Wednesday, December 7, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၄၀) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၄၀) ဒီဇင်ဘာ ၇ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင် ၂ ရက် ၃ ရက်လောက်က ကျနော်မိတ်ဆွေတယောက်နဲ့ စကားပြောဖြစ်တော့ သူက  “ဟေ့ကောင်ရေ… ဒီအတိုင်းဆက်သွားနေလို့ကတော့ ဒိုင်စား ပြီး ကဖြဲကရုန်းနဲ့ လုံးပါးပါးမယ့်ကိန်းပဲ။ ခေါင်းဆောင်ဆိုတဲ့လူတွေကလည်း ဘာမှအား ကိုးလို့မရ။ တိုင်းပြည်လည်း ဝရုန်းသုန်းကား။ လူတွေလည်း တထိတ်ထိတ်နဲ့။ ငါ့သဘော ကတော့ကွာ ဒို့ဘက်က တခုခုမြန်မြန် ပွဲဖြတ်နိုင်ရင်ဖြတ်။ မဖြတ်နိုင်ရင် စစ်တပ်အာဏာ သိမ်းလိုက်တာကမှ ခပ်ကောင်းကောင်းပဲ” ဆိုပြီးပြောတာကို မှတ်မိနေပါတယ်။ စစ်တပ် အာဏာသိမ်းတာကမှ ခပ်ကောင်းကောင်းဆိုတဲ့ သူ့အပြောကိုဘဝင်မကျပေမယ့် ခုလိုမျိုး သောင်မတင်ရေမကျဖြစ်နေတာကိုတော့  မနှစ်မြို့လှပါဘူး။

သမိုင်းကိုပြောကြရာမှာ IF ဆိုတဲ့စကားလုံးကို သုံးမရမှန်းသိသိနဲ့ တခါတလေမှာ တကယ်လို့များဆိုတာကို မကြာမကြာတွေး နေမိပါတယ်။ ခေါင်းဆောင်မှုဆိုတာမှာလည်း တာဝန်ယူမှုနဲ့တာဝန်ခံနိုင်မှုဆိုတာတွေ ရှိပါတယ်။ ဒါတွေကိုမျက်ကွယ်ပြုပြီး ငါ့စကားနွားရပြောလို့မဖြစ်မှန်းလည်း သိပါတယ်။ အဲဒါတွေကိုသိတဲ့အလျှောက် မပြောပဲနေရပေ မယ့်ရင်ထဲမှာတော့ ၈၈တုန်းက ခေါင်းဆောင်မှုမပြတ်သားခဲ့တာတွေအတွက် မချိတင်ကဲဖြစ်ရတာတော့အမှန်ပါပဲ။

နောက်ပိုင်း ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့မှ ငါရောဘာထူးလဲလို့ ဖြစ်ရတာတွေလည်းရှိပါတယ်။ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ဦးဆောင်မှုပေးနေသူတွေကိုမပြောနဲ့ ကျနော်တို့လောက် ရပ်ရွာအဆင့်လေးမှာ ဦးဆောင်နေသူတွေကိုယ်တိုင်ပင်လျှင် တွေတွေ  ဝေဝေ၊ မပြတ်မသား၊ တာဝန်မယူနိုင်၊ တာဝန်မခံနိုင်ဖြစ်ရတာတွေရှိခဲ့ဖူးပါတယ်။ ဥပမာတခုအနေနဲ့ပြောရရင် စစ်တပ်အာဏာသိမ်း ပြီး နောက်နေ့ညမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ အဲဒီနေ့ညနေက ကျနော်တို့ဆွေးနွေးဝိုင်းလေးတခုဖြစ်ခဲ့ပါတယ်။ တက်လာသူ  တွေထဲမှာ ကျနော်တို့အတွင်းစည်းက လူတွေချည်းမဟုတ်ပဲ တခြားသူတွေလည်းပါနေပါတယ်။ ပြောဖြစ်ကြချိန်မှာ လူတချို့က စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတစ်ခု လုပ်ရမယ်ဆိုပြီးပြောလာပါတယ်။ ကျနော်တို့အားလုံး ချိန်ဆရအတော်ကျပ်နေတဲ့ အခိုက်အတန့်မို့ထင်ပါရဲ့။ ရုတ်တရက်ဘာမှ မဆုံးဖြတ်နိုင်ကြပါဘူး။ တချို့ကလည်းလုပ်သင့်တယ် တချို့ကတော့မလုပ်သင့်ဘူးဆိုပြီး ၀ိဝါဒကွဲပြားနေကြပါတယ်။

