Wednesday, December 14, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၁) မျိုးမြင့်ချို

1 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၁) မျိုးမြင့်ချို ဒီဇင်ဘာ ၁၄ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေကထုတ်လွှင့်ပြီးဖြစ်ပါတယ်

စစ်အာဏာသိမ်းပြီးနောက် ကျနော်တို့ဆီမှာဖြစ်ခဲ့တာတွေဟာ တခြားဒေသတွေမှာဖြစ်ခဲ့တာတွေနဲ့ သိတ်ပြီးမကွာလှတာမို့ ထူးထူးထွေထွေ ပြောစရာတော့မရှိလှပါဘူး။ နဝတတက်ပြီး မကြာခင်ကာလတွေမှာ ဆရာတင်မိုးရဲ့ အမေ့သားစကားတိုးတိုးပြောလှည့်ပါဆိုတဲ့ ကဗျာရှည်နဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့စာဟောင်းတွေထဲက ငြိမ်ဝပ်ပိပြားရေးဆိုတာကိုအဓိပ္ပါယ်ဖွင့်ထားတဲ့ လက်ကမ်းစာရွက်ကလေးကိုတော့ ခုထက်တိုင် မှတ်မှတ်ရရရှိနေပါသေးတယ်။

ထွေထွေထူးထူးပြောစရာမရှိလှဘူးလို့ဆိုပေမယ့် ကျနော်တို့ကြားက အခြေအတင်ဖြစ်ခဲ့ရတာလေးတွေတော့ နည်းနည်ပြန်ပြောပြချင်ပါတယ်။ ၈၈မှာပါဝင်ခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေကြားမှာလည်း အာဏာသိမ်းမှုဂယက်ဟာ အတော့်ကိုရိုက်ခဲ့ပါတယ်။ မဆလကို အရှိုက်ထိုးအထိနာစေခဲ့တဲ့ ဝန်ထမ်းပေါင်းစုံသပိတ်တွေမှာပါဝင်ခဲ့ကြသူတွေ အကျပ်အတည်းပြန်ဆိုက်ရတဲ့ အနေအထားပါပဲ။ စစ်အစိုးရက အလုပ်ပြန်ဆင်းပါ၊ ၈၈မှာပါခဲ့လို့ အရေးယူမှာမဟုတ်ဘူးလို့ ဘယ်လိုပဲပြောနေပြောနေ သံသယတွေကတော့ လူတိုင်းကိုယ်စီရှိနေကြတာလည်း အမှန်ပါပဲ။ အလုပ်ပြန်ဆင်းကြမလားဆိုတဲ့အပေါ်မှာ တချို့ကတော့ ပြန်ဆင်းလည်းအရေးယူခံရမယ့်အတူတူ ပြန်မဆင်းပဲနေသင့်တယ်။ ဒါဆိုရင် အစိုးရယန္တရားကြီး ပုံမှန်ပြန်လည်ပတ်ဖို့ခက်ပြီး မြန်မြန်ပြန်ပြုတ်ကျသွားနိုင်တယ်လို့လည်း ယူဆကြတာတွေရှိပါတယ်။

