Tuesday, December 13, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၁၀)

1 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁၀)
မင်းမြတ်အလောင်းဘုရား
မြန်မာနိုင်ငံမှာ အထင်ရှားဆုံးဖြစ်တဲ့မင်းတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီး ဦးအောင်ဇေယျလို့လည်းသိ၊ အလောင်းမင်းတရားကြီးလို့လည်း သိကြတဲ့ မုဆိုးဘို၊ ကုန်းဘောင်၊ ရန်ကြီးအောင်၊ ရွှေဘို၊ ရတနာသိင်္ဃလို့ဆိုပြီး ငါးမည် ရတဲ့ရွှေဘိုက တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူခဲ့တဲ့ အလောင်းမင်းဘုရားအကြောင်းကိုရေးရာမှာ ရေးစရာတွေကများပါတယ်။

တကယ်တော့ အလောင်းမင်းဘုရားဟာ မင်းမျိုးထဲက မဟုတ်ပါဘူး။ အရပ်သားထဲကနေ မင်းဖြစ်လာတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့မိဘတွေကတော့ မုဆိုးဘိုအလယ်ရွာက မုဆိုးဘိုသူကြီးမင်းညိုစံနဲ့ စောငြိမ်းဦးတို့ဖြစ်ပြီး၊ (၁၀၇၆) ခုနှစ်၊ တော်သလင်းလပြည့်၊ သောကြာနေ့ (၁၂..၁၇၁၄) ညဥ့်တစ်ချက်တီးကျော်မှာ မွေးလာခဲ့ပါတယ်။ ငယ်နံမည်ကတော့ မောင်အောင်ဇေယျပါ။ အသက် (၁၉) နှစ်သားအရွယ်မှာတော့ မိခင်စောငြိမ်းဦးရဲ့ မောင်ဖြစ်သူ ဦးဖိုးမြရဲ့သမီးလတ် ခင်ယွန်းစံနဲ့ မိဘတွေကအိမ်ထောင်ချပေးပါတယ်။

မောင်အောင်ဇေယျ အသက် (၂၀) မှာ သားဦးဖြစ်တဲ့ မောင်လောက်ကို မွေးပြီးနောက် () နှစ်အကြာမှာတော့ ဒုတိယသားငယ် မောင်ရွကို မွေးဖွားခဲ့ပါတယ်။ သားကြီးဖြစ်တဲ့ မောင်လောက်ကတော့ နောင်မှာ နောင်တော်ကြီး မင်း ဖြစ်လာပြီး၊ ဒုတိယသားငယ် မောင်ရွကတော့ သမိုင်းမှာ ထင်ရှားတဲ့စစ်ပွဲတွေကို တိုက်တိုင်းအောင်လို့ တိုက် တိုင်းအောင်ဘုရင်လို့ပြောရမယ့် မြေဒူးမင်းလို့သိကြတဲ့ ဆင်ဖြူရှင်မင်း ဖြစ်လာခဲ့ပါတယ်။ သား () ယောက်၊ သမီး () ယောက် မွေးတဲ့အနက်၊ နောက်ထပ်မွေးလာတဲ့သားကတော့ ငယ်နာမည် မောင်ဝိုင်းလို့အမည်ရတဲ့ အစ်ကိုဖြစ် သူ ဆင်ဖြူရှင်မင်းလိုဘဲ ထင်ရှားကျော်ကြားတဲ့မင်းတစ်ပါးဖြစ်တဲ့ ဘိုးတော်ဘုရားပဲ ဖြစ်ပါတယ်။

ဦးအောင်ဇေယျဟာ မုဆိုးဘိုမှာ ဆွေမျိုးပေါတဲ့ ဆွေကြီးမျိုးကြီးထဲကဖြစ်ပြီး မိဘတွေကလည်း ဒီနယ်တစ်ဝိုက်မှာ သြဇာတိက္ကမရှိသူတွေဖြစ်တယ်။ (၁၄) နှစ်သားအရွယ်က ရှင်သိဒ္ဓိအမည်နဲ့ သူ့မိဘတွေကိုးကွယ်တဲ့ သာထွန်း ကျောင်းဆရာတော်ရဲ့ကျောင်းမှာ ကိုရင်ဝတ်ခဲ့ပြီး ဆရာတော်ထံမှာ..

