မိတ်ဆွေများ ခင်ဗျား၊
၂၀၁၁ ဒီဇင်ဘာလထုတ် ကလျာမဂ္ဂဇင်းကိုဖတ်ရင်း ကဗျာတပုဒ်က ရင်တွင်းကိုစူးစူးရှရှ ထွင်းဖောက်ဝင်ရောက်လာပါတယ်၊ ရေးသူက ကျနော်တို့ရဲ့ နောင်တော်ကြီး ဆရာ မောင်သင်းပန် ပါ၊ ကဗျာခေါင်းစဉ် က "စာကလေးများရဲ့ ပြန်ကြားချက်" တဲ့၊ စာမျက်နှာ ၇ မှာဖော်ပြထားတဲ့ အဖွင့်ကဗျာတပုဒ်ပါ၊ ကျနော်တို့နိုင်ငံက ဖြစ်ရပ်မှန်ဘဝပြဇာတ်တပုဒ်ကို စာလုံးများနဲ့သရုပ်ဖော်ပြလိုက်တာပါပဲ၊
ဘုရားရင်ပြင်တော်ပေါ်မှာ၊ ဘုရားစောင်းတန်းမှာ၊ မြို့လယ်ခေါင်မှာ၊ ဈေးတွေမှာ၊ လှောင်ချိုင့်ထဲထည့်ထားတဲ့ စာငှက်ကလေးများကို သယ်ထမ်းရင်း "စာကုသိုလ်၊ စာကုသိုလ်" လို့တကြော်ကြော်အော်ရင်း အများပြည်သူကို ဇီဝိတဒါန စာငှက်ကလေးတွေကို လွတ်လပ်ခွင့်ပေးကြဖို့ စာကလေးတွေရဲ့ လွတ်လပ်ခွင့်ကို အခကြေးငွေနဲ့ရောင်းချနေကြသူတွေကို မိတ်ဆွေများ တွေ့ဖူးကြမှာပါ၊ တွေ့ဖူးရုံတင်မက အကျဉ်းကျနေတဲ့ချစ်သူ၊ ခင်သူ၊ ဆွေမျိုးသားချင်းများလွတ်မြောက်ရေးအတွက်ရည်စူးပြီး၊ ဒါမှမဟုတ်လဲ အဆင်မပြေလှတဲ့ကိုယ့်ဘဝအတွက် ကံကြမ္မာတွေကောင်းမွန်လာဖို့မျှော်လင့်ပြီး၊ စာဖမ်းသမားကို သူတောင်းဆိုသမျှအခကြေးငွေပေးပြီး စာကလေးတွေကိုလွတ်လပ်ခွင့်ပေးပြီး ကြည်နူးခဲ့ဘူးကြမှာပါ၊
နောင်တော်ကြီး ကိုသင်းပန်က ဒီကဗျာကို စာကလေးများက သူတို့ကို စာဖမ်းသမားဆီကဝယ်ယူပြီး လွတ်လပ်ခွင့်ပေးမယ့်သူကို ပြောတဲ့အနေနဲ့ရေးဖွဲ့ပါတယ်၊ ကျနော်တို့ကို ကောင်းကင်မှာ၊ မြေပြင်မှာ ပိုက်တွေပြင်ပြီး ထောင်ချောက်ဆင်ဖမ်းတာလဲ သူပါပဲ၊ ကျနော်တို့ကို လှောင်ချိုင့်ထဲထည့်ပြီး စာကလေး တွေလွှတ်ပြီး ဇီဝိတဒါနအသက်ကယ်ကြပါဗျို့လို့ဟစ်အော်ပြီး မြို့လှည့်၊ နိုင်ငံလှည့်ရောင်းချတာလဲ သူပါပဲ၊ ကုသိုလ်ရှင်တွေက ပိုက်ဆံပေးပြီး ကျနော်တို့ကိုလွှတ်ပေးတော့ ပိုက်ဆံတွေကိုရေတွက်ရင်း ကျနော်တို့ ပျံသန်းသွားကြတာကို ပြုံးပြုံးကြီးကြည့်ပြီးကျေနပ်နေတာလဲ သူပါပဲ၊ အတောင်ချိုးထား၊ အမွှေးဖြတ်ထား လို့ဝေးဝေးလံလံ မြင့်မြင့်မားမားမပျံနိုင်ကြတော့တဲ့ ကျနော်တို့ကို ဘယ်နှစ်ကြိမ်မြောက်ရယ်မသိ၊ ထောင်ချောက်ဆင်ပြန်ဖမ်းဦးမှာလဲ သူပါပဲ တဲ့၊ ဒါပေမယ့် စာကလေးများက စိတ်ကောင်းရှိကြပါတယ်၊ သူတို့စာမုဆိုးရဲ့အဖမ်းခံရဦးမှာကို သိနေပေမယ့် သူတို့အတွက် ယာယီလွတ်မြောက်ခွင့်ဆောင်ကျဉ်းပေး သူကို "ကျနော်တို့အသက်တခါလွှတ်၊ ခင်ဗျား ဆယ်ခါလွတ်ပါစေ" တဲ့၊ ဆုတောင်းပေးနေပြန်ပါသေးတယ်၊ ကဗျာလေးကို ဖတ်ကြည့်ကြပါဦး၊