ကျနော်ကတော့ ဒါဟာ..တဦးချင်းစီရဲ့ ရွေးချယ်ဆုံးဖြတ်မှုနဲ့ဆိုင်တယ်လို့ယူဆပြီး မိသားစုဘဝကိုရှေးရှူဆုံးဖြတ်သင့်တဲ့ကိစ္စလို့ မြင်ပါတယ်။ ဘယ်အစိုးရပဲတက်တက် ဝန်ထမ်းဆိုတဲ့အနေအထားကတော့ သိတ်ခြားနားလှတယ်လို့ မမြင်မိတာလည်းပါပါတယ်။ နောက်တချက်က စစ်ဝန်ထမ်းလို့ဆိုရမယ့်စစ်သားနဲ့ နယ်ဘက်ဝန်ထမ်းတွေရဲ့ကြားက ခြားနားချက်ကိုလည်း ထည့်စဉ်းစားမိပါတယ်။ ၁ဝ နှစ် စာချုပ်နဲ့တပ်ထဲဝင်လာသူတယောက်ဟာ ၁ဝနှစ်ပြည့်ပြီးတောင် တပ်ကထွက်ဖို့မလွယ်ပေမယ့် နယ်ဘက်ဝန်ထမ်းကတော့ မလုပ်ချင်တော့ရင် ထွက်စာတင်ပြီးထွက်လို့ ဖြစ်ပါသေးတယ်။ ဆိုတော့ အစိုးရကိုမကြိုက်တော့ဘူးဆိုရင် အချိန်မရွေးပြန်ထွက်လို့လည်း ရနိုင်ခြေရှိနေပါတယ်။ နောက်တခု ကျနော်အရေး အကြီးဆုံးလို့ထင်တဲ့အချက်တချက်ကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် ဘယ်နေရာကိုပဲရောက်ရောက် ရောက်တဲ့နေရာကနေ ရသလောက်လုပ်နိုင်နေဖို့ဆိုတာက အရေးအကြီးဆုံးလို့ကျနော်ထင်ပါတယ်။  ဒါ့ကြောင့်မို့လို့ ကျနော့်အနေနဲ့ အလုပ်ပြန်ဆင်းပါလို့မတိုက်တွန်းခဲ့သလို၊ မဆင်းသင့်ဘူးလို့လည်း သဘောထားမပေးခဲ့ပါဘူး။ အဲသလိုဘာသဘောထားမှ မပေးခဲ့တာကြောင့်လည်း အဝေဘန်ခံရတာတွေရှိခဲ့ပါတယ်။

နောက်တခုက ပျက်စီးသွားတဲ့ကောင်စီတွေနေရာမှာ အသစ်ပြန်ဖွဲ့စည်းအစားထိုးမယ့် အောက်ခြေအဆင့် အုပ်ချုပ်ရေးပိုင်းကိစ္စတွေဖြစ်ပါတယ်။ အဲဒီကိစ္စကတော့ စိတ်ဝင်စားစရာကောင်းသလောက် အချင်းချင်းကြားမှာ အငြင်းပွားစရာလည်းဖြစ်ခဲ့ပါတယ်။  အထက်ပိုင်းနဲ့နိုင်ငံတော်အဆင့်မှာ အာဏာလုကြတယ်ဆိုတာဘာမှမဆန်းသလို ရပ်ကွက်အဆင့်အုပ်ချုပ်ရေးပိုင်းမှာ နေရာလုကြတာလည်း အဆန်းတကျယ်ကိစ္စတော့ မဟုတ်ပါဘူး။ ရဝတ လို့ခေါ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွေရွေးတော့မယ်ဆိုတော့ ရပ်ကွက်ထဲမှာ စုဖွဲ့မှုလေးတွေ၊ ကြိတ်ဝိုင်းလေးတွေဖြစ်လာပါတယ်။ မဆလဟောင်းတွေကလည်း သူတို့နေရာရရေး လုပ်မရတော့မယ့်အတူတူ လူမွေးပြီးသူတို့လူ နေရာရရေးလုပ်ကြသလို၊ ဒီမိုကရေစီရေးလှုပ်ရှားခဲ့တဲ့သူတွေကလည်း ကိုယ့်လူနေရာရရေး၊ တချို့ကျတော့ ဘယ်ဘက်ကမှမပါခဲ့ဖူးတဲ့ ရပ်ကွက်ထဲက လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တွေကိုနေရာပေးရေး ဆိုတာတွေဖြစ်နေခဲ့ပါတယ်။

လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေနေရာပေးရေးကို ထောက်ခံပေမယ့် မဆလလက်ဝေခံတွေ နေရာပြန်ယူလာမှာကိုတော့ ကျနော်တို့လက်ခံလို့ မရခဲ့ကြပါဘူး။ မဆလလက်ဝေခံအဖြစ်တင်လိမ့်မယ်လို့ ရပ်ကွက်ထဲမှာသတင်းပြေးနေသူကတော့ ရဲတပ်ဖွဲ့ကနေပြစ်ဒဏ်နဲ့ အထုတ်ခံထားရသူဖြစ်တဲ့အပြင်၊  ရပ်ကွက်ထဲမှာမူးရူးပြီး လူမိုက်ဆန်ဆန်ရမ်းကားတတ်တဲ့သူလည်း ဖြစ်နေပါတယ်။ ၈၈ ကာလတုန်းကလည်း ဆေးခတ်ခံထားရတယ်လို့ယူဆပြီး ကျောင်းသားသမဂ္ဂကကျောင်းသားတွေ ယာယီထိန်းသိမ်းထားသူတဦးကို မေးမြန်းကြည့်ချင်တယ်ပြောပြီး အဲဒီအမျိုးသမီးရဲ့မျက်နှာကို ဓါးနဲ့လှီးခဲ့တာလည်း အဲဒီလူပါပဲ။ အဲဒီဖြစ်ရပ်မှာ သူ့အပြုအမူနဲ့လုပ်ရပ်ကို ဘယ်သူမှမနှစ်မြို့ပေမယ့် တားချိန်မရလိုက်တာမို့ မကျေမချမ်းပြောရုံကလွဲလို့ ဘာမှမတတ်နိုင်ဖြစ်ခဲ့ရဖူးတာလည်းရှိပါတယ်။

ဒါနဲ့ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေကိုနေရာယူဖို့ ကျနော်တို့ ချဉ်းကပ်ကြပါတယ်။ ခက်နေတာက ဘယ် လူရိုသေရှင်ရိုသေပုဂ္ဂိုလ်ကမှ စစ်အစိုးရနဲ့ မပတ်သက်ချင်ကြတာပါပဲ။ ဆိုတော့ သူတို့နေရာမယူရင် မဆလလက်ဝေခံတွေ ပြန်ကြီးစိုးလာတော့မှာပဲဆိုတဲ့စိုးရိမ်စိတ်နဲ့ ကျနော်တို့ စကားတွေပြောကြရပါတော့တယ်။ ကျနော်တို့ထဲမှာတချို့က စစ်အစိုးရနဲ့လုံးဝမပတ်သက်ရေး၊ သူ့ယန္တရားရဲ့ ဘယ်အဆင့်ဘယ်နေရာမှာမှ မပါဝင်ရေးနဲ့ အပြင်ကနေပြတ်ပြတ်သားသားဆန့်ကျင်ရေးဆိုတဲ့ သဘောထားရှိပါတယ်။ တချို့ကတော့ တစိတ်တပိုင်းပါဝင်ပတ်သက်ထားရေး၊ အဆင့်နေရာတိုင်းမှာ ရသလောက်နေရာဝင်ယူထားရေးနဲ့ အတွင်းကနေပူးသတ်ရေးဆိုပြီး ဖြစ်နေပါတယ်။ ကျနော့်အနေနဲ့ကတော့ အပြင် ကနေပြတ်ပြတ်သားသား ဆန့်ကျင်ရေးဘက်က ရပ်ခံခဲ့ပါတယ်။ မယှဉ်သာတဲ့ပြိုင်ဖက်ကို ပူးသတ်ရေးလို့ကြွေးကြော်ပြီး မမျှတဲ့ကွင်းထဲဝင်သွားကြသူတွေ ဘယ်လိုမျိုးနိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ရသလဲဆိုတာလည်း  သမိုင်းခေတ်အဆက်ဆက်ရဲ့ နိုင်ငံရေးလက်တွေ့ဘဝတွေမှာ အထင်အရှားရှိနေတာပဲဖြစ်ပါတယ်။