ဒါကတော့ အောင်ဇေယျရဲ့ငယ်ဘဝနဲ့ အိမ်ထောင်သည်ဘဝပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆက်ပြီးရေးရမှာက အဲဒီ အချိန်နဲ့ အဲဒီအချိန်မတိုင်မီက မြန်မာနိုင်ငံရဲ့အခြေအနေတွေဘဲ ဖြစ်ပါတယ်။ တောင်ငူက တပင်ရွှေထီး စတင်တည် ထောင်ခဲ့ပြီး တပင်ရွှေထီးနတ်ရွာစံသွားတော့ ယောက်ဖတော်ဖြစ်တဲ့ ဘုရင့်နောင်က ဆက်လက်တည်ထောင်တော် မူခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်က သားတော်နန္ဒဘုရင်လက်ထက်မှာ ပြိုကွဲပျက်စီးသွားကာ မင်းပြိုင်တွေနဲ့ သူတစ် လူငါတစ်မင်းတွေ ဖြစ်ကုန်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။

ရေးရရင် နိုင်ငံတော်ဟာ အင်းဝနောက်ဆုံးမင်းနှစ်ပါးဖြစ်တဲ့ တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃) နဲ့ သူ့ရဲ့သားတော်ဖြစ်တဲ့ မဟာဓမ္မရာဇာပတိမင်း (၁၇၃၃-၁၇၅၂) လက်ထက်မှာ အဆိုးဝါးဆုံးကာလလို့ဆိုရရင် မှားမယ်မဟုတ်ပါဘူး။

အဓိကအရေးကြီးဆုံးက အုပ်ချုပ်တဲ့ဦးစီးခေါင်းဆောင်ပါ။ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်ဖြစ်တဲ့သူက အရေးကြီးပါ တယ်။ ခေါင်းဆောင်ပြီးအုပ်ချုပ်တဲ့ ဦးစီးဦးဆောင်တဲ့သူက အရေးကြီးပါတယ်။ ဦးစီးဦးဆောင်တဲ့သူက ညံ့ဖျင်းပြီး အရည်အချင်းမရှိဘူးဆိုရင် နိုင်ငံဟာ ဆိုးဆိုးဝါးဝါးတွေ မဖြစ်သင့်တာတွေဖြစ်ရတော့တာပါပဲ။ လူသာပဓနဖြစ်တယ် ဆိုတဲ့ စကားလိုပေါ့။ မင်းတွေမကောင်းတော့၊ ညံ့ဖျင်းတော့ နိုင်ငံရဲ့အခြေအနေက ပိုလို့ပိုလို့ ဆိုးဆိုးဝါးဝါးတွေဖြစ်ပြီး ဆုတ်ယုတ်ကျဆင်းလာခဲ့ရတယ်။

ပြည်တွင်းမှာ ပုန်ကန်မှုတွေဖြစ်လာသလို ဇင်းမယ်နဲ့ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ် စတာတွေကိုလည်း ယိုးဒယား တွေက ဝင်တိုက်တာခံခဲ့ရတယ်။ မဏိပူရနဲ့ ဇင်းမယ်ကလည်း တော်လှန်ပုန်ကန်ကြတဲ့အတွက် ဘုရင့်နောင်လက် ထက်ကစပြီး မြန်မာတွေအုပ်ချုပ်လာခဲ့တဲ့ အဲဒီနယ်တွေကိုလက်လွှတ်ဆုံးရှုံးခဲ့ရတယ်။

