Friday, December 16, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၁၃)

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁၃)
မင်းမြတ်မင်းတုန်း
မင်းတုန်းမင်းဟာ သာယာဝတီမင်းနဲ့ တောင်ဆောင်တော်မိဖုရားတို့ရဲ့ သားတော်ဖြစ်တယ်။ ညီတော်ကတော့ ကနောင်မင်းသား ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ ဘာသာတရားကို ယုံကြည်ကိုင်းညွှတ်တယ်။ မိမိနိုင်ငံသူနိုင်ငံသားတွေအပေါ် သနားကြင်နာတဲ့စိတ်လည်းရှိတဲ့၊ မင်းတို့ကျင့်ရမယ့် မင်းကျင့်တရား ဆယ်ပါးနဲ့ လည်းပြည့်စုံတဲ့ သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်တယ်။

မန္တလေးရတနာပုံကို တည်ထောင်ခဲ့တဲ့ မြို့တည်နန်းတည်မင်းဖြစ်ပြီး၊ သာသနာတော်မကွယ်မပျောက်ပဲ အရှည် တည်တံ့ထွန်းကားရေးအတွက် ပဉ္စမသင်္ဂါယနာကိုလည်း တင်တော်မူတယ်။ သူ့ရှေ့ကမင်းပြုသွားတဲ့ အဖေတူ အမေကွဲ သူ့နောင်တော်ပုဂံမင်းကတော့ ဦးဆောင်သူတို့ရဲ့ အရည်အချင်းလည်း မရှိ၊ နိုင်ငံအုပ်ချုပ်ရေးတွေမှာ စိတ်ဝင်စားခြင်းမရှိဘဲ အပျော်အပါး၊ အသောက်အစားတွေနဲ့သာအချိန်ကုန်နေခဲ့တဲ့ မင်းညံ့တစ်ပါးဖြစ်လို့ နိုင်ငံသူ နိုင်ငံသားတွေက စိတ်နေစိတ်ထားကောင်းပြီး အရည်အချင်းရှိတဲ့ မင်းတုန်းမင်းသားကိုသာ ထီးနန်းစံဖို့ မျှော်လင့်ခဲ့ ကြတယ်။

(၁၈၅၃) မှာတော့ နောင်တော်ပုဂံမင်းကို ညီတော်ကနောင်မင်းသားနဲ့အတူပုန်ကန်ပြီး ထီးနန်းကချကာ မင်းဖြစ် လာခဲ့တယ်။ သူ အစစအားကိုးရတဲ့ ညီတော်ကနောင်မင်းသားကိုတော့ အိမ်ရှေ့အရာအပ်နှင်းခဲ့တယ်။ မင်းတုန်းမင်း လက်ထက်မှာ တိုင်းပြည်အေးချမ်းသာယာပြီး နိုင်ငံသူနိုင်ငံသားတွေ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာ နေထိုင်ခဲ့ကြရ တယ်။

ရတနာသုံးပါးကို အလွန်ကြည်ညိုတဲ့အတွက် နိုင်ငံတော်အတွင်းမှာ သာသနာတော်တိုးတက်ထွန်းကားရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့တယ်။ မင်းတုန်းမင်းဟာ သနားကြင်နာတတ်သူဖြစ်လို့ သွေးထွက်သံရိုဖြစ်မယ့် အလုပ်တွေကို လည်း စက်ဆုပ်ရွံရှာတယ်။ စစ်ကိုလည်းမလိုလားသလို ရက်စက်ကြမ်းကြုတ်တဲ့အမှုမျိုးကို မနှစ်သက်တဲ့မင်းဖြစ် တဲ့အတွက် ဘယ်သူ့ကိုမှ သတ်စေဆိုတဲ့အမိန့်မျိုးကိုလည်း မပေးခဲ့ဘူး။ မိမိအသက်နဲ့ ထီးနန်းစည်းစိမ်ကို ရန်ရှာ တဲ့သူပုန်တွေကိုတောင် ဖမ်းမိတဲ့အခါ အသက်ဘေးမှချမ်းသာရာရစေဖို့ဆောင်ရွက်ခဲ့တဲ့ မြန်မာ့သမိုင်းမှာ ရှားရှားပါး ပါးဖြစ်တဲ့ သူတော်ကောင်းမင်းမြတ်လို့ ဆိုရမှာဖြစ်တယ်။

