Wednesday, December 21, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၂) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၂) မျိုးမြင့်ချို ဒီဇင်ဘာ ၂၁ ရက် ၂၀၁၁ နေ့က အာရ်အကဖ်အေကထုတ်လွှင့်ပြီးဖြစ်ပါတယ်။

            နိုင်ငံရေးပါတီတွေထူထောင်လာတာနဲ့ လှုပ်ရှားမှုတွေအကြောင်းကိုမတင်ပြခင်မှာ စစ်အာဏာသိမ်းပြီးစက ကျနော်တို့ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်ကလေးတွေထဲကတချို့ကို ဒီတပတ်မှာ အတိုချုပ်ပြီးအပြီးသတ်တင်ပြသွားပါ့မယ်။ အာဏာသိမ်းပြီး တပတ်လောက်အကြာမှာ ကျနော် အနေနဲ့အကိုလိုခင်ပြီး လေးလည်းလေးစားတဲ့သူတယောက်ဆီက သတိပေးစာတစောင်ရခဲ့ပါတယ်။ စာထဲမှာစစခြင်းရေးထားတာကတော့ ဒီအကြောင်းကို ကျနော့်တို့လူတွေကိုပြန်ပြောပြဖို့၊ သူပြောတယ်ဆိုတာကိုချန်ထားဖို့နဲ့ ဖတ်ပြီးရင်စာကိုဖျက်ဆီးပစ်ဖို့ အသေအချာမှာထားပါတယ်။ ရေးပေးသူက မဆလတခေတ်လုံး မင်္ဂလာဒုံဗဟိုနိုင်ငံရေးတက္ကသိုလ်မှာ စာကြည်တိုက်မှူးအဖြစ်လုပ်လာတဲ့သူပါပဲ။ စာလည်း အလွန်ဖတ်ပြီး ရပ်ကွက်ထဲမှာလည်း လူကြီးလူငယ်အားလုံးနဲ့ ပလဲနံပသင့်သူလို့ ပြောရမှာဖြစ်ပါတယ်။

            စာပါအကြောင်းအရာကတော့ မကြာခင်မှာ စစ်အစိုးရကလူဖမ်းပွဲတွေ လုပ်တော့မယ်ဆိုတဲ့အကြောင်း။ ၈၈ ကာလမှာဦးဆောင်ခဲ့သူတွေကို တနည်းနည်းနဲ့ဒုက္ခပေးတော့မယ်ဆိုတဲ့အကြောင်း။ အဲသလို လုပ်တဲ့အခါမယ် ဗကပ တံဆိပ်တပ်ပြီးမှ လုပ်မယ်ထင်ကြောင်း။ ဗကပ တံဆိပ်အတပ်ခံရပြီဆိုရင်တော့ နှိပ်စက်တာတွေခံရပြီး ထောင်လည်းနှစ်ကြီးကျမယ်ထင်ကြောင်း၊ ဖြစ်နိုင်ရင် ကျနော်တို့ကို ရှောင်နေစေချင်ကြောင်း စတာတွေကိုချုပ်ပြီးရေးထားပါတယ်။ ကျနော်သူ့စာကိုဖတ်ပြီး သူ့စေတနာကိုတန်ဖိုးထားမိသလို အသိပေးဝံ့တဲ့သူ့စိတ်ကိုလည်း အံ့အားသင့်မိတာအမှန်ပါပဲ။ သူဘာလို့ ဒီလိုတွေးဆပြောဆိုနိုင်ခဲ့သလဲဆိုတာကတော့ သူ့ဖတ်အားမှတ်အားလေ့လာအား၊ သူလုပ်နေတဲ့ အလုပ်နဲ့ သူ့ပတ်ဝန်းကျင်ကြောင့်ပဲလို့ ဆိုရမယ်ထင်ပါတယ်။ မဆလ တခေတ်လုံး ဖြစ်ခဲ့သမျှအရေးအခင်းတွေအားလုံးဟာ ဗကပလက်ချက် လို့ပဲ တောက်လျှောက်ပြောဆို စွပ်စွဲနေလာခဲ့တာပဲမဟုတ်လား။

            ဘာပဲဖြစ်ဖြစ် ကျနော့်အနေနဲ့ကတော့ အရင်ကထက်ပိုပြီး သတိထားရတော့မယ်လို့ယူဆမိပါတယ်။ နအဖအနေနဲ့ ကျနော့်ကို ဗကပလို့ စွပ်စွဲပြီးဖမ်းမယ်ဆိုလည်း ကျနော့်မှာက မပြေးသော်လည်းကန်ရာရှိနေခဲ့ပြီမဟုတ်လား။ ၈၈ မတိုင်ခင်ကထဲက ဗကပယူဂျီတချို့နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ မဆလဆန့်ကျင်ရေးကိစ္စတွေ ဆွေးနွေးပြောဆိုခဲ့တာတွေက ရှိခဲ့တာကိုး။ သတိထားရမယ်လို့ စိတ်မှာတေးထားပေမယ့် စိတ်ကခပ်အေးအေးပါပဲ။ ကျနော်က ဗကပနဲ့ဆက်သွယ်ခဲ့ဆိုတာမှန်ပေမယ့် ကွန်မြူနစ်ဝါဒအတွက် ကွန်မြူနစ်ပါတီအတွက် လုပ်ခဲ့တာမဟုတ်ဘူးဆိုတာကလည်းတကြောင်း၊ ကျနော်လုပ်ခဲ့တာတွေကလည်း နဝတကိုမဟုတ်ပဲ မဆလကို ဆန့်ကျင်တာသာဖြစ်တယ်လို့ တွေးမိတာလည်းပါပါတယ်။ နောက်တချက်က တကယ်လို့ဖမ်းဦးတောင် သူတို့အနေနဲ့ အဲဒါတွေကို နားလည်နိုင်ပြီး ကျနော့်ကိုလည်း မသန်မစွမ်းစစ်သည်ဟောင်းတဦးအဖြစ် သက်ညှာတန်ကောင်းရဲ့လို့လည်း ထင်နေမိပါတယ်။ တကယ့် လက်တွေ့အဖမ်းခံရတော့မှ ကျနော်ထင်ခဲ့တာတွေနဲ့ တခြားစီပါလားဆိုတာကို သဘောပေါက်သွားခဲ့ရပါတယ်။

            နောက်ထပ်ထူးခြားချက်တခုကတော့ ကျနော်တို့မြို့ကလေးရဲ့ သီးသန့်ထူးခြားတဲ့အခြေအနေနဲ့ပဲဆိုင်ပါတယ်။ ကျနော်တို့မြို့ကလေးဟာ ရန်ကုန်၊ မန္တလေးနဲ့ပြည် အဝေးပြေးလမ်း သုံးခွဆုံတဲ့မြို့ဖြစ်ပါတယ်။ ကျနော့်ရဲ့ စတိုးဆိုင်အသေးစားလေးက ပဲခူးကားဂိတ်ရှေ့တည့်တည့်မှာမို့ လူစည်ကားတဲ့နေရာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်လမ်းကြောင်းကိုရွေးချယ်ပြီး တောထဲကိုကားလမ်းကနေသွားခဲ့ကြသူတချို့ဟာ ကျနော့်ဆိုင်ရှေ့ကားဂိတ်ကနေ ကားအဆင့်ဆင့်ပြောင်းပြီး ထိုင်းဗမာနယ်စပ်နဲ့ ကရင်ပြည်နယ်ဘက်တွေကို ထွက်ခဲ့ကြတာဖြစ်ပါတယ်။ ကျနော် အမေရိကားရောက်ပြီး ပြည်နယ်တခုကိုခရီးထွက်ရတော့ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ရဲဘော်ဟောင်းတယောက်နဲ့စကားစပ်မိတော့ သူလည်းအဲဒီတုန်းက အဲဒီလမ်းကြောင်းကနေ ထွက်လာတာဖြစ်ကြောင်း ပြောပြခဲ့ဖူးပါတယ်။

            အဲဒီအချိန်က ကားဂိတ်မှာလည်း ကျောင်းလွယ်အိပ်လွယ်ပြီး၊ ဆံပင်တိုတို၊ အရပ်ဝတ်နဲ့မျက်နှာစိမ်းတွေလည်း အချိန်ပြည့်လိုလို ရှိနေတာတွေ့နေရပါတယ်။ သူတို့က ထိုင်ပြီးကားနံပတ်တွေမှတ်တာလောက်ကလွဲလို့ ဘာမှတော့ထူးထူးထွေထွေ လုပ်နေတာမမြင်မိပါဘူး။ တနေ့တနေ့ ကျောပိုးအိပ်တွေကိုယ်စီလွယ်လို့၊ ခရီးသွားအိပ်တွေဆွဲလို့၊ အစုလိုက်ကလေးတွေ ရယ်ရယ်မောမောပြောလို့ဆိုလို့၊ တချို့များဆို နေကာမျက်မှန်နဲ့ဘာနဲ့ အဝတ်အစားကောင်းလေးတွေဝတ်လို့ အပျော်ခရီးထွက်ဖို့များလားတောင် ထင်ချင်စရာပါ။ ကားစောင့်ရင်းအချိန်းအချက်စောင့်ရင်း ကျနော့်ဆိုင်မှာဝင်ပြီး လမ်းမှာလိုမယ့်ပစ္စည်းလေးတွေတောင် ဝယ်ကြပါတယ်။ ကျနော်က ဂျိုင်းထောက်နဲ့ဆိုတော့ စစ်သားဟောင်း ဖြစ်မယ်လို့ကျိန်းသေတွက်ပြီး မထိမထိလေးတွေလည်း ကျနော့်ကိုပြောကြပါတယ်။ တချို့ကဆို တောခိုမှာဆိုတဲ့အကြောင်းကို ရိပ်မိစေလောက်မယ့် စကားလုံးတွေသုံးပြီး ကြားသာအောင် ပြောတာတွေတောင်ရှိခဲ့ပါတယ်။

            ကျနော့်ဆိုင်မှာ အများအားဖြင့် သူတို့ဝယ်ကြတဲ့ပစ္စည်းတွေကတော့ လက်နှိပ်ဓါတ်မီး၊ ဓါတ်ခဲ၊၊ မီးခြစ်၊ မောင်းချဓါး၊ ဗလာစာအုပ် ဘောလ်ပင်န်လိုဟာမျိုးတွေ များပါတယ်။ သူတို့ဘယ်သူတွေလဲ၊ ဘယ်သွားကြမှာလဲ။ သူတို့ရည်ရွယ်ကဘာလဲဆိုတာကို ရိပ်မိတဲ့အလျှောက်  ဈေးဝယ်ရင်း ပြောသမျှနားထောင်တာကလွဲပြီး ဘာမှမမေးဖြစ်ခဲ့ပါဘူး။ အဲဒီလိုထွက်လာကြသူတွေအများစုဟာ လူငယ်တွေဆိုတာကို ကျနော်သတိထားမိတော့ စိတ်မကောင်းတာလိုလို နှမျောတာလိုလိုလည်း ခံစားမိရပါတယ်။ တကယ်ဆို ဒီအရွယ်တွေဟာ စာသင်ခန်းတွေထဲမှာ၊ လုပ်ငန်းခွင်တွေမှာ ရှိနေရမယ့်အရွယ်တွေ။ မိသားစု ညီအကိုမောင်နှစ်မတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဘဝကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကုန်ဆုံးရမယ့် အရွယ်တွေမဟုတ်ပါလား။ တကယ်လို့ စစ်အစိုးရကသာ ဒီလူငယ်တွေကို ဘာအန္တရာယ်မပေးခဲ့ဘူး၊ သူတို့တောင်းဆိုမှုတွေကိုလည်း လိုက်လျောခဲ့မယ်ဆိုရင် ဒီလူငယ်တွေဟာ ကျရာနေရာမှာဦးစီးဦးဆောင်ပြုပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီရေးအတွက် လုပ်ကြမယ့်သူတွေပဲမဟုတ်ပါလား။ တကယ်တော့ စစ်တိုက်တယ်ဆိုတာဟာ ဥပဒေနဲ့ညီညီ/မညီညီ တရားဝင်လူသတ်ကြတာပဲ ဖြစ်ပါတယ်။ သတ်ရင်းနဲ့လည်း သေကြရတာပဲဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကို မသတ်ပဲမသေပဲရမယ်ဆိုရင် ဘယ်သူမှတော့ သေချင်သတ်ချင်ကြမှာ မဟုတ်ဘူးလို့လည်းကျနော်တွေးမိပါတယ်။
           
ကျနော်နဲ့အတူထိုင်ရင်း သူတို့ကိုကြည့်ငေးနေတဲ့ သူငယ်ချင်းတယောက်က “ဟေ့ကောင်ရေ..ငါတော့ ဒါ ဒီကောင်တွေတမင်များ ဟပေး ထားတာလို့ထင်တာပဲကွာ၊ မင်းစဉ်းကြည့်လေ၊ လူတွေဒီလောက်တပြုံတမကြီး ဗြောင်ပြောပြီးထွက်နေတာပဲကွာ၊ ဖမ်းချင်ရင် ဒီမှာတင် စောင့်ဖမ်းပိတ်ဖမ်းလို့ ရနေတာပဲဟာ” လို့ သူ့ထင်မြင်ချက်ကိုပြောပြပါတယ်။ သူ့ကောက်ချက် ဘယ်လောက်မှန်/မမှန်ဆိုတာကို ကျနော် ဘာမှမငြင်းနိုင်သလို ကျနော့်အတွေးနဲ့ကျနော်လည်း လုံးလည်ချာလည်လိုက်နေခဲ့ပါတယ်။ သူပြောသလို ဟပေးလိုက်တာဆိုရင်ရော ဘာတွေဆက်ဖြစ်လေမလဲ။ အဲသလိုမဟုတ်ပဲ ဒီလိုနေရာတွေကနေ စောင့်ဖမ်းပိတ်ဖမ်းမယ်ဆိုရင်ကော ဘာတွေဖြစ်လာမလဲဆိုတာကိုသာ တွေးနေ မိပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

0 comments:

Post a Comment