တနင်္ဂနွေမင်းရဲ့သားတော် မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်ကျတော့ မင်းက အရည်အချင်းကလည်းမရှိ၊ အပျော်အပါးကိုသာမက်ပြီး အုပ်ချုပ်ရေးကိုလည်း စိတ်ဝင်စားချင်းမရှိ၊  ဒီကြားထဲမှာ သဘာဝဘေးအန္တရာယ်တွေ ကလည်း ကျရောက်ခဲ့ရတဲ့အတွက် ရေကြီးပြီး တာရိုးတွေကျိုးကာ လယ်ယာစိုက်ခင်းတွေ အများအပြား ပျက်စီး ဆုံးရှုံး၊ နောင်တစ်ခါ မိုးကခေါင်ပြီး သီးနှံတွေကလည်းမဖြစ်ထွန်းဘဲ စားရေရိက္ခာရှားပါးပြီး ပြည်သူတွေ ငတ်မွတ် ခေါင်းပါးမှုနဲ့ ကြုံရတယ်။ နိုင်ငံအနှံ့မှာလည်း ဆူပူမှုတွေ ခိုးဆိုးတိုက်ခိုက်မှုတွေကြုံရပြီး ဥပဒေမရှိသလို ဖြစ်ချင်တိုင်း ဖြစ်နေခဲ့ပါတယ်။ ဒါတွေကြောင့်ပဲ (၁၇၅၂) ခုနှစ်မှာတော့ မြန်မာမင်းအုပ်ချုပ်တဲ့အင်းဝဟာ မွန်ဘုရင်အုပ်စိုးတဲ့ ဟံသာဝတီလက်အောက်ကို ရောက်ရှိကျဆုံးပြီးပျက်ဆီးခဲ့ရတယ်။

အင်းဝကို ဟံသာဝတီတပ်တွေ လာတိုက်တော့မယ်လို့သတင်းရထားတဲ့ မုဆိုးဘိုရွာက ဦးအောင်ဇေယျဟာ နိုင်ငံ ရှေ့ရေးကိုမြော်တွေးပြီး မုဆိုးဘိုကိုအခြေခံကာ လူထုကိုစည်းရုံးရေးတွေလုပ်တယ်။ မုဆိုးဘိုကို ဟံသာဝတီရန်က ကာကွယ်နိုင်ဖို့ အစီအစဉ်တွေချပြီးကြိုတင်ဆောင်ရွက်တယ်။ မုဆိုးဘိုကိုပတ်ဝိုင်းပြီး တာပေါင်း (၄၇၀) ရှိတဲ့ ထန်း လုံးတပ်ကြီးကိုတည်ဆောက်ကာ အနီးအနားမှာရှိတဲ့ ရွာပေါင်း (၄၆) ရွာက လက်နက်ဆင်မြင်းကိရိယာတွေကို လည်း ထန်းလုံးတပ်ထဲမှာထားလိုက်တယ်။ သူရဲကောင်းတွေကိုရွေးခြယ်ပြီး တပ်သားတွေကိုလည်း တိုက်ရည်ခိုက် ရည်နဲ့ပြည့်စုံအောင် စစ်ပညာတွေသင်ကြားပေးတယ်။

အင်းဝကို မွန်တွေသိမ်းပိုက်ပြီး တစ်နှစ်လောက်အကြာမှာတော့ ဟံသာဝတီက မုဆိုးဘိုကဦးအောင်ဇေယျကို လူ (၃၀) လွတ်ပြီး သစ္စာခံခိုင်းတယ်။ တစ်ချိန်တည်းမှာ မတ္တရာအင်အားစုကိုဦးဆောင်သူ ကွေ့ရှမ်းဂုဏ္ဏအိမ်ကလည်း သူ့လူ (၂၀) ကို စေလွှတ်ပြီး သစ္စာခံခိုင်းလာတယ်။

ဦးအောင်ဇေယျက ဘယ်သူ့ကိုမှသစ္စာမခံဘဲ နှစ်ဖွဲ့စလုံးကို..“နှစ်ဦးစလုံး၏သစ္စာကိုခံရန်မှာမူ မဖြစ်နိုင်။တစ်ဦးတည်း ၏သစ္စာကိုသာ ခံယူသင့်သည်။ ထို့ကြောင့် သံနှစ်ဦးအနက် တစ်ဦးနှင့်တစ်ဦးရှင်းလင်းရန်ကို ဦးစွာ ရှင်းလင်းသင့် သည်။ ရှင်းလင်း၍ မည်သူသည် အကြီးအကဲဖြစ်ကြောင်း ဆောင်ရွက်ပြီးသည့်အခါမှသာ ယင်းအကြီးအကဲထံတွင် သစ္စာတော်ခံယူပါမည်ဟု စကား အလိမ္မာသုံးပြီး သံတွေကို ပြန်စေပါတယ်။

