Monday, December 26, 2011

ဟိုအကိုကြီးကိုမဖြေခင်မှာ ရေးတဲ့စာ (မျိုးမြင့်ချို)

1 comments
အုန်းပြန့်ဒုက္ခသည်စခန်း
ဟိုအကိုကြီးကိုမဖြေခင်မှာ ရေးတဲ့စာ (မျိုးမြင့်ချို)
“ကျနော်ကြီးရင် ဘာမဖြစ်ချင်နှင့်ပတ်သက်သည်များ”ဆိုသည့်စာစုကလေးကို ဖတ်ပြီးနောက် အကိုလိုခင်သူတယောက်က “မင်း.. ကြီးလာရင်ဘာဖြစ်ချင်တာကို ငယ်ငယ်တုန်းကမသိခဲ့တာနဲ့ မရှိခဲ့တာကတော့ဟုတ်ပါပြီ၊ မင်းကြီးလာတော့ရော ကိုယ့်ကိုယ်ကိုဘာဖြစ်ချင်တယ်ဆိုတာ ရှိလာ၊ သိလာပြီလား”ဆိုပြီးမေးပါသည်။ ကျနော် တော်တော်အဖြေရကျပ်ကာ “ဟုတ်သားပဲ”ဆိုပြီး ငိုင်သွားရပါတော့သည်။ ထိုသို့ဖြစ်ရ သည်မှာ "ဘာဖြစ်ချင်ဆိုသည့်"အမေးကြောင့်မဟုတ်ပဲ “မင်းကြီးလာတော့ရော”ဆိုသည့် စကားကြောင့်ဖြစ်ပါသည်။ ထို ကြီးလာတော့ရောသည် ကျနော့်အားဒုက္ခပေးပါတော့သည်။ “ကျနော်ဘယ်အချိန်မှာ ကြီးလာပြီဟု ကိုယ့်ကိုယ်ကိုသတ်မှတ်သနည်း”ဆိုသည်ကိုသိချင် လာပါသည်။ ကျနော် ဘယ်အချိန်မှာကြီးလာသနည်း။ ဘယ်အချိန်မှာ စကြီးလာသည်ဟု ထင်ခဲ့သနည်း။ ဆုံးဖြတ်ခဲ့သနည်း။ ထိုသို့ ထင်ခဲ့၊ ဆုံးဖြတ်ခဲ့၊ စကြီးခဲ့လျှင်လည်း ဘာ့ကြောင့် ထိုသို့ထင်ခဲ့၊ ဆုံးဖြတ်ခဲ့၊ သတ်မှတ်ခဲ့ရ သနည်း။ သည်တွင် ကျနော် ချာချာလည်တော့သည်။ သူ့အမေးကိုဖြေဖို့ မစဉ်းစားခင်မှာပဲ ကိုယ့်အမေးနှင့်ကိုယ် ချောင်ပိတ်မိနေပြီ။ ထိုအဖြေကိုရမှ သူ့အမေးကိုကျနော်ဖြေနိုင်လိမ့်မည်ဟုလည်း စိတ်တွင်ဖြစ်မိပါသည်။ သို့နှင့်သူ့အား “ကျနော် ကျနော်စဉ်းစားဦးမယ်၊ အဖြေရရင် ပြောမယ်” ဟု အချိန်ဆွဲလိုက်၏။


ဤနေရာတွင် “ကြီးခြင်းငယ်ခြင်း” သတ်မှတ်ချက်ကို တိတိကျကျဖွင့်ဆိုရန်လိုလာပြီဟု ကျနော်တွေးမိပါသည်။ ကျနော် ဉာဏ်လှမ်း မီသလောက်တွေးလည်းတွေးသလို လက်လှမ်းမီသလောက်မေးလည်းမေးကြည့်ပါသည်။ မေးတိုင်း၊ တွေးတိုင်းရလာသည့်အဖြေ များမှာ ရေရေရာရာမရှိခဲ့ပါ။ ဝို့တဝါးနိုင်သည်ဟု ထင်ပါသည်။ တကြိမ်တမျိုးကျနော်တွေးမိသလို တယောက်တမျိုးလည်း ကျနော့် ကိုဖြေကြပါသည်။