ရပ်ထဲရွာထဲမှာလည်း နေ့နေ့ညညစစ်တပ်က လက်နက်အပြည့်အစုံနဲ့ ကင်းလှည့်တာတွေ၊  မသင်္ကာရင် ရမ်းသန်းပစ်၊ နေဝင်မီးငြိမ်း အမိန့်ကိုင်ပြီး လမ်းပေါ်တွေ့သမျှလူကို ထင်သလိုလုပ်ခွင့်ရှိနေချိန်ဆိုတော့ တအိမ့်တအိမ်ကူးတာတောင် သတိထားနေရသလိုမျိုးပါပဲ။ ကျနော့်အနေနဲ့က အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြတာကို မဖြစ်စေချင်ပါဘူး။ ထွက်တာနဲ့ သူတို့ဘက်ကပစ်မှာပဲ။ အကြမ်းဖက်ဖြိုခွဲမှာပဲ။ ဘာမှကြည့်နေမှာမဟုတ်ဘူးဆိုတာလည်း တွေးမိသလို၊ ကိုယ့်မှာက ဘာလက်နက် ဘာဥပဒေအကွယ်မှလည်း မရှိ၊ လက်နက်ရှိတောင် စနစ်တကျဖွဲ့စည်းထားတဲ့တပ်ကို ဘယ်လိုယှဉ်ပြီးတိုက်နိုင်ပါ့မလဲ စတာတွေလည်းတွေးမိတာပါပါတယ်။

ဒီလိုနဲ့ ဆွေးနွေးဝိုင်းဟာ ဘာအဖြေမှထွက်ပဲ အီနေခဲ့ပါတယ်။ ဒါနဲ့နောက်ဆုံး မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့အထိ ရောက်လာပါတယ်။ အဲဒီ အဆိုကိုတင်သူတွေက ဆန္ဒပြရမယ်ဆိုတဲ့ အပြင်စည်းကလူတွေများပါတယ်။ ၈၈ တလျှောက်လုံးတွဲလုပ်လာကြသူတွေဖြစ်နေတော့ သူတို့ပြောသလို မဲခွဲဆုံးဖြတ်မယ်ဆိုတာကို လက်မခံလို့လည်းမဖြစ်၊ လက်ခံပြီးမဲခွဲဆုံးဖြတ်ရင်လည်း ကျနော်တို့ရှူံးမှာကသေချာနေ၊ ရှူံးလို့ အများဆန္ဒကိုလိုက်နာပြီး အကောင်အထည်ဖော်ဖို့ကလည်းခက်သပနဲ့ ကျနော်တို့တတွေချွေးပြန်ပြီး အကျပ်ရိုက်ရချိန်ပါပဲ။ ဒီမိုကရေစီလုပ်ဟန်ဆိုတာကလည်းဖြစ်နေ၊ ဒီလုပ်ဟန်နည်းနာထဲကနေပဲ ပြောလည်းလာနေလေတော့ မငြင်းသာတဲ့အဆုံး “မဲခွဲ ဆုံးဖြတ်တာကိုတော့လက်ခံမယ်၊ ဒါပေမယ့် ဆန့်ကျင်ကန့်ကွက်သူတွေအနေနဲ့ မလိုက်ပါချင်ရင် မလိုက်ပါပဲနေခွင့်ရှိရမယ်” ဆိုတဲ့ သဘောတူညီချက်ကိုတော့ ရအောင်ယူလိုက်ရပါတယ်။

မဲခွဲဆုံးဖြတ်ကြတော့ တွက်ဆထားတဲ့အတိုင်းပဲ ဆန္ဒမပြရေးဘက်က ရှူံးပါတယ်။ ကျနော်လည်း မပြရေးဘက်က ရပ်ခံခဲ့သူဖြစ်ပါ တယ်။ နိုင်သူတွေအနေနဲ့ ဆန္ဒပြကြဖို့အစီအစဉ်တွေဆွဲကြပါတယ်။ ရှူံးသူတချို့ ထထွက်သွားကြပေမဲ့ ကျနော်နဲ့တချို့ကတော့ ကျန်နေ ခဲ့ပြီး သူတို့ဘာပြောဆိုနေတယ်ဆိုတာကို ဘာမှဝင်မပြောပဲ ဘေးကထိုင်နားထောင်နေခဲ့ကြပါတယ်။ သူတို့လည်း အထိအရှတွေရှိ လာနိုင်တယ်လို့ တွက်မိကြတာကြောင့်  တတ်နိုင်သမျှ ကိုယ့်ဘက်ကနာကျင်မှုနည်းရေး စီစဉ်ကြရတာဖြစ်ပါတယ်။ သူတို့စိတ်တွေ လည်းကျနော်တို့နည်းတူ ပူပူပန်ပန်ဖြစ်နေကြရတာတော့ အထင်အရှားကိုတွေ့နေရပါတယ်။ ခါတိုင်းဆို ပွဲတိုင်းလို အနောက် အရွှတ်တွေနဲ့ ပျော်ပျော်ပါးပါးလုပ်တတ်သူတွေတောင် မရယ်နိုင်မပြုံးနိုင်ဖြစ်နေတာမြင်တော့ ကျနော်တို့လည်း စိတ်ထိခိုက်ရတာပါပဲ။ တခါတခါ ဝင်အကြံပေးချင်တာတောင် အမြင်များမှားသွားမလားဆိုပြီး ရေငုံနှုတ်ပိတ်နေခဲ့မိပါတယ်။