အဲဒီနောက်တော့ ပြန်သွားတဲ့ သံတွေဟာ ဟံသာဝတီသံအဖွဲ့ကို လမ်းကနေစောင့်တိုက်တာ သံအဖွဲ့ဝင် () ယောက်လောက်ပဲ လက်လွတ်ထွက်ပြေးသွားနိုင်ခဲ့တယ်။ သံတွေ အတိုက်ခံလိုက်ရတော့ ဟံသာဝတီ မွန်ဘုရင် လည်း မုဆိုးဘိုကိုတိုက်ဖို့ဆိုပြီး စစ်သည် (၃၀၀၀) ကို စေလွတ်လိုက်ပေမယ့် ဦးအောင်ဇေယျတပ်တွေကို မနိုင်ဘဲ အရေးနိမ့်ခဲ့ရတယ်။

နောက်တစ်ကြိမ် ဟံသာဝတီမွန်စစ်သူကြီး ဒလပန်းရဲ့တပ်တွေ သွားတိုက်တော့လည်း ဦးအောင်ဇေယျရဲ့ မုဆိုးဘို တပ်တွေကပဲ အနိုင်ရရှိခဲ့တယ်။ အဲဒီတိုက်ပွဲတွေမှာ အမြောက်၊ စိန်ပြောင်း၊ ခဲယမ်းမီးကျောက်တွေ အများအပြား သိမ်းယူရရှိလိုက်တဲ့ အတွက်လည်း သေနတ်တပ်စုအသစ်တွေကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီနောက်မှာတော့ ဦးအောင်ဇေယျရဲ့တပ်တွေဟာ အင်အားကောင်းလာပြီး ရန်သူတွေကို တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့တယ်။ (၁၇၅၃) မှာတော့ မုဆိုးဘိုကို မြို့နန်းတည်ပြီး ရတနာသိင်္ဃလို့သမုတ်ကာ အလောင်းဘုရားဘွဲ့ကိုခံယူပြီး ထီးနန်းစိုးစံတယ်။ အင်းဝကိုလည်း မွန်တွေရဲ့လက်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကောင်းတုံ၊ မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်နယ်တွေကိုလည်း သိမ်းယူခဲ့တဲ့အတွက် အလောင်းဘုရားခေါင်းဆောင်တဲ့ မြန်မာတွေရဲ့အင်အားဟာ ပိုပြီးကြီးမားလာခဲ့ရတယ်။ ပုဂံ၊ ပုပ္ပါးစတဲ့ တောင်ဘက် နယ်က မြန်မာတွေကလည်း အလောင်းဘုရားလက်အောက်မှာ ခိုဝင်လာကြတယ်။

(၁၇၅၄) မှာ အလောင်းဘုရားဟာ ပြည်မြို့ကိုသိမ်းယူရရှိပြီး (၁၇၅၅) မှာ ကူထွတ်ခေါ် လွန်ဆေးကို ရရှိတဲ့အတွက် မြန်အောင်လို့ မြို့ကိုအမည်ပေးတယ်။ အဲဒီမှာ ဟင်္သာတ၊ ပုသိမ်၊ မြောင်းမြ၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ တောင်ငူ နဲ့သံတွဲစတဲ့နယ်တွေကလည်း အလောင်းဘုရားလက်အောက် ရောက်လာကြတယ်။ ဟိုင်းကြီးကျွန်းမှာ နေထိုင်ပြီး ရောင်းဝယ်လုပ်ကိုင်နေကြတဲ့ မစ္စတာဘရွတ်ဦးဆောင်တဲ့  အင်္ဂလိပ်တွေကလည်း အလောင်းဘုရားကို လက် ဆောင်ပဏ္ဍာတွေ လာဆက်ကြတယ်။

(၁၇၅၅) မှာ ဒဂုံမြို့ကိုသိမ်းယူပြီးတော့ တာဝန်းတစ်ထောင့်တစ်ရာတစ်ဆယ့်ကိုးတာရှိတဲ့ သစ်မြို့အဖြစ်တည် ဆောက်တယ်။ ကျုံး၊ မြောင်း၊ တံခါး၊ ပြအိုး စတဲ့ မြို့အင်္ဂါတွေနဲ့လည်းပြည့်စုံအောင်လုပ်ဆောင်ပြီး ရန်အပေါင်းကို အောင်မြင်တာကိုအကြောင်းပြုလို့ မူလဒဂုံအမည်ကိုပြောင်းကာ ရန်ကုန်လို့ခေါ်ဆို သမုတ်တော်မူတယ်။

