Tuesday, December 6, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၇)

0 comments

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၇)
မင်းမြတ်အလောင်းစည်သူ
အလောင်းစည်သူက ကျန်စစ်သားရဲ့အလွန်ချစ်တော်မူတဲ့ မြေးတော်ဖြစ် ပါတယ်။ ကျန်စစ်သားမင်းကြီး နတ်ရွာစံတော့ ထီးနန်းအရိုက်အရာကို ဆက်ခံရတဲ့ ပုဂံမင်း (၅၅) ဆက်ထဲမှာ အနော်ရထာနဲ့ကျန်စစ်သားပြီးရင် အထင်ရှားဆုံးဖြစ်တဲ့ မင်းကောင်းမင်းမြတ်တစ်ပါးပဲဖြစ်ပါတယ်။ မွေးနေ့ ကြာသာပတေးသားဖြစ်ပြီး ကျောက်စာမှာတော့ အလောင်းစည်သူရဲ့ဘွဲ့ မည်ကို ဂြိတြိဘုဝနာဒိတျပဝရဓမ္မရာဇာ (ဘုန်းကျက်သရေကြီးသော လူသုံးပါး၏နေဖြစ်သော တရားမင်း) လို့ လေ့လာတွေ့ရှိရတယ်။ ကျောက် စာတွေမှာပဲ ဒီမင်းရဲ့အမည်ကို သက်တော်ရှည်လို့လည်းတွေ့ရပြီး ရွှေဂူဒါယကာလို့လည်း ခေါ်ကြတယ်။

ဘိုးတော်ဖြစ်တဲ့ ကျန်စစ်သားမင်းကြီးက မွန်နဲ့မြန်မာအရှည်ချစ်ကြည်ရေးကို ဥာဏ်သမ္ပတ္တိနဲ့ ကျိုးကြောင်းမျှော်မြင်ရည်ရွယ်ပြီး သူ့ရဲ့ အချစ်ဆုံးသမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ အနော်ရထာလက်ထက် ပုဂံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သထုံပြည် မွန်ဘုရင်မနူဟာမင်းကြီးရဲ့မြေးတော် နဂသမန်းတို့ကို လက်ဆက်စုံဖက်ပေးရာမှရတဲ့ မြေးတော်အလောင်းစည်သူကို အလွန်ချစ်တော်မူတဲ့အတွက် မြေးတော်ငယ် ကို ရင်ခွင်မှာပိုက်ပြီးငါကား၊ ငါ့မြေးနန်းကို စောက်ရှောက်နှင့်ပါသည်သာ၊ အလောင်းဖို့သာလို့ မိန့်တော်မူ ကာသီရိဇေယျသူရဆိုတဲ့ ဘွဲ့မည်နဲ့ ဘိသိက်သွန်းပြီး မင်းမြှောက်တာကိုခံခဲ့ရတဲ့ ထူးခြားတဲ့မင်းလည်း ဖြစ်တယ်။

(၁၁၁၃) မှာ အလောင်းစည်သူမင်းဖြစ်လာတော့ မိဖုရား လေးပါးရှိတယ်။ ဒီမိဖုရားတွေကတော့..
 . ရတနာပုံ
 . တိလောကစန္ဒာဒေဝီ
 . ရာဇကုမ္မာရီ
 . တောင်ပြင်သည်လို့ အမည်ရှိတဲ့ မိဖုရားလေးပါးဖြစ်တယ်။

ရတနာပုံမိဖုရားက သားတော်မင်းကြီးရှင်စောကို မွေးတယ်။ ဦးဆောက်ပန်းလို့လည်းခေါ်တဲ့ လောကစန္ဒာဒေ ဝီကတော့ တောက်လှေကားကို မွေးတယ်။ ရာဖကုမ္မာရီကတော့ သားသမီးမရခဲ့ဘူး။ တောင်ပြင်သည် မိဖုရားကတော့ တောင်ဖျားနဲ့ရွှေချုလို့အမည်ရှိတဲ့ သမီးတော်နှစ်ပါးကို ဖွားမြင်တယ်။

ဒီနေရာမှာရေးရရင် နန်းရတဲ့မိဖုရားကမွေးတာတွေထဲမှာ ပုဂံရာဇဝင်မှာ မင်းဆိုးမင်းညံ့လည်းဖြစ်၊ ကိုယ့်ဖခင် အရင်းကိုသတ်တဲ့သားဆိုးလည်းဖြစ်တဲ့၊ မကောင်းတဲ့ဘက်ကထင်ရှားတဲ့ အလောင်းစည်သူရဲ့သားတော်တစ် ပါးဖြစ်တဲ့နရသူကို မတွေ့ရဘူး။

နရသူပျောက်နေလို့ သေချာလေ့လာလိုက်တော့မှ နရသူဟာ အလောင်းစည်သူရဲ့နန်းရမိဖုရားတွေထဲက မွေးတာမဟုတ်ပဲ ကိုယ်လုပ်တော်ကနေ မွေးတဲ့သားဖြစ်တယ်ဆိုတာတွေ့ရတယ်။ ကိုယ်လုပ်တော်ဆိုတာ ကတော့ မိဖုရားငယ်လည်း မဟုတ်၊ မောင်းမငယ်ထက်လည်းမကတဲ့ ဘုရင်အလိုရှိရင် ဘုရင့်ဆန္ဒကိုဖြည့်စွမ်း ရတဲ့၊ လုပ်ကျွေးရတဲ့အတန်းအစားပဲဖြစ်တယ်။

အဲဒီ ကိုယ်လုပ်တော်ရဲ့နာမည်ကိုတော့ ရာဇဝင်တွေမှာမတွေ့ရဘူး။ ကျန်စစ်သားမင်းကြီးရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဓမ္မကျင်ရဲ့သမီးဖြစ်တယ်ဆိုတာပဲ သိရတယ်။ အလောင်းစည်သူမင်းရဲ့မိဖုရားတွေထဲမှာ ထင်ရှားတဲ့မိဖုရားကတော့ ရတနာပုံပဲဖြစ်တယ်။ တိုင်းချွတ်ဘုရားကျောက်စာအရ ရတနာပုံမိဖုရားဟာ ပုဂံမှာ ဂူဘုရားပြုလို့လှူဒါန်းခဲ့တယ်ဆိုတာလည်း လေ့လာသိရှိရတယ်။

အလောင်းစည်သူမင်းဟာ အမတ်၊ စစ်သည်၊ ဆင်မြင်းအလုံးအရင်းနဲ့ အရပ်ရပ်ကို တိုင်းခန်းလှည်လည်တော် မူတဲ့ မင်းတစ်ပါးလည်းဖြစ်တယ်။ ရေလမ်းကလည်း မိဖုရား၊ မောင်းမမိဿံ၊ အခြွေအရံတွေနဲ့အတူ သွား လာတော်မူတဲ့ မင်းလည်းဖြစ်တယ်။ ဖောင်တော်နဲ့သာမဟုတ်ပဲ သင်္ဘောနဲ့လည်းသွားလာတဲ့အတွက် သိန်းခို ကျွန်းကိုရောက်ခဲ့ပြီး သိန်းခိုမင်းက သမီးတော် စောဦးထွေးကို ဆက်သတယ်ဆိုတာလည်း တွေ့ရတယ်။

အလောင်းစည်သူဟာ ဆည်မြောင်းကန်ချောင်းတွေကိုပြုပြင်ပြီး မန္တလေးအနီးက နန္ဒာကန်နဲ့မောင်းမကန်ကို လည်း ဆည်တော်မူတယ်။ နိုင်ငံတော်မှာ အသုံးအဆောင် အချိန်အတွယ်တွေကို တစ်ညီတည်းဖြစ်စေ လိုတဲ့အတွက် ကျပ်၊ မူး၊ ပဲနဲ့ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်စလယ် စတာတွေကို တိကျအောင်စီရင်တော် မူတယ်။