ဒီလိုနဲ့ အဲဒီညက ကျနော်တို့မြို့မှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲဖြစ်သွားခဲ့ပါတယ်။ လူသိတ်ပြီးမများလှပေမယ့် လူထု ထောက်ခံပါဝင်မှု အထိုက်အလျှောက်ရှိခဲ့တာအမှန်ပါပဲ။ တပ်ကပစ်လို့ ဆန္ဒပြသူတဦးလက်မောင်းကျိုးသွားတာ၊ အနီးအနားကအိမ် တချို့ ကျည်ဆန်တွေထိတာ၊ လူတချို့ထိတ်လန့်တကြား ဖြစ်ရတာတွေတော့ရှိခဲ့ပါတယ်။ စစ်တပ်ကအတင်းတွန်းထိုးပြီး တက်မလာ ခင်မှာပဲ အချိန်မီလူစုခွဲပြီး ကိုယ်ယောင်ဖျောက်လိုက်နိုင်ခဲ့ကြပါတယ်။ လျှပ်တပြက်ဆန္ဒပြပွဲသဘောမျိုးနဲ့ ရပ်လိုက်ကြတာဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းတော့ ထိထိမိမိဖော်ထုတ်ပြသနိုင်ခဲ့တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ စီစဉ်သူတွေရဲ့စေ့ စပ်သေချာမှုနဲ့ ပါဝင်သူတွေရဲ့ တိတိကျကျလိုက်ပါနိုင်မှုကြောင့်သာ လှလှပပပွဲသိမ်းနိုင်ခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ တချို့လည်း ဒီလိုလုပ်ရကောင်းလားဆိုပြီး ပြစ်တင်ဝေဘန်ကြတာတွေလည်း ရှိခဲ့ပါတယ်။ ကျကျနနလေးလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း မလုပ်ရေးသဘောထားပေးရပ်ခံခဲ့ကြတဲ့ ကျနော်အပါအဝင်တချို့ကို သူရဲဘောကြောင်သူတွေအဖြစ် အမြင်ခံခဲ့ရတာလည်းရှိပါတယ်။

အခုနေပြန်တွေးကြည့်တော့ တကယ်လို့သာ အဲဒီတုန်းက ငါတို့အားလုံး လုပ်ရေးဘက်ကနေရပ်ခဲ့ကြမယ်ဆိုရင် ဘာတွေဖြစ်မလဲ။ သေချာတာကတော့ လူတွေအခုထက်ပိုပြီးပါလာမယ်။ စစ်အာဏာသိမ်းတာကို မကာကွယ်နိုင်ပေမယ့် ဆန့်ကျင်ကြောင်းပြရာမှာ ခုထက်ပိုပြီး ထိရောက်ခဲ့မယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါ့အပြင် ကျနော်တို့မြို့ကလေးမှာ သူရဲကောင်းဆန်တဲ့ ကျနော်တို့ရဲ့ ဦးဆောင်မှုကို ကမ္ဗည်းအတင်ခံရမှာလည်းသေချာပါတယ်။ ဒါပေမယ့် လူတွေ ခုထက်ပိုပါဝင်လာရင်ရော ဘာတွေဖြစ်မလဲ။ ခုထက်ပိုပြီး အနာတရတွေရော မဖြစ်လာနိုင်ဘူးလား။ အဲသလိုဖြစ်လာခဲ့ရင်ရော လူထုထောက်ခံမှုက ကျမသွားနိုင်ဘူးလား။ စစ်တပ်ကရော မြို့ကို ပိုပြီးသဲသဲမဲမဲလုပ်မလာနိုင်ဘူးလား စတာတွေကို ပြန်ပြန်တွေးနေမိပါတယ်။ တွေးမိတိုင်းလည်း အဲဒီတုန်းက ငါ့ရပ်ခံချက်ဟာ မှန်ခဲ့သလားမှားခဲ့သလားဆိုတာ ဝေခွဲမရဖြစ်ရပါတယ်။

အခုတော့ အဲဒီဖြစ်စဉ်ဟာ အတိတ်သမိုင်းဖြစ်သွားခဲ့ပါပြီ။  သမိုင်းကိုပြောကြရင် IF ဆိုတဲ့ (တကယ်လို့များ) ဆိုတာကို ထည့်ပြော စရာမလိုပါဘူး။ မလိုမှန်းသိပေမယ့်လည်း စိတ်ထဲမတော့ တွေးမိ တွေးမိနေတတ်ပါတယ်။
ရှေ့တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment