ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၈)
မင်းမြတ်တပင်ရွှေထီး (အတွဲ - ၂)
တပင်ရွှေထီး ဟံသာဝတီကိုပြောင်းပြီးနန်းစံတော့ ဘုရင့်နောင်ရဲ့ဖခင် မင်းရဲ သိင်္ခသူကို တောင်ငူဘုရင်ခံခန့်ပါတယ်။ ဒီအချိန်မှာ ရာမညတိုင်း မွန်သုံးရပ် ဖြစ်တဲ့ ဟံသာဝတီ၊ ပုသိမ်နဲ့မုတ္တမတို့မှာ ဟံသာဝတီနဲ့ပုသိမ်က တပင်ရွှေထီး လက်အောက်ကိုကျရောက်သွားပေမယ့် မုတ္တမက တပင်ရွှေထီး လက်အောက်ကိုဝင်လာခြင်းမရှိသေးပဲ ထောင်ထားခြားနားနေတဲ့ မုတ္တမကို ချီတက်တိုက်ခိုက်ပါတယ်။ မုတ္တမစားစောဗညားကလည်း နိုင်ငံခြားသားပေါ် တူဂီတွေရဲ့ အကူအညီတွေရရှိတဲ့အတွက် တပင်ရွှေထီးရဲ့တပ်တွေကိုအပြင်း အထန် ပြန်လည်ခုခံပါတယ်။ ဒါပေမယ့် မုတ္တမကျပြီး စောဗညားကို အရှင်ရရှိပါတယ်။ တပင်ရွှေထီးလည်း မုတ္တမကိုအောင်တော်မူတဲ့အတွက် မွန်သုံးရပ်ကို ရရှိသွားတယ်။
သက္ကရာဇ် (၉၀၃) ခုနှစ်၊ တန်ဆောင်မုန်းလဆန်းမှာ ကြည်းကြောင်း၊ ရေကြောင်း၊ အပြည့်အစုံနဲ့ ပြည်ကို တိုက်ဖို့ စစ်ချီပါတယ်။ တပင်ရွှေထီးက ရေကြောင်းချီတပ်နဲ့လိုက်ပါပြီး ဘုရင့်နောင်က ကြည်းကြောင်းချီ တပ်ကို ဦးဆောင်ပါတယ်။ စစ်အင်အားကတော့ ရေကြောင်းချီတပ်မှာ စစ်သည် (၉၀၀၀၀) နဲ့ ကြည်းကြောင်း ချီတပ်မှာ စစ်သည် (၈၀၀၀၀) ဖြစ်တယ်။ ရေကြောင်းချီတပ်ပေါင်း ၁၃ တပ်နဲ့လှေကြီး၊ လှေငယ်ပေါင်း (၁၃၇၀) ပါပြီး ကြည်းကြောင်းချီတပ်မှာတော့ ဘုရင့်နောင်ဦးစီးတဲ့ တပ်ပေါင်း ၁၁ တပ်မှာ တိုက်ဆင် (၃၀၀)၊ စစ်မြင်း (၂၅၀၀) ပါရှိပါတယ်။ ရေကြောင်းချီတပ် ချီလာရာမှာ ဘုရင်တပင်ရွှေထီးက ဘုံ (၁၁) ဆင့်ရှိတဲ့ ရွှေဖောင်တော်ကို စီးတော်မူပါတယ်။
အဲဒီအချိန်မှာ ပြည်မှာ ဘုရင်အဖြစ်စိုးစံနေတာက နတ်ရွာစံသွားတဲ့ဘုရင် နရပတိရဲ့ညီတော် ပြည်ဘုရင် မင်းခေါင်ပဲ ဖြစ်တယ်။ ပြည်ဘုရင်မင်းခေါင်လည်း အာဏာကြီးမားတဲ့ တပင်ရွှေထီးရဲ့တပ်တွေ ပြည်ကိုချီလာ ပြီလို့ကြားတော့ ထိတ်လန့်တုန်လှုပ်သွားပြီး အင်းဝဘုရင် ရှမ်းမင်းသိုဟန်ဘွားနဲ့ စော်ဘွားတွေဖြစ်တဲ့ အုန်းပေါင်စော်ဘွား၊ နောင်မွန် စော်ဘွား၊ ရပ်စောက်စော်ဘွားနဲ့ သုံးဆယ်စော်ပွားတို့ကို စစ်ကူတောင်း တယ်။