လယ်ယာတွေကိုလည်း တိုးချဲ့တည်ထွင်စေပြီး တောင်ယာဝေငှကာ လယ်ယာစိုက်ပျိုးရေးကိုလည်း အားပေး ပြီး မြို့ရွာအသစ်တွေကိုလည်းထူထောင်ကာ နိုင်ငံတော်တိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ တယ်။

သူ့ရဲ့တရားစီရင်ထုံးတွေကိုလည်း စုစောင်းပြီးအလောင်းစည်သူမင်းမြတ်ထုံးဆိုပြီး ရေးသားထားတာကို လည်း တွေ့ရတယ်။ အလောင်းစည်သူမင်းဟာ ပြည်ပကတိုင်းပြည်တွေကို ရေလမ်းခရီးနဲ့သွားရောက်ခဲ့ရာမှာ အိန္ဒိယပြည်၊ သီဟိုဠ်ကျွန်းနဲ့ မလေးကျွန်းဆွယ်တွေအထိရောက်ရှိခဲ့ပြီး ရောက်လေရာအရပ်မှာ လက်ဆောင် ပဏ္ဍာတွေ ဆက်သတာခံရတဲ့ မင်းလည်းဖြစ်တယ်။ တရုတ်ပြည်ကိုလည်း ကုန်းလမ်းခရီးက သွားရောက်ခဲ့ တယ်လို့သိရှိရတယ်။

နိုင်ငံအေးချမ်းသာယာရေးအတွက်လည်း ပြည်၊ ပုသိမ်နဲ့ တနင်္သာရီနယ်တွေမှာရှိတဲ့ သူပုန်တွေကိုနှိမ်နင်းခဲ့ တယ်။ သူ့လက်ထက်မှာ စစ်မက်တွေကင်းရှင်းတဲ့အတွက် ပြည်သူတွေဟာ ကိုယ်စိတ်နှစ်ပါးချမ်းသာကြပြီး စီးပွားရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စတွေကိုလည်း တိုးတက်အောင်လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။

ပုဂံမင်းတွေထဲမှာ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တဲ့ အလောင်းစည်သူမင်းဟာ ကုသိုလ်ကောင်းမှုများစွာကို လည်းပြုလုပ်ခဲ့ပြီး သူရဲ့ထင်ရှားတဲ့ကောင်းမှုတော်တွေကတော့ သဗ္ဗညုဘုရား၊ ရွှေဂူကြီးဘုရား၊ ဓမ္မရံကြီး ဘုရား၊ စစ်ကိုင်းက ရှင်ဖြူရှင်လှဘုရားနဲ့ အညာသပိတ်ကျဉ်းက ကျော်လေးဆူအဝင် အညာသီဟတော ဘုရား၊ ပုခုက္ကူနယ် ကွန်းရွာက ရွှေတန်တစ်ဘုရား၊ ရေစကြိုနယ် ဆင်ကြိုရွာက ဆင်ကြိုဘုရား၊ ပုခုက္ကူနယ် ပုခန်းကြီးအနီးက ဆင်မတောင်ဘုရား၊ မြတ်ပေါင်းမဉ္ဇူဘုရား၊ စည်သူရှင်ဘုရား၊ ပခုက္ကူက သီဟိုဠ်ရှင်ဘုရား၊ ပခုက္ကူအနောက် ဘီးလင်းတောင်အနီးက ရွှေကွန်အုပ်ဘုရား၊ ပခုက္ကူနယ် ပျင်ချောင်းတစ်ဖက် ယောမြစ်တောင်ဘက်ကမ်းက ရွှေမုဋ္ဌောနဲ့ ရွှေပေါင်လောင်ဘုရား၊ မန္တလေးခရိုင်သင်ပန်ကုန်းကျော်စဉ်က ဘုရားတွေပဲဖြစ်တယ်။

ရွှေဂူဘုရားက ရွှေဂူစေတီကျောက်စာမှာတော့ ပါဠိနဲ့ မြန်မာစာရောတဲ့ အရေးအသားတွေတွေ့ရပြီး ကဗျာရေးဟန်ဆန်တဲ့ ပါဠိဂါထာအရေးအသားမျိုးဖြစ်တာကို လေ့လာတွေ့ရှိရတယ်။

ဒီမင်းလက်ထက်မှာ မြန်မာတွေဟာ ဘာသာရေးကို ပိုလို့အလေးထားလေးစားယုံကြည်သလို မြန်မာစာပေကို လည်း ရေးသားလာကြသလို၊ ပါဠိစာပေမှာလည်း ကျွမ်းကျွမ်းကျင်ကျင်ကို တတ်မြောက်ခဲ့ကြတယ်။ စာပေ အရေးအသားနဲ့ပတ်သက်လို့ပြောရရင် အလောင်းစည်သူမင်းလက်ထက်မှာ ပါဠိစာပေကပဲ အဓိကဖြစ်နေသေးတယ်။ ဒီမင်းလက်ထက်မှာ ပုဂံပိသုကာလက်ရာတွေကလည်း ကျန်စစ်သားမင်းလက် ထက်ကလို မွန်ပိသုကာလက်ရာမျိုးတွေ မဟုတ်တော့ဘဲ မြန်မာပိသုကာလက်ရာတွေကို တွေ့လာရတယ်။

အလောင်စည်သူမင်းဟာ နိုင်ငံပြင်ပ အရပ်ရပ်ဒေသတွေကိုရောက်ရှိပြီး အသစ်အဆန်းတွေကိုတွေ့ရတဲ့ အတွက် မိမိနိုင်ငံကိုပြန်ရောက်တဲ့အခါမှာလည်း တီထွင်ဆန်းသစ်မှုတွေကို ပြုလုပ်ခဲ့တယ်။ ရေလမ်းခရီး သွားလာရေးအတွက် လှော်ကားလှေနဲ့ တခြားဆန်းပြားတဲ့လှေပုံစံအမျိုးမျိုးကိုလည်း တီထွင်ဆောက်လုပ်ခဲ့ တယ်။ မြန်မာဂီတအနေနဲ့လည်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးကိုလည်း အပြည့် အစုံတီထွင်ခဲ့တယ်လို့ သိရှိရတယ်။

သီဟိုဠ်နိုင်ငံနဲ့လည်း ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး သီဟိုဠ်သံဃာတော်တွေကိုလည်း ကျောင်းများဆောက် လုပ်လှူဒါန်းခဲ့တယ်။ သီဟိုဠ်မင်းသမီးနှစ်ပါးကိုလည်း မိဖုရားမြောက်ခဲ့သလို၊ နန်းတွင်းမှာလည်း သီဟိုဠ် သားတွေကို အမှုထမ်းအဖြစ်ခန့်အပ်ခဲ့တယ်။ အလောင်းစည်သူမင်းနဲ့ပတ်သက်ပြီး သမိုင်းမှာစိတ်ဝင်စားစရာ၊ သိထားစရာ၊ သတိထားစရာတွေလည်း ရှိပါတယ်။ ဖြစ်ရပ်တစ်ခုကတော့ သက်တော်ကြီးရင့်လာပြီဖြစ်တဲ့ အလောင်းစည်သူက သူ့အမတ်တွေကို သူမအိုသေးကြောင်း၊ အသက်ကြီးပေမယ့် သူ့မှာ စွမ်းရည်တွေ၊ သတ္တိတွေ၊ အားမာန်တွေနဲ့ ပြည့်စုံနေသေးကြောင်း ပြသတာပဲဖြစ်ပါတယ်။

