Tuesday, December 13, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၁၁)

0 comments

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁၁)
မင်းမြတ်ဆင်ဖြူရှင်
သမိုင်းမှာ မြေဒူးမင်းလို့လည်းထင်ရှားတဲ့ အလောင်းဘုရားရဲ့သားတော် အလတ်ဖြစ်တဲ့ ဆင်ဖြူရှင်မင်းဟာ နောင်တော်ဖြစ်တဲ့ နောင်တော်ကြီးမင်း နတ်ရွာစံတဲ့အခါ မင်းဖြစ်လာခဲ့ပါတယ်။

ဒီဆင်ဖြူရှင်မင်းကတော့ ဖခင်ဖြစ်တဲ့ သူ့ခမည်းတော်အလောင်းဘုရား ရှိစဉ်ကတည်းကပင် ဖခင်နဲ့တွဲပြီးစစ်ပွဲတွေမှာတိုက်လာတဲ့ လက်ရုံးရည် နဲ့ပြည့်စုံတဲ့ သူရဲကောင်းဘုရင်ဖြစ်တဲ့အတွက် သူ့လက်ထက်မှာလည်း စစ်ပွဲတွေကိုဆင်နွှဲခဲ့တာမှာ အံ့မခန်းလို့ဆိုရလောက်အောင် တိုက်တိုင်းအောင်ခဲ့တဲ့ဘုရင်လို့ ရေးရမယ်ဆိုရင်လည်း မှားမယ်မဟုတ်ပါဘူး။ ဆင်ဖြူရှင်မင်းလက်ထက်ဟာ သမိုင်းမှာ စစ်ရေးအောင်ပွဲတွေအကြိမ်ကြိမ်ရခဲ့တဲ့ အထွတ်အထိပ်ရောက်တဲ့ကာလလို့ဆိုရပါမယ်။

သူ့လက်ထက်မှာ မြန်မာနိုင်ငံရဲ့အကျယ်အဝန်းကလည်း မြန်မာ့သမိုင်းမှာ အကျယ်ဆုံးလို့ဆိုရမှာဖြစ်ပြီး၊ ခမည်းတော်ဖြစ်တဲ့အလောင်းဘုရား အောင်ပွဲမရခဲ့တဲ့ယိုးဒယားကို အောင်မြင်ခဲ့တဲ့အပြင် တရုတ်တွေနဲ့ စစ်ပွဲလေးကြိမ်ဖစ်ခဲ့တာမှာလည်း လေးကြိမ်စလုံး မြန်မာတွေအောင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူရဲကောင်းမင်းမြတ်လည်း ဖြစ်ပါတယ်။

ရေးရရင် သာမန်အရပ်သားဘဝကနေ ကုန်းဘောင်ခေတ်ကိုတည်ထောင်ခဲ့တဲ့ အလောင်းဘုရားဟာ ဘက်စုံအရည်အချင်းတွေနဲ့ ထူးချွန်ထင်ရှားခဲ့သလို သူ့နောက်မှာဆက်ခံတဲ့သူ သားတော်တွေကလည်း ဖခမည်းတော်ကြိုးပမ်းဆောင်ရွက် အကောင်ထည်ဖော်ခဲ့တဲ့ ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်ကို ဆက်လက်ထိန်းသိမ်းပြီး တိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ကြတယ်။

သမိုင်းနောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်တော်မူတဲ့ အနော် ရထာနတ်ရွာစံတော့ သူ့သားတော်ဖြစ်တဲ့စောလူးမင်း တက်လာပါတယ်။ ဒါပေမယ့် အရည်အချင်းမရှိတဲ့မင်း ဖြစ်တဲ့အတွက် သူကိုယ်တိုင်လည်းအသတ်ခံရပြီး ပုဂံထီးနန်းဟာ ဥဿာစားငရမန်လက်ထဲကို ရောက်တော့ မလို ဖြစ်သွားခဲ့ပါတယ်။ ကျန်စစ်သားရဲ့စွမ်းဆောင်မှုကြောင့်သာ နိုင်ငံတော်မပြိုကွဲခဲ့ရတာပါ။

အဲဒီလိုပါဘဲ။ တပင်ရွှေထီးနဲ့ဘုရင့်နောင်တို့တည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်ဟာလည်း ဘာမျှမကြာခဲ့ပါဘူး။ ဘုရင့်နောင်လည်းနတ်ရွာစံရော၊ ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင်လက်ထက်မှာ ဟံသာဝတီဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတော်ပြိုကွဲကာ သူတစ်လူငါတစ်မင်းဖြစ်သွားတာ အားလုံးအသိပဲဖြစ်ပါ တယ်။

ဒါပေမယ့် ကုန်းဘောင်ခေတ်အလောင်းဘုရားမင်းဆက်ကျတော့ ဒီလို မဟုတ်ပါဘူး။ အလောင်းဘုရားရဲ့ သားတော်တွေက သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်။ တတိယမြန်မာနိုင်ငံတော်ကို မပြိုကွဲမပျက်ဆီးအောင် ထိန်းသိမ်းနိုင်ပြီး ပို၍ပို၍ နိုင်ငံ့ဂုဏ်ကိုတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။ 

ဆင်ဖြူရှင်ဆိုရင် ဖခင်မအောင်ခဲ့တဲ့ယိုးဒယားကို  အောင်မြင်နိုင်ခဲ့သလို၊ အင်အားကြီးမားတဲ့တရုတ်တွေကို လည်း လေးကြိမ်တိုင်အနိုင်ယူနိုင်ခဲ့တယ်။ ဆင်ဖြူရှင်မင်းလို အောင်မြင်မှုရတာမျိုးကတော့ မြန်မာ့သမိုင်းမှာ မရှိသေးပါ ဘူး။ သူ့ကို တိုက်တိုင်းအောင်ဘုရင်လို့ ဆိုရမှာဖြစ်ပါတယ်။

