Monday, December 12, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၉)

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၉)
မင်းမြတ်ဘုရင့်နောင် (အတွဲ-သက္ကရာဇ် (၉၁၄) ခုနှစ် မှာတော့ သမိန် ထောရာမကို ဘုရင့်နောင်ရဲ့လက်အောက်အမှုထမ်းတွေက ဖမ်းဆီးရမိလို့ ဘုရင်နောင်ကိုဆက်တဲ့အခါ မကောင်းသော၊ မသင့်သောကြံစည်မှုကိုပြုသူလို့ မိန့်ဆိုတော်မူပြီး ကွပ်မျက်တော်မူတယ်။ တောင်ငူကို ညီတော်မင်းခေါင်၊ မုတ္တမကို ညီတော်မင်းရဲစည်သူတို့ကိုမင်းပြုစေပြီး ဘုရင့်နောင်က ဟံသာ ဝတီမှာနန်းစံကာ ရာဇဘိသေကခံတော်မူတယ်။

အဲဒီနောက် နိုင်ငံတော်ကိုဆက်လက်ချဲ့ထွင်တော်မူတယ်။ စစ်ပွဲတွေ ကတော့ အားကြီးနဲ့အနိုင်အရှုံးပေါ်အောင် အပြင်းထန်တိုက်ရတဲ့စစ်ပွဲ ကြီးတွေကများခဲ့တယ်။ သက္ကရာဇ် (၉၁၆) ခုနှစ်မှာတော့ အင်းဝကို ဧရာဝတီလမ်းက ရေကြောင်း၊ တောင်ငူ လမ်းက ကြည်းကြောင်းချီပြီးတိုက်ခိုက်ရာမှာ သိမ်းယူရရှိပြီး အင်းဝဘုရင် စည်သူကျော်ထင်ကိုလည်း ရလိုက် ပါတယ်။

အဲဒီကမှဆက်လက်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းတလွှားမှာရှိတဲ့ ရှမ်းစော်ပွားတွေရဲ့ မြို့ကြီးပြကြီးတွေနဲ့ မြေဒူး၊ ဒီပဲရင်း၊ စည်ပုတ္တရာစတဲ့ ရှမ်းနယ်စပ်မြို့တွေကိုတိုက်ခိုက်သိမ်းယူပြီး မြို့စောင့်တပ်နဲ့နယ်ခြားစောင့်တပ်တွေ စီမံချထားခဲ့ကာ ဟံသာဝတီကို ပြန်တော်မူတယ်။

ဒီ့နောက် မြန်မာအထက်ပိုင်းမှာရှိတဲ့ ရှမ်းနယ်အားလုံးကိုသိမ်းယူတယ်။ ပြီးတော့ ဇင်းမယ်နဲ့မဏိပူရကိုလည်း ရရှိတယ်။ ဒါကြောင့် ဘုရင့်နောင်ဟာ ဆက်တိုက်ဆိုတာလို စစ်ပွဲတွေကိုဆင်နွှဲပြီး တိုက်ခိုက်သိမ်းယူနိုင် ခဲ့တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးနဲ့ ရှမ်းပြည်၊ ဇင်းမယ်၊ မဏိပူရပြည်တို့ကိုပါရရှိကာ တပင်ရွှေထီးရဲ့ ကြံ ရွယ်မျှော်မှန်းချက်တွေအောင်မြင်ခဲ့ရသလို၊ ဘုရင့်နောင်လက်ထက် ဒုတိယမြန်မာနိုင်ငံတော်ဟာလည်း အနော်ရထာတည်ထောင်တော်မူခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ထက်ကျယ်ဝန်းပြီး စစ်အောင်ပွဲတွေကြောင့် ဘုရင့်နောင်ဟာလည်း သြဇာအာဏာ တန်ခိုးကြီးမားခဲ့တယ်။

ဘုရင့်နောင်ဟာ သက္ကရာဇ် (၉၂၅) နှစ် မှာတော့ ယိုးဒယားနဲ့စစ်ဖြစ်ဖို့ အကြောင်းပေါ်လာတယ်။ စစ်ပွဲ () ကြိမ်ဖြစ်ခဲ့ရတယ်။ ပထမတစ်ကြိမ်ဖြစ်တဲ့စစ်ပွဲကတော့ ယိုးဒယားဘုရင်မှာ ဆင်ဖြူ () စီး ရှိတယ်လို့ ကြား ရတဲ့အတွက် ဆင်ဖြူ () စီးကိုတောင်းတာမှ ယိုးဒယားဘုရင်က မကျိုးမနွံတဲ့စကားကိုဆိုလာတဲ့အတွက် ယိုးဒယားကိုချီပြီးတိုက်ခိုက်တာပဲ ဖြစ်တယ်။