မြန်မာစကားတွင် ကြီးကောင်ဝင်နှင့်မြီးကောင်ပေါက်ဆိုပြီး ရှိပါသည်။ တချို့က ထိုစကားလုံးကိုကိုင်၍ ထိုအရွယ်တွင် ကြီးခြင်းစသည် ဟုပြောပါသည်။ “ဒါဆို ကြီးကောင်ဘယ်အချိန်ဝင်နှင့် မြီးကောင်ဘယ်အချိန်ပေါက်” ဟု အမေးတခုထပ်ထွက်လာပြန်ပါသည်။ အဖြေ က “ယောင်္ကျားလေးဆိုလျှင် လူပျိုဖော်ဝင်ချိန်၊ မိန်းကလေးဆိုလျှင်အပျိုဖော်ဝင်ချိန်” ဟုဖြစ်ပါသည်။ သူပြောသည့်အတိုင်းဆိုလျှင် “အကြီး စချိန်”မှာ လူတယောက်ခြင်းအလိုက်၊ လူမျိုးရိုးဗီဇသဘောအလိုက်၊ စားသောက်နေထိုင်ရသည့်အလိုက်၊ ကျန်းမာရေး အလိုက်၊ ဝန်းကျင်သဘောအလိုက်၊ ဇီဝကမ္မသဘောအလိုက်၊ ဟော်မုန်းဓါတ်များအလိုက် စသည်ဖြင့်အထွေထွေအပြားပြားဖြစ်ကာ “အကြီး စချိန်”များ ကွာရတော့မည်။ ဒါလည်း မဟုတ်သေးဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငယ်ငယ်လေးနှင့်အပျိုဖော်ဝင် သွားသည့် မိန်းကလေးများအကြောင်းကြားဖူးသလို၊ အသက် ၃ဝ လောက်ရောက်မှ လူပျိုဖော်ဝင်လာသည့် သူငယ်ချင်းတယောက် ကျနော့်တွင်ရှိနေ၍လည်း ဖြစ်ပါသည်။


အိမ်ထောင်ကျလျှင် “အကြီးစသည်” ဟုပြောသူအားလည်း “ဒါဆို တသက်လုံး အိမ်ထောင်ကျမသွားတဲ့သူတွေက ဘယ်တော့မှ မကြီးဘူးလား” ဟုပြန်မေးတော့ ကျနော်စိတ်အဆိုးခံရပါသည်။ ဒါလည်း မဟုတ်သေးဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တသက်လုံးအိမ်ထောင်မပြုသော်လည်း ကမ္ဘာပေါ်တွင် လူကြီးလူကျယ်ဖြစ်ခဲ့သူများ၊ ဖြစ်နေသူများအား နယ်ပယ်အသီးသီးတွင် တွေ့ရပါသည်။ ရှိနေပါသည်။ ဥပမာတွေနှင့်ပြရလျှင် စာတအုပ်စာလောက် ရှိမည်ထင်ပါသည်။ "အိမ်ထောင်ကျမှ အကြီးစ"ဟု အဆို ကို ထိုလူကြီးလူကျယ်များသိလျှင် စိတ်ဆိုးဒေါပွစရာဖြစ်မည်ဟု ထင်ပါသည်။


နှစ်တွေနှင့်ပိုင်းပြီး ပြောသူတွေလည်းရှိပါသည်။ တချို့က ၁၈ နှစ်ဟုဆိုပြီး တချို့က ၂၁ နှစ်ဟုလည်းပြောပါသည်။ ဘာ့ကြောင့် အဲသလိုပြောနိုင်ရသလဲဟုမေးတော့ “အဲဒီအသက်အရွယ်မှာ တရားဝင်မဲပေးခွင့်စရလို့၊ စစ်ထဲဝင်လို့ စရလို့၊ အလုပ်တခုခု စလျှောက်လို့ရလို့ စသည်ဖြင့်အမျိုးစုံဖြေပါသည်။ ဒါလည်း မဟုတ်သေးဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူ့အဖွဲအစည်း အလိုက် မဲပေးခွင့်၊ စစ်ထဲဝင်ခွင့်၊ အလုပ်လျှောက်ခွင့်များမှာ တထပ်တည်းမကျပါ။ သူနိုင်ငံအလိုက် အသက်အရွယ်သတ်မှတ်ချက်များ ရှိနေပါသည်။ နောက်တခုက စစ်တပ်မရှိသည့်တိုင်းပြည်များနှင့် မဲပေးရန်မလိုသည့်တိုင်းပြည်များကလူများအတွက် မည်သို့စဉ်းစား ကြမည်နည်း။