အဲဒီ စစ်ပွဲမှာ ပြည်ဘုရင်ကိုစစ်ကူပေးဖို့အတွက် သိုဟန်ဘွားရဲ့စော်ဘွားတွေကလည်း တိုက်ဆင် (၈၀၀)၊ စစ်မြင်း (၁၀၀၀၀) စစ်သည် (၁၆၀၀၀) တို့နဲ့ ပြည်ကို ချီလာကြတယ်။
ပြည်ဘုရင်ဟာ ယောက်ဖတော်ဖြစ်တဲ့ ရခိုင်ဘုရင်ကိုလည်း စစ်ကူတောင်းတဲ့အတွက် ရခိုင်ဘုရင်က ကြည်း တပ်၊ ရေတပ်တွေကို ပြည်ကိုချီစေပါတယ်။ ရခိုင်ဘုရင် ယောက်ဖတော်လို့ခေါ်ရတာကတော့ ဘုရင်မင်းခေါင် ရဲ့နောင်တော်နရပတိက နှမတော်ဖြစ်တဲ့ ပဲခူးမိဖုရားကို ရခိုင်ဘုရင်ကိုပေးထားလို့ပဲဖြစ်ပါတယ်။ အဲဒီ မိဖုရားက ရခိုင်မှာတော့ တန်ဆောင်မိဖုရားအမည်သစ်နဲ့ ထင်ရှားပါတယ်။
တပင်ရွှေထီးရဲ့တပ်တွေ ပြည်ကိုရောက်တော့ မြို့ကိုဝိုင်းရံပြီး လုပ်ကြံပါတယ်။ ပြည်ဘုရင်မင်းခေါင်ကလည်း မြို့ရိုး ထိပ်ကနေပြီး သေနတ်၊ စိန်ပြောင်း၊ အမြှောက် လက်နက်တွေနဲ့ အပြင်းအထန်ခုခံကာကွယ်တဲ့အတွက် တပင် ရွှေထီးရဲ့တပ်တွေ မြို့ကိုမဖောက်နိုင်ပဲ အပြင်ကသာ ဝိုင်းရံထားကြရတယ်။
ဒီ့နောက်တော့ ဘုရင့်နောင်က စစ်ကူပေးဖို့ ပြည်ကိုချီလာနေတဲ့ အင်းဝဘုရင်သိုဟန်ဘွားနဲ့ စော်ဘွားတွေရဲ့ တပ်တွေကို စစ်ကြောင်း (၃) ကြောင်းခွဲပြီးတိုက်ပါတယ်။ စော်ဘွားတွေရဲ့ တပ်တွေကို မြန်မာမြင်းတပ်တွေက စစ်ရေးငင်တဲ့အခါမှာတော့ ရှမ်းတပ်တွေက နောက်မှ အတင်းလိုက်လာကြပါတယ်။ ဘုရင့်နောင် ကြိုတင် စီစဉ်ထားတဲ့ လက်ဝဲလက်ယာတပ်တွေ ရှမ်းတပ်တွေဝင်အလာမှာတော့ အမြောက်တွေတင်ထားတဲ့ စစ်ဆင် (၁၅၀) ပေါ်ကနေ အမြောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်လို့ စော်ဘွားတွေရဲ့ ဆင်တပ်တွေပျက်သွားရပါတယ်။
ဒီအချိန်မှာပဲ ဘုရင့်နောင်က တိုက်ဆင် (၁၅၀) ကို စစ်သုံးကြောင်းခွဲပြီး စော်ဘွားတွေရဲ့ဆင်တပ်ကို ဝင်တိုက် ရာမှာ ဆင်တပ်ပျက်ပြီး မြင်းတပ်တွေပါ ပြန်လှည့်လို့ဆုတ်ပြေးကြရတယ်။ ရခိုင်ပြည်ကိုကူဖို့ သံတွဲစား မင်းအောင်လှရဲ့တပ်တွေ ချီလာတာကိုလည်း ဘုရင့်နောင်က လက်ယာရဲတိုင်ရဲ့ မြင်းတပ် (၆) တပ်ကို ရှေ့က ချီစေပြီး စစ်ကြောင်း (၃) ကြောင်းကို စစ်မျက်နှာဖြန့် တိုက်ခိုက်ပါတယ်။ သံတွဲစားရဲ့ မြင်တပ်၊ ဆင်တပ်တွေ ပျက်ပြီး ပြန်ပြေးကြရပါတယ်။
