Sunday, December 18, 2011

နှင်းဆီသေတ္တာထဲက အိပ်မက်ကြွေညများ(တာကောဒီ)

0 comments
ပန်းချီထိန်လင်း
နှင်းဆီသေတ္တာထဲက အိပ်မက်ကြွေညများ(တာကောဒီ)
၁၉၇၆- သြဂုတ်လ (၂၀) ရက် . . နံနက် (၉) နာရီ
အင်းစိန်ထောင်ဗူးဝအနီးရှိ မူလတန်းကျောင်းကလေးတွင် ခင်းကျင်းထားသော စစ်ခုံရုံး ၊ စစ်သားများ၊ ရဲများ ပျားပန်းခတ် လှုပ်ရှားနေကြသည်။ ဤစစ်ခုံရုံးတွင် ဗမာပြည်သမိုင်းတွင်ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သော သခင်စိုးကို စစ်ဆေးကြားနာပြီး သေဒဏ်ပေးခဲ့သည်။
သံဃာတော်များ  ကျောင်းသားများ အလုပ်သမားများကို မဆလ အစိုးရအားဆန့်ကျင်မှုဖြင့်  ထောင်ဒဏ်အမျိုးမျိုး ချမှတ်ခဲ့သည်။
ဤစစ်ခုံရုံးတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား  အရှိုချင်းအမျိုးသား ကိုတင်မောင်ဦးကို သေဒဏ်ချမှတ်ခဲ့ သည်။
ယနေ့ ဤစစ်ခုံရုံးတွင်.......
စာသင်ခန်းနံရံရှိ ကျောက်သင်ပုန်းကြီးကို ကြယ် ၁၄ ပွင့် နိုင်ငံတော်အလံသစ် ဖြန့်ကျက်ဖုံးလွှမ်းထားသည်။ အပေါ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ဓါတ်ပုံ ရန်ကုန်တိုင်း စစ်ခုံရုံးအမှတ်(၂) က  ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ဇော်သန်းစိန် ပါ(၁၀) ဦးတို့အပေါ်  ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)-၁ အရ အကျဉ်းနည်းဖြင့်ကြားနာစစ်ဆေးလျက်ရှိသည်။
တရားခွင်၏အလယ်တွင် ခုံရုံးဥက္ကဌဖြစ်သူ ဒု-ဗိုလ်မှူးကြီး ခင်မောင်ညွန့်က ထိုင်လျှက်ရှိပြီင်္း ၎င်း၏တဖက်တချက်တွင် တပ်မတော်(လေ)နှင့် (ကြည်း) မှ ဗိုလ်မှူးနှစ်ဦးတို့ကအဖွဲ့ဝင်အဖြစ် ထိုင်လျက်ရှိကြ၏။

၎င်းတို့ရှေ့ရှိစားပွဲခုံပေါ်တွင် . . "အရှေ့လေ" စာစောင်များ၊ နီရဲသောအဖုံးများဖြင့်အိပ်ဆောင် မော်စီတုံးအတွေးအခေါ် စာအုပ်များ၊ သက်သေခံအဖြစ် ခင်းကျင်းပြသထားသည်။ ကုန်သွယ်ရေး (၉) မှရောင်းချသည့် အင်္ဂလိပ်ဘာသာပြန် မော်စီတုံးလက်ရွေးစင်ကျမ်း(၄) တွဲကို စီထောင်ထားပြီး၊ လီနင်၏မျက်နှာပြည့်ဓါတ်ပုံတပုံကို ထောင်ထားသည်။ စာသင်ခန်း၏အလယ်ခေါင် စာသင်ခုံတန်းလျားအပေါ်တွင် နှစ်ယောက်တတွဲလက်ထိပ်ခတ်ထားသည့် ကျောင်းသားလူငယ်(၉)ဦး ခပ်ပြုံးပြုံးမျက်နှာပေးဖြင့်ထိုင်နေကြသည်။ သူတို့သည် တရားခွင်ကိုဂရုမစိုက် အချင်းချင်းရယ်မောပြော ဆိုနေကြသည်။ တရားခွင်ရှေ့တွင် ပြည့်သူ့ရဲအထူးသတင်းပေးတပ်ဖွဲ့မှ တာဝန်ရှိသူများက သက်သေခံ တယောက်တလဲထွက်ဆိုနေကြသည်။ ၎င်းတို့၏ထွက်ဆိုချက်များကို တပ်ကြပ်ကြီးတယောက်က လက်နှိပ်စက်တဗြောင်းဗြောင်းရိုက်လျက်ရှိ၏။ တခါတရံတွင် သူသည်လက်နှိပ်စက်ရိုက်ရပ်လိုက်ပြီး နံဘေးရှိ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော" ရွှေသွေး" စာစောင်ကိုကောက်ဖတ်နေ၏။

ခုံရုံးခေတ္တနားချိန်တွင်  ထိုအချိန်က ရန်ကုန်တိုင်းရဲမင်းကြီး ဦးဥဂ္ဂါ ဝင်လာသည် ။
"သားတို့နေကောင်းကြရဲ့လားဟေ့  " သူကကျောင်းသားများကို ပြုံးရွှင်စွာနှုတ်ဆက်ရင်း ဒူးယားစီးကရက်များနှင့် ဘီစကစ်မုန့်ထုပ်များဝေပေးနေသည်။
"နေကောင်းပါတယ်ခင်ဗျ ၊  ဗိုလ်မှူးချုပ်ကျော်ဇော တောခိုသွားတယ်ဆိုတာဟုတ်သလား အန်ကယ်" ကျောင်းသား တယောက်ကမေးလိုက်သည်။ "ဟုတ်တယ်ကွ" "ဝေးဟေးဟေးဟေး.ဒါမှ ဗိုလ်ချုပ်ကျော်ဇောကွ" ကျောင်းသားများက ဝမ်းမြောက်ဝမ်းသာ သံပြိုင်အော်လိုက်ကြသည်။ လှံစွပ်တပ်သေနတ်ကိုင် အစောင့်စစ်သားလေးများ၏ နုပျိုသောမျက်နှာများပေါ်တွင် အံ့သြဝေခွဲမရသောအရိပ်များထိုးကာ သူတို့နှင့် အသက်အရွယ်မတိမ်းမယိမ်းကျောင်းသားလူငယ်များကို ငေးစိုက်ကြည့်နေကြသည်။
စစ်ခုံရုံးပြန်လည်စတင်ချိန်တွင် ကျောင်းသားများကို စွဲချက်များဖတ်ပြပြီး အပြစ်ရှိ/မရှိ မေးမြန်းနေသည်။ ရှေ့နေမပါ။ ပြန်လှန်စစ်မေးခွင့်မရှိ ။ ကိုယ်တိုင်ခုခံချေပခွင့်မရှိ။ သက်သေတင်ပြခွင့်မရှိ  It's a farce !
"မရှိဘူး"
"လုံးဝ..လုံးဝ အပြစ်မရှိဘူး"
"စိုးစဉ်းငယ်မျှ မရှိဘူး"
တယောက်ပြီးတယောက် မထေမဲ့မြင်ဖြေနေကြသည်။
"ဟုတ်ကဲ့..ကျနော်တို့မှာ အပြစ်ရှိသလား..ခင်ဗျားတို့မှာ အပြစ်ရှိသလားဆိုတာ..တနေ့ကျရင် ပြည်သူတွေက အဆုံးအဖြတ်ပေးပါလိမ့်မယ်"
ခိုင်မာပြတ်သားသည့် ကျောင်းသားတဦး၏ဖြေသံက..စစ်ခုံရုံးထဲတွင်မြည်ဟည်းပဲ့တင်သွားပြီး အားလုံးတိတ်ဆိတ်သွား၏။
စစ်ခုံရုံးဥက္ကဌကပြုံးလိုက်ပြီး "ဟုတ်ကဲ့ ၊ ကျနော် မှတ်တမ်းတင်ထားပါ့မယ်" ဟုပြန်ဖြေလိုက်၏။ ထို့နောက်  စီရင် ချက်ကိုဖတ်ပြသည် ။
"စီရင်ချက်ထဲတွင် တရားခံကျောင်းသားလူငယ်(၉)ယောက်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ုကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်ရှိ ကျောင်းသားများနှင့်အလုပ်သမားလူငယ်များဖြစ်ကြပြီး၊ ၎င်းတို့သည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏  လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်ကြကြောင်း၊ ၎င်းတို့သည် မတ်လီနင်ဝါဒမော်စီတုံးအတွေးအခေါ်လေ့လာရေးအစုများဖွဲ့ပြီး ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ဖြိုခွဲရန်ကြံစည်ကြကြောင်း၊ ၁၉၇၆ခုနှစ်တွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ တက္ကသိုလ်ကောလိပ်အသီးသီးတွင် မတ်လ(၂၃)ရက်  သခင်ကိုယ်တော်မှိုင်းရာပြည့်အထိမ်းအမှတ် ဆန္ဒပြဆူပူမှုများဖြစ်ပွားစေရန် "အရှေ့လေ" စာစောင်များရေးသားဖြန့်ချီလှုံ့ဆော်ခဲ့ကြကြောင်း စသဖြင့်ဖော်ပြကာ၊ ကျောင်းသားလူငယ် (၃) ဦးအား အလုပ်နှင့်ထောင်ဒဏ်(၉) နှစ်၊ (၅) ဦးအား အလုပ်နှင့် ထောင်ဒဏ် (၇) နှစ်၊ (၁) ဦးအား အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး၊ နောက်တဦးအား တရားခံပြေးအဖြစ် ကြေငြာလိုက်သည်။
စစ်ခုံရုံးသိမ်းချိန်တွင် ကျောင်းသားတဦးကစတင်ပြီး နိုင်ငံတကာသီချင်းကို သီဆိုလိုက်ရာမှ ပြစ်ဒဏ်ကျ ကျောင်းသားအားလုံး မတ်တပ်ရပ်ပြီးသံပြိုင်သီဆိုကြသည်။
          ထလော့ xx အငတ်ဘေးကျရောက်သူ အပေါင်းတို့တတွေ x
          ထလော့ xx ကမ္ဘာတဝှမ်းကကျေးကျွန်တွေ
          တော်လှန်ကာ xx ထစ်ချုန်း ဟစ်ကြွေးကြော်လို့နေ . .
"ဟေ့..ရပ်..ရပ်" . . စစ်ခုံရုံးတခုလုံး ရုပ်ရုပ်သဲသဲဖြစ်သွား၏။ အစောင့်စစ်သားရဲဘော်လေးများက အလန့်တကြားဖြင့် သေနတ်မောင်းတင်ကာ ကျောင်းသားများကို ထိုးချိန်လိုက်ကြ၏။ လုံခြုံရေးရဲများက ကျောင်းသားများကိုကားပေါ်သို့ အတင်းဆွဲခေါ်တင်ကြသည်။ နောက်  ဗူးတံခါးပွင့်လာသော အင်းစိန်ထောင်ကြီးအတွင်းသို့ ကားတရှိန်ထိုးမောင်းဝင် သွားကြသည်။

