်လာတဲ့အထိ လှည့်ပြီး ညှဉ်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီကထွက်လာတဲ့လျှပ်စစ်ဓါတ်ကြောင့် ကျွန်တော့်ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ်အော်နေတဲ့ အာရုံမှာမြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ချာတိတ်တွေက ကျွန်တော့်ကိုကြည့်ပြီး တခွီးခွီးသဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျွန်တော့မျက်နှာဟာ လျပ်စစ်စီးဆင်းမှုကြောင့် တွန့်လိမ်ရှူံ့တွနေတဲ့ကြားက ကြွက်သားတွေ တဆတ် ဆတ်ဖြစ်သွားပုံဟာ တော်တ်ာရီစရာကောင်းနေပုံရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါလုပ်ပြီး တခွိခွိ ဖြစ် နေပါတယ်။
နောက်တော့ သူတို့ရဲ့ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေးရွဲ့တယ်။ များများလှည့်ရင် များများရွဲ့တယ်။ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီချိန်က ကျွန် တော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ကောင်လေးဆိုတာကလည်း ၁၈ နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျွန်တော့်ကို ထင်တိုင်းလှိမ့်ရိုက်နေရာက သူတစ်ချက်ရိုက်ရင် ကျွန်တော်က ဒူဝေေ၀ လို့အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျွန်တော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမကနာတော့လည်း ဒူဝေေ၀တင်မက ဒူဝေးဝေးဝေးဝေး ထိ ကွန့်ရတဲ့ထိပေါ့ဗျာ။
အဲလို ထောက်လှမ်းရေးနှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ ကျွန်တော်တို့တွေဟာ အကျဉ်း ထောင်တာဝန်ကျတဲ့အဖွဲ့ရဲ့လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်းတာဝန်ခံဆိုတဲ့အဖွဲ့ကလည်း သူတို့ ခေါင်းဆောင်ပိုင်းနဲ့ထောက်လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။
အဲဒီလုံခြုံရေးလက်မှာ ကျွန်တော်တို့အသက်ကို ၀ကွက် အပ်ထားရတာမို့ သူတို့ပြုသလိုနုရပါတယ်။ သူတို့ ကလည်း သူတို့ခန့်ထားတဲ့တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျွန်တော်တို့ကို မျက်နှာတွေစည်းထားပြီး အိပ်ယာထဲလှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေးအစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်းဆိုတတ်သလဲကွတဲ့။ အားလုံး တိတ်ပြီးနေပါတယ်။ ဘာများ လုပ်ဦးမလို့လဲပေါ့လေ။ လုပ်ပါကွတို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး။ အပျင်းပြေသီချင်းဆိုတဲ့ အစီအစဉ်လေးလုပ်ရအောင်ဆိုတော့ တယောက်က ကိုဘောကြီးဆိုတတ်တယ်ဆိုပြီး ကျွန်တော်ဆီကို ကျွန်တော်တို့ထဲကတယောက်က ချွန်တွန်းလုပ်လွတ်လိုက် ပါတယ်။
ကျွန်တော် အဖမ်းမခံရခင်မှာ အူကျသလိုဖြစ်လို့ ခွဲစိတ်မှုတခုလုပ်ခဲ့တာကိုစွဲပြီး ကျွန်တော့်ကိုဖမ်းတဲ့အခါမှာ မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချူပ်ငယ်နာမည် မှည့်ရကောင်းလားဆိုပြီး နောက်နာမည်တခု ရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ခေါ် ရအောင်ဆိုပြီး နံနှိမ်လိုက်ပြီးတဲ့နောက် ကျွန်တော်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။
နောက်ဆုံးတော့ ကျွန်တော်က တတ်သည့်ပညာမနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ လူပျိုကြီးသီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့လူ တယောက်ဖစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကိုဆိုပြရတဲ့ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့လူက ကျွန်တော့်မျက်နှာနားလာရပ်ပြီး ပါးစပ်ဟလို့ဆိုပါတယ်။ ကျွန်တော် ပါးစပ်ဟလိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကိုလာတပ်ပေးပြီး သောက်လို့ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျွန်တော်ဟာ နေရင်းထိုင်ရင်း လူ ၇၀ ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံးစသောက်ခွင့်ရတဲ့ ကံထူးသူဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာကလည်း သူ့စေတနာရှိ သလောက် သုံးလေးဖွာပေါ့ဗျာ။ လက်ပြန်ကြိုးချည်ထားတဲ့အပြင် မျက်လုံးကလည်း စည်းထားသေးတာကိုး။
