ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၆)
မင်းမြတ်ကျန်စစ်သား
အခုရေးမယ့် မြန်မာ့သမိုင်းမှာ အလွန်ထင်ရှားတဲ့မင်းတစ်ပါးဖြစ်တဲ့ ကျန်စစ်သား (ထီးလှိုင်ရှင်) အကြောင်းကလည်း ရေးရမယ်ဆိုရင် တကယ့်ကိုစိတ်ဝင်စားစရာတွေနဲ့ပါ။ ကျန်စစ်သားဟာ ပုဂံမင်းတွေထဲမှာ အနော်ရထာပြီးရင် နိုင်ငံတော်တည်တံ့ရေး၊ တိုးတက်ရေး၊ နိုင်ငံတော် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာသာသနာတော်ရေးကိစ္စတွေမှာ စွမ်းစွမ်း တမံသယ်ပိုးဆောင်ရွက်ခဲ့တဲ့ လက်ရုံးရည်၊ နှလုံးရည်တို့နဲ့ ပြည့်စုံတဲ့ သူရဲကောင်းမင်းကောင်းမင်းမြတ်ဖြစ်တဲ့အတွက်ကြောင့်လည်း မြန်မာ့ သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။
ဒီနေရာမှာ ရေးရမယ်ဆိုရင် အလွန်စိတ်ဝင်စားစရာကောင်းတာက ကျန်စစ်သားကိုမွေးခဲ့တဲ့ မိဘတွေနဲ့ ပတ်သက် ခဲ့လို့ပဲဖြစ်ပါတယ်။ ကျန်စစ်သားရဲ့ဖခင်အစစ်ဟာ ဘယ်သူပါလဲ။ မိခင်ကရော ဘယ်သူပါလဲ။ အခုချိန်ထိ အထောက် အထားခိုင်ခိုင်မာမာနဲ့ တိတိကျကျပြောနိုင်တဲ့သူ မတွေ့ရသေးပါ။ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဆိုချင် တာက အဲဒါပါပဲ။ ငယ်ငယ်တုန်းက မိမိတို့ ကျောင်းစာတွေမှာသင်ခဲ့ရတုန်းက ကျန်စစ်သားကို အနော်ရထာမင်းရဲ့ သားတော်လို့ ဆိုပါတယ်။
ပုဂံမှာ အနော်ရထာမင်းက (၁၀၄၄) ခုနှစ်မှာ မင်းဖြစ်လာတော့ မိဖုရားမြှောက်ဖို့အတွက် အမတ်တစ်ဦးဖြစ်တဲ့ ရာဇတမန်ကို ဝေသာလီပြည်ဘုရင်ရဲ့သမီးတော်ဖြစ်တဲ့ ပဉ္စလျာဏီမင်းသမီးကို သွားပြီးဆောင်ယူခိုင်းပါတယ်။ အဲဒီ ရာဇတမန်အမတ်က ဝေသာလီပြည်ကနေ မင်းသမီးကိုဆောင်ယူအလာလမ်းခရီးမှာ ရာဇတမန်အမတ်နဲ့ ပဉ္စက လျာဏီမင်းသမီး ငြိစွန်းပြီးလွန်ကျုးမိကြပါတယ်။ ရာဇတမန်အမတ်က ဒီကိစ္စကိုပေါ်မှာစိုးလို့ မင်းသမီးနဲ့လာတဲ့ အခြွေအရံတွေကို လမ်းမှာပစ်ထားခဲ့တယ်။
ပုဂံကိုရောက်တော့ အနော်ရထာမင်းကို အခုယူဆောင်လာတဲ့ မင်းသမီးက ဝေသာလီမင်းရဲ့ သမီးတော်အစစ် မဟုတ်ဘူး။ ကျွန်မသာဖြစ်ကြောင်း ကုန်းတိုက်လျှောက်ထားတယ်။ အဲဒီမှာ အနော်ရထာမင်းက အမျက်တော်ရှပြီး ပဉ္စကလျာဏီမင်းသမီးကို ပရိမ္မအရပ်ကိုနှင်ထုတ်လိုက်တယ်။ အဲဒီ ပရိမ္မအရပ်ဆိုတာကတော့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာရှိတယ်လို့ သိရပါတယ်။
ဒီနေရာမှာတော့ မဟာရာဇဝင်တွေနဲ့ ကျမ်းကိုးစရာစာအုပ်တွေမှာလေ့လာတော့ ရာဇတမန်အမတ် ဆောင်ယူလာ တဲ့မင်းသမီးကို ပုဂံကထွက်ပြီးတော့ အနော်ရထာကကြိုတာတော့ ဖတ်ရတယ်။ အနော်ရထာကြိုတဲ့နေရာကို အခု မင်းပြန်တောင်လို့ခေါ်ကြတာလည်း သိရတယ်။ ဒါပေမယ့်. . . အမတ်ကအမတ်က အနော်ရထာကို တွေ့ပြီး မင်းသမီးကို ကျွန်မပါဆိုပြီးကုန်းတိုက်လျှောက်ထားလိုက်တဲ့အတွက် အနော်ရထာ အမျက်တော်ရှသွားတာကိုပဲ တွေ့ရတယ်။ ဒီမင်းသမီးကို ပုဂံကိုဆောင်ယူလာပြီး မိဖုရားမြှောက်တယ်ဆိုတာတော့ မတွေ့ရဘူး။