ဘုရင့်နောင်ကိုယ်တိုင် ဟံသာဝတီကနေ စချီတော်မူတဲ့နေ့ကတော့ သက္ကရာဇ် (၉၂၅) ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၂) ရက်၊ တနလာင်္နေ့ ဖြစ်ပါတယ်။ စစ်အင်အားကတော့ တိုက်ဆင် (၂၀၀၀) စစ်မြင်း (၂၄၀၀၀) စစ်သည် (၆၀၀,၀၀၀) ဖြစ်တယ်။

ဘုရင့်နောင်ဟာ ပထမဆုံး ယိုးဒယားမြို့ဖြစ်တဲ့ကမန်ပိုက်ကို တိုက်ခိုက်သိမ်းယူတယ်။ အဲဒီနောက် သောက္က တဲ၊ ပိဿလောက်၊ သုဝဏ္ဏလောက်မြို့တွေကို သိမ်းယူတယ်။ ယိုးဒယားအိမ်ရှေ့မင်းသားရဲ့ လှေတပ်တွေနဲ့ တွေ့ပြီးတိုက်ရာမှာ ယိုးဒယားလှေတပ်ပျက်ပြီး ဆုတ်သွားရပါတယ်။

ယိုးဒယားဘုရင်ဟာ သားတော်အိမ်ရှေ့မင်းသားနဲ့ ညီတော်ကို တိုက်ဆင် (၅၀၀) စစ်မြင်း (၆၀၀၀) စစ်သည် (၁၀၀၀၀) ဘုရင်ကိုယ်တိုင်က တိုက်ဆင် (၇၀၀) စစ်မြင်း (၃၀၀၀) စစ်သည် (၈၀၀၀၀) နဲ့ ချီလာကာ မြန်မာ တပ်တွေနဲ့ လုံကလီရပ်မှာ တိုက်တယ်။ ယိုးဒယားဘုရင်၊ သားနဲ့ညီတွေ မခံနိုင်ပဲတပ်ပျက်ပြီး ဆုတ်ရပါတယ်။ ဘုရင့်နောင်က လုံကလီတပ်ကိုတိုက်ရာမှာလည်း ယိုးဒယားတို့ရဲ့ သင်္ဘော () စီးတို့နဲ့အတူ လုံကလီတပ်ကို ရရှိတယ်။

အဲဒီနောက် ယိုးဒယားဘုရင်ရဲ့ အယုဒ္ဓယမြို့တော်ကိုဝိုင်းရံထားပြီး အမြောက်ကြီး၊ မြတပူတွေနဲ့ မီးပေါက်မိုးရွာ သလို အဆက်မပြတ်ပစ်ရာမှာ ယိုးဒယားဘုရင်က သား၊ သမက်တို့နဲ့တိုင်ပင်ပြီးစည်းစိမ်မပျက်၊ အသက် မသေမည့်အကြောင်းကို ခွင့်ပြုတော်မူပါလျှင် သစ္စာတော်ကိုခံ၍ ခြေတော်ရင်းမှာနေပါမည်။ ကျွန်ုပ်၏သား၊ ဗြမဟိန်ကိုမူကား ယိုးဒယားကိုသနားတော်မူ၍ အစဉ်မပျက်မင်းပြုစေလိုပါသည်လို့ လျှောက်တင်လာ ပါတယ်။ ဘုရင့်နောင်ကလည်း ယိုးဒယားဘုရင်လျှောက်တင်တာကိုလက်ခံတဲ့အတွက် စစ်ပွဲပြီးဆုံးသွားခဲ့ရပါ တယ်။

ယိုးဒယားဘုရင်က ဆင်ဖြူပေါက် () စီး၊ ဆင်ဖြူမ () စီး၊ စုစုပေါင်း ဆင်ဖြူ () စီးနဲ့ လက်ဆောင်တော် တွေကို ဆက်သပါတယ်။ ဘုရင့်နောင်က ဆင်ဖြူ () စီးနဲ့ လက်ဆောင်တော်တွေကိုသိမ်းယူပြီး ယိုးဒယား ဘုရင်နဲ့ သားတော်၊ သမက်တော်၊ ညီတော်တို့ကိုသစ္စာတော်ပေးကာ ယိုးဒယားဘုရင်ရဲ့သားတော် ဗြမဟိန် ကိုလည်း ယိုးဒယားမြို့ကို ပေးအပ်ပါတယ်။

