သူတို့ယောင်္ကျားတွေ(ကဗျာဘာသာပြန်) ကိုသက်
ကျွန်မငယ်ငယ်က
လမ်းထဲမှာ လျှောက်ပြန်သံပေးလုပ်နေတဲ့ ယောင်္ကျားတွေကို
ခမ်းဆီးနောက်ကွယ်က
ခိုးကြည့်ခဲ့ဖူးရဲ့။
အမူးသမားတွေ၊
အဖိုးကြီးတွေ။
မုန်ညင်းစေ့ထောင်း တို့စရာလို
အနံ့ပြင်းထက်မြတဲ့ လူငယ်တွေ။
ကြည့်။
သူတို့ယောင်္ကျားတွေပဲ
အမြဲခရီးပေါက်နေလိုက်ကြတာ။
ကျွန်မရှိနေတာကို သူတို့သိတယ်။
ဆယ့်ငါးနှစ်အရွယ် မြီးကောင်ပေါက်မလေး
လင်တရူးနေတာကို သူတို့သိတယ်။
ကျွန်မရဲ့ ပြူတင်းပေါက်အောက်မှာ သူတို့ခဏနားမယ်၊
သူတို့ရဲ့ ပခုံးသားတွေ ဖိုနေပုံက
အပျိုမလေးတစ်ယောက်ရဲ့ ရင်သားတွေလို၊
သူတို့ကုတ်အင်္ကျီနောက်မြီးစတွေက
သူတို့တင်သားတွေပေါ်မှာ တဖြတ်ဖြတ်။
သူတို့
ယောင်္ကျားတွေ။
ယောင်္ကျားတွေ။
တစ်နေ့တော့ နင့်ကို
လောကကြီးထဲက
နောက်ဆုံး ကြက်ဥလေးတစ်လုံးလို
သူတို့တွေက
လက်ဖဝါးထဲမှာ တယုတယလေး ထွေးကိုင်ထားမယ်။
ပြီးတော့
လက်သီးကို ဆုပ်လိုက်လိမ့်မယ်။
ညင်ညင်သာသာလေး။
အဖျစ်အညှစ်ခံရတာ
ပထမဆုံးအကြိမ်တော့ အရသာရှိတယ်။
ခဏတာ ထွေးပွေ့တာမျိုး။
နင့်ရဲ့ အကာအကွယ်မဲ့မှူထဲကို နူးနူးညံ့ညံ့လေး။
နည်းနည်းလေးကြာလာတာနဲ့
နာကြင်မှုတွေ စပေါ်လာမယ်။
ကြောက်ရွံ့မှုဘေးပတ်လည်မှာ
လျှောစီးချဖို့အပြုံးတစ်ခုကိုသာ
ညှစ်ထုတ်လိုက်။
မရှူနိုင်မကယ်နှိုင်ဖြစ်လာတာနဲ့
မီးဖိုထဲက မီးခြစ်ဆံခေါင်းတစ်ခုလို
နင့်ရဲ့စိတ် ဖောက်ကနဲကွဲထွက်သွားလိမ့်မယ်
ဘာမှမကြာလိုက်ဘူး။
တစ်စစီစုတ်ပြဲ။
တစ်စစီစုတ်ပြဲ။
သူတို့ရဲ့ ပေါင်ခြံတစ်လျောက်စီးစင်းသွားပြီး
သူတို့ရဲ့ဖိနပ်တွေအထိ စွန်းထင်းသွားစေတဲ့
ချော်ရည်တွေဟာ နင့်ဆီကပေါ့။
လောကကြီး ပြန်တည့်မတ်လာချိန်မှာ၊
နင့်ရဲ့လျှာဖျားကို ရသတွေပြန်လာဖို့ ကြိုးစားနေချိန်မှာ၊
နင့်ရဲ့ ကိုယ်ခန္ဓာကတော့
ဝုန်းကနဲပိတ်သွားခဲ့ပြီ။
ထာဝရ။
ဘယ်သော့နဲ့မှ ဖွင့်မရ။
နင့်ရဲ့စိတ်ပြတင်းလည်း
တုံးတုံးချပိတ်ပေါ့။
လွင့်ပျံ့နေတဲ့ ခန်းစီးနောက်မှာတော့
သူတို့ယောင်္ကျားတွေ လမ်းသလားဆဲ။
သူတို့ပဲသိ၊
သူတို့ပဲတတ်။
သူတို့ပဲ နေရာရောက်ကြ။
ဒီတစ်ခါတော့ ကျွန်မ
ရပ်ကြည့်ရုံသက်သက်ပဲ ကြည့်တော့မယ်။
ဒွိဟစိတ်နဲ့။
Maya Angelou ၏ Men ကို ကိုကိုသက် မြန်မာမှုပြု။
သရုပ်ဖေါ်ပန်းချီစန်းမြင့်
ဒီနေရာကယူပါတယ်။ http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=34&Itemid=77
(မူရင်းကဗျာက ဒီမှာပါ) http://poemhunter.com/poem/men/
(မူရင်းကဗျာက ဒီမှာပါ) http://poemhunter.com/poem/men/
0 comments:
Post a Comment