အဲဒီတော့ မိမိစဉ်းစားမိတာက ပဉ္စကလျာဏီမင်းသမီးဟာ ကိုယ်ဝန်ရလို့ ပရိမ္မအရပ်မှာမထင်မရှားဘဝနဲ့ ကျန်စစ် သားကို မွေးတယ်ပဲထား၊ ဒါပေမယ့် . . . တွေးမိတာက အနော်ရထာနဲ့ရတဲ့ သားရောဖြစ်နိုင်ပါ့မလားဆိုတာပါပဲ။
ရာဇဝင်ကျမ်းတွေမှာ ရှေးဦးလို့ဆိုရမယ့် အင်းဝ ညောင်ရမ်းဆက် တနင်္ဂနွေမင်းလက်ထက်မှာ ရေးသားပြုစုတဲ့ ဦးကုလားမဟာရာဇဝင်ကြီးမှာတော့ ရာဇတမန်အမတ်က ပဉ္စကလျာဏီမင်းသမီးကို ပရိမ္မအရပ်ကိုပို့ပြီး တောင်သူ ဦးကြီးတစ်ဦးဆီမှာ အပ်ထားတယ်။ အဲဒီမှာ မင်းသမီးက ဆင်းရဲညှိုးငယ်စွာနဲ့ ယာတဲစောင့်ရတယ်။ အဲဒီမှာ နဂါး လုလင်နဲ့တွေ့၊ ချစ်ကျွမ်းဝင်ကြပြီး ကျန်စစ်သားကိုမွေးတယ်လို့ ဖော်ပြထားပြန်တယ်။ ဒီဟာကလည်း ရှေးဟောင်းပုံ ပြင်တွေ ယုံတမ်းရာဇဝင်တွေလို ဒဏ္ဍာရီဆန်နေတဲ့အတွက် လူနဲ့တိရိစ္ဆာန်ညားတာကိုတော့ ယုတ္တိဗေဒရှူထောင့်က ကြည့်ပြီး ရာဇဝင်သမိုင်းအနေနဲ့ မိမိကတော့လက်မခံနိုင်ပါ။
နောက်တစ်ခါ စဉ်းစားစရာက အနော်ရထာမင်းဟာ ခရစ်နှစ် (၁၀၄၄) ခုနှစ်မှာ နန်းတက်ပြီးတော့မှ ပဉ္စကလျာဏီ မင်းသမီးကိုဆောင်ယူဖို့ရာ ရာဇတမန်အမတ်ကို ဝေသာလီပြည်ကို စေလွှတ်လိုက်တာဖြစ်တယ်။ ဒါပေမယ့် သမိုင်း နဲ့ပတ်သက်ပြီး သုတေသနပညာရှင်တွေ အဓိကအထောက်ထားပြုလက်ခံကြတဲ့ ကျောက်စာတွေအရ ပုဂံက ရာဇကုမာရကျောက်စာလို့လည်းခေါ်တဲ့ မြစေတီကျောက်စာမှာ သာသနာနှစ် ၁၆၂၈၊ (ခရစ်နှစ် ၁၀၈၄) လို့ ပါရှိ ပါတယ်။ ဒါကြောင့် အနော်ရထာမင်းနန်းတက်တဲ့နှစ်နဲ့ပဲတွက်ဦး ကျန်စစ်သားရဲ့ အသက်က (၄၄) နှစ်ပဲ ရှိသေး တော့ ဒီမှာတင်လွဲနေပြီ၊ ကျန်စစ်သား နန်းစည်းစိမ်က (၂၅) နှစ်၊ သက်တော် (၈၅) နှစ်မှာ နတ်ရွာစံတော်မူတယ်လို့ မဟာရာဇဝင်တွေမှာဆိုထားတော့ ကျန်စစ်သားဟာ ပဉ္စကလျာဏီမင်းသမီးရဲ့ သားမဟုတ်သလို၊ အနော်ရထာမင်း ရဲ့ သားမဟုတ်ဘူးဆိုတာလည်း ထင်ရှားနေတယ်ပေါ့။
နောက် ပဉ္စကလျာဏီမင်းသမီးအကြောင်းကိုလည်း ရေးချင်သေးတယ်။ မိမိတို့အရင်တုန်းက ဝေသာလီပြည်ဆိုတာ ရခိုင်မှာရှိတယ်လို့ ထင်ခဲ့တယ်။ တကယ်တမ်း နှံ့နှံ့စပ်စပ်လေ့လာကြည့်တဲ့အခါမှ ဝေသာလီပြည်ဆိုတာ အိန္ဒိယနိုင် ငံထဲက တိုင်းပြည်တပြည်ဆိုတာ သိခဲ့ရတယ်။ ဒီအကြောင်းကို ဗိုလ်မှူးဘရှင် ရေးသားပြုစုတဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော် သမိုင်းစာအုပ်မှာလည်း-