ယိုးဒယားဘုရင်ကလည်း ဘုရင့်နောင်ကို ချစ်ခင်မြတ်နိုးတော်မူတဲ့ သမီးတော်နဲ့အတူ ရွှေပိဿာ (၁၀၀) နဲ့ ပြုတဲ့ မင်းဆောင်မင်းယောင်၊ မင်းခမ်းမင်းနား၊ ငွေ (၁၀၀) ဆင်ကောင်း (၁၀) စီးကို ထပ်ပြီးဆက်ပါတယ်။

ဒီနောက် ဘုရင့်နောင်ဟာ ယိုးဒယားဘုရင် ဗြသာဓိရာဇာ (ချက္ကရာဖတ်) သားတော်ငယ် ဗြရာမသွန်၊ မိဖုရား၊ သားတော်၊ သမီးတော်များ၊ အမတ်ကြီးသြောက်ဗြစက္ကိ၊ ဆက်သတဲ့ဆင်ဖြူများနဲ့ ယိုးဒယားမြို့မှာရှိတဲ့ အတီးအမှုတ်၊ အချက်အပြုတ်စတဲ့ပညာသည်တွေကိုယူဆောင်ပြီး သက္ကရာဇ် (၉၂၅) ခုနှစ်၊ တန်ခူးလပြည့် ကျော် () ရက်၊ အင်္ဂါနေ့မှာ ဟံသာဝတီသို့ ပြန်လည်ကြွချီတော်မူတယ်။

ဒါကတော့ ယိုးဒယားနဲ့ဖြစ်ရတဲ့ ပထမစစ်ပွဲဖြစ်တယ်။ ဒုတိယစစ်ပွဲဖြစ်ရတာကတော့ ယိုးဒယားဘုရင် ယိုးဒ ယားကိုပြန်သွားပြီးမှ ထပ်ဖြစ်ရတာပါ။ ဘုရင့်နောင်ဟာ ယိုးဒယားဘုရင်ကို ဆောင်ယူလာခဲ့ပေမယ့် ယိုးဒ ယားဘုရင်ကိုဆက်ဆံရာမှာ နှိမ့်ချဆက်ဆံတာမျိုးမလုပ်ခဲ့ဘဲ စိတ်ရင်းမနှောကောင်းစွာနဲ့ ဘုရင့်အဆောင် အယောင်တွေနဲ့ပဲ ဟံသာဝတီမှာနေထိုင်စဉ် စကြာနှစ်ထပ်အိမ်ဖြူကိုပေးကာ လွတ်လပ်စွာနေစေခဲ့ပါတယ်။

အဲဒီနောက် ယိုးဒယားဘုရင်ဟာ ဟံသာဝတီမှာ ရဟန်းဝတ်ပါတယ်။ ပြီးတော့ အယုဒ္ဓယကိုဘုရားဖူးသွား လိုတဲ့အကြောင်း ဘုရင့်နောင်ကိုလျှောက်ထားပါတယ်။ ဘုရင့်နောင်ကခွင့်ပြုတဲ့အတွက် ယိုးဒယားကို ရောက်သွားတဲ့အခါ သားဖြစ်သူယိုးဒယားဘုရင်ဗြမဟိန်နဲ့ ဘုရင့်နောင်ကို ခြားနားဖို့လုပ်ပါတယ်။ ယိုးဒယား ကိုလွှတ်လိုက်တဲ့ ဘုရင့်နောင်ရဲ့ အမတ်တစ်ယောက်ကိုလည်း သတ်ပစ်လိုက်ပါတယ်။

ဒီလိုလုပ်တာကို ယိုးဒယားဘုရင်ရဲ့ သမက်တော်ဖြစ်တဲ့ သြယားပိဿလောက်က သိတော့ယိုးဒယားဘု ရင်သည် ကိုယ့်ကိုယ်ကိုပျက်ကြောင်းရှာ၍ မသင့်မရာ၊ မပြုသင့်သောအကြံကို ကြံသည်။ ငါကား ငါ့ကိုယ်ကိုငါ အပျက်မရှာကောင်းပေ။ မင်းတရား၏ရွှေဖဝါးတော်အောက်သို့ အလျင်သွား၍မြဲစွဲရမှ သင့်တော်တော့မည်ဟု တွေးလိုက်ပြီး ဟံသာဝတီကိုသွားကာ အကြောင်းစုံကိုလျှောက်ထားပြီး ဘုရင့်နောင်ထံ ခိုဝင်လာပါတယ်။