တနေ့..ညီလာခံဝင်တဲ့ အချိန်မှာ အလောင်းစည်သူဟာ လက်ရုံးတော်ကိုဆန့်ပြီး ကြုံးဝါးတော်မူတဲ့အခါ သက်တော်ကြီးလို့ လက်ပျဉ်းတော်ကျတာကို အမတ်တွေကမြင်တော့ ရယ်ကြတယ်လို့ ဆိုပါတယ်။

ဒါကို အလောင်းစည်သူကရိပ်မိတော့ အမတ်တွေကိုဟယ်..အမတ်တို့၊ ယောင်္ကျားတစ်ယောက်သည် ဦးပေါင်းကျားနှင့် မြင်းကျား(ညို)စီး၍ တူးရွင်းတောင်ခြေ၌ နေဝင်လျှင် လာသမျှလူကို အနိုင်အထက်ပြု လုနေသည်ကို အသင်တို့ မကြားကုန်သလော။ ထိုယောင်္ကျားကို အသင်တို့လေးယောက် ရအောင်ဖမ်းချေ။ မရသော် အသင်တို့ကို မျက်အံ့လို့ အမိန့်တော်ရှိတယ်။

ညနေချိန်ရောက်တော့ အမတ်လေးယောက်သည် မြင်းလေးစီးကိုယူပြီး ဦးပေါင်းကျားနဲ့ယောင်္ကျားကို ဖမ်းဖို့ တူရွင်းတောင်ခြေကို သွားကြတယ်။

အလောင်းစည်သူကလည်းရုပ်ဖျက်ပြီး တူရွင်းတောင်ခြေကို အပြင်းသွားတယ်။ အမတ်လေးယောက်လည်း ဦးပေါင်းကျားနဲ့ မြင်းကျားစီးသူကိုတွေ့တော့ အရဖမ်းမယ်ဆိုပြီးလိုက်ကြတယ်။ အလောင်းစည်သူကလည်း မြင်းကို တက်တုံ၊ ခွာတုံ၊ ချဉ်းတုံ အမျိုးမျိုးလုပ်ပြတယ်။ ပြီးတော့မှ ညောင်ဦးကမ်းပါးဆင်းပြီး မြင်းတော်ပန်း တာကို ရေချတယ်။

အမတ်တွေက..
ထိုသူသည် ငါတို့ကို ကြောက်၍ ချောက်တွင်ဆင်းပြီး သေလေပြီလို့ ထင်နေကြတယ်။ အဲဒီနောက် အလောင်း စည်သူလည်း မြင်းတော်အပန်းပြေတာနဲ့ ချောက်ကပြန်တက်ပြီး မြင်းလေးစီးဝန်ရံနေတာကို လွတ်အောင်ထိုး ဖောက်ကာ ချဉ်းတုံ၊ ခွာတုံပြုလုပ်တဲ့အခါ အမတ်တွေလည်းဤလူကား လူမဟုတ်နိုင်၊ နတ်ဘီလူးပင်ဖြစ်တန်ရာ သည်လို့ တွေးပြီး ကြောက်ရွံ့စိတ်တွေဝင်လာကြသလို ဦးပေါင်းကျားနဲ့ မင်းကျား(ညို)စီးသူကို ဘယ်လိုမှ မဖမ်း နိုင်ဖြစ်ကြရတယ်။

မနက်မိုးသောက်လို့ ညီလာခံချိန်ရောက်တော့ အလောင်းစည်သူက အမတ်လေးယောက်ကိုဟယ်. အမတ်တို့၊ မြင်းကျားစီးသောသူကို အသင်တို့ တွေ့မိလောဟု မေးလိုက်တယ်။

အဲဒီမှာ အမတ်လေးယောက်ကလည်း.တင်လျှောက်ပါသည် ဘုရား၊ မြင်ကျားစီးသောသူကား လူဖြစ်ဟန် မတူ၊ နတ်ဘီလူးဖြစ်နိုင်ရာသည်။ လူဖြစ်လျှင်လည်း လူမည်ကားမဟုတ်၊ ကြီးမြတ်သော ဘုန်းတန်ခိုးရှင်ပင် ဖြစ်တန်ရာ သည်။ ကျွန်တော်တို့ ဖမ်း၍မရနိုင်ပါလို့ နားတော်လျှောက်ကြတယ်။