“မြန်မာနိုင်ငံအနောက်ဖက်ရှိ ယခုအာသံခေါ်သောနယ်နှင့် ဘင်္ဂလားနယ်အရှေ့ပိုင်းဒေသတွင် ပဋိက္ကရားပြည်မှ အိန္ဒိယတိုင်းရင်းသားတို့ကလည်း မြန်မာတို့နှင့်မဟာမိတ်အဖြစ် ချစ်ကြည်စွာဆက်ဆံလိုသော ဆန္ဒရှိကြသည်။ အနော်ရထာမင်းကြီးသည်လည်း ထိုဒေသသို့တိုင်းခန်းလှည်လည်ခဲ့၏။ ထိုပဋိက္ကရားပြည်၏ အိန္ဒိတိုင်းရင်းသား ဘုရင်သည် မိမိ၏သမီးတော် ပဉ္စကလျာဏီကို အနော်ရထာမင်းကြီးအား ဆက်သခဲ့သည်” လို့ ရေးသားဖော်ပြထား တာ တွေ့ရှိရပါတယ်။ ဒါကြောင့် ပဉ္စကလျာဏီမင်းသမီးဟာ မိမိတို့ တိုင်းရင်းသားမျိုးနွယ်ထဲက မဟုတ်ဘူးဆိုတာ ကိုလည်း လေ့လာသိရှိရပါတယ်။
ဒါတွေကို ထားတော့။ ကျန်စစ်သားအကြောင်းရေးရရင် ကျန်စစ်သားဟာ ရဟန်းဖြစ်တဲ့အချိန်မှာ အနော်ရထာနန်း ကို ဆွမ်းစားကြွတယ်။ ကျန်စစ်သားရဟန်း ဆွမ်းဘုန်းပေးပြီးလို့ အနော်ရထာက ကရားနဲ့ရေဆက်ကပ်လို့ ရေ သောက်တဲ့အချိန်မှာ ကျန်စစ်သားရဟန်းရဲ့ အာခံတွင်းက ဝင်းခနဲစက်ပြောင်ပြောင်ထွက်လို့ အနော်ရထာမြင်တော့ ပုဏ္ဏားတွေကိုမေးတယ်။ ပုဏ္ဏားတွေက “ဤရဟန်းသည် အရှင်မင်းကြီးနောက် တဆက်လွန်လျှင် ပုဂံပြည်တွင် မင်းဖြစ်မယ့်သူဖြစ်တယ်လို့ လျှောက်တင်ကြတော့ ကျန်စစ်သားရဟန်းကို လူဝတ်လဲစေပြီး အပါးတော်မှာ ခစားစေ တယ်။
ကျန်စစ်သားဟာ အနော်ရထာထံမှ သူရဲကောင်းတစ်ဦးဖြစ်လာပြီး အနော်ရထာက သားတော်ရင်းလိုထားတယ်။ ကျန်စစ်သားနောက်မှာပေါ်လာတဲ့ ပုဂံသူရဲကောင်းတွေကတော့ ငထွေရူး၊ ငလုံးလက်ဖယ်နဲ့ ညောင်ဦးဖီးတို့ဖြစ် ကြပြီး သူတို့လေးယောက်ဟာ အနော်ရထာရဲ့ နိုင်ငံတိုးချဲ့ရေးကိစ္စတွေမှာ အနော်ရထာဘုရင် အလွန်အားကိုးရတဲ့ သူတွေဖြစ်လာကြတယ်။
တစ်ခါမှာတော့ ဥဿာပဲခူးကိုစိုးစံတဲ့ မွန်မင်းက ဥဿာပဲခူးကိုတိုက်ဖို့ ဂျွန်းစစ်သည်တွေချီလာတဲ့အတွက် ကူညီဖို့ ပုဂံအနော်ရထာမင်းကို စစ်ကူတောင်းလို့ အနော်ရထာမင်းက ကျန်စစ်သားတို့ သူရဲကောင်းလေးဦးကို ဂျွန်းစစ်သည် တွေကို တိုက်ဖို့လွတ်လိုက်တယ်။
ဒီနေရာမှာ ဂျွန်းစစ်သည်တွေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းလိုပါတယ်။ ဒီဂျွန်းစစ်သည်တွေဟာ ဘယ်နိုင်ငံသား တွေလဲ။ ဘယ်ကလာတာလဲဆိုတာ သမိုင်းစာအုပ်တော်တော်များများမှာ ရှင်းပြထားတာမတွေ့ရပါဘူး။ စာရေးသူ စာအုပ်တော်တော်များများကို မွှေနှောက်လေ့လာတော့မှ ဂျွန်းစစ်သည်ဆိုတာ အဲဒီတုန်းက အင်ဒိုချိုင်းနားတောင် ပိုင်းတလွှားကို လွှမ်းမိုးအုပ်ချုပ်ထားတဲ့ ကမ္ဘောဒီးယားတွေနဲ့ မြန်မာနိုင်ငံပြင်ပမှာနေထိုင်ကြတဲ့ မွန်ခမာတွေကို ဂျွန်း လူမျိုးလို့ မြန်မာတွေကခေါ်ဆိုခဲ့တယ်ဆိုတာကို သိရှိရပါတယ်။
ကျန်စစ်သားတို့ ပုဂံစစ်သည်တွေနဲ့ဂျွန်းစစ်သည်တွေတိုက်ကြတာကိုရေးရရင် ဒီပွဲမှာ ဂျွန်းစစ်သည်တွေရှူံးပြီး ဆုတ် ပြေးရတဲ့အတွက် ဥဿာမင်းက အလွန်အားရတော်မူပြီး အနော်ရထာထံ သမီးတော်မဏိစန္ဒာ (မွန်မင်းသမီး ခင်ဦး) ကို ဆက်သလိုက်တယ်။ ပုဂံမရောက်လေလမ်းခရီးမှာ ကျန်စစ်သားနဲ့မဏိစန္ဒာတို့ ချစ်ကြိုက်ကြပြီး ကျုးလွန်မိကြ လို့ ပုဂံကိုရောက်တဲ့အခါ အနော်ရထာသိသွားလို့ ကြီးစွာသော အမျက်တော်ဖြစ်တယ်။