ဘုရင့်နောင်လည်း ကျေနပ်ဝမ်းမြောက်တော်မူပြီး သြယားပိဿလောက်ကို စော်ဘွားသောင်ကျည်ဆိုတဲ့ အမည်နဲ့ မကိုဋ်ထီးဖြူပေးကာ မြှောက်စားတော်မူပါတယ်။ စော်ဘွားတောင်ကျည်ရဲ့သားဖြစ်တဲ့ ဖရနရေ ဆုအင် (ဗြနရာဇ်) ကိုလည်း မွေးစားသားလိုချစ်ခင်ကာ မင်းသားတို့တတ်သင့်တတ်အပ်သော စစ်ရေးဆိုင်ရာ ပညာတွေကို သင်ကြားပေးပါတယ်။ အဲဒီ ဖရနရေဆုအင်ဆိုတာက ယိုးဒယားတွေရဲ့သမိုင်းမှာ ထင်ရှားကျော် ကြားတဲ့ သူရဲကောင်းဘုရင် ဖြစ်လာမယ့်ပုဂ္ဂိုလ်ပဲဖြစ်တယ်။

ဘုရင့်နောင်နတ်ရွာစံတော့ ဟံသာဝတီမှာမင်းဖြစ်လာတဲ့ ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင်လက်ထက် ယိုးဒယားနဲ့ စစ်ပွဲ () ကြိမ်ဖြစ်ခဲ့ရာမှာ နောက်ဆုံးအကြိမ် နောက်ဆုံးအကြိမ် ယိုးဒယားကိုသွားပြီးတိုက်ခိုက် တာ နန္ဒဘုရင်ရဲ့သားတော် အိမ်ရှေ့ဥပရာဇာ (ဘုရင့်နောင်ရဲ့ သမီးတော် ရာဇဓာတုကလျာရဲ့ မောင်တော်) နဲ့ ယိုးဒယားဘုရင် ဖရနရေဆုအင်တို့ ဆင်စီးချင်းထိုးကြတယ်။ အဲဒီမှာ အိမ်ရှေ့ဥပရာဇာ ဆင်ပေါ်ကကျပြီး မြန်မာတွေ ဖရနရေဆုအင်ကိုစစ်ရှုံးခဲ့ရတယ်ဆိုတာကိုလည်း ရေးချင်တယ်။

ပြီးတော့ ယိုးဒယားပိဿလောက်မင်းသမီး ဆုပန်ကလျာဆိုတာက ဘုရင့်နောင်မြတ်နိုးတော်မူတဲ့ ဘုရင့် နောင်ရဲ့မိဖုရားလည်းဖြစ်တယ်။ ယိုးဒယားဘုရင်အဖြစ် ဘုရင့်နောင်နန်းတင်ပေးခဲ့တဲ့ စော်ဘွားသောင် ကျည်ရဲ့ သမီး၊ ဖရနရေဆုအင်ရဲ့အစ်မ ဖြစ်တယ်။

ဆက်ရေးရရင် အကြောင်းစုံကိုသိတဲ့ ဘုရင့်နောင်ဟာ ယိုးဒယားဘုရင်သည် ကျေးဇူးသစ္စာတော်ကိုမစောင့်၊ အယုဒ္ဓယတွင် စော်ဘွားသောင်ကျည် မင်းပြုရမည့်ကံရောက်၍ပင် ဖြစ်တော့သည်လို့ မိန့်တော်မူလိုက်ပြီး စော်ဘွားသောင်ကျည်၊ ဗညားလော၊ ဗညားကျန်းနဲ့ ဗညားပရံတို့ ဦးစီးတဲ့ တပ် () တပ်ကို တိုက်ဆင် (၃၀၀) စစ်မြင်း (၃၀၀၀) စစ်သည် (၆၀၀၀၀) နဲ့ ပိဿလောက်ကို ချီစေပါတယ်။