ဒီလိုနဲ့ ကျွန်တော်တယောက် ဆေးလိပ်ကလေးသောက်ခွင့်ရပြီး ထောင်စောင့်ကောင်တွေရဲ့မျက်နှာသာရ တာလေးကြားတဲ့အခါ နောက် ဘယ်သူ သီချင်းဆိုချင်သေးလဲဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှာ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့သူကပဲ ထိုင်ပြီး မျက်နှာစည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျွန်တော်တို့ဘ၀မှာတော့ လက်ရှိခံနေရတဲ့ဒဏ်ရာတွေဒုက္ခတွေထဲကနေ အပြန်အလှန်ဆိုပြကြတဲ့သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေး တည အစဖြစ်ခဲ့ပါတယ်။
ရာသီဥတုတွေပြောင်းလဲသလိုပဲ ကျွန်တော်တို့ လုံခြုံရေးတဖွဲ့ရဲ့သဘောထားကလည်း အမျိုးမျိုးပြောင်းနေတာ မို့ တညမှာတော့ လုံခြုံရေးတာဝန်ခံတဲ့အဖွဲ့ရော ထောက်လှမ်းရေးတာဝန်ခံတဲ့အဖွဲ့တွေရော  တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့လူတွေပါ ထောင်ကုန်းအောက်တနေရာရာမှာသောက်ကြပြီး တော်တော်ရေချိန်မှန်လာတော့ မှ တက်လာကြတာပါတယ်။ ဒီလိုညမျိုးတွေဟာ ကျွန်တော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီစကားကို ငှားပြောရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရမယ့်ညပါ။ ထုံးစံအတိုင်း တရားခံတွေထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေစည်းထားတဲ့ ကျွန်တော်တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းတွေလျောက်နေကြသံ၊ ဆဲဆိုကြိမ်းမောင်းသံတွေပဲကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တယောက်က ဟာဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျဆိုပြီး စလာပါတော့တယ်။
အဲဒီ အချိန်မှာ ထောင်မှူးလုပ်တဲ့ကောင်က အားလုံးနားထောင် ခုချိန်ကစပြီး မင်းတို့က လူကက်ဆက်တွေလုပ် ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကိုရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကိုဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ။ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ် လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကိုစဖွင့်ရင်ကောင်းမလဲ ဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်း အတွင်းမှာပဲ ဖြန်းကနဲ ကျွန်တော့်ဘယ်ဘက်ပါး ပူကနဲဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီးသီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ်ကျရောက် သွားပါတော့တယ်။
ပြောရရင်တော့ အဲဒီညက ကျွန်တော်ကနေအစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသားရဲဘော် တော်တော်များ များဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုး မျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကိုပြင်းပြင်းရိုက်ပြီးပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ဆောင့် ကန်လိုက်တာခံရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။
တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့ကောင် က ဘယ်လောက်ထိရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြနေတုန်းက တော်တော်ဆန်းပြားတဲ့စိတ် ကူးလေးပဲ၊ တော်တော်စိက်ကူးကောင်းတဲ့လူလို့ စိတ်ထဲကတွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရား တမိတာဗျ။ အဲဒီနောက်ပိုင်းကစလို့ ကျွန်တော်တို့အားလုံးဟာ ဒီလူကက်ဆက်တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗီအိုင်ပီတွေကိုဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခု ဖြစ်လာ ပါတော့တယ်။
ကျွန်တော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူးဖြစ်နေကြောင့်လည်းဖြစ်လို့ ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာပါဝင်ရတဲ့ လုံလောက်တဲ့နောက်အကြောင်းတခုရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့လူက ကျွန်တော်တို့ ကိုနှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ဖြစ်ပေမယ့် နားထောင်နေတဲ့လူအများစု ကတော့ ထောက်လှမ်းရေးရဲ့နှိပ်စက်မှုဒဏ်နဲ့ သေလုမြောပါးဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီးသတ်မလဲ ဆိုတာ တထိတ်ထိတ်ဖြစ်နေရတဲ့ ဘ၀တူတော်လှန်ရေးရဲဘော်တွေဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် ပျောက်သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့်ရတဲ့ အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့်သက်သာရာရလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီးဝင်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံးအစီအစဉ်လေးတွေပါဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။