အဲဒီမှာ ကျန်စစ်သားကို လက်ပြန်ကြိုးတုတ်နှောင်စေပြီး အရိန္ဒမာလှံနဲ့ပစ်တယ်။ ဒါပေမယ့် . . . ကျန်စစ်သားရဲ့ ကံကြောင့် လှံက ကျန်စစ်သားကိုမထိဘဲ တုတ်နှောင်ထားတဲ့ ကြိုးကိုထိလို့ ကြိုးပြတ်သွားတဲ့အတွက် ကျန်စစ်သား လည်း အရိန္ဒမာလှံကိုကောက်ယူပြီး ထွက်ပြေးတယ်။ အဲဒီနောက် ပုဂံမြောက်ဘက်မှာရှိတဲ့ ကြောင်ဖြူအရပ်ကို ရောက်သွားပြီး ရဟန်းမထီးရဲ့တူမဖြစ်တဲ့ သမ္ဘူလနဲ့ ရတယ်။
(၁၀၇၇) ခုနှစ်မှာ အနော်ရထာ နတ်ရွာစံတော့ သားတော်စောလူးမင်းနန်းတက်လာတယ်။ စောလူးမင်းနန်းတက် တော့ စောလူးမင်းက သူရဲကောင်းဖြစ်တဲ့ကျန်စစ်သားကို ပြန်ခေါ်တယ်။ ကျန်စစ်သားလည်း မထီးတူမ သမ္ဘူလ ဝမ်းမှာ ပဋိသန္ဓေရှိနေတဲ့အတွက် လက်မှာဝတ်ထားတဲ့လက်စွပ်ကိုပေးပြီး “မိန်းကလေးမွေးလျှင် ဤလက်စွပ်ကို ထုခွဲရောင်းချပြီး ကလေးကိုကျွေးမွေးပြုစုလေ၊ သားယောက်ျားလေး မွေးခဲ့လျှင်တော့ လက်စွပ်နဲ့အတူ ကလေးကို ခေါ်ဆောင်၍ ပုဂံသို့လိုက်လာခဲ့လေ” လို့ မှာကြားပြီး ပုဂံကို ပြန်သွားတယ်။
စောလူးမင်းဟာ သူ့ရဲ့ မိဖုရားဦးဆောက်ပန်း ကံတော်ကုန်တဲ့အတွက် အနော်ရထာရဲ့မိဖုရားဖြစ်ခဲ့တဲ့ ခင်ဦး (မဏိ စန္ဒာ) ကို မိဖုရားမြှောက်တယ်။ အဲဒီမှာ ကျန်စစ်သားနဲ့ခင်ဦးတို့ကို မသင်္ကာဖြစ်တဲ့အတွက် ကျန်စစ်သားကို ဒလကို ပို့တယ်။ အဲဒီမှာ အမတ်တွေကအားကိုးရတဲ့ ကျန်စစ်သားကိုပြန်ခေါ်ဖို့တိုက်တွန်းကြတဲ့အတွက် ကျန်စစ်သားကို ဒလကနေ ပြန်ခေါ်တယ်။
စောလူးမင်းထံမှာ ကျန်စစ်သားအမှုတော်ထမ်းနေချိန်မှာ စောလူးမင်းဟာ မိမိအထိန်းတော်ရဲ့သား ငရမန်ကို ဥဿာ ပဲခူးမြို့ကိုပေးတယ်။ တနေ့မှာ စောလူးမင်းနဲ့ငရမန် ကြွေအန်ကစားကြတော့ ငရမန်နိုင်လို့ ငရမန်က လက်ခမောင်း ထခတ်တယ်။ အဲဒီမှာ စောလူးမင်း မခံနိုင်ဖြစ်ပြီး “နင် ငါ့ကို အန်တစ်ပွဲမျှနိုင်သည်ကို လက်ခမောင်းခတ်သည်ကား ယောင်္ကျားဟုတ်ပါသလား။ တကယ်ဟုတ်ပါက နင်စားသော ပဲခူးနှင့် ငါ့ကိုတိုက်လေ” လို့ ဆိုလိုက်တယ်။
ငရမန်ကလည်း အကြံရှိထားတဲ့သူဖြစ်တော့ ရဲမက်ဗိုလ်ပါဆင်လုံးမြင်းရင်း၊ ရေအား၊ ကြည်းအားတွေနဲ့ ပုဂံကို တိုက်ဖို့ချီလာပြီး ပုဂံမရောက်ခင် ပြည်တော်သာကျွန်းမှာ တပ်ချနေတယ်။ စောလူးမင်းက ငရမန်ကိုတိုက်ဖို့ စစ်သည်အလုံးအရင်းနဲ့ ပြည်တော်သာကျွန်းကို ချီတယ်။ ညပိုင်းမှာ ငရမန်က စစ်ရေးငင်လာတာကို စောလူးမင်းက စောလူးမင်းက မစူးစမ်းမဆင်ချင်ပဲလိုက်တိုက်တော့ ငရမန်ရဲ့ ပရိယာယ်လှည့်ကွက်မိပြီး စောလူးမင်း အဖမ်းခံလိုက် ရတယ်။
စောလူးမင်းမရှိတော့ ပုဂံမှာ မှူးကြီးမတ်ကြီးတွေက ကျန်စစ်သားကို မင်းအဖြစ်လက်ခံဖို့ပြောကြတယ်။ ဒါကို ကျန်စစ်သားက လက်မခံဘူး။ “ငါ့ အရှင် ရှိမရှိကို စုံစမ်းဦးမည်။ ငါ့အရှင်ရှိသော် ငါ့အရှင်ကိုယူ၍ နန်းတင်မည်” ဆိုပြီး ညဥ့်အချိန် ငရမန်တပ်တွေရှိရာကိုသွားပြီး စောလူးမင်းကို တိတ်တဆိတ်ခိုးထုတ်တယ်။