နိုင်ငံရေးဆိုတဲ့သဘောမှာ အသာစီးယူထားပြီးသားး၊ ရထားပြီးသားပြိုင်ဘက်ဟာ သူ့ဆီလာပူးဖို့၊ လာလုံးဖို့ ဟ ပေးနိုင်လောက်တဲ့ ကြံ့ခိုင်မှုမရှိသေးရင် ပူးခွင့်ဆိုတာကိုလည်း ဘယ်တော့မှမပေးတတ်ပါဘူး။ ကိုယ့်လည်ပင်းကိုယ်ပြန် ကြိုးကွင်းစွပ်မယ့်အလုပ်ကို ဘယ်နိုင်ငံရေးသမားကမှ လုပ်လေ့မရှိတတ်တဲ့သာဓကတွေလည်း အများကြီးပါပဲ။ ရှူံးတာခြင်းအတူတူတောင်မှ ပူးသတ်ပြီးရှူံးသူနဲ့ အပြတ်ဆန့်ကျင်ပြီးရှူံးသူမှာ ဂုဏ်သိက္ခာမတူနိုင်ဘူးလို့လည်း ထင်ပါတယ်။

ဒီလိုနဲ့ ခါးမှာသေနတ်ချိတ်ထိုင်နေတဲ့ စစ်ဗိုလ်ရဲ့ရှေ့မှာလုပ်ရတဲ့ ရဝတရွေးကောက်ပွဲကြီးရောက်လာပါပြီ။ နောက်ဆုံးချုပ်ပြောရရင် ရဲပြုတ် လူရမ်းကားက ဥက္ကဋ္ဌဖြစ်သွားပါတယ်။ လူရိုသေရှင်ရိုသေတွေကတော့ တဦးတလေတောင်မှ ယောင်လို့မပါခဲ့ကြပါဘူး။ ပူးသတ်မယ်ဆိုတဲ့ဆိုတဲ့ ကျနော်တို့လူတချို့ကတော့ ရာအိမ်မှူးတို့ဆယ်အိမ်မှူးတို့ ဖြစ်လာကြပါတယ်။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ သူတို့လည်းကိုယ့်ကိုယ်ကို ရပ်ကွက်အာဏာပိုင်လို့အခေါ်ခံရတာ နားဝင်ချိုလာဟန်တူပါတယ်။ စစ်တပ်ကထောက်ခံထားတဲ့ရဲပြုတ်နဲ့အတူ ထားရာနေစေရာသွားပြီး ပျော်ပျော်ပါးပါးကြီး ပူးနေလုံးနေတာကိုပဲ တွေ့ရပါတော့တယ်။ 
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

1 comments:

  • December 14, 2011 at 6:36 PM

    (မယှဉ်သာတဲ့ပြိုင်ဖက်ကို ပူးသတ်ရေးလို့ကြွေးကြော်ပြီး မမျှတဲ့ကွင်းထဲဝင်သွားကြသူတွေ ဘယ်လိုမျိုးနိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ရသလဲဆိုတာလည်း သမိုင်းခေတ်အဆက်ဆက်ရဲ့ နိုင်ငံရေးလက်တွေ့ဘဝတွေမှာ အထင်အရှားရှိနေတာပဲဖြစ်ပါတယ်။

    နိုင်ငံရေးဆိုတဲ့သဘောမှာ အသာစီးယူထားပြီးသားး၊ ရထားပြီးသားပြိုင်ဘက်ဟာ သူ့ဆီလာပူးဖို့၊ လာလုံးဖို့ ဟ ပေးနိုင်လောက်တဲ့ ကြံ့ခိုင်မှုမရှိသေးရင် ပူးခွင့်ဆိုတာကိုလည်း ဘယ်တော့မှမပေးတတ်ပါဘူး။ ကိုယ့်လည်ပင်းကိုယ်ပြန် ကြိုးကွင်းစွပ်မယ့်အလုပ်ကို ဘယ်နိုင်ငံရေးသမားကမှ လုပ်လေ့မရှိတတ်တဲ့သာဓကတွေလည်း အများကြီးပါပဲ။ ရှူံးတာခြင်းအတူတူတောင်မှ ပူးသတ်ပြီးရှူံးသူနဲ့ အပြတ်ဆန့်ကျင်ပြီးရှူံးသူမှာ ဂုဏ်သိက္ခာမတူနိုင်ဘူးလို့လည်း ထင်ပါတယ်။)
    ဒါ အမေပုတို့ကို ပြောတာထင်တယ်..

Post a Comment