အတန်းပညာတွေ၊ စာမေးပွဲတွေနှင့် “အကြီးစချိန်” သတ်မှတ်သူများလည်း တွေ့ရပါသည်။ ဆယ်တန်းအောင်လျှင်၊ တက္ကသိုလ်ရောက် လျှင်လူကြီးဖြစ်လာပြီ(သို့မဟုတ်) လူကြီးဖြစ်သွားပြီဟု ဆိုခြင်းဖြစ်ပါသည်။ တချို့က ဆယ်တန်းတွေ၊ တက္ကသိုလ်တွေနှင့်မပြောပဲ ဘွဲ့ ရလျှင်၊ ပညာတခုခုဆုံးခန်းတိုင်လျှင်ဟုလည်း ပြောပါသည်။ ဒါလည်းမဟုတ်သေးဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆယ် တန်းလည်းမအောင်၊ တက္ကသိုလ်လည်းမရောက်၊ ဘာဘွဲ့မှလည်းမရ၊ ဘာပညာမှလည်းဆုံးခန်းမတိုင်ပဲ လောကီလောကုတ္တရာ အကျိုးကို အောင်အောင်မြင်မြင် ပေါက်ပေါက်မြောက်မြောက်ဆောင်နေသူများ ရေတွက်၍ပင်မကုန်ပါ။


အသက် ၄ဝ မှာ ဘဝစသည်။ ထို့ကြောင့် ထိုအရွယ်သည် “အကြီးစချိန်”ဟု ဆိုသူလည်းတွေ့ပါသည်။ ကျနော့်သူငယ်ချင်းတချို့က သူတို့ပဲသိသလိုလိုနှင့် "အနောက်တိုင်းသားတွေ အဲသလိုဆိုကြ" ဟု ကျနော့်ကိုပြောခဲ့တာလည်း မှတ်မိပါသည်။ ကျနော်လည်း ဟုတ်လောက်သည်ဟု ထင်မိခဲ့ဖူးပါသည်။ သို့သော် မဟုတ်ပါ။ ကျနော်နှင့် နီးစပ်သမျှအနောက်တိုင်းသားများအား မေးကြည့်ပါသည်။ တချို့ “ဟုတ်သည်” ဟုဆိုပြီး၊ တချို့က “ပေါက်တတ်ကရလျှောက်ပြောနေတာပါကွာ”ဟု ဖြေပါသည်။ တချို့ ကတော့ “ဟုတ်ရင်လည်း ဟုတ်မှာပေါ့၊ မပြောတတ်ဘူး”ဟု ပြောပါသည်။ သူတို့ပင်လျှင် ဟုတ်/မဟုတ်မသေချာသည့်ကိစ္စဖြစ်နေပါသည်။ ဒါလည်း မဟုတ်သေးဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အနောက်တိုင်းအယူအဆသည် အရှေ့တိုင်းအတွက်မမှန်ဟု ဆိုစေဦးတော့ အနောက်တိုင်းတွင် မှန်နေရမည်ဟုထင်ပါသည်။