ဒီမှာ ယိုးဒယားဘုရင်ကလည်း လင်းဇင်မင်းရဲ့အကူအညီယူပြီး စော်ဘွားသောင်ကျည်ရဲ့ ပိဿလောက်ကို ချီတက် တိုက်ခိုက်ပါတယ်။ နှစ်ဖက်အပြင်းအထန်တိုက်ကြပြီး ယိုးဒယားဘုရင်ရဲ့တပ်နဲ့ လင်းဇင်တပ်တွေ အထိခိုက်အကျဆုံးများတဲ့အတွက် ပိဿလောက်ကို အဝေးကသာရံနေကြရတယ်။

အဲဒီနောက်တော့ မိုးလေကင်းလွတ်စပြုတဲ့ သက္ကရာဇ် (၉၃၀) ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် () ရက်၊ တနင်္ဂနွေနေ့မှာ ဘုရင့်နောင်ဟာ ကိုယ်တော်တိုင် ယိုးဒယားကိုစစ်ချီတော်မူတယ်။ အင်အားကကြီးမားလှပြီး တိုက်ဆင် (၅၇၀၀) စစ်မြင်း (၅၇၀၀၀) စစ်သည်က (၆၀၂၀၀၀) ဖြစ်ပါတယ်။ ယိုးဒယားရာဇဝင်တွေမှာတော့ ထိုစဉ်က ဘုရင့်နောင် ယိုးဒယားသို့ချီသည့်စစ်အင်အားမှာ (၉၀၀,၀၀၀) ခန့်ရှိကြောင်း၊ ဆင်၊ မြင်း၊ စစ်သည် တို့ ချီတက်လာသောအသံမှာ မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းနေကြောင်း ဘုရင့်နောင်ကို စကြဝတေးမင်းအဖြစ် လည်းကောင်း၊ ဘုရင့်နောင်စစ်သည်များကို စကြဝတေးမင်း၏နောက်လိုက်ဗိုလ်ပါများအဖြစ်လည်းကောင်း တင်စားရေး သားဖော်ပြခဲ့ကြတယ်။


ဘုရင့်နောင်ချီတော်မူလာလို့ ယိုးဒယားမြောက်အင်းတော်ဆိုတဲ့အရပ်ကို ရောက်တဲ့အခါမှာတော့ ပိဿ လောက်က စော်ဘွားသောင်ကျည်ရောက်လာပြီး စစ်ပွဲကရတဲ့ သုံ့ပန်း၊ ဆင်၊ မြင်း၊ လက်နက်တွေကို ဘုရင့် နောင်ထံ ဆက်ပါတယ်။ ယိုးဒယားဘုရင်လည်း စစ်အင်အားကြီးနဲ့ ဘုရင့်နောင်ချီလာတာကိုကြားတဲ့အခါ ဆီးကြိုပြီးထွက်မတိုက်ဝံ့တဲ့အတွက် အယုဒ္ဓယမြို့တွင်းကသာ အခိုင်အလုံနေနေတယ်။ ဘုရင့်နောင်လည်း တပ်တော် (၅၉) တပ်နဲ့ အယုဒ္ဓယမြို့ကိုဝန်းရံထားလိုက်ပြီး အမြောက်၊ စိန်ပြောင်း၊ မြတပူတွေနဲ့ မြို့ကို အဆက်မပြတ်ပစ်စေတာမှာ မြို့တွင်းမှာရှိတဲ့ တန်စောင်းတွေအိမ်ရာတွေ ပျက်စီးစေတဲ့အတွက် အယုဒ္ဓယမြို့ တွင်းသားတွေ ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်ကြရတယ်။

မြန်မာစစ်သည်ရဲမက်တွေ လှေကားထောင်ပြီး မြို့ရိုးကိုတက်ပေမယ့်လည်း မြို့ရိုးကမြင့်သလို၊ မြို့ရိုးပေါ်က ပစ်တဲ့ သေနတ်၊ အမြောက်၊ မြတပူတွေကြောင့် မအောင်မြင်ဘဲ အထိအခိုက်အကျအဆုံးတွေသာများရ တယ်။ မြို့ကိုရံထားတာ လေးလလောက်အကြာမှာတော့ ရဟန်းဝတ်နဲ့ ဟံသာဝတီကနေ အယုဒ္ဓယကိုပြန် လာတဲ့ ယိုးဒယားဘုရင်ဟောင်း နတ်ရွာစံသွားတယ်။