ဆင်ဖြူရှင်ဟာ သူ့လက်ထက်မှာ ဇင်းမယ် (၅၇) ခရိုင်ကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို၊ မဏိပူရကသည်းတွေကို လည်း အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ဒီမင်းလက်ထက်မှာ မြန်မာနိုင်ငံတော်ဟာ အနောက်မြောက်ဘက်၊ အာသံ၊ မဏိပူရ၊ အရှေ့ဘက်မှာ မဲခေါင်မြစ်ဝဲယာက လူး (၁၂) ခရိုင်ဒေသ၊ အရှေ့တောင်ဘက်မှာ ဇင်းမယ်နဲ့ အယုဒ္ဓယ ယိုးဒယားအထိ အကျယ်ဝန်းဆုံးဖြစ်ခဲ့ရပါတယ်။

ဆင်ဖြူရှင်ဟာ မင်းဖြစ်လာတဲ့အချိန်ကစပြီး တိုင်းပြည်လုံခြုံရေးနဲ့စစ်ရေးဆိုင်ရာမှာ တပ်မတော်ကို ပိုမိုတောင့်တင်းခိုင်မာပြီး အားကောင်းလာအောင် ဆောင်ရွက်ခဲ့ပါတယ်။ နေပြည်တော်ကို ရွှေဘိုကနေ အင်းဝကို ပြောင်းရွှေ့စိုးစံခဲ့တဲ့ အထက်အောက်မြန်မာနိုင်ငံအလုံးကို အလယ်ဗဟိုကနေပြီးအုပ်ချုပ်နိုင်တဲ့ အပြင် ကျောက်ဆည်နယ်က စားရေရိက္ခာကိုလည်း အလွယ်တကူရရှိနိုင်ခဲ့တယ်။

ဆင်ဖြူရှင်လက်ထက်မှာ ရွှေဘိုမှအင်းဝကို နေပြည်တော်ပြောင်းရွှေ့ခဲ့တာက ရွှေဘိုထက်သာပြီး အရပ်အနေ သင့်လျော်ကြောင်း၊ ရွှေဘိုက မြစ်နဲ့မနီးဘဲ ကုန်းခေါင်ခေါင်မှာရှိနေတဲ့အတွက် ကူးသန်းသွားလာရာမှာ မလွယ်ကူကြောင်း၊ အင်းဝကတော့ ဧရာဝတီနဲ့ မြစ်ငယ်မြစ်ဆုံရာအရပ်မှာရှိတဲ့အတွက် အသွားအလာမှာ ပိုပြီးအဆင်ပြေကြောင်း ဆင်ဖြူရှင် အင်းဝကိုပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်လို့ ပညာရှင်တချို့က သုံးသပ်မှတ် ချက်ချခဲ့ကြပါတယ်။

ဆင်ဖြူရှင်နန်းတက်ပြီး မကြာမှီမှာ ဇင်းမယ် မငြိမ်သက်တဲ့အတွက် ဇင်းမယ်နဲ့ လင်းဇင်းကို သိမ်းယူပါတယ်။ သူ့ ခမည်းတော်အလောင်းဘုရား တိုက်ခိုက်သိမ်းယူခဲ့တဲ့ မဏိပူရကသည်းပြည်ဟာလည်း ကသည်းတွေ မြို့ပြထီးနန်း အသစ်တည်ထောင်ပြန်ပြီး အင်္ဂလိပ်အားကိုးနဲ့ မြန်မာနိုင်ငံအစွန်အဖျားမြို့ရွာတွေကို ထိပါးနောက်ယှက်လာတဲ့အတွက် (၁၇၆၅) မှာ ကသည်းပြည်ကို ဆင်ဖြူရှင်ကိုယ်တိုင် ချီတက်တိုက်ခိုက် သိမ်းယူတယ်။ (၁၇၇၀) မှာလည်း ကသည်းတွေ ထောင်ထားထကြွလာပြန်တဲ့အတွက် တရုတ်တွေ ကိုအောင်မြင်ခဲ့တဲ့ ဝန်ကြီးမဟာသူရ အုပ်ချုပ်တဲ့တပ်တွေ သွားရောက်တိုက်ခိုက်ရာမှာ ကသည်းစော် ဘွားတွေထွက်ပြေးပြီး ကသည်းကိုသိမ်းပိုက်ရရှိတယ်။

ဆင်ဖြူရှင်ဟာ (၁၇၆၄) မှာ ယိုးဒယားကို တိုက်ခိုက်သိမ်းယူတယ်။ ဒီနေရာမှာ ဆင်ဖြူရှင် ယိုးဒယားကို တိုက်ခိုက်တာမရေးခင် ယိုးဒယားနဲ့မြန်မာ အရင်ကဖြစ်ပျက်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ဆက်ဆံရေးအခြေ အနေတချို့ကို ရေးချင်သေးတယ်။