ပြည်မြို့ကိုရံထားတာ တစ်လလောက်ကြာလာတဲ့အချိန်မှာတော့ ပြည်မြို့တွင်းမှ အစာရေစာ ငတ်မွတ်ခေါင်း ပါးမှုတွေ ဖြစ်လာရတဲ့အတွက် ပြည်ဘုရင်မင်းခေါင်လည်း တပင်ရွှေထီးထံ အညံ့ခံလိုက်ရပါတယ်။ တပင်ရွှေထီးက ပြည်မှာဘုရင်ခံအဖြစ်နဲ့ အထိန်းတော်သတိုးဓမ္မရာဇာကို ခန့်ထားပါတယ်။
သက္ကရာဇ် (၉၀၇) ခုနှစ်မှာ ရခိုင်ပြည်မှာ ရခိုင်ဘုရင်မင်းပါကြီး နတ်ရွာစံတဲ့အတွက် သားတော်မဟာဥပရာ ဇာက ထီးနန်းဆက်ခံပါတယ်။ အဲဒီမှာ မင်းပါကြီးရဲ့ညီတော်ဖြစ်တဲ့ သံတွဲစားမင်အောင်လှဟာ တူတော် ဘုရင်နဲ့ မသင့်မမြတ်ဖြစ်ပြီး ရန်စစ်ပွားတဲ့အတွက် တပင်ရွှေထီးထံကို လက်ဆောင်ပဏ္ဍာတွေဆက်ပြီး အမတ်နှစ်ယောက်ကိုစေလွှတ်ကာ စစ်ကူဖို့လျှောက်ထားပါတယ်။
တပင်ရွှေထီးလည်း သံတွဲစားလျှောက်ထားတာကိုလက်ခံပြီး ရခိုင်ဘုရင်ကိုတိုက်ဖို့ ရခိုင်ကို ကြည်းကြောင်း၊ ရေ ကြောင်းနဲ့ချီပါတယ်။ တပင်ရွှေထီးရဲ့တပ်တွေ ရခိုင်ဘုရင်သိမ်းထားတဲ့သံတွဲကို တိုက်ခိုက်သိမ်းယူပြီး ရခိုင်ဘုရင် နန်းစံရာမြို့ဟောင်းကို ဆက်လက်ချီပါတယ်။ ဆီးကြိုစောင့်နေတဲ့ ရခိုင်တပ်တွေနဲ့တွေ့ပြီး တိုက်ပွဲတွေဖြစ်ရာမှာ ရခိုင်ကြည်းတပ်ပျက်ပြီး ရခိုင်ရေတပ်လည်း မြို့ဟောင်းကို ပြန်ဆုတ်သွားရပါတယ်။ အဲဒီနောက် တပင်ရွှေထီးဟာ မြို့ဟောင်းကိုဆက်လက်ချီပြီး မြို့ကို ဝိုင်းရံထားလိုက်ပါတယ်။
ရခိုင်ဘုရင်ဟာ စစ်အင်အားကြီးမားတဲ့ တပင်ရွှေထီးရဲ့တပ်တွေကို စိုးရွံ့လာတဲ့အတွက် ရခိုင်ဆရာတော် (၄) ပါးကို နန်းတော်ကိုပင့်ပြီး စစ်ရေးပြီးပြေရန်ဆောင်ရွက်ပေးဖို့လျှောက်ထားကာ လူ (၁၀၀၀) ကျော် သယ်ဆောင်ရတဲ့ လက်ဆောင်ပဏ္ဍာတွေကိုလည်း တပင်ရွှေထီးထံ ပို့ပါတယ်။
တပင်ရွှေထီးကလည်း“သားဘထွေးနှစ်ဦး အမှုတော်ကိုထမ်းမည်ဆိုလျှင် ရခိုင်ဘုရင်၏စည်းစိမ်ချမ်းသာကို မဖျက်ပြီ။ သံတွဲစားကိုလည်း ရှေးစဉ်မပျက် သံတွဲနှင့်တကွပေးတော်မူမည်” လို့ မိန့်တော်မူကာ စစ်ရေးပြီးပြေ ဖို့ကို လက်သင့်ခံလိုက်ပါတယ်။
ဒီအချိန်မှာ စစ်ဖြစ်ဖို့ နောက်ထပ်အကြောင်းပေါ်လာရတာက ယိုးဒယားနဲ့ပဲဖြစ်ပါတယ်။ သမိုင်းမှာ မြန်မာနဲ့ ယိုးဒယားပထမအကြိမ် စဖြစ်ရတဲ့စစ်ပွဲလို့ ဆိုရပါမယ်။