ကျန်စစ်သားခိုးတော့ ကျန်စစ်သားရဲ့ ပုခုံးပေါ်မှာပါလာတဲ့ စောလူးမင်းကတွေးတယ်။ “ကျန်စစ်သားသည် ငါ့ခမည်း တော်နှင့် ငါမျက်ဖူးသူဖြစ်သည်။ ယခု ငါ့ကို သတ်လို၍ခိုးသည်ထင်သည်။ ငရမန်ကား ငါ့အထိန်းတော်၏သားဖြစ်၍ ငါနှင့် နို့စို့ဖက်လည်းဖြစ်သည်။ ထို့ကြောင့် ငါ့ကို ငရမန်မသတ်တန်ရာ” ဟု အလွဲတွေးပြီး ငရမန် ကြားအောင် “ကျန်စစ်သား ငါ့ကို ခိုးသည်” လို့ အော်ဟစ်တယ်။
အဲဒီမှာ ကျန်စစ်သားလည်း မတတ်နိုင်တော့ဘဲ “ဟယ် . . . မင်းဆိုးမင်းညစ်၊ သင့်ကို ကယ်သည်ကိုပင်နားမလည်၊ မွန်တို့လက်တွင်သာ ခွေးသေ၊ ဝက်သေ သေရစ်ပေတော့” လို့ဆိုပြီး ပုခုံးပေါ်က စောလူးမင်းကိုပစ်ချပြီးထားခဲ့တယ်။ ငရမန်လည်း စောလူးမင်းကိုပြန်ရတော့ အရှင်မထားတော့ပဲ သတ်ပစ်လိုက်တယ်။
ကျန်စစ်သားလည်း စောလူးမင်းရဲ့အော်သံကြောင့် ငရမန်ရဲ့စစ်သည်တွေ နောက်ကဝိုင်းလိုက်လာတဲ့အတွက် အောင်သာတဖက်ကမ်းကို လှေနဲ့ထွက်ပြေးခဲ့ရတယ်။ အောင်သာတဖက်ကမ်းကိုရောက်တော့ မုဆိုးငစဥ့်ကိုရှာဖို့ ကြခတ်ဝရာကိုကူးပြီး မြောက်ဘက်ကိုအသွားမှာ ငထီးလှိုင်အရပ်ကိုရောက်ပြီး ငထီးလှိုင်သူကြီးနဲ့ တွေ့ကြတယ်။
ငထီးလှိုင်သူကြီးက ကျန်စစ်သားထံ သမီးဖြစ်သူ ခင်တန်ကိုဆက်ပြီးကျွန်ခံတယ်။ အဲဒီကတည်းက ကျန်စစ်သား အမည်ကို ထီးလှိုင်ရှင်လို့လည်း ခေါ်ကြတယ်။ ထီးလှိုင်ရှင်ကျန်စစ်သားဟာ သူရှာနေတဲ့မုဆိုးငစဥ့်ကို ရတဲ့အခါ ရဲမက်ဗိုလ်ပါတွေစုပြီး တောင်ဘက် တစ်ဆယ့်တစ်ရွာမှာ ဗိုလ်ဝင်ခံပြီးနေတယ်။
အဲဒီအချိန်မှာ ငရမန်ကလည်း ပုဂံကိုသိမ်းဖို့ မွန်တပ်တွေနဲ့ ပုဂံကိုချီလာတယ်။ မြို့ကိုဝင်မယ်လုပ်တော့ ပုဂံက မှူးကြီးမတ်ကြီးတွေက . . . “ကျန်စစ်သားဟာ လယ်တွင်းတစ်ဆယ့်တစ်ရွာကိုအုပ်ချုပ်ပြီး မင်းပြုနေတယ်။ အခု ကိစ္စက အိုင်တစ်အိုင်ကိုကျွဲနှစ်ကောင်လူးသကဲ့သို့ ဖြစ်နေတယ်။ ဒါကြောင့် မြို့တံခါးကို ဖွင့်မပေးနိုင်သေးပါ။ ကျန်စစ်သားကို သွား၍နိုင်အောင်တိုက်ပြီးမှ မင်းပြုပါလေ” လို့ ဆိုကြတယ်။
အဲဒီမှာ ငရမန်လည်း ကျန်စစ်သားနဲ့သွားပြီးတိုက်တာမှာ တပ်တွေပျက်ပြီး အရှူံးကြီးရှူံးသွားလို့ ငရမန်ထွက်ပြေးရ တယ်။ အဲဒီမှာ ငရမန်ပြေးတဲ့အရပ်ကို ကျန်စစ်သားအမိန့်နဲ့ မုဆိုးငစဥ့်ကလိုက်ပြီးလုပ်ကြံတယ်။ မုဆိုးငစဥ့်က ချောင်းပြီးလေးနဲ့ပစ်တာမှာ ငရမန်ရဲ့ မျက်စိအကောင်းကိုမှန်ပြီး ငရမန်သေတယ်။
အဲဒီနောက် ကျန်စစ်သားဟာ သာသနာသက္ကရာဇ် ၁၆၂၈ (အေဒီ ၁၀၈၄) မှာ ပုဂံမင်းဖြစ်လာတယ်။ ကျန်စစ်မင်းဖြစ်တော့ ကျန်စစ်သားမှာ မိဖုရားလေးပါးရှိတယ်။
အဲဒီ မိဖုရားတွေကတော့ . . . .