ဒီအခါမှာ အလောင်းစည်သူက..“ဟယ်..အမတ်တို့၊ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါ မအိုသေးဟု မိန့်တော်မူလိုက်တဲ့အတွက် ညီလာခံမှာခစားနေကြတဲ့ မှူးမတ်ဗိုလ်ပါတွေအားလုံးဟာ ကြောက်ရွံ့ခြင်းပြင်းစွာ ဖြစ်ကုန်ကြရတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒီမင်းဟာ ဘုန်းလက်ရုံးတွေနဲ့ပြည့်စုံတဲ့ မင်းဖြစ်တဲ့အပြင် ဆင်အတတ်၊ မြင်းအတတ်၊ လေး အတတ်တွေလည်း တဖက်ကမ်းခတ် အပြီးတိုင်တတ်မြောက်တယ်လို့ ရာဇဝင်တွေကဆိုတာတွေ့ရတယ်။

တခါမှာတော့ အိန္ဒိယက ပဋိက္ကရားမင်းက သမီးတော်ကိုဆက်လာတာမှာ အလောင်းစည်သူမင်းက မြတ်နိုးတော်မူတဲ့အတွက်ပဘာဝတီဆိုတဲ့အမည်နဲ့ မိဖုရားအရာမှာထားပြီး အနီးမှာလုပ်ကျွေးစေတယ်။ တနေ့မှာ ခမည်းတော်ဖြစ်သူကိုခစားဖို့ သားတော်တွေရောက်လာကြတဲ့အခါ ပဘာဝတီဟာ အလောင်းစည် သူမင်းနဲ့အတူထိုင်နေရာက သလွန်တော်ထက်က မဆင်းပဲနေပါတယ်။

အဲဒီလိုနေတာကို သားတော်ကြီးဖြစ်တဲ့ မင်းရှင်စောမြင်တော့..မှူးတော်မတ်တော်တို့ အလယ်မှာ ငါ သားကြီးရှိလျက်နှင့် ကုလားမင်းသမီးသည် သလွန်ထက်နေရသည်။ နေရာသည်လောလို့တွေးပြီး မျက်နှာလွဲနေတယ်။ ပြီးတော့မှ ဆက်ပြီးမခစားတော့ပဲ ကိုယ်မကျန်းမာရှိတယ်လို့ ဆိုပြီးထသွားတာကို အလောင်းစည်သူမင်းက မြင်လိုက်တယ်။

နောက်တစ်ခါလည်း အထိန်းတော်သား အနန္တသူရိယကို သနားတော်မူလို့ မင်းသားတွေသာဝတ်ထိုက်တဲ့ ဝတ်လုံကို ပေးတော်မူတယ်လို့ ဆိုတယ်။

အဲဒီဝတ်လုံကို အနန္တသူရိယဝတ်လာတာ မင်းရှင်စောကမြင်တဲ့အခါဤအဝတ်ကား..မင်းထိန်း၊ မင်းယတို့ ဝတ်ထိုက်သောအဝတ်မဟုတ်။ မင်းညီမင်းသားတို့သာဝတ်ထိုက်သော အဝတ်ဖြစ်သည်။ ဤကဲ့သို့ အရောရောအနှောနှော မဝတ်လေနှင့်လို့ ဆိုလိုက်ပြီး ဝတ်လုံကိုချွတ်လဲစေတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို အလောင်းစည်သူကြားတဲ့အခါငါပေးတော်မူ၍ဝတ်သည်ကို ငါမသေမီကပင် ဤကဲ့သို့ ပြုကျင့် သည်။ ငါမရှိ၍ မင်းဖြစ်မူကာ ငါ့သားတော်၊ ငါ့သမီးတော်၊ မှူးတော်မတ်တော်တို့ကို ညှဉ်းပန်းနှိပ် စက်မည်မှာ မလွဲလို့ တွေးပြီး မင်းရှင်စောကို အကျဉ်းနှောင်အိမ်ထဲ ထည့်ထားလိုက်တယ်။ ဒါပေမယ့် မယ်တော်ဖြစ်တဲ့ ရတနာပုံမိဖုရားက သနားတော်မူဖို့အကြောင်းတင်လျှောက်လို့ငါမြို့တွင်မူမနေလေနှင့်လို့ဆိုမိန့်ပြီး နှင်ထုတ်လိုက်တယ်။ မင်းရှင်စောလည်း သူ့ရဲ့ မြင်းဆင်ဗိုလ်ပါတွေနဲ့အတူ မန္တလေးအရှေ့ တောင်ဘက် ထွန်းတုံးပူတက်အရပ်မှာ ရွာတည်ပြီးနေတယ်။