ထိုစဉ်က အသက်(၂၃)နှစ်ရွယ်ကျောင်းသားလူငယ်တဦးအနေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခံခဲ့ရသော ကျနော်သည် နောက် (၁၅) နှစ်အကြာတွင်  ကျောင်းသားတိုက်ပွဲ။ လူထုတိုက်ပွဲ လှိုင်းတံပိုးကြီးများကိုကျော်ဖြတ်ကာ၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး မီးရှုးတိုင်ကြီးကို လက်ကမ်းသယ်ဆောင်ရင်း ရှေ့နေတဦးအဖြစ် ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ- ၅ (ည) အရ  စစ်ခုံရုံးတခုမှ အလုပ်နှင့်ထောင်ဒဏ် (၁၄) နှစ် ပြစ်ဒဏ်ချမှတ်ခံရလိမ့်ဦး မည်ဟု လုံးဝမမျှော်လင့်ခဲ့မိပေ။

ကျနော်သည် ၂၀၀၃ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အသက် (၅၀)တင်းတင်းပြည့်ပေတော့မည်။ ကျနော်၏ ယခု အချိန်ထိဘဝသက်တမ်းတလျောက်တွင် နိုင်ငံရေးအကျဉ်းသားတဦးအနေဖြင့် ထောင်ဒဏ်(၇)နှစ်နှင့် ထောင်ဒဏ် (၁၄)နှစ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး၊ သက်တမ်း၏သုံးပုံတပုံနီးပါးအချိန်များကို အင်းစိန်ထောင်နှင့်မန္တလေးထောင်တို့တွင် ကုန်ဆုံးခဲ့ရပေပြီ။ ဝါးရမ်းပြေး (Absconder) တဦးအနေဖြင့်၊ ဖခင်၏ဈာပနကို လျို့ဝှက်ပုန်းကွယ်လိုက်ပါပို့ဆောင်ခဲ့ရသောကျနော်သည် ဒုတိယအကြိမ် နရသိန်နှစ်ကာလများအတွင်း မိခင် အကိုကြီးနှင့် နှမငယ်တယောက် လက်လွှတ်ဆုံးရှုံးခဲ့ရပေပြီ။