အဲဒါကတော့ ယိုးဒယားကို ဘုရင့်နောင်သိမ်းယူပြီးတဲ့နောက် ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင်လက်ထက် ကျတော့ ယိုးဒယားနဲ့မြန်မာ စစ်လေးကြိမ်ဖြစ်တယ်။ () ကြိမ်စလုံးမြန်မာတွေရှုံးနှိမ့်ခဲ့ပြီး နောက်ဆုံးအကြိမ် ယိုးဒယားဘုရင် ဗြနရာဇ် (ဖရနရေဆုအင်) နဲ့ နန္ဒဘုရင်ရဲ့သားတော် မဟာဥပရာဇာတို့ ဆင်စီးချင်းထိုးကြ ရာမှာ မဟာဥပရာဇာ ကျဆုံးခဲ့ရတယ်။ အဲဒီမဟာဥပရာဇာဆိုတာ သမိုင်းမှာထင်ရှားတဲ့ ဘုရင့်နောင်ရဲ့ သမီးတော် ရာဇဓာတုကလျာရဲ့မောင်တော် အိမ်ရှေ့မင်းဖြစ်တယ်။

ယိုးဒယားတွေက ယိုးဒယားသူရဲကောင်း ဘုရင်မင်းမြတ်အနေနဲ့ ယိုးဒယားသမိုင်းမှာ ဂုဏ်ယူဖော်ပြနေကြတဲ့ ဗြနရာဇ်ဆိုတာကလည်း တခြားသူမဟုတ်ပါဘူး။ ဘုရင့်နောင်က ယိုးဒယားကနေဟံသာဝတီကို မွေးစားသား အဖြစ် ခေါ်ဆောင်လာခဲ့တဲ့ မင်းသားပဲဖြစ်ပါတယ်။ သူ့ဖခင်ကတော့ ဘုရင့်နောင်အပေါ်သစ္စာခံခဲ့လို့ ဘုရင့်နောင်က ယိုးဒယားဘုရင်အဖြစ်ထီးနန်းပေးခဲ့တဲ့ စော်ဘွားသောင်ကျည်ပါ။

သမိုင်းမှာထင်ရှားတဲ့ ဘုရင့်နောင်မြတ်နိုးတော်မူလို့မိဖုရားမြှောက်ခဲ့တဲ့ ယိုးဒယားမိဖုရား ဆုပန်ကလျာ ဆိုတာကလည်း ယိုးဒယားဘုရင် စော်ဘွားသောင်ကျည်ရဲ့သမီး၊ ဗြနရာဇ်ရဲ့ အစ်မတော်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘုရင့်နောင် ယိုးဒယားကိုသိမ်းယူခဲ့ပေမယ့် ယိုးဒယားတွေက ဘုရင့်နောင်အပေါ် အမုန်းမထား ဘဲ စကြဝတေးမင်းလိုသတ်မှတ်ကာ သူတို့ရဲ့ယိုးဒယားသမိုင်းစာအုပ်တွေမှာ ဘုရင့်နောင်အကြောင်း၊ ဘုရင့်နောင်မှာ ကောင်းမြတ်တဲ့ ဖြောင့်မတ်တဲ့ စိတ်ရင်းစိတ်ကောင်းရှိတာတွေနဲ့ သူရဲကောင်းအာဇာနည် မင်းကောင်းမင်းမြတ်ဖြစ်တာတွေကို ရေးသားမှတ်တမ်းတင် ဖော်ပြခဲ့ကြတာတွေဘဲဖြစ်တယ်။

ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင်နဲ့ ယိုးဒယားမင်းဗြနရာဇ်တို့လက်ထက်ကြတော့ မြန်မာနဲ့ ယိုးဒယား အဆင်မပြေကြတော့ပါဘူး။ ယိုးဒယားသမိုင်းမှာ နန္ဒဘုရင်ကို ဘုရင့်နောင်လိုဖြောင့်မတ်မှန်ကန်မှုမရှိဘူး၊ မရိုးသားဘူးလို့ ဆိုပါတယ်။ ဘုရင့်နောင်ရဲ့မိဖုရား ဆုပန်ကလျာသေရတာလည်း နန္ဒဘုရင်လက်ချက်လို့ ရေးသားခဲ့ပါတယ်။

အဲဒီနောက် နန္ဒဘုရင်က ယိုးဒယားကို လေးကြိမ်သွားရောက်တိုက်ခိုက်ခဲ့သလို၊ ဗြနရာဇ်ကလည်း မြန်မာနိုင်ငံထဲကို အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗြနရာဇ်နောက် မင်း (၁၃) ဆက် စိုးစံပြီး တဲ့နောက်မှာတော့ ယိုးဒယားသမိုင်းက ဧကာဒက်ကောဒသလို့ ခေါ်ကြတဲ့ ကျောက်ဘွားဧကာဒသ်မင်း နန်းတက်လာပြီးတော့ အလောင်းဘုရားနဲ့ယိုးဒယားတို့ စစ်ဖြစ်ပွားခဲ့ရပါတယ်။ အလောင်းဘုရားဟာ ယိုးဒယားတွေရဲ့အယုဒ္ဓရမြို့တော်ကို ဝန်းရံထားစဉ်မှာ မကျန်းမမာဖြစ်လာတဲ့အတွက် တပ်ကိုပြန်ဆုတ်ခဲ့ ရပါတယ်။ ယိုးဒယားကို မအောင်မြင်နိုင်ခဲ့ပါဘူး။

ဆင်ဖြူရှင် ယိုးဒယားကိုတိုက်ခိုက်တာမှာ ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာ ရာဇဝင်တွေမှာ တိတိကျကျ မဖော်ပြနိုင်ခဲ့ပါဘူး။ ခမည်းတော်အလောင်းဘုရားလက်ထက် ချီတက်လုပ်ကြံရာမှာမအောင်မြင်ဘဲ ခမည်းတော်လည်း နတ်ရွာစံခဲ့ရတဲ့အတွက်မကျေချမ်းနိုင်လို့ ယိုးဒယားကိုသွားတိုက်တာ ဖြစ်လိမ့်မယ်လို့ သမိုင်းပညာရှင်အချို့ကတော့ ထင်မြင်ချက်ပေးကြပါတယ်။

ယိုးဒယားသမိုင်းတွေကတော့ ထားဝယ်စားပုန်ကန်လို့ မြန်မာကထားဝယ်ကို လုပ်ကြံတဲ့အတွက် ထားဝယ် စားက မြိတ်ကိုထွက်ပြေးတယ်၊ မြိတ်မှာရှိတဲ့ ယိုးဒယားတွေက ထားဝယ်စားကို မပေးအပ်တဲ့အတွက် မြန်မာတွေက မြိတ်နဲ့တနင်္သာရီကို တိုက်ခိုက်သိမ်းယူပြီး ယိုးဒယားကိုချီတက်လုပ်ကြံတယ်လို့ ဆိုပါတယ်။

မြန်မာတွေယိုးဒယားကို စစ်ချီတာကတော့ (၁၇၆၄) မှာ ဖြစ်တယ်။ ဆင်ဖြူရှင် ဗိုလ်ချုပ်နေမျိုးသီဟပတေ့ကို ဇင်းမယ်ကြောင်းချီစေပြီး အရင်ဆုံးဇင်းမယ်နဲ့လင်းဇင်းကို သိမ်းယူစေတယ်။ အဲဒီနောက်မှ ယိုးဒယားကို ဆက်ပြီးချီစေတယ်။

ဇင်းမယ်ကြောင်းချီတဲ့ ဗိုလ်ချုပ်သီဟပတေ့ရဲ့တပ်တွေဟာ ယိုးဒယားတွေရဲ့ရွာဟိုင်း၊ ကမန်ပိုက်၊ သုဝန် ခလောက်၊ သောက္ကတဲ၊ ပိဿလောက်၊ ရတ်ဘီး၊ ကံပူရီ စတဲ့မြို့တွေကိုသိမ်းယူပြီး ယိုးဒယားဘုရင်ရဲ့မြို့တော် အယုဒ္ဓယကို ချီတယ်။

အဲဒီနောက် ဗိုလ်ချုပ်မဟာနော်ရထာရဲ့တပ်တွေနဲ့ နှစ်တပ်ပေါင်းမိကြပြီး အယုဒ္ဓယမြို့ကိုဝန်းရံကာ အပြင်း အထန်လုပ်ကြံကြတယ်။ ယိုးဒယားဘုရင်ကလည်း သူ့တပ်တွေနဲ့မြန်မာတပ်တွေ နီးလာတာကို မြို့ပြင်ထွက်ပြီး ဆီးကြိုတိုက်ခိုက်ပေမယ့် တိုက်ပွဲတိုင်းအရေးနိမ့်ပြီး ပြန်ဆုတ်ရတယ်။ မြန်မာတပ်တွေ အယုဒ္ဓယကို ဝန်းရံ ထားတဲ့အခါမှာလည်း အကြိမ်ကြိမ်ထွက်တိုက်ပေမယ့် မြန်မာတပ်တွေကို ရှုံးနိမ့်ရတာချည်းဘဲဖြစ်တယ်။

မြန်မာတပ်တွေက ယိုးဒယားကိုဝန်းရံထားတာ (၁၄) လလောက်ကြာခဲ့တယ်။ ယိုးဒယားမြို့ရဲ့မြို့ရိုးက အလွန်လဲမင့်တယ်။ ပြီးတော့ ရေပတ်လည်ကလည်း ဝိုင်းနေတယ်။ မြို့ရိုးတပ်မှာလည်း ပေါ်တူဂီကြေးစားတွေရဲ့ အမြောက်၊ သေနတ်တွေလည်းထူထပ်လို့ မြန်မာတွေဘက်မှာလည်း အကျအဆုံးတွေများခဲ့ရတယ်။ မိုးကျလာလို့ ရေတွေဝိုင်းလာတဲ့အခါ ကုန်းမြင့်ရာကိုရွှေ့ပြီး မြို့ကိုရံကြရတယ်။ မိုးစဲပြီး ရေကျသွားတဲ့အခါကျမှ ရံအုတ်မြို့တွေကိုတည်ကာ အယုဒ္ဓယမြို့ထဲကို အမြောက်တွေနဲ့ပစ်ခတ် ကြရတယ်။ အဲဒီလို မြို့ကိုမသိမ်းနိုင်ဘဲ ရံထားတဲ့အချိန်မှာဘဲ ဗိုလ်ချုပ်မဟာနော်ရထာ မကျန်းမမာဖြစ်ပြီး ကွယ်လွန်သွားတဲ့အတွက် တပ်တွေကို ဗိုလ်ချုပ်နေမျိုးသီဟပတေ့ကပဲ တပ်တွေအားလုံးကို အုပ်ချုပ်ရတယ်။

(၁၇၆၇) မှာတော့ မြန်မာတွေက ယိုးဒယားမြို့ရဲ့ အောက်ခြေကနေ အတွင်းရောက်အောင် ဥမင်တွေဖောက်ပြီး ထင်းတွေလောင်စာတွေ အပြည့်သွင်းကာမီးရှို့တယ်။ မြို့ခြေကိုထောက်တဲ့တိုင်တွေ မီးလောင်ပြီး မီးရှိန်အလွန်ပြင်းတဲ့အတွက် မြေအစိပ်စိပ်အမြွာမြွာကွဲကာ မြို့ရိုးပြိုလဲသွားတယ်။

ဒီတော့မှ မြန်မာတပ်တွေ အလုံးအရင်းနဲ့ဝင်တိုက်တာမှာ အယုဒ္ဓယတစ်မြို့လုံးကိုရတယ်။ ယောက်ျားမိန်းမ (၃၀၀၀၀) လောက်ကို သုံ့ပန်းအဖြစ်ဖမ်းပြီး ဘဏ္ဍာရွှေငွေတွေကို သိမ်းယူတယ်။ လူနေအိမ်၊ ကျောင်းကန်၊ ဇရပ်၊ တန်ဆောင်းတွေကို မီးထင်းတိုက်ရှို့တယ်။ ယိုးဒယားဘုရင် ကျောက်ဘွားဧကာဒသ်လည်း မြို့က ထွက်အပြေးမှာ လက်နက်ထိမှန်ပြီးကျဆုံးသွားတယ်။ အယုဒ္ဓယတမြို့လုံးပျက်ဆီးသွားပြီး မြို့သက်ကုန် သွားတယ်။

ဒါကတော့ ဆင်ဖြူရှင်လက်ထက်မှာ ယိုးဒယားနဲ့ဖြစ်ပွားတဲ့ စစ်ပွဲဘဲဖြစ်ပါတယ်။ နောက်ထပ် သမိုင်းမှာ ထင်ရှားတဲ့ စစ်ပွဲကတော့ တရုတ်နဲ့လေးကြိမ်ဖြစ်ခဲ့ရတဲ့ တရုတ်-မြန်မာ စစ်ပွဲပါ။ စစ်ဖြစ်ရတာကတော့ မြန်မာတွေ ယိုးဒယားကိုသိမ်းပိုက်ပြီး () နှစ်လောက်ကြာတဲ့အခါမှာ တရုတ်က မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အဲဒီအချိန်က တရုတ်ပြည်မှာ အင်အားကြီးမားလှတဲ့ မန်ချုးမင်းဆက်ဖြစ်တဲ့ဘုရင်တွေ အုပ်ချုပ်နေပါတယ်။ မန်ချုးတွေက အာရှတိုက်အလယ်ပိုင်းဒေသတွေကို အောင်နိုင်ပြီးတဲ့နောက် အာရှတိုက်တောင်ပိုင်းဒေ သတွေကိုလည်း နယ်ချဲ့ချင်နေကြတဲ့အချိန်ပဲ ဖြစ်ပါတယ်။

စစ်ဖြစ်ချင်လာတော့ (၁၇၆၄) မှာ တရုတ်ကုန်သည်ဆိုသူ လောလီက နံဘာရွာအထက် တာပိန်မြစ် ကိုဖြတ်ပြီး တံတားဆောက်လိုတဲ့အကြောင်း ဗန်းမော်မြို့ဝန်ထံမှာ ခွင့်တောင်းပါတယ်။ ဗန်မော်မြို့ဝန်က မြန်မာဘုရင်ရဲ့အမိန့်တော်ရမှ ခွင့်ပြုနိုင်မယ်ပြောတာကို မကျေမနပ်ဖြစ်ပြီး မချေမငံပြန်ပြောပါတယ်။

ဗန်မော်မြို့ဝန်က လောလီကို မသင်္ကာစရာတွေ တွေ့ရတဲ့အတွက် ဖမ်းဆီးပြီး နေပြည်တော်ကိုပို့လိုက် ပါတယ်။ နေပြည်တော်က လောလီကို စစ်ဆေးပြီးတော့ပြန်လွှတ်ကာ တံတားဆောက်ခွင့်ပေးပါတယ်။ လောလီက တံတားမဆောက်ဘဲ သူ့ကုန်တွေပျောက်ဆုံးပါတယ်ဆိုပြီး မြန်မာအရာရှိတွေကို တိုင်ကြား လာပါတယ်။ ယူနန်ဘုရင်ခံကိုလည်း ဗန်မော်မှာ အရောင်းအဝယ်ကောင်းစွာလုပ်မရကြောင်း တိုင်ကြား တယ်။

နောက်အကြောင်းတစ်ချက်ကလည်း ကျိုင်းတုံမြို့ရဲ့ မြောက်ကွသွားဈေးမှာ တရုတ်ကုန်သည် လောတာရှည်နဲ့ မြန်မာတွေ အကြွေးကိစ္စစကားများပြီး ရိုက်နှက်ထိုးခုတ်ကြတာမှာ တရုတ်အချို့သေလို့၊ မြန်မာတွေကို ထုံးစံ မဟုတ်တဲ့တောင်းဆိုမှုတွေကို တောင်းဆိုခဲ့ရာမှာ မြန်မာဘက်ကမလိုက်လျောတဲ့အတွက် တရုတ်ကုန် သည်လောတာရှည် မိုင်းဆည်ကိုပြန်သွားပြီး တရုတ်အကြီးအကဲတွေကို တိုင်ကြားတယ်။ အဲဒီလို ကိစ္စတွေဖြစ်လာခဲ့တဲ့အတွက်ကြောင့်ဘဲ။ ဒါကို အကြောင်းပြပြီး တရုတ်တပ်တွေ မြန်မာကိုတိုက်ဖို့ မြန်မာနိုင်ငံထဲကို ကျုးကျော်ဝင်ရောက်လာခဲ့တာပဲ ဖြစ်တယ်။


မန်ချုးတရုတ်တပ်တွေကို ဦးစီးအုပ်ချုပ်သူက ဗိုလ်ချုပ်လောတာရဲဖြစ်ပြီး မြန်မာပိုင် ကျိုင်းတုံကို ချီတက် တိုက်ခိုက်လာတာမှာ ကျိုင်းတုံမြို့ထဲကနေပြီး မြန်မာစစ်ကဲကြီး ရွှေတောင်တက်က ပြန်လည်ခုခံတိုက်ခိုက် ခဲ့ကြတယ်။

အဲဒီမှာ နေပြည်တော်က လက်ဝဲဝင်းမှူး နေမျိုးစည်သူခေါင်းဆောင်တဲ့ တပ်ပေါင်း (၁၀) တပ် ရောက်ရှိ လာပြီး အတွင်းအပြင် နှစ်ဖက်ညှပ်ကာ တရုတ်တွေကိုတိုက်တာ တရုတ်တပ်တွေ ဆုတ်ခွာသွားကြရတယ်။ ဒီစစ်ပွဲမှာ တရုတ်ဗိုလ်ချုပ် တာလောရဲ ကျဆုံးခဲ့တယ်။ ဒါကတော့ တရုတ်နဲ့ ပထမဆုံးဖြစ်တဲ့ စစ်ပွဲဖြစ်တယ်။

ဒုတိယ စစ်ပွဲကတော့ (၁၇၇၆) မှာ ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ် ချောင်ဟုန်ဖန်ဦးစီးတဲ့ တပ်တွေက ဗန်းမော်ဈေးမြို့ ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြတယ်။ ဗိုလ်ချုပ် လီးယူဘဲချန်းဦးစီးတဲ့တပ်ကတော့ ကျိုင်းတုံကို တိုက်ဖို့ချီလာသလို ဗိုလ်ချုပ်ဂူအာတင်ဘီးကလည်း သိန္နီကိုသိမ်းဖို့ချီလာတယ်။ ဆဒုံးဘက်ကိုလည်း ဗိုလ်ချုပ် ချူလွန်ဦးဆောင်တဲ့တပ်တွေချီလာတယ်။

ဝန်ကြီး မဟာစည်သူခေါင်းဆောင်တဲ့ မြန်မာတပ် (၂၂) တပ်ကလည်း အင်းဝကနေပြီး မိုးညှင်း၊ မိုးကောင်း၊ ခတ်ချိုနဲ့ ဝိုင်းမော်တို့ကို ကြည်းကြောင်းကချီလာတယ်။ လက်ဝဲဝင်းမှူးနေမျိုးစည်သူခေါင်းဆောင်တဲ့ တပ် (၁၆) တပ် ကတော့ ရေကြောင်းကနေပြီး ကောင်းတုံကို လှေတွေပေါ်မှာအမြောက်တင်ပြီး ချီလာတယ်။ ဝန်ကြီးမဟာသီဟသူခေါင်းဆောင်တဲ့ တပ်ပေါင်း (၂၀) ကလည်း သိန္နီကို ချီလာကြတယ်။

တရုတ်တပ်တွေနဲ့ မြန်မာတပ်တွေ ကောင်းတုံ၊ ဗန်းမော်၊ လီစောတောင်ကြားနဲ့ သိန္နီမှာ တိုက်ပွဲတွေဖြစ် ပွားကြပြီး မြန်မာတပ်တွေက တရုတ်တပ်တွေကိုအောင်မြင်လို့ တရုတ်တပ်တွေ ဆုတ်ခွာသွားရတယ်။ အဲဒီ ဒုတိယစစ်ပွဲမှာ တရုတ်တို့ရှုံးနိမ့်တဲ့အတွက် မန်ချုးဘုရင်က ယူနန်ဘုရင်ခံ ယန်ယင်ချု၊ စစ်သေနာပတိ လီရှိရှင်းနဲ့ တရုတ်ဗိုလ်ချုပ်တွေကို သေဒဏ်ပေးလိုက်တယ်။

တရုတ်မြန်မာ တတိယစစ်ပွဲထပ်ဖြစ်ရတာကတော့ အာရှတိုက်အလယ်ပိုင်းမှာ အောင်ပွဲတွေရပြီး အလွန်ထင်ရှားတဲ့ တရုတ်စစ်သူကြီးမင်ဂျီဟာ တရုတ်စစ်သည်တွေကိုဦးဆောင်ပြီး (၁၇၆၇) ခုနှစ် ဒီဇင်ဘာ (၂၂) ရက်နေ့မှာ သိန္နီကို ချီတက်လာခဲ့တာပဲဖြစ်တယ်။
တချိန်တည်းမှာ တရုတ်ဗိုလ်ချုပ်အာတင်အော ခေါင်းဆောင်တဲ့တပ်တွေကလည်း မိုင်းမောကနေ ကောင်းတုံကိုချီလာကြတယ်ဆိုတဲ့သတင်းကို ဆင်ဖြူရှင်ကြားရတဲ့အခါ ဝန်ကြီးမဟာစည်သူနဲ့ တပ်ပေါင်း (၃၀) ကို ပင်မတပ်ထားပြီး ဝန်ကြီးမဟာသီဟသူရနဲ့ တပ်ပေါင်း (၂၀) ကို လက်ယာကြောင်း၊ လက်ဝဲဝင်း မှူးနေမျိုးစည်သူနဲ့ တပ် (၁၀) တပ်ကို လက်ဝဲကြောင်းတင်ပြီး ချီစေတယ်။