မင်းတုန်းမင်းဟာ နိုင်ငံတော်အရေးနဲ့ နယ်ချဲ့အင်္ဂလိပ်နဲ့ဆက်ဆံရေးတွေမှာလည်း အဆင်ပြေအောင် လိမ်လိမ် မာမာနဲ့ ကျိုးကြောင်းမြော်မြင်ကြီး ဆောင်ရွက်နိုင်ခဲ့တဲ့ ထူးခြားတဲ့အရည်အချင်းတွေနဲ့ပြည့်စုံတဲ့မင်း ဖြစ်ပါတယ်။ သူဟာ အင်္ဂလိပ်နဲ့ဆက်ဆံရာမှာ ဖြစ်ပြီးခဲ့တဲ့အခြေအနေတွေအပေါ် ဆင်ခြင်သုံးသပ်ပြီး သူ့လက်ထက် လက်ရှိ အခြေအနေ၊ လက်ရှိအနေအထားမှာ ဘယ်လိုကျင့်သုံးဆောင်ရွက်ရမယ်၊ အဆင်ပြေအောင်အလိမ္မာနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာကို ကောင်းကောင်းနားလည် သဘောပေါက်ပါတယ်။ ဖြစ်ပြီးသွားခဲ့တဲ့ စစ်ပွဲနှစ်ပွဲကို သင်ခန်း စာယူပါတယ်။

ရေးရရင်တော့ သမိုင်းကြောင်းကို ပန်လှည့်ရမှာ ဖြစ်ပါတယ်။ ဒါက အင်္ဂလိပ်နဲ့ ပထမဖြစ်ခဲ့ရတဲ့အကြောင်းပါ။ အဲဒီ တုန်းက ဘကြီးတော်ဘုရားလက်ထက်။ ဘကြီးတော်ဘုရားကလည်း စစ်ကိုလိုလားတဲ့မင်းဖြစ်တယ်။ ရှေ့ကမင်း တွေဖြစ်တဲ့ အလောင်းဘုရားတို့၊ ဆင်ဖြူရှင်တို့လိုမင်းတွေက စစ်ရေးစွမ်းရည်တွေမြင့်မားပြီး အောင်ပွဲတွေနဲ့ ကြွား ကြွားဝင့်ဝင့်နေနိုင်လာခဲ့တော့ ဘကြီးတော်ဘုရားကလည်း ဒီလိုပါပဲ။ စစ်စိတ်၊ စစ်သွေး၊ စစ်မာန်တွေရှိနေခဲ့တယ်။ အောင်ပွဲတွေရမယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ်။

သူ့လက်ထက်မှာ အင်္ဂလိပ်နဲ့မသင့်မတင့်ဖြစ်ပြီး အခြေအနေဆိုးလာတယ်။ နှစ်ဖက်စလုံးက တင်းကြတော့ နောက် ဆုံး စစ်ဖြစ်တယ်။ ဒီစစ်ပွဲက အင်္ဂလိပ်နဲ့ပထမဆုံးဖြစ်တဲ့ စစ်ပွဲ။ ဘကြီးတော်ဘုရားက ဒီစစ်ကို လုံးဝရှုံးလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် ဒီစစ်ပွဲက ကမ္ဘာလှည့်ပြီးနယ်ချဲ့လာတဲ့ အိမ်နီးချင်းအိန္ဒိယကိုတောင်သိမ်းနိုင်ခဲ့တဲ့ အင်္ဂလိပ်နဲ့ တိုက်ရတော့ မြန်မာတွေရှုံးခဲ့ရတယ်။ မြန်မာတွေကိုင်တဲ့အမြောက်တို့ သေနတ်တို့ဆိုတာတွေက ခေတ်မမီတော့ ဘူး။ လက်နက်ချင်းက သိပ်ကွာတယ်။ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ သတ္တိ၊ ဗျတ္တိတွေ ဘယ်လောက်ရှိခဲ့ပေမယ့် လက်နက် သိပ်ကွာနေလို့ စစ်သူကြီးမဟာဗန္ဓုလနဲ့ သူရဲကောင်းစစ်သည်တွေ အမြောက်အများ ကျဆုံးခဲ့ရတယ်။

အဲဒီနောက် ပုဂံမင်းလက်ထက်မှာ ဒုတိယစစ်ပွဲထပ်ဖြစ်တယ်။ ဒီစစ်ပွဲက မြန်မာတွေရဲ့ အနေအထားကို သိနေ ပြီဖြစ်တဲ့အတွက် နယ်ချဲ့က သက်သက်အနိုင်ကျင့်သိမ်းယူတဲ့ ပွဲပဲဖြစ်တယ်။

စစ်ပွဲနှစ်ပွဲဖြစ်ရလို့ မြန်မာမြေကသုံးပုံနှစ်ပုံလောက် နယ်ချဲ့လက်ထဲရောက်သွားပြီး မင်းတုန်းမင်းနန်းတက်တော့ အထက်မြန်မာပြည် တစ်ပုံလောက်ပဲကျန်တော့တယ်။ ဒီလိုအခြေအနေမျိုးမှာ တက်လာတဲ့မင်း ဘာဆက်လုပ်မလဲ။ ဘကြီးတော်ဘုရားလို စစ်ကိုဦးစားပေးဦးမှာလား။ အဓိကက ကိုယ့်အခြေအနေ၊ ကိုယ့်အနေထားကို ပညာသိနဲ့ မှန်မှန်ကန်ကန်သိဖို့ပဲ ဖြစ်တယ်။

မင်းတုန်းမင်းက ချီးကျုးရမယ့် မင်းပါ။ နှိုးင်းနှိုင်းချိန်ချိန်နဲ့ တွေးဆမျှော်မြင်နိုင်တယ်။ လိမ္မာပါးနပ်တယ်။ သူတက် လာတော့ နယ်ချဲ့အင်္ဂလိပ်နဲ့ အဆင်ပြေအောင်ဆက်ဆံနိုင်ဖို့ ဆောင်ရွက်ပါတယ်။

မင်းတုန်းမင်းလက်ထက်မှာ ငြိမ်းချမ်းရေးကိုရှေ့တန်းတင်ပြီး အင်္ဂလိပ်နဲ့အဆင်ပြေသင့်မြတ်အောင် ဆောင်ရွက်နိုင်ခဲ့ တဲ့အတွက်လည်း (၁၈၆၂) မှာ အောက်မြန်မာနိုင်ငံကော်မရှင်နာမင်းကြီးဖြစ်တဲ့ ဆာအာသာဖယ်ယာ မင်းတုန်းမင်း ထံရောက်လာပြီး ကူးသန်းရောင်းဝယ်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

မင်းတုန်းမင်းနဲ့ သူ့ညီတော် ကနောင်မင်းသားတို့ဟာ ခေတ်မှီစက်မှုနည်းပညာပိုင်းတွေ၊ကူးသန်းရောင်းဝယ်ရေးပိုင်း
တွေမှာ မြန်မာနိုင်ငံနောက်ကျကျန်ရစ်ခဲ့တာတို့ အတွေ့အကြုံတွေအရ သိမြင်သဘောပေါက်ကြတဲ့အတွက် တိုး တက်နေတဲ့နိုင်ငံတွေရဲ့နည်းလမ်းကိုလိုက်ကာ နိုင်ငံတော်ခေတ်မှီတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံကို ပညာတော် သင်တွေ စေလွှတ်ခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေကလည်း ဓာတ်အားပေးမီးစက်၊ ပွတ်ခံစက်၊ သံပြားကြိတ်စက်၊ ဒင်္ဂါးသွန်းစက်၊ ပန်းကန်စက်၊ ရက် ကန်းစက်၊ ဆန်စက်၊ အမြောက်၊ ဗုံး၊ သေနတ်ထုတ်လုပ်တဲ့ လက်နက်သွန်းစက်၊ လွှစက်၊ သကြားစက်၊ မဲနယ်ချက် စက် စတဲ့ စက်အမျိုးပေါင်း (၅၀) ကျော်ကိုဝယ်ယူပြီး နိုင်ငံကိုခေတ်မီတိုးတက်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။

ညီတော်ကနောင်မင်းသားဟာ ရှေ့ကိုကျိုးကြောင်းမြော်မြင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် နိုင်ငံတော်ကာကွယ်ရေးမှာ စစ်မှုထမ်းတွေအမြဲရှိနေဖို့ မြန်မာတပ်တွေကို စစ်ဖက်ဆိုင်ရာပြုပြင်မှုတွေ ပြုလုပ်ခဲ့ပြီး၊ တိုက်ခိုက်မှုစွမ်းရည်ပြည့်စေ ဖို့လည်း စစ်သည်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့တယ်။ နိုင်ငံတော်အတွင်း တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်ရေးလျင်မြန်စေဖို့အတွက် မြန်မာအက္ခရာသုံး ကြေးနန်းစက်ကို ယောအတွင်းဝန်ဦးဖိုးလှုင်နဲ့တိုင်ပင်ပြီး တီထွင်ခဲ့တယ်။