အလောင်းစည်သူဟာ သားတော်ကြီးမင်းရှင်စောကို ပုဂံမှနှင်ထုတ်တော်မူပြီးတော့ သားတော်တစ်ဦးဖြစ်တဲ့ နရသူကို လုပ်ရည်ကြံရည်ရှိတယ်လို့ဆိုပြီး ပြည်ထဲရေးအမှုတွေကို စီရင်ကွပ်ညှပ်စေတယ်။

ဘုန်းလက်ရုံး တန်ခိုးအာဏာနဲ့ပြည့်စုံတဲ့ အလောင်းစည်သူမင်းကြီးဟာ နန်းစည်းစိမ် နှစ် (၇၀) ကြာအောင် နိုင်ငံတော်အကျိုး၊ သာသနာတော်အကျိုးတွေကိုဆောင်ရွက်လာခဲ့တဲ့ သက်တော် (၈၅) နှစ် အရောက်မှာ အသည်းအသန် နာဖျားခြင်းဖြစ်တော်မူတယ်။ အဲဒီအခါမှာတော့ သားတော်နရသူက ဖခင်ကို နန်းကချ လိုက်ပြီး ရွှေဂူဘုရားမှာထားတယ်။

မင်းကြီး သတိရလာတဲ့အခါမှာငါ့နန်းမဟုတ်ပါတကားလို့ မိန့်တော်မူတော့ ကိုယ်လုပ်တော်တွေကနန်းမဟုတ်ပါ၊ ကောင်းမှုတော်သာ ဖြစ်ပါသည်လို့ နားတော်လျှောက်ကြတယ်။ အဲဒီမှာ မင်းကြီးကဘယ်သူ့အတတ်နည်းလို့ မေးတော့သားတော်နရသူရဲ့ အစီအမံဖြစ်ပါသည်လို့ လျှောက်တင်တာကို ကြားလိုက်ရတဲ့အတွက် ကြီးစွာသောအမျက်တော်ရှပြီး ကိုယ်တော်အလုံးမီးကဲ့သို့ဖြစ်စေတယ်လို့ ဆိုတယ်။

အဲဒါကိုသိရတော့ အာဏာပလ္လင်အတွက် မိမိရဲ့ဖခင်ရင်းကိုပင်မညှာတဲ့ သားမိုက်နရသူဟာမင်းကြီးအနာမှ ထမြောက်တော်မူချေသော် ငါပျက်ဆီးခြင်းသို့ရောက်ရတော့မည်လို့ တွေးပြီး အလောင်းစည်သူမင်းကြီးကို အဝတ်၊ ပုဆိုးတွေနဲ့ ဖိပြီးသတ်လိုက်တယ်။