အဲဒါကတော့ ရခိုင်ကို တပင်ရွှေထီးတပ်တွေ ရောက်နေချိန်မှာ ယိုးဒယားက ကျုးကျော်ရန်စထိပါးလာတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ယိုးဒယားဘုရင် ဗြသာဓိရာဇာ (မဟာချက္ကရာဖတ်) ဟာ မြန်မာပိုင် ထားဝယ်ကိုကျုးကျော် တိုက်ခိုက် ဝင်ရောက်လာပါတယ်။ တပင်ရွှေထီး ဟံသာဝတီကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ မုတ္တမမြို့စား စောလကွန်းအိမ်ကို ရေတပ်၊ မော်လမြိုင်မြို့စား ဗညားဦးကို ကြည်းတပ်ကိုဦးစီးစေပြီး ထားဝယ် ကိုချီစေပါတယ်။ ရေတပ်မှာ တိုက်လှေကြီး (၁၀၀)၊ တိုက်လှေငယ် (၃၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင်ပြီး ကြည်းတပ်မှာတော့ တိုက်ဆင် (၂၀၀)၊ စစ်မြင်း (၂၀၀၀) နဲ့ စစ်သည် (၈၀၀၀၀) ပါရှိပါတယ်။
တပင်ရွှေထီးရဲ့တပ်တွေ အားကြီးအင်ကြီးနဲ့ ကြည်းကြောင်း၊ ရေကြောင်းနဲ့ ချီလာတာကို ယိုးဒယားတွေ ကြားတဲ့အခါ ထားဝယ်ကနေခုခံဖို့ မဝံ့တဲ့အတွက် တနင်္သာရီကနေစောင့်ပြီး ခုခံကြပါတယ်။ မြန်မာတပ်တွေ ထားဝယ်ကို အလွယ်တကူပြန်လည်ရရှိပြီး တနင်္သာရီမြို့ကို ဆက်လက်ချီကာ ယိုးဒယားတပ်တွေနဲ့ ဆက် လက်တိုက်ခိုက်ကြရာမှာတော့ ယိုးဒယားတပ်တွေ ရှုံးနိမ့်ပြီးဆုတ်ပြေးကြရတယ်။
ဒီ့နောက်မှာတော့ တပင်ရွှေထီးဟာ ကိုယ်တော်တိုင် ယိုးဒယားကို ချီတက်တိုက်ခိုက်ဖို့ စီစဉ်ပါတယ်။ သက္ကရာဇ် (၉၀၁) ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃) ရက် နေ့မှာ ကြီးကျယ်တဲ့အင်အားနဲ့ ဟံသာဝတီ ကနေ ယိုးဒယားကိုချီတော်မူတယ်။ အင်အားကတော့ တပ်တော်ပေါင်း (၂၅) တပ်မှာ တိုက်ဆင် (၄၈၀)၊ စစ်မြင်း (၁၀၀၀)နဲ့ စစ်သည် (၁၂၀၀၀၀) ပါဝင်ပါတယ်။
ယိုးဒယားဘုရင်ကလည်း တပင်ရွှေထီးရဲ့တပ်တွေ အယုဒ္ဓယကိုချီလာပြီဆိုတာကြားရတာနဲ့ သူကိုယ်တိုင် အယုဒ္ဓ မြို့တော်ကထွက်ပြီး ဆင်မြင်းဗိုလ်ပါအလုံးအရင်းနဲ့ တိုက်ဖို့စောင့်ကြိုနေပါတယ်။ ယိုးဒယားဘုရင်ရဲ့ တပ်မှာ ယိုးဒယားဘုရင်ရဲ့မိဖုရားနဲ့ သားတော်၊ သမီးတော်၊ ညီတော်တွေပါဝင်တယ်။
ရာဇထိန်လို့အမည်ရှိတဲ့အရပ်မှာ မြန်မာနဲ့ယိုးဒယား ပထမဆုံးတိုက်ကြတာမှာ မြန်မာတွေရဲ့ စစ်ပရိယာယ် ကြောင့် ယိုးဒယားတွေ စစ်သုံးဖက်ညှပ်အတိုက်ခံလိုက်ရပြီးရှုံးနိမ့်ကာ များစွာသေကြေပျက်စီးခဲ့ကြရတယ်။ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ ယိုးဒယားဘုရင်ရဲ့မိဖုရား ဆူရိယိုးထိုင် (ဆူရီယိုးဒယား)နဲ့ သမီးတော်တစ်ပါးကျ ဆုံးသွားရပြီး ယိုးဒယားဘုရင်ရဲ့ သားတော်နဲ့ညီတော်လည်း အဖမ်းခံလိုက်ရတယ်။ ယိုးဒယားဘုရင်လည်း အယုဒ္ဓယကို ပြန်ဆုတ်သွားခဲ့ရပါတယ်။
မြန်မာတပ်တွေဟာ အယုဒ္ဓယကိုဆက်လက်ချီကြပြီး မြို့ကိုတိုက်ခိုက်ပါတယ်။ ဒါပေမယ့်..မအောင်မြင်ပါဘူး။ ယိုးဒယားတို့ရဲ့ အယုဒ္ဓယမြို့ရိုးက မြင့်လည်းမြင့်သလို မြို့တော်ရဲ့ပတ်လည်မှာလည်း ရေတွေဝိုင်းနေပါတယ်။ မြို့ရိုးထိပ်က ကြေးစားပေါ်တူဂီတွေကလည်း အမြှောက်၊ စိန်ပြောင်းတွေနဲ့ အပြင်းအထန်ပစ်ခတ်နေကြ တဲ့အတွက်၊ မြို့ကိုအဝေးကပဲရံပြီး နေကြရပါတယ်။
(၁) လလောက်ကြာတဲ့အချိန်ထိ မြို့ကိုဝိုင်းရံပြီးလုပ်ကြံနေပေမယ့် မရတဲ့အတွက် တပင်ရွှေထီးဟာ ဘုရင့်နောင်နဲ့တိုင်ပင်ကာ မြို့ရင်းကခွာပြီး ယိုးဒယားမြို့ရံတွေကိုတိုက်ပြီး သိမ်းယူဖို့စီစဉ်ပါတယ်။ မြန်မာ ဘုရင်တပင်ရွှေထီးရဲ့တပ်တွေ အယုဒ္ဓယကခွာပြီး ယိုးဒယားမြို့တစ်မြို့ဖြစ်တဲ့ ကမန်ပိုက်ကိုချီတာကို ယိုးဒယားဘုရင်က မြန်မာတပ်တွေ အင်အားလျှော့ပြန်ပြီလို့ထင်သွားကာ ဘုရင်ကိုယ်တိုင်စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်သည်အလုံးအရင်းနဲ့ တပင်ရွှေထီးရဲ့တပ်တွေကိုတိုက်ဖို့ နောက်ကနေလိုက်သွားပါတယ်။
တပင်ရွှေထီးက ယိုးဒယားတပ်တွေ နောက်ကတိုက်ဖို့လိုက်လာတယ်ဆိုတာ ကြားရတဲ့အခါ ကမန်ပိုက်ကို ဆက်ပြီးမချီတော့ပဲ ရောက်တဲ့အရပ်မှာပဲစခန်းချပြီး ယိုးဒယားတပ်တွေကိုတိုက်ဖို့ စစ်ကြောင်း (၃) ကြောင်း စီစဉ်ပါတယ်။ ဒိနောက်တော့ နောက်ကလိုက်လာတဲ့ ယိုးဒယားတပ်တွေနဲ့တိုက်ကြရာမှာ မြန်မာတပ်တွေကို မယှဉ်နိုင်ပဲ ယိုးဒယားတွေရဲ့ စစ်သုံးကြောင်းစလုံးပျက်ပြီး ဆုတ်ပြေးကြရတယ်။ ဒီစစ်ပွဲကတော့ မြန်မာတွေရဲ့ စစ်စွမ်းရည်နဲ့ဇာတိသွေးကို အထင်အရှားပြတ်ပြတ်သားသား ပြနိုင်ခဲ့တဲ့ပွဲပဲဖြစ်တယ်။ ဒီစစ်ပွဲမှာ ယိုးဒယားတွေထံကလည်း ဆင်၊ မြင်း၊ သုံ့ပန်းနဲ့လက်နက်များစွာ ရရှိလိုက်ပါတယ်။
