ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄ (မျိုးမြင့်ချို) မေ ၃၁ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..
ဒီတပတ်တော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးဖြစ်ထွန်းမလာခင် နောက်ခံအခြေအနေတွေကို နည်းနည်းတင်ပြလိုပါတယ်။ (၁၉၄၉) ခုနှစ်ထုတ် သတင်းစာ၊ ဂျာနယ်လ်နဲ့ ရေဒီယိုသတင်းတွေမှာ “အင်းစိန်တိုက်ပွဲ” နဲ့ "ရန်ကုန်အစိုးရ"ဆိုတဲ့ခေါင်းစဉ်ဟာ အများဆုံးဖော်ပြခံရပြီး ပြည်တွင်းပြည်ပကပါ တလေးတနက်နဲ့သတိထား စောင့်ကြည့်နေကြချိန်လည်းဖြစ်ပါတယ်။ အဲဒီ အင်းစိန်တိုက်ပွဲကာလအတွင်းမှာပဲ ဖဆပလအစိုးရနဲ့ KNU တို့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လာခဲ့သလို လက်တွေ့မှာလည်း အင်းစိန်စစ်မျက်နှာမှာ အပစ်အခတ်ရပ်စဲတာတွေ ဖြစ်လာခဲ့ပါတယ်။ တကယ်က KNU နဲ့ အာဏာရအစိုးရတွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ဒီတကြိမ်ထဲ ဖြစ်ခဲ့တာတော့လည်းမဟုတ်ပါဘူး။ ပထမအကြိမ်လို့ဆိုနိုင်မယ့်ဆွေးနွေးမှုဟာ ကေအင်န်ဒီအိုနဲ့အစိုးရတပ်တွေအကြား တိုက်ပွဲတွေသည်းသန်ပြင်းထန်နေချိန်တွေအတွင်း (၁၉၄၉) ခုနှစ် ဧပြီ (၆)ရက်နေ့မှာဖြစ်ခဲ့တာပါ။ ဒုတိယအကြိမ်ကတော့ (၁၉၆၀) ခုနှစ် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ဖြစ်ခဲ့ပါတယ်။ တတိယအကြိမ်ကတော့ တော်လှန်ရေးကောင်စီလို့အမည်ခံထားတဲ့ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းအစိုးရခေတ် (၁၉၆၃) ခုနှစ် ဇူလိုင်လထဲမှာဖြစ်ပါတယ်။
ပထမအကြိမ်ဆွေးနွေးပွဲမတိုင်ခင်မှာ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုက ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီး Mr. Boker (မစ္စတာ ဘိုကာ)၊ အိန္ဒိယသံအမတ်ကြီး (Dr. Rauf (ဒေါက်တာ ရပ်ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး Mr. M.D Ali (မစ္စတာ အမ်ဒီအလီ)၊ ခရစ်ယာန်အင်္ဂလီကန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Bishop West (ဘုန်းတော်ကြီး ဝက်စ်) တို့အပါအဝင် ဆာစံစီဖိုးရဲ့သမီး မစ္စဘမောင်ချိန်တို့ ကနေတဆင့်ချဉ်းကပ်ပြီး ငြိမ်းချမ်းရေးစကား ပြောဖို့ကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။ (၁၉၅၂) ခုနှစ်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာတော့ အဆိုပါ မစ္စဘမောင်ချိန်ဟာ ဗမာပြည်ရဲ့ ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးအဖြစ် အစိုးရအဖွဲ့ထဲမှာ ကရင်ပြည်နယ်ရေးရာဋ္ဌာနကို တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးနုကလည်းဝန်ကြီးချုပ်အနေနဲ့ ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးထံ “အချင်းချင်းတွေပြန် တိုက်နေခိုက်နေရတာ မကောင်းတဲ့အကြောင်း၊ နှစ်ဘက်စလုံးလည်း အထိနာပြီးတိုင်းပြည်လည်း ပြာပုံဘဝရောက်နေတဲ့အကြောင်း” စတာတွေပြောပြီး ပြဿနာတွေကို နှစ်ဘက်တွေ့ဆုံဆွေးနွေးကြမယ်လို့ စာတစောင်ရေးပို့ခဲ့ပါတယ်။