ပြောရရင် နရသူကတော့ မြန်မာ့သမိုင်းမှာ အညစ်အစွန်းများတဲ့ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်တယ်။ ဖခင်ရင်း ကိုလည်းသတ်ခဲ့သလို၊ နောင်တော်မင်းရှင်စောကိုလည်း မကောင်းတဲ့ ဥဏ်နီဥဏ်နက်တွေဆင်၊ ထီးနန်း အပ်ပါမည်လို့အယုံသွင်းပြီး စားတော်ထဲမှာအဆိပ်ခတ်ခဲ့တဲ့ မင်းလည်း ဖြစ်တယ်။ ပြီးတော့ အလောင်း စည်သူရဲ့မိဖုရား ကုလားမင်းသမီးကိုလည်း မိဖုရားမြှောက်ပြီးမှ သတ်ပစ်ခဲ့တဲ့မင်းလည်း ဖြစ်တယ်။ စိတ်ထားအလွန်ညံ့သလို ရက်စက်ယုတ်မာပြီး ကောက်ကျစ်တဲ့ မင်းလည်းဖြစ်တယ်။ ဒီမင်းနန်းစံခဲ့တဲ့ ကာလ မှာ မိဖုရားတွေ၊ မှူးမတ်ဗိုလ်ပါတွေနဲ့ ပြည်သူလူထုတွေလည်း စိတ်ဆင်းရဲပင်ပန်းခြင်းတွေ ဖြစ်ခဲ့ကြရတယ်။ နောက်ဆုံးမှာတော့ သူလည်း ဇာတ်သိမ်းမလှခဲ့ပါဘူး။ ကုလားမင်းသမီးကိုသတ်ပစ်တဲ့အတွက် အိန္ဒိယ ကုလားတိုင်းပြည်က ကုလားသူရဲကောင်း () ယောက် ရောက်လာပြီး လုပ်ကြံတာခံလိုက်ရတဲ့အတွက် သမိုင်းမှာကုလားကျမင်းဆိုတဲ့ အမည်ဆိုးနဲ့သေခဲ့ရတဲ့ မင်းဖြစ်ပါတယ်။

၁၁၆၇ ခုနှစ်မှာတော့ သားဖြစ်သူရဲ့လက်ချက်နဲ့ နတ်ရွာစံခဲ့ရတဲ့ အလောင်းစည်သူမင်းကြီးကတော့ အိမ်နှိမ့်စံ (၁၅) နှစ်၊ နန်းစည်းစိမ် (၅၄) နှစ်၊ သက်တော် (၆၉) နှစ်မှာ နတ်ရွာစံတာဖြစ်ပြီး အနော်ရထာမင်း၊ ကျန်စစ် မင်းတို့လိုပဲ ထင်ရှားတဲ့ ပြည်သူချစ်တဲ့ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် သမိုင်းမှာ နာမည်ကောင်းကျန်ခဲ့တဲ့ မင်းလို့ဆိုလိုက်ပါရစေ။

ဟိန်းဇေ

မှတ်ချက်

ဘုန်းလက်ရုံး တန်ခိုးအာဏာနဲ့ပြည့်စုံတဲ့ အလောင်းစည်သူမင်းကြီးဟာ နန်းစည်းစိမ် နှစ် (၇၀) ကြာအောင် နိုင်ငံ တော်အကျိုး၊ သာသနာတော်အကျိုးတွေကို ဆောင်ရွက်လာခဲ့တဲ့ သက်တော် (၈၅) နှစ် အရောက်မှာ အသည်း အသန် နာဖျားခြင်းဖြစ်တော်မူတယ်လို့ ရေးသားထားသလို ၁၁၆၇ ခုနှစ်မှာတော့ သားဖြစ်သူရဲ့လက်ချက်နဲ့ နတ်ရွာ စံခဲ့ရတဲ့ အလောင်းစည်သူမင်းကြီးကတော့ အိမ်နှိမ့်စံ (၁၅) နှစ်၊ နန်းစည်းစိမ် (၅၄) နှစ်၊ သက်တော် (၆၉) နှစ်မှာ နတ်ရွာစံတာဖြစ်ပြီး လို့လည်းရေးထားပါတယ်။

0 comments:

Post a Comment