ဘုရင့်နောင်ဟာ အကြံပေါ်လာပြီး ပထမအကြိမ် ယိုးဒယားကိုအောင်စဉ်ကယူလာတဲ့ အမတ်ကြီးသြောက်ဗြ စက္ကိ ကိုခေါ်လိုက်ပြီးသင့်ကို ငါ မြို့တွင်းသို့လွှတ်တော်မူမည်။ အမှုတော်ကိုကြိုးစားအားထုတ်၍ ထမ်း ဆောင်လေ၊ အရေးတော်ပြီးလျှင် ပိဿလောက်မြို့နှင့်တကွ အဆောင်အယောင်ပေးတော်မူ၍ ငါ သူကောင်းပြုတော်မူမည်။ မြို့တွင်းသို့ရောက်လျှင် ညအခါ မြို့တံခါးကိုဖွင့်လေလို့ မိန့်တော်မူတယ်။ 

သြောက်ဗြစက္ကိကလည်းအမှုတော်ကို မလစ်ရအောင်ကြိုးစားအားထုတ်ထမ်းဆောင်ပါမည်လို့ ဘုရင့်ကို လျှောက်တယ်။

ဒီ့နောက်တော့ သြောက်ဗြစက္ကိလည်း ဟံသာဝတီတွင်အကျဉ်းစံနေရာက လှေငယ်တစ်စီးနဲ့ အယုဒ္ဓကို ထွက်ပြေးလာတဲ့ဟန်နဲ့ မြို့တွင်းကိုဝင်တယ်။ ဒါကို ယိုးဒယားဘုရင်က သြောက်ဗြစက္ကိကိုမြင်တဲ့အခါ ဖခင် ကိုမြင်လိုက်ရသလိုဝမ်းသာသွားပြီး ဝန်ချုပ်အဖြစ်ခန့်လိုက်ပါတယ်။

သြောက်ဗြစက္ကိကလည်း အကြံနဲ့လာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတိုင်း မှူးကောင်းမတ်ကောင်းတွေကို မြန်မာတပ်တွေ မလာမယ့်နေရာမှာအစောင့်ထားပြီး၊ သူ့ဆွေမျိုးသားချင်း မြေးတော်သူတွေကိုတော့ တပ်တွေဝင်လာမယ့် နေရာမှာ အစောင့်ခန့်ထားလိုက်ပါတယ်။ ပြီးတော့မှ ကျွန်ယုံကိုစာရေးတင်ပြီး ဘုရင့်နောင်ထံဆက်စေ ပါတယ်။ ဝင်ရမယ့်နေရာကိုလည်းသိရော ဘုရင့်နောင်က တပ်မှူးစစ်ကဲတွေကို သြောက်ဗြစက္ကိရဲ့ မြေးတော် သူတွေစောင့်တဲ့တံခါးကနေ ဝင်စေတယ်။ မြို့တွင်းရောက်တော့ ယိုးဒယားတပ်တွေနဲ့တိုက်ကြရာမှာ ယိုးဒ ယားတွေအရေးနိမ့်ပြီး အယုဒ္ဓယမြို့ကျသွားရတယ်။

အယုဒ္ဓယကိုအောင်တော်မူတော့ ဘုရင့်နောင်ကလည်း ကတိအတိုင်း သက္ကရာဇ် (၉၃၁) ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် () ရက်နေ့မှာ စော်ဘွားသောင်ကျည်ကို အယုဒ္ဓယမြို့ကိုပေးကာ မင်းပြုစေပါတယ်။ သြောက်ဗြစက္ကိကိုလည်း ပိဿလောက်မြို့ကိုပေးရာမှာ သြောက်ဗြစက္ကိကကျွန်တော်မျိုး ပိဿလောက်တွင် အမှုတော်မထမ်းလိုပါ၊ အရှင့်ခြေဖဝါးတော်အောက်တွင်နေ၍သာ အမှုတော်ကိုထမ်းဆောင်လိုပါသည်”  လို့ လျှောက်ထားလာတဲ့အတွက် ဗညားဆိုတဲ့အမည်နဲ့ ဒဂုန်မြို့ကိုပေးတော်မူပါတယ်။