(၁၇၅၆) မှာတော့ အလောင်းဘုရားဟာ သန်လျင်ကိုတိုက်ခိုက်သိမ်းယူပြီး ပြင်သစ်ကိုယ်စားလှယ် ဗိုအာနိုနဲ့အဖွဲ့ကို ဖမ်းဆီးထားလိုက်တယ်။ အဲဒီအချိန်မှာ မွန်တွေကိုကူညီဖို့ လက်နက်အပြည့်အစုံနဲ့ သင်္ဘောနှစ်စင်းရောက်လာတဲ့ အတွက် သင်္ဘောတွေကိုသိမ်းယူပြီး ဗိုအာနိုနဲ့အဖွဲ့ကို ကွပ်မျက်ပစ်လိုက်တယ်။

အဲဒီနှစ်မှာပဲ ဟံသာဝတီကို ချီတက်တိုက်ခိုက်ရာမှာ ဟံသာဝတီမွန်မင်း စစ်ပြေငြိမ်းဖို့ကမ်းလှမ်းလာတဲ့အတွက် လက်ခံကာ (၁၇၅၇) မှာ ဟံသာဝတီကို အောင်မြင်ခဲ့တယ်။ ဟံသာဝတီကို အောင်မြင်လိုက်တဲ့အတွက်ကြောင့် အလောင်းဘုရားဟာ သူတစ်လူငါတစ်မင်းနဲ့ ပြိုကွဲနေတဲ့နိုင်ငံကို မုဆိုးဘိုကနေ အခြေတည်ကာ တတိယမြန်မာ နိုင်ငံတော်အဖြစ် တည်ထောင်တော်မူနိုင်ခဲ့တယ်။

ဒီနေရာမှာရေးချင်တာက အလောင်းဘုရားဟာ မွန်မင်းစိုးစံတဲ့ဟံသာဝတီကိုရတော့ မီးရှို့ဖျက်ဆီးလိုက်တာပဲဖြစ် တယ်။ ဒီတစ်ကြိမ်နဲ့ ဟံသာဝတီကို မီးရှို့ဖျက်ဆီးခံရတာ နှစ်ကြိမ်ဖြစ်ပြီး၊ ပထမအကြိမ် နန္ဒဘုရင်လက်ထက်မှာ ဖျက်ဆီးခံရတာပဲ ဖြစ်ပါတယ်။ တချို့သမိုင်းပညာရှင်တွေကတော့ အလောင်းဘုရားအခုလို လုပ်ဆောင်တာဟာ မွန်တို့က မြန်မာတို့ရဲ့အင်းဝကို လာရောက်တိုက်ခိုက်သိမ်းယူတာကြောင့်ရယ်၊ နောက်တစ်ကြောင်းတစ်ချက်က အင်းဝမင်းဖြစ်တဲ့တဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီကိုခေါ်ဆောင်လာပြီးတော့ ဆွေတော်မျိုးတော်တွေနဲ့အတူ ရေချဖျောက်ဖျက်သတ်ပစ်လိုက်တဲ့အတွက်ကြောင့် မကျေနပ်လို့လက်စားချေတယ်တဲ့ သဘောရှိတယ်လို့ ယူဆ ကြပါတယ်။