၁. အပယ်ရတနာ
၂. ဥဿာမင်းသမီးခင်ဦးလို့ခေါ်တဲ့ မဏိစန္ဒာ
၃. ငထီးလှိုင်ရွာသူကြီးသမီး ခင်တန် နဲ့
၎. မထီးတူမ သမ္ဘူလ (ဦးဆောက်ပန်း) တို့ပဲဖြစ်ပါတယ်။
မထီးတူမ သမ္ဘူလက နောက်ဆုံးမှ ကျန်စစ်သားဆီရောက်လာပြီး ဦးဆောက်ပန်းအမည်နဲ့ မိဖုရားဖြစ်လာတယ်။ မိဖုရားလေးပါးမှာ မိဖုရားကြီးဖြစ်တဲ့ အပယ်ရတနာက သမီးတော်ရွှေအိမ်စည်ကို မွေးတယ်။ ကျန်စစ်သားက သမီး တော် ရွှေအိမ်စည်ကို အလွန်ချစ်မြတ်နိုးတော်မူလို့ တပင်တိုင်မြနန်းနဲ့ ထားတယ်။
ကျန်စစ်သားမင်းမဖြစ်ခင်ရခဲ့တဲ့ သမ္ဘူလကတော့ ကျန်စစ်သားနဲ့ကိုယ်ဝန်ရပြီး သားတစ်ယောက်မွေးတယ်။ အဲဒီ မင်းသားကတော့ ရာဇကုမာရ်ပဲဖြစ်တယ်။ ဒီနေရာမှာ ရာဇကုမာရ်ရဲ့ အကြောင်းက စိတ်ဝင်စားစရာကောင်းတဲ့ အတွက်ရေးချင်သေးတယ်။ သမ္ဘူလဟာ ကျန်စစ်သား ပုဂံမှာမင်းဖြစ်လို့ ငါးနှစ်လောက်ကြာတဲ့အခါမှ ကျန်စစ်သား နဲ့ရတဲ့သားငယ်ကို လက်ဆွဲပြီးလိုက်လာတယ်။ အဲဒီမှာ ကလေးက အသက် (၇) နှစ် ရှိနေပြီ။
အဲဒီမှာကြုံရတာက ရာဇကုမာရ်ဟာ ကျန်စစ်သားရဲ့သားဖြစ်ပေမယ့် ကျန်စစ်သားက သူ့ရဲ့ သမီးတော်ရွှေအိမ်စည်ရဲ့ သားဖြစ်တဲ့ သူ့ရဲ့မြေးတော်အလောင်းစည်သူကို သူလွန်ရင်ဆက်ခံဖို့ နန်းမွေပေးပြီးသားပဲ ဖြစ်တယ်။
ရွှေအိမ်စည်လက်ဆက်ခဲ့တာ မဟာရာဇဝင်တွေနဲ့သမိုင်းစာအုပ်တွေ အတော်များများမှာတော့ စောလူးမင်းရဲ့သား တော်စောယွမ်းလို့ ဆိုတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ပညာရှင်တွေ ကျောက်စာတွေမှာ ဖတ်ရတာက မနူဟာမင်း ရဲ့မြစ်တော် နဂသမန်းနဲ့လက်ထပ်တယ်လို့ ဖော်ပြထားတဲ့အတွက် ကွဲလွဲချက်ဖြစ်နေရပြန်တယ်။
ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနက ဌာနမှူး ဆရာဦးကွန်း ရေးသားပြုစုတဲ့ မြန်မာရာဇဝင်စာအုပ်မှာလည်း .
“ကျန်စစ်သားသည် မနူဟာမင်း၏မြစ်တော် နဂသမန်းနှင့် သမီးတော်ရွှေအိမ်စည်တို့အား လက်ထပ်စေခြင်းဖြင့် မွန်တို့နှင့် သွေးစည်းစေခဲ့သည်။ ယင်းသို့ သမီးတော်နှင့် မွန်မင်းမျိုး နဂသမန်းတို့လက်ဆက်ရာမှ မြေးတော် အလောင်းစည်သူကို မွေးဖွားခဲ့သည်” လို့ ရေးသားဖော်ပြထားတယ်။
မိမိကတော့ မွန်မင်းမျိုး နဂသမန်းနဲ့ရွှေအိမ်စည်လက်ဆက်တာကို အမှန်လို့လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်စစ်သားမင်းဖြစ်လာတော့ မွန်မြန်မာစည်းရုံးရေး အထူးဂရုပြုဆောင်ရွက်ခဲ့ပေလို့ပဲဖြစ်တယ်။
ကျန်စစ်သားဟာ သူအလွန်ချစ်ခင်မြတ်နိုးတဲ့ မွန်မင်းသမီး ခင်ဦး (မဏိစန္ဒာ) ကိုလည်း မိဖုရားမြှောက်ခဲ့တယ်။ ပြီးတော့ ပုဂံနန်းတွင်းမှာလည်း မွန်လူမျိုးတွေကို အရည်အချင်းရှိရင်ရှိသလို အမှုထမ်းများအဖြစ် ခန့်ထားခဲ့တယ်။ သူ့လက်ထက်ဆောင်ရွက်ချက်များကိုမှတ်တမ်းတင်တဲ့ ကျောက်စာတွေကိုလည်း မွန်ဘာသာနဲ့ရေးထိုးခဲ့တယ်။ နောက်တစ်ခုက သထုံကိုအသိမ်းခံခဲ့ရတဲ့ မနူဟာမင်းနဲ့မွန်လူမျိုးတွေရဲ့ ခံစားရမှုတွေကို ပြေပျောက်လျော့ပါးသွား စေဖို့ သမီးတော်ရွှေအိမ်စည်ကို မနူဟာမင်းရဲ့မြစ်တော်နဲ့ လက်ဆက်ပေးခဲ့တာလို့လည်း တွေးနိုင်ပါတယ်။
အခုရေးချင်တာက ကျန်စစ်သားမင်းနဲ့သမ္ဘူလတို့ကရတဲ့ ရာဇကုမာရ်မင်းသားလေးအကြောင်းပါ။ ဒီမင်းသား လေးက မိခင်ဖြစ်တဲ့သမ္ဘူလနဲ့ ဖခင်ရှိရာကျန်စစ်သားထံလိုက်လာခဲ့ပေမယ့် အရောက်နောက်ကျသွားရတဲ့အတွက် ဖခင်ရဲ့ နန်းမွေကိုမရနိုင်တော့ပဲ ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျန်စစ်သားက မြေးတော်အလောင်းစည်သူကို နန်း မွေပေးထားပြီးပါပြီ။ မင်းမှာ သစ္စာ၊ လူမှာ ကတိစကားလိုပေါ့။ ရာဇကုမာရ်က မိမိရဲ့တစ်ဦးတည်းသော သားအရင်း ဖြစ်ပေမယ့် ပုဂံနန်းမွေကိုပေးလို့မရတော့ဘူး။ ဒါကြောင့်ပဲ စိတ်မကောင်းစွာနဲ့ “မြေးကအရင်း၊ သားကအဖျားဖြစ် လေပြီ” လို့ ဆိုရွတ်ရင်း သားတော်ရာဇကုမာရ်ကိုတော့ “ဇေယျခေတ္တရာ” ဆိုတဲ့အမည်နဲ့ ဓညဝတီနဲ့ တောင်စဉ် ခုနှစ်ခရိုင်ကိုသာ ပေးတော်မူနိုင်ခဲ့တယ်။
ဒါပေမယ့် ရာဇကုမာရ်က အလွန်လိမ္မာတဲ့သားတော်ဖြစ်တယ်။ ဖခင်စိတ်မချမ်းသာအောင် မလုပ်ခဲ့သလို၊ မိဘကျေး ဇူးတရားကိုလည်း အထူးနားလည်တဲ့သူဖြစ်တယ်။
ဒါကြောင့်ပဲ ကျန်စစ်သားမင်းကြီး သက်တော် (၇၀) ပြည့်ခါနီးအချိန်မှာ မမာမကျန်းဖြစ်တော့ ခမည်းတော်ကျန်စစ် သားမင်းကြီးအတွက်ရည်မှန်းပြီး ရွှေဆင်းတုတော်တစ်ဆူကို ထုလုပ်ပူဇော်တယ်။ ပြီးတော့ အဲဒီ ရွှေဆင်းတုကို ဌာပနာပြီး ပုဂံမှာ မြစေတီဘုရားကိုတည်တယ်။ အဲဒီ မြစေတီဘုရားမှာပဲ မျက်နှာလေးဘက်ရှိတဲ့ ကျောက်စာတိုင် ကို စိုက်ထူတယ်။ ကျောက်စာတိုင်မှာ ပါဋ္ဌိ၊ မြန်မာ၊ မွန်၊ ပျု ဘာသာလေးမျိုးနဲ့ ကျောက်စာရေးသား ကမ္ဗည်းတင် တယ်။ ဒီကျောက်စာတိုင်ကတော့ သမိုင်းအနေနဲ့ရော၊ မြန်မာစာပေဆိုင်ရာအနေနဲ့ပါ မြန်မာနိုင်ငံ၊ မြန်မာတိုင်းရင်း သားတွေအတွက် အလွန်အရေးပါပြီး၊ အလွန်အားထားရတဲ့ မြစေတီကျောက်စာပဲဖြစ်တယ်။ ဒီကျောက်စာတိုင်ကို သုတေသနပညာရှင်တွေက (၁၉၁၁) ခုနှစ်မှာ တူးဖော်ရရှိခဲ့တယ်။ ဒီကျောက်စာဟာ သမိုင်းနဲ့ ပတ်သက်ပြီး၊ စာပေ ဆိုင်ရာတွေနဲ့ပတ်သက်ပြီး၊ အထောက်အထားခိုင်လုံတဲ့ အရေးအပါဆုံးကျောက်စာဖြစ်တယ်။