ဒါကတော့ ယိုးဒယားနဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲတွေပဲဖြစ်တယ်။ ဘုရင့်နောင်ဟာ လင်းဇင်းနဲ့ စစ်ပွဲတွေဖြစ်ခဲ့ပြီး လင်း ဇင်းကို အောင်မြင်ခဲ့တယ်။ နန်းတက်တဲ့ သက္ကရာဇ် (၉၁၂) ခုနှစ်မှ နတ်ရွာစံတော်မူတဲ့ သက္ကရာဇ် (၉၄၄) ခုနှစ်အထိ (၃၂) နှစ်အတွင်းမှာ စစ်ပွဲတွေအများဆုံးဆင်နွှဲခဲ့ရတဲ့ စစ်ဘုရင်ဆိုရင် မမှားပါဘူး။


နတ်ရွာစံတဲ့အချိန်မှာ နိုင်ငံတော်ရဲ့အကျယ်အဝန်းမှာလည်း သူမတိုက်ခိုက်နိုင်တဲ့ ရခိုင်ကိုချန်လှပ်ထားပြီး အခုရှိနေတဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးနဲ့ ယိုးဒယား၊ ကသည်း၊ ဇင်းမယ်၊ အာသံ၊ မဏိပူရ၊ လင်းဇင်း၊ စတဲ့ တိုင်းပြည်တွေ ပါ ဝင်ခဲ့တာကြောင့် ဘုရင့်နောင်လက်ထက်မှာ မြန်မာနိုင်ငံဟာ အကျယ်ဝန်းဆုံးဖြစ်ခဲ့ရ ပါတယ်။

ဘုရင့်နောင်မင်းတရားဟာ ရတနာသုံးပါးကိုလည်းကြည်ညိုတဲ့အတွက် သူတိုက်ခိုက်သိမ်းယူခဲ့တဲ့ တိုင်းပြည် တွေမှာ မှားယွင်းတဲ့အယူဝါဒတွေကိုစွန့်ပယ်စေပြီး ဗုဒ္ဓသာသနာတော်ကို ထွန်းကားပြန့်ပွားအောင် ဆောင် ရွက်ခဲ့ပါတယ်။ ဟံသာဝတီ (ပဲခူး) မှာ မဟာစေတီ၊ တောင်ငူမှာ ကောင်းမှုတော်စေတီ၊ မဟာမုဏိကေလာ ဇာဏီစေတီတွေကို တည်တော်မူခဲ့ပြီး ရောက်လေရာအရပ်ရပ်မှာလည်း ယိုးဒယားအပါအဝင် ဘုရားစေတီ ပုထိုး ပျက်စီးနေတာတွေကို ပြန်လည်ပြုပြင်တော်မူခဲ့တယ်။ ရဟန်းသံဃာတော်တွေကိုလည်း ကျောင်းပေါင်း များစွာဆောက်လုပ်လှူဒါန်းပြီး သီဟိုဠ်ကျွန်းတိုင်အောင် ကောင်းမှုတော်တွေပြုခဲ့တယ်။

ရှမ်းစော်ဘွားမြို့စားတွေ အနိစ္စရောက်ရင် သားမယား၊ ကျေးကျွန်၊ ဆင်မြင်း၊ ကျွဲနွားတွေသတ်ဖြတ်တဲ့ ထုံးစံ ကိုလည်း တားမြစ်ခဲ့တယ်။ မဟာဂီရိနတ်မောင်နှမကို ကျွဲဖြူ၊ နွားဖြူတွေသတ်ပြီး အရက်သေစာတွေနဲ့ ပူဇော်ပသတာတွေကို တားမြစ်ခဲ့သလို၊ နိုင်ငံတော်အတွင်း အရက်သေစာသောက်စားတာကိုလည်း တားမြစ်ပိတ်ပင်ခဲ့တယ်။

ဘုရင့်နောင်ဟာ နိုင်ငံစီးပွားရေး တိုးတက်မှုကိုလည်းဆောင်ရွက်ခဲ့ပြီး အလေး၊ တင်းတောင်း၊ ချိန်ခွင်တွေ ကိုလည်း စံချိန်ညှိနှိုင်း သတ်မှတ်ခဲ့တယ်။ ပြည်ပကုန်ကူးသန်းမှုတိုးတက်စေဖို့ ဆိပ်ကမ်းမြို့တွေကိုလည်း စနစ်တကျစီစဉ်ထားရှိတယ်။ ဆိပ်ကမ်းမြို့များမှာလည်း နိုင်ငံခြားကူးသန်းမှု စနစ်တကျဖြစ်စေရေး အတွက်ဆောင်ရွက်ပြီး ဟံသာဝတီမှာလည်း ကုန်ရုံးတွေတည်ဆောက်ကာ ပြည်ပကူးသန်းရောင်းဝယ်ရေးကို တိုးချဲ့လုပ်ကိုင်စေတယ်။ ဆိပ်ကမ်းခွန်တွေကိုလည်း နိုင်ငံခြားကုန်သည်တွေ အဆင်ပြေမှုရှိအောင် ဆောင် ရွက်ပေးခဲ့တယ်။ ဒါကြောင့် ဘုရင့်နောင်လက်ထက်မှာ ပြည်တွင်းပြည်ပကူးသန်းရောင်းဝယ်ရေးတိုးတက်ကာ စီးပွားရေးအခြေအနေခိုင်မာလာခဲ့တယ်။