(၁၁၂၀) မှာတော့ မဏိပူရကသည်းကို တိုက်ခိုက်သိမ်းယူပြီးတော့ ကသည်းအမတ်စန္ဒရော်မော်နီကို အုပ်ချုပ်ဖို့ ခန့်အပ်ကာ မြန်မာတပ်အချို့ကို အစောင့်ထားပြီးပြန်လာခဲ့တယ်။ အဲဒီနှစ်မှာဘဲ အလောင်းဘုရား ရန်ကုန်ကို ချီလာ တဲ့အခါ အာမေနီယံလူမျိုး ဂရီဂုရီဆိုသူ ပြင်သစ်ကိုယ်စားလှယ် လာဗင်တုံ့က ဟိုင်းကြီးကျွန်းမှာရှိတဲ့ အင်္ဂလိပ်တွေ က မင်းတရားကြီးကို ပုန်ကန်နေတဲ့မွန်တွေကို လက်နက်တွေရောင်းချနေတယ်လို့ လျှောက်တင်တဲ့အတွက် မြန်မာ တပ်ကိုလွှတ်ပြီး ဟိုင်းကြီးကျွန်းမှာ နေထိုင်ရောင်းဝယ်ခွင့်ပြုထားတဲ့ အင်္ဂလိပ်တွေနဲ့ သေနတ်ကိုင်စစ်သား (၁၀၀) ကျော်ကို တိုက်ခိုက်သတ်ဖြတ်ပစ်လိုက်တယ်။ ပုသိမ်မြို့ဝန်ကိုလည်း အင်္ဂလိပ်တွေရဲ့ ကူးသန်းရောင်းဝယ်မှုအချက် အခြာဖြစ်တဲ့ လုပ်ငန်းတွေအားလုံးကို ဖျက်ဆီးပစ်စေတယ်။

အလောင်းဘုရားဟာ (၁၁၂၁) မှာ ရန်ကုန်ကိုရောက်ပြီး ရွှေဘိုကို ပြန်လည်ကြွချီမယ်လို့စီစဉ်နေစဉ်မှာ ယိုးဒယား တွေက ထားဝယ်မှာရှိတဲ့ကျေးရွာတွေကို ထိပါးလာကြောင်း၊ ရန်ကုန်ကိုလာတဲ့ သင်္ဘောသုံးစီးကိုလည်း တားဆီး ကြောင်းနဲ့ ထားဝယ်ကိုစေတော်မူတဲ့သင်္ဘောနဲ့ သမ္ဗန်တွေကိုလည်း သိမ်းယူသွားကြောင်း ကြားသိတော်မူတဲ့ အတွက် ရန်ကုန်ကနေယိုးဒယားကို ရေကြောင်းလမ်းက စစ်ချီတော်မူတယ်။

ယိုးဒယားတပ်တွေကို တိုက်ပွဲတိုင်းအောင်မြင်ခဲ့ပြီး ယိုးဒယားမြို့တွေဖြစ်တဲ့ ကွီးမြို့ ဗြတ်ဘီးမြို့၊ သဖန်းပုံမြို့တွေကို သိမ်းယူကာ ယိုးဒယားဘုရင်ရဲ့မြို့တော်ဖြစ်တဲ့ အယုဒ္ဓယမြို့ကို စစ်သည်အလုံးအရင်းနဲ့ ဝန်းရံထားလိုက်တယ်။ ယိုးဒယားဘုရင်လည်း မြို့ပြင်ကိုထွက်မတိုက်ဝံ့ဘဲ မြို့တွင်းမှာသာ အခိုင်နေတယ်။

အဲဒီနောက်မှာတော့ အလောင်းဘုရားက ကိုယ်လက်မကျန်းမမာဖြစ်လာတဲ့အတွက် သားတော်မြေဒူးမင်း၊ စစ်သူ ကြီး မင်းခေါင်နော်ရထာတို့နဲ့တိုင်ပင်ပြီး ယိုးဒယားမြို့ရင်းကခွာကာ နေပြည်တော်ကိုပြန်အလာ ဘီးလင်းနယ်၊ မုတ္တမကျေးကင်ရွာအရောက်မှာ နတ်ရွာစံတော်မူတယ်။

အလောင်းဘုရား နတ်ရွာစံတဲ့ နှစ်ကတော့ (၁၁၂၂) ကဆုန်လပြည့်ကျော် (၁၂) ရက်၊ တနင်္ဂနွေနေ့၊ နံနက်မိုး သောက်ယံအချိန် (၁၁..၁၇၆၀) မှာဖြစ်တယ်။  နန်းစည်းစိမ် () နှစ်နဲ့ () လဖြစ်ပြီး သက်တော် (၄၅) နှစ်နဲ့ () လမှာ နတ်ရွာစံတော်မူတယ်။