အဲဒီနောက်တော့ တပင်ရွှေထီးဟာ စီစဉ်ထားတဲ့အတိုင်း ကမန်ပိုက်ကို ချီတော်မူရာမှာ မြို့ကိုထားပြီး ကမန် ပိုက်စား ထွက်ပြေးသွားတဲ့အတွက် ကမန်ပိုက်ကို အလွယ်တကူသိမ်းယူရရှိတယ်။ ဆက်လက်ပြီး ပိသလောက်ကိုသိမ်းဖို့ စီစဉ်နေစဉ်မှာ ယိုးဒယားဘုရင်ထံမှ ယိုးဒယားသံနှစ်ဦးနဲ့ လျှောက်ကြားစာပို့ လာပါတယ်။
စာပါအကြောင်းအရာကတော့
“ယိုးဒယားဘုရင် ဗြသာဓိရာဇာ သံတော်ဦးတင်ပါသည်။ ဘဝရှင်မင်းတရား ချီတော်မူလာပြီကြား၍ ဆင်စီးချင်းတိုက်မှ သင့်မည်ဟူသောအကြံနှင့် အသင့်ကြိုနေရာ မခံနိုင်ပဲပျက်စီးရပါသည်။ နောင်တကြိမ်တွင် လည်း ထိုနည်းအတိုင်းပင် ပျက်စီးရပြန်ပါသည်။ ဘဝရှင်ဘုရားက သနားတော်မူပါသဖြင့် ကျွန်ုပ်၏သား၊ သမက်၊ ညီကို လွှတ်တော်မူပါ။ ကျွန်ုပ်သည် အရှင့်သစ္စာတော်ကိုခံ၍ နှစ်စဉ်နှစ်တိုင်း တိုက်ဆင် အစီး (၃၀)၊ ငွေတော် ပိဿာ (၃၀၀) နှင့်တကွ တနင်္သာရီသင်္ဘောဆိပ်ခွန်များကို ဆက်သပါမည်။ ယခုလည်း “ဗြတ်ကြီး” “ဗြတ်ငယ်” မည်သော တိုက်ဆင်ကြီး (၂) စီးကို လက်ဆောင်ဆက်သပါသည်” ဆိုတာ ဖြစ်ပါ တယ်။
မြန်မာဘုရင်တပင်ရွှေထီးလည်း စိတ်ရင်းစိတ်နေကောင်းမြတ်တဲ့မင်းဖြစ်တဲ့အတိုင်း အဲဒီလိုလျှောက်ထားလာ တာကို လက်ခံတော်မူပါတယ်။ အဲဒီနောက် ယိုးဒယားဘုရင်က ဝမ်းမြောက်စွာနဲ့ လက်ဆောင်တွေနဲ့အတူ “ဗြတ်ကြီး” “ဗြတ်ငယ်” အမည်ရှိတဲ့ ဆင်ကြီး (၂) စီးနဲ့ ဆင်ကြန်လက္ခဏာတွေနဲ့ပြည့်စုံတဲ့ ဆင်ပေါက်နှစ်စီးကို ဆက်သလာပါတယ်။ တပင်ရွှေထီးလည်း စစ်ပွဲမှာရရှိတဲ့ ယိုးဒယားဘုရင်ရဲ့ သား၊ သမက်၊ ညီတွေနဲ့ ယိုးဒယားစစ်သုံ့ပန်းတွေ ပြန်လွတ်ပေးတဲ့အတွက် မြန်မာ့သမိုင်းမှာ ပထမဆုံးဖြစ်ခဲ့ရတဲ့ ယိုးဒယားစစ်ပွဲဟာ ပြီးဆုံးသွားခဲ့ရပါတယ်။
ဘုရင်ရွှေထီးဟာ သက်တော်ငယ်ငယ်ရွယ်ရွယ်နဲ့ ပုဂံပျက်ပြီးတဲ့နောက် ပြိုကွဲပျက်စီးသွားခဲ့ရတဲ့ မြန်မာနိုင်ငံ ကို ဒုတိယမြန်မာနိုင်ငံတော်ကြီးဖြစ်လာအောင် ပြန်လည်စုစည်းပြီး စတင်တည်ထောင်တော်မူနိုင်ခဲ့တဲ့ ထူးခြားတဲ့ သူရဲကောင်းမင်းမြတ်တစ်ပါးလည်း ဖြစ်တယ်။ တောင်ငူနန်းကိုစရတော့ သက်တော် (၁၅) နှစ်ပဲ ရှိပါသေးတယ်။