ကျန်စစ်သားမင်းဟာ မင်းဖြစ်ပြီး (၁၇) နှစ်အကြာမှာ နန်းသစ်ကို တည်ဆောက်တယ်။ ကျန်စစ်သားမင်းရဲ့ ဘွဲ့တော် ကတော့ သီရိတြိဘုဝနာဒိတျဓမ္မရာဇ (ကျက်သရေရှိသော သုံးလောက နေမင်းဖြစ်သော တရားမင်းဖြစ်တယ်) ဒီမင်းဟာ စိတ်ရင်းသဘောထား ကောင်းမွန်ပြီး၊ စိတ်ထားပြည့်ဝတဲ့ မင်းကောင်းမင်းမြတ်ဖြစ်တယ်။
ကျန်စစ်သားဟာ ဘာသာ၊ သာသနာရေးအနေနဲ့လည်း အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့တယ်။ သူ့လက်ထက်မှာ အနော်ရထာတည်လို့မပြီးစီးပဲကျန်ခဲ့တဲ့ ရွှေစည်းခုံဘုရားကိုလည်း ဆက်ပြီးတည်တယ်။ မိမိရဲ့ ကောင်းမှုတော်အဖြစ် ဂန္ဓမာဒနတောင်က နန္ဒမူလိုဏ်ဂူသဏ္ဍာန်ရှိတဲ့ အာနန္ဒာဘုရားကိုလည်း တည်တယ်။ ပြီးတော့ နဂါးရုံဘုရား၊ ပုဆစ် တုတ်ဘုရား၊ အလိုတော်ပြည့်ဘုရားနဲ့ မင်အိုချမ်းသာဘုရားတွေကိုလည်းတည်တယ်။ မဇ္စျိမဒေသ မဟာဗောဓိကို လည်း မိမိရဲ့အမတ်တွေကိုစေလွှတ်ပြီး တန်ဆောင်းဆောက်လုပ်လှူဒါန်းတယ်။ သဘောအယူမှားယွင်းနေတဲ့ စေတတိုင်းသားမင်းတစ်ပါးကိုလည်း ဗုဒ္ဓအယူမှာတည်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ပြီးတော့ အနော်ရထာမင်း ကိုးကွယ်ခဲ့တဲ့ရှင်အရဟံကိုလည်း ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ သာသနာ့ဒါယကာမင်းမြတ်လည်း ဖြစ်တယ်။
ကျန်စစ်သားဟာ သူ့လက်ထက်မှာ အနော်ရထာလိုပဲ လယ်ယာဆည်မြောင်း၊ ချောင်းကန်တွေကို ပြုစုတယ်။ စစ် မက်ဖြစ်ပွားရမှုတွေနည်းတဲ့အတွက်လည်း နိုင်ငံဟာ အေးချမ်းသာယာပြီး ပြည်သူတွေလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြရတယ်။ လူမျိုးစည်းရုံးရေးဝါဒကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ကျန်စစ်သားမင်းရဲ့ စွမ်း ဆောင်ရည်တွေကြောင့်ပဲ အနော်ရထာမင်းမြတ်တည်ထောင်တော်မူခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ဟာ နောက်ထပ် နှစ် (၂၀၀) လောက်အထိ တည်တံ့ခိုင်မြဲခဲ့တယ်။ ကျန်စစ်သားဟာ တရုတ်ပြည်နဲ့အိန္ဒိယပြည်တွေကိုလည်း သံတွေကိုစေလွတ်ပြီး အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။
နိုင်ငံသူနိုင်ငံသားတွေရဲ့ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ရေးနဲ့ မိမိရဲ့ နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာ ထားရှိတဲ့ ဂရု ဏာတရားကို ဖော်ပြထားတဲ့ ကျောက်စာတိုင်တွေကိုလည်း ရေးထိုးခဲ့တယ်။ မြန်မာ့သမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့ သူရဲကောင်းအာဇာနည် မင်းကောင်းမင်းမြတ်အနည်းငယ်ထဲမှာ ကျန်စစ်သားဟာ တစ်ပါးအပါအဝင်ဖြစ်ပြီး ဇာတာ တော်ပုံရာဇဝင်အရ ကျန်စစ်သားကို (၁၀၃၀) ခုနှစ်မှာ ဖွားမြင်ကာ သက်တော် (၈၃) နှစ်အရွယ် (၁၁၁၃) ခုနှစ်မှာ နတ်ရွာစံတယ်လို့ လေ့လာသိရှိရပါတယ်။ ဒါပေမယ့် မဟာရာဇဝင်တွေမှာတော့ သက်တော် (၈၅) နှစ်မှာ နတ်ရွာစံ တယ်လို့ ဆိုထားတဲ့အတွက် ကွဲလွဲနေတာကိုလည်းတွေ့ရပါတယ်။
0 comments:
Post a Comment