အဲဒီ စစ်ပွဲမှာ တရုတ်တပ်တွေရှုံးနိမ့်ခဲ့ရပြန်ပြီး အားအထားရဆုံးဖြစ်တဲ့ တရုတ်စစ်သူကြီးမင်ဂျီ ကျဆုံး ခဲ့ရသလို တရုတ်ဗိုလ်ချုပ်တွေဖြစ်တဲ့ ချာလဖုံအာနဲ့ ကွမ်ယင်ပေါတို့လည်း ကျဆုံးသွားခဲ့ရတယ်။

အခုစစ်ပွဲကတော့ တရုတ်မြန်မာနောက်ဆုံးဖြစ်ပွားတဲ့ စတုတ္ထစစ်ပွဲပါ။ မန်ချုးဧကရာဇ်ဘုရင်ဟာ တရုတ်စစ်သူကြီးမင်ဂျီ ကျဆုံးသွားတာကိုသိတဲ့အခါ အမျက်ဒေါသထွက်ပြီး မြန်မာဘုရင်ရဲ့မြို့တော်အင်းဝကို သိမ်းပိုက်ဖို့အတွက်၊ ယူနန်စစ်သေနာပတိချုပ် ဖူဟန်ကို တာဝန်ပေးတယ်။ သူနဲ့အတူ လက်ထောက် စစ်သေနာပတိချုပ်တွေဖြစ်တဲ့ အကွီးနဲ့အလီကွန်တို့ကို လိုက်ပါစေတယ်။ နောက်ပြီး ယူနန်ဘုရင်ခံချုပ် မင်းတေးနဲ့ တပ်ပေါင်းဗိုလ်ချုပ်ကြီး ဟကိုဆင်တို့ကလည်း ဦးစီးမှူးတွေအဖြစ်လိုက်ပါပြီး တရုတ်တပ်တွေ ချီလာကြတယ်။ အလီကွန်နဲ့တရုတ်စစ်သည် (၁၀၀၀၀) ကျော်ဟာ (၁၇၆၉) သြဂုတ်လ (၂၁) ရက်နေ့မှာ ဝိုင်းမော်၊ ခတ်ချိုကြောင်းနဲ့ မိုးကောင်းကို သိမ်းပိုက်ခဲ့ကြတယ်။

အကွီးခေါင်းဆောင်တဲ့ တရုတ်စစ်သည် (၁၀၀၀၀) ကျော်ပါတဲ့ တရုတ်တပ်တွေကလည်း တချိန်တည်းမှာဘဲ ကောင်းတုံကို ချီတက်တိုက်ခိုက်လာကြတယ်။ တရုတ်တပ်တွေ မိုးကောင်းကို သိမ်းပိုက်နိုင်ပေမယ့် ဗလမင်းထင်ဦးဆောင်တဲ့ ကောင်းတုံကိုတော့ အပြင်းအထန်တိုက်ခိုက်ပေမယ့်လည်း မအောင်မြင်ဘဲ အကျအဆုံးများစွာနဲ့ ဝိုင်းရံနေကြရတယ်။

ဆင်ဖြူရှင်ကလည်း တရုတ်တပ်တွေချီလာတယ်ဆိုတာသိတာနဲ့ အမြောက်ဝန် နေမျိုးသီဟသူခေါင်းဆောင် တဲ့ တပ် (၁၂) တပ်ကို ကြည်းကြောင်းနဲ့ မိုးကောင်းကိုချီစေပြီး ဝန်ကြီးမဟာသီဟသူရခေါင်းဆောင်တဲ့ တပ်ပေါင်း (၅၀) ကိုတော့ ဧရာဝတီကြောင်းကနေ ကောင်းတုံကိုချီပြီး တရုတ်တပ်တွေကို တိုက်ခိုက်စေ တယ်။

ရေကြောင်းတပ်တွေဟာ မြစ်ကြီးနား ကျွန်းပင်သာမှာ တံတားထိုးနေတဲ့ တရုတ်တပ်တွေကို တိုက်ခိုက် အနိုင်ယူပြီး မြစ်ကိုမကူးနိုင်အောင် တားဆီးလိုက်တယ်။ အဲဒီစစ်ပွဲမှာ မြန်မာတပ်တွေဟာ တရုတ်တပ်တွေကို ကြည်းကြောင်း၊ ရေကြောင်း ငါးကြိမ်တိုင်တိုင်အောင်နိုင်ခဲ့တဲ့အတွက် တရုတ်တပ်တွေအရေးနိမ့်ပြီး ရိက္ခာအခက်အခဲတွေကလည်း ဖြစ်လာရတဲ့အတွက် (၁၇၆၉) နိုဝင်ဘာ (၂၉) ရက်နေ့မှာ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာခဲ့ရတယ်။

အဲဒီလို ကမ်းလှမ်းချက်ကို တချို့တပ်မှူးတွေက လက်မခံချင်ကြပေမယ့် ဝန်ကြီးမဟာသီဟသူရက နှစ်နိုင် ငံအိမ်နီး ချင်းမဟာမိတ်များအဖြစ်ဆက်ဆံရန်နဲ့ ရန်စကိုတိုစေလိုတာကြောင့် တစ်ဦးတည်းတာဝန်ယူပြီး ကောင်းတုံမှာ နှစ်ဖက်သဘောတူ စစ်ပြေငြိမ်းစာချုပ်ကို ချုပ်ဆိုလိုက်တယ်။