တခြား သတ်မှတ်ချက်တွေနှင့်ကိုင်ပြီး ဖြေသူလည်းဖြေပါသည်။ ကျနော် ဘယ်အဖြေကိုမှ ဘဝင်ကျကျ တထစ်ချယုံလို့ မရပါ။ ဤတွင် ကျနော်၏ "အပြင်ထွက်ပြီး အကြီးစချိန်ရှာပုံတော်”မှာ သောင်မတင်ရေမကျနှင့် နိဂုံးကမ္ပတ်အဆုံးသတ်သွားပါသည်။ သို့သော် ကျနော် ရပ်လိုက်လို့ မရ။ ရှာရဦးမည်။ တွေ့မှဖြစ်မည်။ သည်အဖြေတွေ့မှ ဟိုအကိုကြီး၏အမေးကို ဖြေလို့ဖြစ်မည်။ ရှာရင်း ရှာရင်း စိတ်တွင်လည်း ကြီးကြီးကျယ်ကျယ်တွေ တွေးမိ၏။ ဤအရာသည် ငါတယောက်ထဲနှင့်မဆိုင်။ အားလုံးနှင့်ဆိုင်သည့်ကိစ္စဖြစ်လာပြီ။ လူသားအားလုံးကိုယ့် ဘာသာကိုယ်မေးပြီး၊ ဖြေရမည့်ကိစ္စလည်းဖြစ်သည်။ ပေါ့ပေါ့တန်တန်ကိစ္စမဟုတ်တော့ဟု ထင်လာပါသည်။ ထို့အပြင် ဤအဖြေသည် လူ၏ရုပ်ပိုင်းသဘောများဖြစ်သည့် အသက်၊ အရွယ်၊ အတန်းပညာ၊ ဥပဒေပြဋ္ဌာန်းချက်၊ အိမ်ထောင်မှု စသည်တို့နှင့်မဆိုင်ပဲ လူ၏တွေးခေါ်မြော်မြင်မှုနှင့် ဆင်ခြင်တုံတရားဆိုင်ရာကိစ္စကြီးပါတကားဟုလည်း စိတ်ကြီးဝင်မိပါသည်။ သည်တွင်အပြင်ထွက်ရှာခြင်းကိုရပ်ကာ ကိုယ့်ကိုယ်ကိုပြန်မေး၍ ကိုယ့်ထံတွင်ပြန်ရှာရပါသည်။


နောက်ဆုံးသွားတွေ့သည်က တချက်ထဲဖြစ်ပါသည်။ ထိုတချက်သည် ကျနော့်အတွက် လုံလောက်သည့်အဖြေလည်းဖြစ်ပါသည်။ ထိုအဖြေသည် ကျနော့်အတွက် အလွန်အားရကျေနပ်ဖွယ်လည်း ဖြစ်ပါသည်။ ထိုအချက်မှာ ဘိုးစဉ်ဘောင်ဆက်က၊ ကျင်လည်ထိစပ် ရာဝန်းကျင်က၊ နာယူဆုံးမရာတလျှောက်လုံးက “တသက်စာအမှန်တရား” ဟု (သို့မဟုတ်) “ပြီးပြည့်စုံအမှန်တရား”ဟု လက်ခံကျင့် သုံးလာခဲ့သည့် အတွေးအခေါ်တရပ်ရပ်အား “ဟုတ်မှဟုတ်ပါ့မလား” “ဟုတ်ရောဟုတ်လို့လား”ဆိုပြီး စတင်တွေးတောမိချိန်သည် “အကြီးစချိန်” ပဲဖြစ်ပါသည်။ ထိုအချိန်တွင် လူသည် “စ ကြီး”လာသည်ဟု တွေးမိပါသည်။ ကျနော်လည်း ထိုအချိန်တွင် စကြီးခဲ့ပါ သည်။ ထိုအချိန်မှစ၍ “ထို အမှန်တရား”နှင့်ပတ်သက်၍ရော၊ ထိုအမှန်တရားက “မှားသည်ဟုဆိုသော”အခြား အမှန်တရားများကိုပါ လေ့လာပါတော့သည်။ အမှန်တရားများအားလုံးကို လက်ကုန်နှိုက်မိပြီဟုမဆိုလိုပါ။ နှိုက်နေဆဲဖြစ်ပါသည်။ 