ဒီလောက်ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ်များသလို စိန်ခေါ်ချက် လည်းများပါတယ်။ နားထောင်နေတဲ့လူတွေက ကိုယ့်ကိုမှမမြင်နိုင်တာကိုး ထိုင်နေရင်းကနေလုပ်ရတာဖြစ် သလို ကိုယ့်မျက်နှာကိုလည်း ပိတ်စကြီးနဲ့စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံတို့ပြက်လုံးကို အစအဆုံးရနေတာမို့ အဲဒီ ပြက်လုံးကို အခြေအနေ ကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါပြက်၊ နည်းနည်းလစ်ရင်လစ်သလို ကိုယ် ထည့်ပြောချင်တာလေးတွေကို လည်းထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တယောက်ဖြစ်ခဲ့ပါတယ်။
သီချင်းဆိုဘို့တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေမြေပေါ် မသက်မသာလှဲအိပ်နေရ ချိန်မှာ သူက ထိုင်နေခွင့်ရတာ၊ နားထောင်နေတဲ့အစောင့်ကစေတနာရှိရင် ဆေးလိပ်လေးတဖွာနှစ် ဖွာသောက်ခွင့်ရတာတို့ဖြစ်ပြီး အင်မတန်အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့လူတွေရဲ့ အဓိက ပစ် မှတ်ဖြစ်သွားတတ်ထာ ကိုယ်ရွေးလိုက်တဲ့သီချင်းမှားလို့ နားထောင်နေတဲ့ကောင်က နားကြားမြင်းကပ် ပြီးဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင်ရဲ့ညီလေးရေဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ အောင်မာ ထောက်လှမ်းရေးက ရာရာစစ မှန်ရာလုပ်ဟုတ်တာပြောဘို့မမေ့နဲ့ လုပ်နေသေးတယ် ငါတို့ကို ရိနေတာပေါ့ ဟုတ်လား ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင်မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက် သွားနိုင်လို့ပါ။
မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံ က ခေတ်ဟောင်းတေးတွေတော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူ မကြခဏဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ်နဲ့နားပန်းဆံ သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ ဖြန်းကနဲပြီးတာနဲ့ လုပ်ပါဦးကွ အိပွဲ့အိပွဲ့ပြောလိုက် ရင် သူက စဆိုပါတော့တယ်။ အိပွဲ့အိပွဲ့ငှက် သမ္မာန်ခတ်သွားတယ်.....
ကိုစံလွင်လေးကို စစ်ဆေးတဲ့အချိန်မှာ ဓါးမြောင်ကိုမီးဖုတ်ပြီး ခြေသလုံးထဲထိုးထည့်တဲ့ဒဏ်ရာကို တော်တော် ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်း စခန်းကထွက်ပြေးကြတဲ့ထဲမှာ ကျွန်တော်တို့နဲ့အတူပါလာပြီး။ ၁၉၉၈ ကျွန်တော်တို့ နိုင်ငံရေးပြန်လည်လှုပ်ရှားတဲ့စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျွန်တော်တို့ နဲ့အတူ ပျော်ပျာ်ကြီးပါလာပါတယ်။ နဲ့ (၇) နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျွန်တော်တို့နဲ့ဆက်ပြီး အိပွဲ့ အိပွဲ့သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်ကပြန်လွတ်လာပြီး အထဲမှာစဖြစ်ခဲ့တဲ့ ခုခံအားနည်းရော ဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။
နောက် အဆိုကောင်းတယောက်ကတော့ စမ်းချောင်း အခြေခံပညာသမဂ္ဂ ကျောင်းသားလေးဘ၀က တောခို လာတဲ့ ဘိုဘို(ခေါ်) မိုးကျော်သူ ပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာချစ်ကြတဲ့ ဘိုဘို တယောက်ဟာ လည်း အသက်မသေရေးအတွက် ကျွန်တော် NIP (NIB လို့ ဖြစ်မယ်ထင်ပါတယ်) က ပါလို့ ထွက်ဆိုချက် ပေးပြီး အကျဉ်းသားဖြစ်လာရရှာပါတယ်။ ဘိုဘိုက ကျောင်းသားတပ်ဖွဲ့ကတီးဝိုင်းမှာ ပင်တိုင် အဆိုတော်ဖြစ် ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေအမြဲဆိုရတာမို့ ကျောင်းသားတပ်ထဲမက၊ ကေအိုင်အေဖက် ကမိသားစုတွေကအစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်းသဘာဝရဲ့ ရင်သွေးငယသီချင်းကို ဆိုတတ်ပါတယ်။
ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့ သဘာဝရဲ့ရင်သွေးငယ်အပြီးမှာ ကျောင်းသားတော် လှန်ရေးတပ်ဖွဲ့သီချင်းတပုဒ်ကိုဆိုဘို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချဖြစ်နေကတည်း ဘိုဘို့ဘေးမှာကပ်ပြီးလှဲအိပ်နေတဲ့ ကျွန်တော့်စိတ်ထဲ မှာ ပြဿနာတော့ စပြီဆိုတာသိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ပဲပျံသာပျံပါ ခွပ်ဒေါင်းနီ" ဆိုတဲ့ သီချင်းကို လွမ်းလွမ်းဆွတ်ဆွတ်နဲ့ စဆိုပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာထွက်လာတဲ့ ဘိုဘိုရဲ့သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကိုစည်းပြီးလှဲအိပ်နေကြရတဲ့ ကျွန်တော်တို့ အားလုံးဟာ စူးနစ်တဲ့ဝေဒနာနဲ့အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။