"စာကလေးများရဲ့ ပြန်ကြားချက်"
ကျနော်တို့ကို
ကောင်းကင်ပိုက်
မြေပြင်ပိုက်ဆင်ပြီးထည့်တာလဲ
သူပါပဲ၊
ကျနော်တို့ကို
"စာကုသိုလ်"
"စာကုသိုလ်" ဆိုပြီး
မြို့ထဲလှည့်ရောင်းတာလဲ
သူပါပဲ၊
ကျနော်တို့ကို
ခင်ဗျားဝယ်ပြီးလွှတ်တော့လဲ
ပြုံးပြုံးကြီးကြည့်နေတာ
သူပါပဲ၊
ကျနော်တို့ကို
နောက်တခါ ထပ်ရှာဦးမှာလဲ
သူပါပဲ၊
ကျနော်တို့အသက်တစ်ခါလွှတ်
ခင်ဗျား ဆယ်ခါလွတ်ပါစေ။
မောင်သင်းပန်၊
ကလျာမဂ္ဂဇင်း၊ ၂၀၁၁ ဒီဇင်ဘာ၊ စာမျက်နှာ ၇၊
ဒီကဗျာကိုဖတ်ရင်း မြန်မာနိုင်ငံရဲ့နိုင်ငံရေးဇာတ်ခုံပေါ်က လက်တွေ့ဖြစ်ရပ်တွေနဲ့နှိုင်းယှဉ်တွေးမြင်မိပါ တယ်၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်နေတဲ့ ရဟန်း ရှင်လူ၊ အမျိုးသား အမျိုးသမီး သူရဲကောင်းတွေ၊ အယူအဆမတူညီတာကို အကြမ်းဖက်သတ်ဖြတ် ထောင်ချတဲ့နည်းလမ်းနဲ့ တုန့်ပြန်တတ်တဲ့စစ်အာဏာရှင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်တောင်းဆိုနေကြတဲ့ နိုင်ငံတကာအစိုးရတွေ၊ တကယ်တော့ စစ်အာဏာရှင်တွေဟာ ကိုသင်းပန်ရဲ့ကဗျာထဲက စာဖမ်းသမားပါပဲ၊ ကျနော်တို့ရဲ့ ရဲဘော်တွေကို အဓမ္မဖမ်းဆီးထောင်ချ၊ ပြီးတော့ နိုင်ငံတကာကိုမျက်နှာမူပြီး ကုသိုလ်ယူကြမလားဗျို့လို့ ကြွေးကျော်ပြီး သူလိုတဲ့ဈေး ခေါ်နေသူပါ၊ လိုတဲ့ဆုလာဘ်ရတဲ့အခါမှာ တချို့တဝက်ကို လွှတ်ပေးလိုက်ပြီး အချိန်တခုမှာပြန်ဖမ်းလိုက်တာပါပဲ၊ ဒီလိုနဲ့သူ့လှောင်ချိုင့်ထဲမှာ နိုင်ငံတကာက ကုသိုလ်ယူချင်သူတွေ ကိုဖျားယောင်းဖို့ဓားစာခံတွေ အမြဲပြည့်နေတာပေါ့၊
တကယ့်ဘဝမှာတော့ ကျနော်တို့ရဲ့ ရဲဘော်တွေဟာ စာကလေးတွေမဟုတ်ကြပါ၊ ခွပ်ဒေါင်းတွေ ဖြစ်ကြပါတယ်၊ နိုင်ငံတကာအစိုးရတွေကိုလဲ အာဏာရှင်ကိုအခကြေးငွေပေးပြီးမှရမယ့် ယာယီလွတ်လပ်ရေးအစား အာဏာရှင်ရဲ့လှောင်ချိုင့်နဲ့ပိုက်ကွန်ထောင်ချောက်တွေကို ဖျက်ဆီးပစ်မှသာ ခွပ်ဒေါင်းတွေ ထာဝရလွတ်မြောက်ပြီး ဝေးဝေး၊ မြင့်မြင့်၊ ပျံသန်းနိုင်ကြမယ်ဆိုတာ သိစေချင်ပါရဲ့၊။
လေးစားစွာ
အောင်ဒင်
ဒီဇင်ဘာ ၆၊ ၂၀၁၁
ဒီနေရာကယူပါတယ်။http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=35&Itemid=61
0 comments:
Post a Comment