ဒါနဲ့ ကေအင်န်ယူဘက်ကလည်း စောဘဦးကြီးခေါင်းဆောင်ပြီး ကိုယ်စားလှယ်တွေ သွားရောက် ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးကြတော့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးကနေ လက်နက်ချရေးအဖြစ်ကို ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကေအင်န်ယူဘက်ရဲ့အဆိုအရ ဖဆပလ အစိုးရရဲ့ နိုင်ငံရေးပရိယာယ် ကျင်လည်မှုနဲ့အတူ ဗြိတိသျှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီးဝက်စ်နဲ့ မစ္စဘမောင်ချိန်တို့ရဲ့ ဆွဲဆောင်ဖိအားပေးမှုတွေကြောင့် အဲသလိုအဖြစ်မျိုးဆိုက်ခဲ့ရတာလို့ သုံးသပ်ကြတာတွေလည်းရှိပါတယ်။ ဆွေးနွေးပွဲသဘောတူညီချက်မှာ ဖဆပလအစိုးရဘက်ကတင်ပြလာတဲ့ လက်နက်ချရေးအစီအစဉ်ကို ကေအင်န်ယူဥက္ကဋ္ဌစောဘဦးကြီးက သဘောတူလက်မှတ်ထိုးလိုက်ခဲ့ တယ်ဆိုပါတယ်။ ဖဆပလရဲ့ အစီအစဉ်အရဆိုရင် အရင်ဆုံးအင်းစိန်မှာရှိနေတဲ့ ကေအင်န်ဒီအိုတပ်တွေက လက်နက်ကြီးတွေကို အစိုးရဆီကိုအပ်ဖို့၊ ပြီးရင် တပ်ဖွဲ့တွေမှာရှိတဲ့ လက်နက်ငယ်တွေအပ်ဖို့၊ ပြီးရင်
ဧပြီလ (၈)ရက်နေ့မှာ လက်နက်ချပွဲလုပ်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒါတွေပြီးမှ စောဘဦးကြီးကိုလည်း ပြည်နယ်စုံစမ်းရေးကော်မရှင်မှာ ကရင်ပြည်နယ်အရေးကို ဆက်လက်ဆောင်ရွက်သွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲအပြီး စောဘဦးကြီးနဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေ တွေ့ဆုံပြောဆိုကြတော့မှပဲ ရခဲ့တဲ့သဘောတူညီချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အဓိပ္ဗါယ်မရောက်ပဲ "လက်နက်ချ"ဆိုတဲ့သဘောမျိုးဖြစ်နေတယ်၊ လက်ခံလို့မရဘူး၊ လက်မခံပြန်ရင်လည်း ကေအင်န်ယူ ဥက္ကဋ္ဌကြီးကိုယ်တိုင် လက်မှတ်ထိုးခဲ့တာဖြစ်နေတယ်ဆိုပြီး အခြေအတင်တွေ ဖြစ်ခဲ့ကြတယ်ဆိုပါတယ်။ ဒီတင် အဖြေရှာနိုင်မယ့် အခြားနည်းလမ်းကိုရှာကြတော့ စောဘဦးကြီးက ကေအင်န်ယူဥက္ကဋ္ဌအနေနဲ့ သဘောတူခဲ့တာဖြစ်တယ်၊ တကယ့်လက်တွေ့မှာ လက်နက်ကိုင် ပြီးလည်းတိုက်နေတဲ့၊ မတရားအသင်းလည်း အကြေညာခံထားရတာက ကေအင်န်ဒီအိုဖြစ်နေတယ်၊ ဒီတော့ ဒီကိစ္စကို ကေအင်န်ဒီအိုကပဲ ဆက်ဆွေးနွေးဖို့နဲ့ ကေအင်န်ဒီအိုကိုလည်း မန်းဘဇန်က တာဝန်ယူထားတာဖြစ်တော့ မန်းဘဇန်ခေါင်းဆောင်ပြီး အစိုးရနဲ့သွားပြန်ဆွေးနွေး ကြမယ်ဆိုပြီး အဖြေထွက်လာတယ်လို့ ဆိုပါတယ်။
မန်းဘဇန်နဲ့ အဲဒီတုန်းကမ္မတဒေါက်တာဘဦးတွေ့ပြီး မန်းဘဇံသဘောထားကို ဝန်ကြီးချုပ်ဦးနုဆီ သမ္မတက အကြောင်းကြားပေးပါတယ်။ ဒီ့နောက်တော့ နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင်နဲ့မန်းဘဇန်တို့ အရင်ဆုံးတွေ့ကြတယ်ဆိုပါတယ်။ တွေ့ကြတော့လည်း အဆင်မပြေဖြစ်ခဲ့ရပြီးတဲ့နောက် ဖဆပလ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ ထပ်တွေ့ကြပြန်ပါတယ်။ ဖဆပလ ကိုယ်စားလှယ်အဖွဲ့မှာတော့ ဝန်ကြီးချုပ်ဦးနု၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ခင်မောင်လေးနဲ့ စောကြာဒိုးတို့ တက်ရောက်ကြပါတယ်။ ဆွေးနွေးရောက်တော့ ဦးနုက “ဥက္ကဋ္ဌဖြစ်တဲ့စောဘဦးကြီး လက်မှတ်ထိုးထားပြီးတဲ့သဘောတူချက်ကို မဖျက်သင့်ကြောင်းနဲ့ စောဘဦးကြီးရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့” ပြောပြီး မန်းဘဇန်ဘက်ကတော့ ဥက္ကဋ္ဌကြီးလက်မှတ်ထိုးထားတာကို လက်ခံရမှာဖြစ်ပေမယ့်၊ ဖြစ်နေတဲ့အနေအထားက အညံ့ခံရမှာ၊ လက်နက်ချရမှာ၊ သူတို့လိုလားချက်တွေကို စွန့်လွှတ်ခိုင်းတာလို့မြင်ပြီး ငြိမ်းချမ်းရေးလိုချင်ရင် ကရင်ပြည်နယ်အရေးဖြေရှင်းပေးဖို့ ပြောတယ်လို့ဆိုပါတယ်။ ဒါနဲ့နောက်ဆုံး ဘာသဘောတူညီချက်မှ မရတော့ပဲ မန်းဘဇန်ဘက်က ကျန်နေသေးတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေနဲ့ပြန်ဆွေးနွေးပြီး အကြောင်းပြန်မယ်လို့ဆိုတာနဲ့ ရပ်လိုက်ကြရပါတယ်။
ဒီ့နောက်တော့ ကျန်သေးတဲ့ကရင်အမျိုးသားခေါင်းဆောင်တွေနဲ့ဆွေးနွေးပြီး မူလ စောဘဦးကြီးနဲ့ယူခဲ့တဲ့သဘောတူညီချက်ကို လက်မခံနိုင်ကြောင်း စောဟန်တာသာမွှေးနဲ့ အင်းစိန်စစ်မြေပြင်စစ်ဆင်ရေးမှူး ဗိုလ်မှူးအောင်စိန်တို့ လက်မှတ်ထိုးပြီး အကြောင်းပြန်လိုက်ပါတယ်။ ဒီတင် ကေအင်န်ယူနဲ့ ဖဆပလအစိုးရအကြားက ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးပွဲဟာ ပျက်သွားခဲ့ရပါတယ်။ ဒါကတော့ ကေအင်န်ယူနဲ့ ဖဆပလ အစိုးရတို့ကြားက ပထမဆုံးအကြိမ် စေ့စပ်ဆွေးနွေးမှုပျက်ပြားခဲ့ရတာရဲ့ အကြမ်းဖျဉ်းအကျဉ်းချုပ်သဘော တင်ပြချက်ဖြစ်ပါတယ်။ လက်တွေ့ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ကြ၊ ဦးဆောင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေမှာတော့ ဒီ့ထက်မက ပြောနိုင်ဆိုနိုင် ရှင်းလင်းပြသနိုင်မယ့် အကြောင်းအချက်အခြေခံတွေလည်း ရှိနေမှာဖြစ်ပါတယ်။
ဆွေးနွေးဘက် (၂) ဘက်အကြားမှာ အပြင်ပဋိပက္ခတွေရှိနေသလို၊ ဘက်တဖက်ချင်းစီမှာလည်း အတွင်းပဋိပက္ခတွေ ရှိစမြဲဖြစ်ပါတယ်။ ဒီမိုကရေစီသဘောအရ လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်ဆိုပေမယ့် ကွဲလွဲချက်တွေ အဟသိတ်ကျယ်နေရင်၊ ဒါမှမဟုတ် ကွဲလွဲချက်တွေကို လိုတိုးပိုလျှော့လုပ်ရာမှာ တဘက်ဘက်က ထောင့်နေလွန်းရင် စေ့စပ်ပြေအေးဖို့ ကျေလည်သွားဖို့ဆိုတာ ခက်လာတတ်တဲ့သဘောလည်း ရှိပါတယ်။
အဲဒီကွဲလွဲချက်တွေကို မျက်နှာချင်းဆိုင်ပြီး အေးအေးချမ်းချမ်း ညှိယူဖြေရှင်းကြမယ်ဆိုတာဟာ အလွန်ကောင်းမွန်ပြီး လူသားတိုင်း နှစ်ခြိုက်တယ်ဆိုပေမယ့် တကယ့်လက်တွေ့ ဖြေရှင်းကြတဲ့အခါမှာ ပြဿနာတွေဟာ ထင်တာထက်ပိုရှုပ်ထွေးနေတတ်တာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါ့အပြင် မူလပြဿနာကိုဖြေရှင်းနေရာကနေ ဘေးချော်ထွက်လာတဲ့ ဘေးထွက်ပြဿနာသစ်တွေနဲ့တိုးမိတိုက်မိပြီး ဆင့်ပွားကိစ္စတွေ ထပ်တိုး လာတတ်မျိုးလည်း ရှိတတ်ပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စေ့စပ်ဆွေးနွေးအဖြေရှာလိုတဲ့ စိတ်အခံရှိနေတာကိုက ကောင်းတဲ့အခြင်းအရာပဲဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား
0 comments:
Post a Comment