အမှန်တရားတခုထဲ ဝင်မွှေရင်း “နောက်ထပ်အမှန်တရားသစ်” တခုနှင့်လည်း ပက်ပင်းတိုးမိပါသည်။ တအိအိပြိုကျနေသောအမှန် တရားများကိုလည်း လှမ်းမြင်ရပါသည်။ အမှန်တရားတိုင်းတွင်ရှိနေသည့် ဘက်တွေနှင့်လည်းဆုံရပါသည်။ မှားသည်ဟုအယိုးခံ အမှန်တရားတခုတွင်လည်း ယိုးသည့်အမှန်တရားနည်းတူ မှန်ကန်ခိုင်လုံသည့်အကြောင်းအချက်များ၊ အခြင်းအရာများနှင့်လည်း ကြုံရပါသည်။ အမှန်တရားတခုထဲမှာပင် ရှေ့နောက်၊ ကြောင်းကျိုးမညီသည့် အကြောင်းအချက်များ၊ အခြင်းအရာအများလည်း မြင်တွေ့ရပါသည်။ အရေးအကြီးဆုံးကား အမှန်တရားဆိုသည်မှာ ရှင်သန်လျှက်ရှိသည့်အရာဖြစ်သည်ဟု သိမြင်မိလိုက်ခြင်းပင်ဖြစ် ပါသည်။ အမှန်တရားတခုခုသေသွားလျှင်တောင် “ကွယ်လွန်ပြီးသည့် အမှန်တရား”သို့မဟုတ် "သေနှင့်ပြီးသောအမှန်တရား" ဟုပြောမှရမည်ထင်ပါသည်။ အမှန်တရားတခုခုကို “ပြီးပြည့်စုံအမှန်တရား”(သို့မဟုတ်)“တသက်စာအမှန်တရား”ဟု ယူဆလိုက် သည်နှင့် ထိုသူအတွက်ထိုအမှန်တရားခမျာ အနိစ္စရောက်သွားသည်ဟုလည်း တွေးထင်မိပါသည်။  ဤနည်းဖြင့် ကျနော် တဖြည်းဖြည်း ကြီးကြီးလာနေပါသည်။ ဤသို့ဖြင့် "ကြီးလာတော့ရော"ဆိုသည့် ကျနော့အားခေါင်းစားနေသည့် "အကြီးစချိန်"ကို သိခဲ့ပါပြီ။ "အကြီးဆုံးချိန်"ကတော့ မပြောတတ်သေး။


ဘာပဲဖြစ်ဖြစ် ယခုတော့ ကျနော်ဘယ်အချိန် “စကြီးလာ” ကိုသိရပါပြီ။ ဝမ်းသာစရာကောင်းသည်က   
ဟိုအကိုကြီး၏အမေးကိုဖြေရန်ထက် ကျနော့်အမေးကိုကျနော် ပြန်ဖြေမိသွားပါပြီ။ နောက်တဆင့်ကျမှ 
ဟိုအကိုကြီးအမေးကိုဖြေရန် ကိုယ့်ကိုယ်ကို ထပ်မေးရပါဦးမည်။ ယခုကျနော်ရသည့်အဖြေသည် 
ဟိုအကိုကြီးအားပေးရန်မဟုတ်ပါ။ ထို့ကြောင့် 
ဟိုအကိုကြီးအားလည်း မပြောပြတော့ပါ။ သို့သော် 
ထိုအကိုကြီးသည် ကျနော်၏ သည်ဆောင်းပါးကိုလည်း ဖတ်မည်ဟုသိနေပါသည်။ ထို့ကြောင့် ထိုအကိုကြီးအားကျေးဇူးတင်မိပါသည်။
မျိုးမြင့်ချို
ဒီဇင်ဘာ ၂၆ ရက် ၂ဝ၁၁

1 comments:

  • December 26, 2011 at 5:38 PM

    ဒီအခြေအနေမှာ ကိုယ်ဘာကောင်လဲ မသိရင်...ကိုယ်ထင်တာထက်..ကိုယ်ဟာ..ပိုအ..ပေါ့..
    ဗိုလ်ထီးသီချင်းသွား သတိရတယ် အားအားနေနေ လျှောက်တွေးမနေနဲ့ဗျာ..တွေးပြီးရေးရင်လဲ အတွေးအမြင်မဂ္ဂဇင်းကိုပို့..ခေါင်းကိုမူးနောက်သွားတာပဲ.ဗျာ.

Post a Comment