မင်းတုန်းမင်းဟာ (၁၈၇၁) မှာ ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်တဲ့ မြန်မာသံအဖွဲ့ကို အင်္ဂလန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေကို စေလွှတ်တယ်။ နောင်တော်ပုဂံမင်းလက်ထက်မှာ အင်္ဂလိပ်နဲ့ ဒုတိယစစ်ပွဲဖြစ်တာ စစ်ရှုံးတဲ့ အတွက် စစ်ပြေငြိမ်းဖို့ကို မင်းတုန်းမင်းတက်လာတဲ့အခါမှာ သဘောတူခဲ့ရပေမယ့် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ် တွေ သိမ်းပိုက်တာကိုတော့ အသိအမှတ်မပြုခဲ့ဘူး။ ပဲခူးနယ်ကို ပြန်ရဖို့တောင်းခဲ့ပေမယ့်လည်း အင်္ဂလိပ်က လက်မခံတဲ့အတွက် မင်းတုန်းမင်း စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်။

နိုင်ငံတော်စီးပွားရေးမှာလည်း ဆည်မြောင်းချောင်းကန်တွေကို ပြုစုပြီး၊ လယ်ယာလုပ်သားဆင်းရဲသားတွေကို စရိတ်ငွေထုတ်ပေးကာ လုပ်ဆောင်စေခဲ့တယ်။ ကျွန်းသစ်၊ ရေနံ၊ ကျောက်နီစတဲ့ ကုန်စည်တွေကိုတော့ မိမိတစ်ဦး တည်းပိုင်အဖြစ် တူးဖော်လုပ်ကိုင်ရောင်းချတယ်။

ပညာရေးအနေနဲ့ ပိဋကတ်ကျမ်းဂန်စာပေသင်ကြားရေးကို ဆောင်ရွက်သလို အင်္ဂလိပ်ဘုန်းတော်ကြီး ဆရာမတ်ကို အင်္ဂလိပ်စာသင်ကျောင်းဆောက်ပေးပြီး သားတော်တွေကို ဆရာမတ်ထံ အင်္ဂလိပ်စာသင်ယူစေတယ်။

ဘာသာသာသနာရေးနဲ့ပတ်သက်ပြီး ကောင်းမှုတော်တွေကို ကြည့်မယ်ဆိုရင်လည်း လောကမာရဇိန်ကျောင်းတော် ကြီး၊ ကောင်းမှုတော် စတဲ့ ဘုရားစေတီတွေကိုတည်တယ်။ သာသနာတော်တည်တံ့ထွန်းကားရေးကို ကောင်းစွာ ဆောင်ရွက်တယ်။ စာပြန်ပွဲတွေပြုလုပ်တယ်။ ရွှေတိဂုံစေတီတော်ကို ထီးတော်တင်လှူတယ်။ ပိဋကတ်သုံးပုံပါဠိ တော်တွေကို သံဃာတော်တွေ သင်္ဂါယနာတင်ပြီးမှ ကျောက်ထက်အက္ခရာတင်ပြီး လောကမာရဇိန်ဘုရားပရဝုဏ် အတွင်းမှာစိုက်ထူကိုးကွယ်တဲ့ ပဉ္စမသင်္ဂါယနာတင် မင်းမြတ်ဖြစ်တယ်။

မင်းတုန်းမင်းလက်ထက်မှာ ပထမဆုံးအနေနဲ့ ရတနာပုံနေပြည်တော်မှာ သတင်းစာတစ်စောင်ကိုလည်း စတင် ထုတ်ဝေခဲ့တယ်။ ဒီသတင်းစာအမည်ကတော့ ရတနာပုံသတင်းစာဖြစ်ပြီး စာတည်းလုပ်တဲ့ပုဂ္ဂိုလ်ကတော့ ဘီုးဝဇီရ ဖြစ်တယ်။