  …… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ.... တဲ့။

ကျွန်တော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာမနစ်မျောလိုက်ပါဘူးဖုန်း .. ခွပ် .. အင့်ဆိုတဲ့ အသံနဲ့ အတူ ဘိုဘိုရဲ့တကိုယ်လုံး ကျွန်တော့်အပေါ် ပုံကျလာပါတယ်။ အကြောင်းကတော့ သူသီချင်းဆိုတဲ့အချိန်မှာ အင်မတန် လက်ယဉ်သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်းလုံခြုံရေးတာဝန်ကျတယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ဘိုဘို့မျက်နှာကို စစ်ဘိနပ်နဲ့ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထ ခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေးသီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့အခေါက်မှာတော့ ဘိုဘို့ခေါင်းကသွေးတွေ ကျွန်တော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက်ကျလာပါတယ်။ အဲဒီမှာ မရပ်သေးပဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။
ခံရတဲ့သူမှာတော့ မသိပါဘူး ကျွန်တော့် စောင်နဲ့အင်္ကျီတွေကတော့ သွေးနဲ့ရွဲနစ်နေပေမယ့် ကျွန်တော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံမှထွက်မလာပါဘူး။ အမှန်တရားကိုချစ်လွန်းလို့ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာအတိုင်းသားကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ်ကန့်ကွက်ဘို့နေနေ သာသာ နားရွက်တောင်မခတ်ရဲပဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ်မိမိ စက်ဆုပ်အော့နှလုံးနာရပါတယ်။
တကြိမ်မှာတော့ မူးနေတဲ့လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကိုသေနတ်ပြောင်းနဲ့ ဆောင့်ထိုးချ လိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကိုချော်ပြီး အိပ်နေတဲ့ကျွန်တော့်နံကြားထဲကို အရှိန်နဲ့တိုးဝင်ဆာင့်ပါတော့တယ်။ နံရိုးတော့ကျိုးပြီလို့ စိတ်ထဲမှာခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့တချိန်လုံး ဘယ်သူတဦးတယောက်ကမှ တားမြစ်ခြင်းမရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ရောက်လာပြီး ခေါင်းကကွဲနေတာတွေကို အစိမ်းချုပ်ချုပ်နေကြတာ အားလုံးနားမှာကြားနေခဲ့ရပါတယ်။
ဒီဘိုဘို (ခေါ်) မိုးကျော်သူ ဟာ  ၁၉၉၈ ခုနှစ် ကျွန်တော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့အထဲမှာ အမှုတွဲဖြစ်ပြီး ကျွန်တော်တို့က ၅ည နဲ့ (၇) နှစ် သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ် ချလိုက်ပါတယ်။ မန်းထောင်ရဲ့ညချမ်းဂီတဆည်းဆာတွေဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ ပျံသာပျံပါ ခွပ်ဒေါင်းနီသီချင်းကို ဆိုလေ့ရှိပါတယ်။
၂၀၀၀ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျွန်တော်တို့ကိုရိုက်နှက်ပြီး မြောင်းမြထောင်ကိုပို့လိုက် ချိန်မှာ ဘိုဘိုတယောက်က မန်းထောင်မှာဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံလိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘိုတယောက် ပြန်လွတ်လာပါ တယ်။ အွန်လိုင်းပေါ်မှာ တနေ့ကတွ့တော့  ခုထောင်ကလွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ ၈၈က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလအတွင်း ထင်ရှားခဲ့တဲ့တိုက်ပွဲဝင်တော်လှန်ရေးသီချင်းတွေကို ခု လူငယ်တွေ ကြားဖူးရအောင်ပြန်ဆိုမယ့် စီးရီးတခုကိုလုပ်နေတယ်။ အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့မေးတော့ …..
အဟီး ကျွန်တော်ပဲပေါ့” ….. တဲ့။
လူငယ်ပြောလေ့ရှိတဲ့စကားနဲ့ပြောရင်တော့  “အင်း...မနိုင်ပါလားလို့ တွေးမိပါတယ်။
လူကက်ဆက် ဒုတိယပိုင်းဆက်လက်မျှော်ပါ …..
ရေးတာလည်း ပန်းချီထိန်လင်း
ပန်းချီကလည်း ပန်းချီထိန်လင်း
ယူတာကဒီနေရာကပါ http://www.kaungkin.com/index.php?option=com_content&view=article&id=676:2011-12-25-22-46-42&catid=37:2009-04-17-01-30-25&Itemid=64

0 comments:

Post a Comment