အလောင်းဘုရားရဲ့အလောင်းတော်ကို ကင်းရွာကနေရန်ကုန်ကို သယ်ယူလာပြီး ရန်ကုန်ကမှရွှေဘိုကို သယ် ဆောင်ကာ သင်္ဂြိုလ်ခဲ့တယ်။ အလောင်းဘုရားရဲ့ သင်္ချိုင်းတော်ကတော့ ရွှေဘိုကျေး၊ အနောက်မြောက်ယွန်း၊ ရုံးဝင်းအတွင်းမှာ ယနေ့တိုင်ရှိနေပါတယ်။

အလောင်းဘုရားကိုဖူးမြင်ရတဲ့ အင်္ဂလိပ်ကပ္ပတိန်ဘေကာရဲ့မှတ်တမ်းမှာ အလောင်းဘုရားဟာ အရပ်တော် () ပေ (၁၀) လက်မခန့်ရှိပြီး  ကျန်းမာတဲ့ရုပ်လက္ခဏာရှိကြောင်း၊ သန်မာပြီးတင့်တယ်ညီညွတ်တဲ့ လုံးရပ်သဏ္ဍန်ရှိ ကြောင်း၊ အသားညို၊ မျက်နှာသွယ်ပြီး ကျောက်ပေါက်မာအနည်းငယ်ရှိကြောင်း၊ မျက်နှာထား တည်ကြည်တင်း မာကြောင်းနဲ့ ရာဇက္ကုနြေ္ဒနဲ့ပြည့်စုံတော်မူကြောင်း ဖော်ပြထားတာကိုတွေ့ရှိရတယ်။

သာမန်ရွာသူကြီးဘဝက တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်တော်မူနိုင်ခဲ့တဲ့အထိ ကြီးမားတဲ့ အောင်မြင်မှု တွေကိုစွမ်းဆောင်နိုင်ခဲ့တဲ့ ဦးအောင်ဇေယျ၊ အလောင်းဘုရားမင်းတရားနဲ့ အလောင်းဘုရားဆိုတဲ့ အမည်တွေနဲ့ မြန်မာ့သမိုင်းမှာထင်ရှားကျော်ကြားခဲ့တဲ့ ကုန်းဘောင်ခေတ်ကို စတင်တည်ထောင်တော်မူခဲ့တဲ့ အလောင်းဘုရား ကိုတော့ သူမတူတဲ့ ထူးခြားတဲ့ ဘက်စုံအရည်အချင်းတွေနဲ့ စံပြုစရာသူရဲကောင်းမင်းမြတ်လို့ ဆိုရမှာဖြစ်ပါတယ်။

အမျိုးကိုစောင့်ရှောက်တော်မူတဲ့ မင်းဖြစ်သလို၊ ရဲရင့်တည်ကြည်ပြီး အမြော်အမြင်ရှိတယ်။ ဝေဖန်စီမံခန့်ခွဲအုပ်ချုပ် တဲ့အပိုင်းတွေမှာလည်း ပါးနပ်လိမ္မာတယ်။ လုံ့လကြီးသလို မတွန့်မရွံ့တဲ့မြဲမြဲခိုင်ခံ့တဲ့ သံမဏိစိတ်ဓာတ်နဲ့လည်း ပြည့်စုံတယ်။ စစ်မှုစစ်ရေးမှာလည်း စည်းကမ်းစနစ်ကြီးတော်မူပြီး ရန်သူကို ပြတ်ပြတ်သားသား နှိမ်နင်းသုတ်သင် တတ်တယ်။ ကြီးကျယ်မြင့်မားတဲ့ မှန်းထားရည်ရွယ်ချက်ရှိတော်မူတဲ့အတိုင်း ရန်အပေါင်းကိုလည်း အောင်မြင်တာ က များတယ်။ နှုတ်ရေးမှာပဲဖြစ်ဖြစ်၊ လက်ရေးမှာပဲဖြစ်ဖြစ် လူရည်လူသွေး လူရိပ်လူကဲကို သိတယ်။ ဆွေတော်မျိုး တော်တွေနဲ့ သူရဲကောင်းတွေ အမှုထမ်းကောင်းတွေပေါများသလို အားလုံးကိုလည်း အရည်အချင်းရှိရင် ရှိတဲ့ အလျောက် ချီးမြှင့်မြှောက်စားတော်မူတယ်။