စာချုပ်အရ တရုတ်တို့က မြန်မာမြေမှဆုတ်ခွာသွားရန်၊ နှစ်နိုင်ငံအစဉ်အလာမပျက် ကုန်ကူးသန်းသွားလာ ရန်နဲ့ သံ အလဲအလှယ်များပြုလုပ်ကာ မိတ်ဆွေနိုင်ငံအဖြစ်ကျင့်သုံးဖို့ သဘောတူညီခဲ့တယ်။

ရေးရရင် ဆင်ဖြူရှင်အုပ်ချုပ်တဲ့ အဲဒီခေတ် အဲဒီအချိန်ဟာ မြန်မာတွေရဲ့သမိုင်းမှာ အောင်ပွဲတွေနဲ့ စစ်ရေး စွမ်းရည် အထွတ်အထိပ်အရောက်ဆုံးကာလလို့ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မဟုတ်ပါဘူး။

အင်အားကြီးမှားလှတဲ့တရုတ်တွေနဲ့ ဖြစ်ရတဲ့စစ်ပွဲတွေမှာ တရုတ်တွေကျူးကျော်လာတိုင်း မြန်မာတွေအောင်နိုင်စွာခုခံနိုင်ခဲ့သလို၊ တချိန်တည်းလိုဖြစ်ရတဲ့စစ်ပွဲတွေမှာ ယိုးဒယားကို လည်းအောင်မြင်ခဲ့တဲ့အတွက် အလောင်းဘုရားရဲ့သားတော် ဆင်ဖြူရှင်မင်းရဲ့တန်ခိုးအာဏာဟာ ထင်ရှားကျော်ကြားခဲ့ရတယ်။ ကုန်းဘောင်ခေတ် ကုန်းဘောင်သမိုင်းဟာ တတိယမြန်မာနိုင်ငံတော် ကိုတည်ထောင်တော်မူခဲ့တဲ့ အလောင်းဘုရားပြီးရင် မြေဒူးမင်းလို့လည်းသိကြတဲ့ ဆင်ဖြူရှင်မင်းဟာ အတော်ဆုံး၊ အထက်မြက်ဆုံး မင်းကောင်းမင်းမြတ်လို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံတော် ဟာ လက်အောက်ခံနိုင်ငံတွေနဲ့ အကျယ်ဝန်းဆုံးဖြစ်ရသလို အိမ်နီးချင်းနိုင်ငံတွေရဲ့ လေးစားမှုကိုခံခဲ့ရတဲ့ အတွက် မြန်မာတွေအဖို့ဂုဏ်ယူစရာဖြစ်ခဲ့ရတယ်။ တရုတ်တွေနဲ့ချုပ်ဆိုခဲ့တဲ့ ကောင်းတုံ စစ်ပြေငြိမ်းစာချုပ် ကြောင့် နောက်တက်လာတဲ့ မင်းအဆက်ဆက်မှာလည်း တရုတ်နဲ့မြန်မာက ဆက်ဆံရေးကောင်းမွန်တဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ကြတယ်။

ဆင်ဖြူရှင်ကို တည်ကြည်ရဲရင့်ခြင်း၊ စစ်မက်လိုလားခြင်း၊ ယောက်ျားမြတ်တို့ရဲ့လက္ခဏာနဲ့ ပြည့်စုံခြင်းတို့ ကြောင့် အလောင်းဘုရားရဲ့သားတော် ပီသတယ်ဆိုပြီး ပြည်သူတွေက ပြောဆိုခဲ့ကြတယ်။ မင်းသားဖြစ်စဉ်ကလည်း ခမည်းတော်အမှုတော်ကိုထမ်းပြီး အင်းဝကိုတိုက်ခိုက်အောင်မြင်ခဲ့သလို၊ ခမည်းတော်ရဲ့ နိုင်ငံတော်တည်ထောင်ရာ စစ်ရေးဆိုင်ရာတိုက်ပွဲတွေမှာလည်း ပါဝင်ဆင်နွှဲ အောင်ပွဲတွေ ရရှိခဲ့တယ်။

ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်သလို၊ ပညာရှိပုဂ္ဂိုလ်တွေကို ချီးမြှင့်မြှောက်စားပြီး ပညာရှိပုဂ္ဂိုလ်တွေရဲ့ စကားတွေကိုလည်း နာယူခဲ့တယ်။ အမှုတော်ကို ကျေပွန်စွာထမ်းဆောင်တဲ့ အမှုထမ်းကောင်းတွေကိုလည်း ရာထူးနေရာတွေ တိုးမြှင့်မြှောက်စားခဲ့တယ်။ လူရည်လူသွေးကိုလည်းသိရှိပြီး ရွေးချယ်ခန့်ထားတဲ့အတွက် ကြံစည်တော်မူသမျှကိစ္စတိုင်းမှာလည်း အောင်မြင်တာကသာ များတယ်။ ဆင်ဖြူရှင်မင်းမြတ်ရဲ့ ပကတိ မျက်နှာတော်ကတော့ ကြမ်းတမ်းခက်မာတယ်လို့ မဟာရာဇဝင်တွေက ဆိုပါတယ်။ သမိုင်းမှာ ထင်ရှားတဲ့ သူရဲကောင်းမင်းမြတ်ဆင်ဖြူရှင်ဟာ (၁၇၇၆) မှာ နတ်ရွာစံတော်မူပြီး ဒီအချိန်မှာ မြန်မာနိုင်ငံတော်ဟာလည်း ငြိမ်းချမ်းသာယာဝပြောပြီး အောင်မြင်မှုတွေနဲ့ တိုးတက်လျက်ရှိနေတယ်ဆိုတာကို ရေးလိုပါတယ်။

ဟိန်းဇေ

0 comments:

Post a Comment