ဒါပေမယ့်..အောင်မြင်မှုအထွတ်အထိတ်ကို ရောက်ရှိလာချိန်မှာ စိတ်မကောင်းစရာကတော့ ပျက်စီးဖို့ရာ အချိန်ခါကို ကြုံလာရတာပဲဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီလိုမဖြစ်ခဲ့ဘူးဆိုရင်၊ တပင်ရွှေထီးသာ လုပ်ကြံ မခံခဲ့ရဘူးဆိုရင် ကျန်နေတဲ့အင်းဝနဲ့ အထက်ရှမ်းနယ်တွေကိုသိမ်းယူပြီး ဒုတိယမြန်မာနိုင်ငံတော်ကို အစကနေအဆုံးတိုင် တည်ထောင်နိုင်ခဲ့တဲ့မင်းဟာ တပင်ရွှေထီးသာဖြစ်မယ်လို့ ပြောရပါလိမ့်မယ်။
တပင်ရွှေထီးပျက်စီးရတာကတော့ မပေါင်းဖော်အပ်တဲ့ မတူမျိုးခြားတဲ့ပေါ်တူဂီတစ်ယောက်နဲ့ အပေါင်းမှား လို့ပဲဖြစ်ပါတယ်။ ဖြစ်ပုံက အခုလိုပါ။ အိန္ဒိယနိုင်ငံ ပေါ်တူဂီပိုင်ဂိုအာနယ်ကိုအုပ်ချုပ်တဲ့ ပေါ်တူဂီဘုရင်ခံ ချုပ်ရဲ့တူဖြစ်တဲ့ပေါ်တူဂီကို သင်္ဘော (၇) စင်း၊ ရွက်လှေ (၁၀၀) ပေးပြီး ဆုမတ္တရာကျွန်းကိုတိုက်ဖို့ လွတ်လိုက် ပါတယ်။ အဲဒီ ပေါ်တူဂီဟာ မလေးကျွန်းဆွယ်၊ မလက္ကာကိုရောက်ပြီး ဆုမတ္တရာကျွန်းကိုတိုက်ရာမှာ မအောင်မြင်ဘဲ မုတ္တမဆိပ်ကမ်းကို ထွက်ပြေးရောက်ရှိလာပါတယ်။ ဒိအခါမှာ မုတ္တမစားက အဲဒီပေါ်တူဂီကို ဖမ်းပြီး တပင်ရွှေထီးထံဆက်သ လိုက်ပါတယ်။
တပင်ရွှေထီးဟာ အဲဒီပေါ်တူဂီကိုချစ်ခင်တဲ့အတွက် အထူးမြှောက်စားပြီး ကိုယ်လုပ်တော်တစ်ယောက်နဲ့ ပေးစားပါတယ်။ ပေါ်တူဂီက ဥရောပသားတွေစားသောက်တဲ့ စားသောက်ဖွယ်ကိုကောင်းစွာစီမံပြီး တပင်ရွှေထီးကို ဆက်ပါတယ်။ ပြီးတော့ အဲဒီစားဖွယ်တွေနဲ့အတူ မူးယစ်စေတဲ့စပျစ်ရည်တွေကိုလည်း ဆက်တယ်။ အဲဒီမှာ တပင်ရွှေထီးဟာ အသောက်အစားစွဲသွားပြီး အတွေးအယူတွေမှားယွင်းကာ ယောက် ဖတော်ဘုရင့်နောင်က သတိပေးတားမြစ်တာကိုလည်းလက်မခံတော့ဘဲ မူးယစ်သောက်စားပျော်မွေ့လို့သာ နေပါတော့တယ်။
ဒါကြောင့် ဘုရင့်နောင်ဟာ ညီတော်လိုချစ်ခင်ရတဲ့တပင်ရွှေထီးကို စိတ်မချနိုင်တဲ့အတွက် အထူးဂရု စိုက်စောင့်ရှောက်နေရသလို၊ တပင်ရွှေထီးကိုယ်စား တိုင်းရေးပြည်မှုတွေကိုလည်း ဦးဆောင်စီရင်နေရ ပါတော့တယ်။ ညီတော်ဘုရင်ကိုဖျက်ဆီးတဲ့ ပေါ်တူဂီကိုလည်း နိုင်ငံမှထွက်ခွာသွားစေပါတယ်။