သတင်းစာကိုလည်းငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့ မိဖုရားများမကောင်းလျှင် ငါ့မိဖုရားကိုရေး၊ ငါ့ သားသမီးများ မကောင်းလျှင် ငါ့သားသမီးများကိုရေး၊ ငါ့ ဝန်ကြီးများ မကောင်းလျှင် ငါ့ဝန်ကြီးများကိုရေး၊ အပြစ်မရှိစေရဆိုပြီး သတင်းစာလွတ်လပ်ခွင့်ကိုလည်း ပထမဆုံးပေးခဲ့တဲ့ မင်းဖြစ်တယ်။

မင်းတုန်းမင်းဟာ (၁၈၅၇) မှာ မန္တလေးတောင်အနီးမှာ ရတနာပုံမြို့သစ်ကိုတည်ပြီး အမရပူရကနေ ပြောင်းရွှေ့စိုးစံ တော်မူတယ်။
သူ့လက်ထက်မှာ ထင်ရှားတဲ့ စာဆိုပညာရှိတွေကတော့ မောင်းထောင်းဆရာတော်၊ စလေဦးပုည၊ ကနောင် မင်းသားရဲ့မိဖုရား လှုင်ထိပ်ခေါင်တင်၊ ဆင်ဖြူရှင်မင်းရဲ့ကိုယ်လုပ်တော် ရှင်မင်းကမွေးဖွားတဲ့ ပြင်စည်မင်းသား၊ ကောင်းတုံဝန်မင်းကြီးကတော် ခင်ဆုံနှင့် သတင်းစာဆရာကြီး ဘိုးဝဇီရ တို့ ဖြစ်ပါတယ်။

ဒီမင်းလက်ထက်မှာ သူ့အတွက်ရော၊ နိုင်ငံတော်အတွက်ပါ ကံဆိုးခဲ့ရတာရှိပါတယ်။ အဲဒါကတော့ မင်းတုန်းမင်းက လက်ရုံးတစ်ဆူလို ယုံကြည်အားကိုးရတဲ့ ညီတော်အိမ်ရှေ့စံ ကနောင်မင်းသား လုပ်ကြံခံလိုက်ရတာပါပဲ။ လုပ်ကြံသူ တွေကတော့ မင်းတုန်းမင်းရဲ့သားတော်နှစ်ပါးဖြစ်တဲ့ မြင်ကွန်းမင်းသားနဲ့ မြင်းခုံမင်းသားပါ။ ဦးရီးတော်ကနောင်မင်းသား အိမ်ရှေ့အရာရတာကို မကျေနပ်ကြတဲ့အတွက် လုပ်ကြံခဲ့ကြတာပဲဖြစ်ပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်တို့လို အနောက်နိုင်ငံတွေနဲ့ရင်ဘောင်တန်းနိုင်အောင် နိုင်ငံတော်တိုးတက်ခေတ်မီရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်နေတဲ့ ဒီအိမ်ရှေ့မင်းလုပ်ကြံခံလိုက်ရတဲ့အတွက် မင်းတုန်းမင်းအတွက်ပါမက နိုင်ငံအတွက်ပါ ကြီးမားတဲ့နစ်နာဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။

မင်းတုန်းမင်းဟာ (၁၈၅၃) မှာ နန်းရခဲ့ပြီး၊ (၁၈၇၈) မှာ ကျန်းမာတော်မမူလို့ နတ်ရွာစံခဲ့ရတယ်။ ထီးနန်းစည်းစိမ် (၂၅) နှစ်ဖြစ်ပြီး မြန်မာ့သမိုင်းမှာထူးခြားပြီး ရှားပါးတဲ့၊ ကိုယ်ကျင့်တရားကောင်းပီး မင်းကောင်းတို့ ကျင့်ရမယ့် မင်းကျင့်တရား (၁၀) ပါးနဲ့လည်းပြည့်စုံတဲ့၊ နယ်ချဲ့အင်္ဂလိပ်နဲ့ဆက်ဆံရေးမှာလည်း အသိအလိမ္မာပညာဥာဏ်ရှိတဲ့၊ နိုင်ငံသူနိုင်ငံသားတွေချစ်တဲ့ စံပြုကြရမယ့် သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်တယ်ဆိုတာကို ရေးလိုပါတယ်။

ဟိန်းဇေ
၁၁..၂၀၁၁

ပြီးပါပြီ။

0 comments:

Post a Comment