လေးဘက်အုတ်နံရံ၊ အချုပ်ခန်းသံတိုင်နှင့်အခန်းကျဉ်းတခုအတွင်း (၁၄) နှစ်ကြာကျော်မျှ မိမိ၏ ပျိုရွယ်နုသစ်သောအချိန်ကာလများကို မြှုပ်နှံသဂြိုလ်ခဲ့ရသော ကျနော်သည် နရသိန်၏အထီးကျန်စိတ္တဇညများတွင် ကျနော်တို့ဖြတ်သန်းခဲ့ရသောခေတ်ကြီး၊ ကျနော်တို့၏ ရင်ခုန်သံများနှင့် အိပ်မက်များကိုအပြန်ပြန်အလှန်လှန် ဆန်းစစ်ချိန်ထိုးကြည့်မိသည်။

ကျနော်တို့သည် တရားမျှတမှုနှင့်လွတ်လပ်မှုကို ချစ်မြတ်နိုးသောလူငယ်တဦးအနေဖြင့် ကျနော်တို့၏ယုံကြည်ချက်၊ အယူဝါဒများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ မိမိတိုင်းပြည်ကို ဖွံ့ဖြိုးကြွယ်ဝပြီး ဂုဏ်သိက္ခာရှိသော တိုင်းပြည်ကြီးတပြည်အဖြစ်တွေ့မြင်လိုစိတ်၊ အလုပ်သမား လယ်သမား အဖိအနှိပ်ခံပြည်သူများနှင့် ဆိုရှယ်လစ်စံနစ်ကြီးကို ချစ်မြတ်နိုးစိတ်တို့ဖြင့် တိုက်ပွဲမီးတောက်မီးလျှံကြီးများကို ဖြတ်သန်းခဲ့ကြသည်။ အမှောင်ထုကိုခွင်းဖောက်၍ အလင်းပွင့်သစ်များကို လက်ဆင့်ကမ်းခဲ့ကြသည်။

အမေ့ရင်ခွင်၊ ချစ်သူ့အနမ်းနှင့် သမီးငယ်လေးများ၏ ချိုလွင်ကြည်မြသောရယ်မောသံများကို ကျောခိုင်းခွန့်လွှတ်ခဲ့ကြသည်။ (အများအကျိုးစီးပွါးနဲ့ကိုယ်ကျိုးစီးပွါးဆိုတာရေနဲ့မီးလိုဆန့်ကျင်တယ်) ဟူသည့် မော်စီတုံးအတွေးအခေါ်ကို နှလုံးသားဝယ်စိုက်ထူရင်း မိမိတို့၏တကိုယ်ရေမျှော်လင့်ချက်များနှင့် ပုဂ္ဂိုလ်ရေးဘဝတို့ကို တော်လှန်ရေးမီးလျှံများကြားတွင် စတေးခဲ့ကြသည်။  

(အနှစ် ၉၀၀၀ တွင် မြေကမ္ဘာသို့ တကြိမ်လာသော " ဟိုင်ယာတာကီကြယ်တံခွန်ကြီးကို၊ မန္တလေးထောင် တိုက်ခန်းသံတိုင်များကြားမှ စောင့်မျှော်ကြည့်ရှုခဲ့ရသောကျနော်သည် ပထမဆုံးအလုပ်သမားလယ်သမားနိုင်ငံတော် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲကျဆုံးသွားပုံ၊ အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံများ ပြည်သူတို့၏ အုံကြွတော်လှန်မှုကြောင့်  ပြိုလဲဇာတ်သိမ်းခဲ့ရပုံ)
(သေပန်းပွင့်နေသော အရင်းရှင်စံနစ် (Moribund Crpitalism) ဟု ကျနော်တို့ ခေါ်ဝေါ်သမုတ်ခဲ့သည့် လစ်ဘရယ်ဒီမိုကရေစီက  ကွန်မြူနစ်ဝါဒအပေါ်အောင်ပွဲဆင်သွားပုံတို့ကို နာကျင်ကြေကွဲစွာဖြင့်ပင်၊ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပေသည်။ အိပ်မက်ကြွေညများ)တံတားအောက်တွင် မြစ်ရေများစွာတို့ ဖြတ်သန်း စီးဆင်းခဲ့ကြလေပေပြီ . . ။

                                                                                                                                               ဆက်လက်ဖေါ်ပြပါဦးမည်။
 (ရေးတာက)တာကောဒီ
(ပုံက) ထိန်လင်း
(ယူတာက ဒီက) http://www.kaungkin.com/index.php?option=com_content&view=article&id=645:article&catid=37:2009-04-17-01-30-25&Itemid=64

0 comments:

Post a Comment