နောက်ထပ်ဘုရင့်နောင်ရဲ့ လုပ်ဆောင်ချက်က ဟံသာဝတီကို အသစ်တည်တာပါပဲ။ ယိုးဒယားကို အောင်မြင် ပြီးတဲ့နောက် သက္ကရာဇ် (၉၂၈) ခုနှစ်၊ နတ်တော်လဆန်း () ရက်၊ သောကြာနေ့  (၁၆၊ ၁၁၊ ၁၅၆၇) မှာ စတုရန်းတာ (၃၄၀၀) ရှိတဲ့ ဟံသာဝတီမြို့တော်ကို ရွှေမြို့တော်၊ ရွှေမော်ဓောမဟာရံ၊ ပိဋိကတ်တိုက်တွေနဲ့ တည်ခဲ့တယ်။ ကမ္ဗောဇသာဒီရွှေနန်းတော်ကိုတော့ ဝန်ကြီးဗညားဒလကဦးစီးပြီး တည်ဆောက်ခဲ့တယ်။ ချဲ့ထွင်တည်ထောင်တော် မူခဲ့တဲ့ နိုင်ငံတော်ရဲ့ဗဟိုချက်မအနေနဲ့ ဒီကမ္ဗောဇသာဒီနန်းတော်ရဲ့ နန်းပလ္လင် တော်ပေါ်ကနေ အရပ်ရပ်ပြည်ရေး ပြည်မှုတွေကိုအုပ်ချုပ်စီမံခန့်ခွဲခဲ့တယ်။

ဘုရင့်နောင်လက်ထက်မှာ ထင်ရှားတဲ့စာဆိုပညာရှင်တွေကတော့ ရတုစာဆိုဖြစ်တဲ့ နဝဒေးကြီးနဲ့ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းကိုရေးသားပြုစုခဲ့တဲ့ ဗညားဒလတို့ဖြစ်တယ်။ ရဟန်းပညာရှိ၊ လူပညာရှိတွေ စုပေါင်းပြုစု တဲ့ ဓမ္မသတ်ကျမ်းနဲ့ ကိုးစောင်ချုပ်၊ ပြီးတော့ ဘုရင့်နောင်မင်းတရားရဲ့ဖြတ်ထုံးဖြစ်တဲ့ ဟံသာဝတီဆင်ဖြူများ ရှင် ဖြတ်ထုံးတွေဟာလည်း ထင်ရှားတယ်။

ယိုးဒယားကိုအောင်မြင်ပြီး ယိုးဒယားကနေ အနုပညာသည်တွေ၊ လက်မှုပညာသည်တွေ ခေါ်ဆောင်လာခဲ့တဲ့ အတွက်လည်း မြန်မာဂီတ တဘင်ပညာ၊ ပန်ချီပန်းပုနဲ့ လက်မှုပညာတွေဟာ ပိုပြီးတိုးတက်လာခဲ့တယ်လို့ ဆိုရပါမယ်။ ဘဝအစ၊ ဘဝအလယ်၊ ဘဝအဆုံး ယောင်္ကျားကောင်း ယောင်္ကျားမြတ်တို့ရဲ့ကျင့်စဉ်တွေနဲ့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ ဘာသာ သာသနာတော်အကျိုးတွေကို မနေမနားဆောင်ရွက်ခဲ့တဲ့ ဘုရင့်နောင်ကို ထင်ရှားကျော်ကြားတဲ့ သူရဲကောင်းစစ်ဘုရင် မြန်မာတွေရဲ့ကျေးဇူးရှင် မင်းမြတ်တစ်ပါးလို့ ရေးရမှာဖြစ်ပါတယ်။

ဟိန်းဇေ

0 comments:

Post a Comment