မြန်မာအမတ်၊ မွန်အမတ်တွေက သေရည်၊ သေရက်နဲ့သာပျော်မွေ့နေပြီဖြစ်တဲ့ ဘုရင်တပင်ရွှေထီးကိုဖယ်ပြီး ဘုရင့်နောင်ကို နန်းယူဖို့လျှောက်ကြပေမယ့် ဘုရင့်နောင်က လက်မခံခဲ့ပါ။
ပုဂံက စောလူးမင်း ငရမန်ဖမ်းတာကိုခံရတော့ ကျန်စစ်သားကိုနန်းတင်တဲ့အခါ လက်မခံခဲ့သလိုပဲ ဘုရင့်နောင်ဟာလည်း အာဏာပလ္လင်ကိုမသွယ်မမက်ဘဲ သူ့အရှင်သခင်ပေါ်မှာ ကျေးဇူးတရားကိုနားလည် ပြီး သစ္စာစောင့်ခဲ့တာကတော့ သမိုင်းမှာ ရှားရှားပါးပါးလို့ဆိုရပါမယ်။ ကျန်စစ်သားရော၊ ဘုရင့်နောင်ပါ တကယ့်ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့ရဲ့ကျင့်စဉ်ကို ကျင့်နိုင်ခဲ့တာဖြစ်လို့ နှစ်ဦးစလုံးကို စံနမူနာပြုချီးကျုးရမှာပဲ ဖြစ်ပါတယ်။
ဘုရင်တပင်ရွှေထီးအကျင့်တော်တွေပျက်ယွင်းလို့ ဘုရင့်နောင်က နိုင်ငံတော်ကိုထိန်းသိမ်းနေရတဲ့ အချိန်မှာ ဘုရင့်နောင်နှိမ်နင်းရမယ့်ကိစ္စတစ်ခု ပေါ်လာပါတယ်။ အဲဒါကတော့ ဒလနဲ့သံလျင်ဘက်မှာ မွန်တွေကိုစည်းရုံးပြီး သမိန်ထောရာမဆိုသူက ထကြွပုန်ကန်လာတာပဲဖြစ်တယ်။ ဒါကို ဘုရင့်နောင် ကိုယ်တိုင်နိမ်နင်းဖို့သွားရပါတယ်။
ဒီအချိန်မှာ အခွင့်အခါပေါ်လာပြီဖြစ်တဲ့အတွက် နန်းစည်းစိမ်ကိုရဖို့ တိတ်တဆိတ်ကြံစည်နေတဲ့၊ တပင်ရွှေထီး ကလည်း ယုံကြည်စိတ်ချလို့အနီးမှာထားတဲ့ စစ်တောင်းစား သမန်းစောထွတ်ဟာ ညီဖြစ်သူ ဓားမှူးနှစ်ယောက်ရဲ့အကူအညီနဲ့ တပင်ရွှေထီးကိုလုပ်ကြံလိုက်ပါတယ်။ ဘုရင်ရွှေထီး အိမ်ရှေ့စံ (၁၅) နှစ်၊ သက္ကရာဇ် (၉၁၂) ခု၊ ကဆုန် လပြည့်ကျော် (၁) ရက်၊ ဗုဒ္ဓဟူးနေ့မှာ နတ်ရွာစံသွားရတာပဲဖြစ်တယ်။
တိုင်းတစ်ပါးလူမျိုးခြားတစ်ဦးနဲ့ပေါင်းဖော်မိလို့ သေရည်သေရက်စွဲကာ အမှန်အမှားကိုမဆင်ခြင်နိုင်၊ မယုံစားသင့်သူကိုလည်း ယုံစားမိခဲ့တဲ့အတွက် “လူယုံသတ်လို့သေရ” ဆိုတဲ့စကားလို အရွယ်တော်ကောင်း စဉ်မှာလုပ်ကြံခံရဲပြီး နတ်ရွာစံခဲ့ရတာတော့ ဝမ်းနည်းစရာ၊ သင်ခန်းစာယူစရာလို့သာ ဆိုလိုက်ပါရစေ။
ဟိန်းဇေ
0 comments:
Post a Comment