ပြီးတော့ နိုင်ငံတော်အဝှမ်းမှာ သားထိုး၊ နွားသတ်၊ နတ်ကိုး၊ နတ်တင်၊ အရက်ဘိန်းဘင် စတဲ့အလုပ်တွေကိုလည်း တားမြစ်တော်မူတယ်။ အောက်ခြေက အထက်ဆင့်အထိ အမှုထမ်းတွေကိုလည်း တရားစီရင်ရေး၊ ဥပဒေရေးရာ ကိစ္စတွေမှာ မမှန်ကန်မှု၊ မတရားမှုတွေမရှိစေဖို့ အပြစ်ရှိသူကိုရှိတဲ့အလျောက်၊ အပြစ်မရှိသူတွေကိုလည်း မရှိတဲ့ အလျောက် တရားနဲ့အညီ စီစစ်ဆောင်ရွက်စေတဲ့အတွက် ပြည်သူအပေါင်းရဲ့ လေးစားကြည်ညိုတာကိုခံရတဲ့ ပြည်သူချစ်တဲ့ မင်းဖြစ်တယ်။

အလောင်းဘုရားဟာ ရွှေဘိုမဟာနန္ဒာကန်တော်ကြီးနဲ့ အရပ်ရပ်မှာရှိတဲ့ဆည်မြောင်းတွေကို ကိုယ်တော်တိုင်စီရင် ဆည်ဖို့တော်မူတယ်။ မြေဒူးကို ချီတော်မူပြီး မူးမြစ်ကိုဆည်ကာ မဟာနန္ဒာကန်တော်ကနေ မြေဒူးမြို့အနောက်ဘက် မှာရှိတဲ့ မူးမြစ်ဆည်ရာကို ရောက်အောင်မြောင်းတူးဖောက်စေတယ်။ ပြီးတော့မှ ရေကိုသွင်းစေတယ်။

ဘာသာ၊ သာသနာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ရတနာသုံးပါးကို လေးမြတ်ကြည်ညိုတော်မူတဲ့အတွက် ကုသိုလ်ကောင်းမှုတော်တွေကိုလည်း ပြုတော်မူခဲ့တယ်။

အလောင်းဘုရားတည်ထားခဲ့တဲ့ ဘုရားစေတိတွေကတော့  ရွှေဘိုမြို့က မော်ဓောမြင်သာလို့ခေါ်တဲ့ ရွှေစေတီကြီး၊ ရွှေချက်သို စေတီ၊ ရွှေဂူကြီး စတဲ့ဘုရားစေတီတွေ ဖြစ်တယ်။

သာသနာတော်မှာ ဝိနည်းကျမ်းဂန်နဲ့အညီ မကျင့်တဲ့ရဟန်းတွေကိုလည်း မဟာဒဏ်ဝန်ခန့်ပြီးတော့ သုတ်သင်ရှင်း လင်းစစ်ကြောစေကာ သာသနာတော် သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်တော်မူခဲ့တယ်။

အလောင်းဘုရားရဲ့လက်ထက်မှာ မြန်မာစာပေကလည်း တိုးတက်ထွန်းကားပြီးတော့ စာတတ်ပေတတ်ပညာရှိ စာဆိုတွေလည်း ထွက်ပေါ်ခဲ့တယ်။ ထင်ရှားတဲ့စာဆိုတွေကတော့ စိန္တကျော်သူဦးသြ၊ လက်ဝဲသုန္ဒရဘွဲ့ခံ အမတ် ကြီးဦးမြတ်စံနဲ့ ရန်အောင်ဗလ တို့ပဲဖြစ်တယ်။

(၁၇၅၃) ကနေ (၁၇၆၀) ထိ အုပ်စိုးခဲ့တဲ့ အလောင်းဘုရားရဲ့လက်ထက် နိုင်ငံတော်ကတော့ ရခိုင်ကိုချန်ထားပြီး တော့ တနင်္သာရီအထဲနဲ့ မြန်မာတစ်နိုင်ငံလုံး၊ ပြီးတော့ မဏိပူရ ကသည်းပြည်၊ မြောက်ဘက်ရှမ်းနယ်တလွှား၊ အရှေ့ဘက် ရှမ်းနယ်တစ်လွှားတွေပဲ ဖြစ်တယ်လို့ ဆိုပါရစေ။

ဟိန်းဇေ

1 comments:

Post a Comment