Thursday, May 17, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၂ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေး ပဲ့တင်သံ အပိုင်း-၂ (မျိုးမြင့်ချို) မေ ၁၇  ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
         သောတရှင်များခင်ဗျား..(၁၉၄၈) ခု ဇန်နဝါရီ (၄) ရက်နေ့မှာ မြန်မာပြည်လွတ်လပ်ရေးရခဲ့တာ လူတိုင်းသိပြီးဖြစ်ပေမယ့် လွတ်လပ်ရေး မတိုင်ခင်ကတည်းကပဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ ဟိုနေရာတကွက် ဒီနေရာတကွက်သဘောမျိုးနဲ့ စတင်နေခဲ့ပြီးဖြစ်တယ် ဆိုတာကတော့ မထင်မရှားလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တစုံလုံးသဘောဆောင်တဲ့ ပြည်တွင်းစစ်ကြီးကတော့ လွတ်လပ်ရေးရအပြီး
(၂) လနဲ့ (၂၄) ရက်အကြာ(၁၉၄၈) ခုနှစ် မတ်လ (၂၈) ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ခဲ့မှုကိုအကြောင်းပြုပြီး စတင်ခဲ့ပါတယ်။ ဒီ့နောက်တော့ ကရင်နီအမျိုးသားများ လက်နက်ကိုင်တော်လှန်မှု၊ မွန်ကာကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးဦးဆောင်တဲ့ (KNDO)  ပြီးတော့ ရှမ်းလက်နက်ကိုင်တော်လှန်ရေး၊ ကချင်လက်နက်ကိုင်တော် လှန်ရေးစတဲ့ မြန်မာပြည်လူမျိုးပေါင်းစုံပြည်သူတွေရဲ့ လက်နက်ကိုင်အုံကြွမှုတွေပေါ်ပေါက်ခဲ့ကြပါတယ်။ ဒီ အုံကြွမှုတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမျိုးစုအဖွဲ့အစည်းတွေအပြင် ဗမာ့တပ်မတော်ထဲက အင်အားစုတွေပါ အတွေးအခေါ်အရ၊ လူမျိုးနဲ့သမိုင်းနောက်ခံတူညီမှုအရ နီးစပ်ရာနီးစပ်ရာ ပဲ့ပဲ့ပါသွားကြတာဖြစ်ပါတယ်။
လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်ဟာ မရှေးမနှောင်းဖြစ်စဉ်တွေမို့ ဒီနှစ်ခုဟာ ဖွားဘက်တော်ဆိုပြီး ပြောဆိုနေကြတာဖြစ်ပါတယ်။ အဲသလိုပြောရုံနဲ့ လွတ်လပ်ရေးကြောင့်ပဲ ပြည်တွင်းစစ် ထဖြစ်ရသလိုမျိုး ကောက်ချက်ဆွဲလို့လည်း ဖြစ်မယ်မထင်ပါဘူး။ ပြည်တွင်းစစ်ရဲ့ တကယ့်အရင်းခံကိစ္စက အဲဒီတုန်းက ဗမာ့နိုင်ငံရေးစင်မြင့်မှာ ဖြစ်ခဲ့ကြတဲ့ကွဲလွဲမှုတွေနဲ့ အဲဒီကွဲလွဲမှုတွေအပေါ်ဖြေရှင်းပုံဖြေရှင်းနည်းတွေကြောင့်ပဲဖြစ်ပါတယ်။ အမျိုးသားလွတ်လပ်ရေးဆိုတာက ကိုလိုနီထမ်းပိုးအောက်ကရုန်းထွက်ပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးမယ့် လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ကိုလိုနီစနစ်အောက်မှာအစည်းပြေခဲ့ရတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ပြန်တည်ဆောက်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ တိုင်းပြည်လွတ်လပ်လာပြီးတဲ့နောက် အမျိုးသားတွေအကြား ပိုပြီးစည်းလုံးညီညွတ်လာရမယ့်အစား ဦးဆောင်ခဲ့ကြသူတွေကြားမှာ၊ အဖွဲ့အစည်းတွေကြားမှာ နိုင်ငံရေးအရ၊ အယူအဆအတွေးအခေါ်အရ ကွဲလွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ကြပါတယ်။
ကွဲလွဲမှုတွေရှိတာဟာ နိုင်ငံရေးမှာအလွန်သဘာဝကျတဲ့ ကိစ္စလို့ဆိုရပေမယ့် အလွန်အကျွံတွေ ဖြစ်လာတဲ့အခါမှာတော့ အကောင်းထက်အဆိုးကိုပဲ ဦးတည်သွားပါတော့တယ်။ ကွဲလွဲမှုဆိုတာမျိုးကလည်း နိုင်ငံရေးအဖွဲ့အစည်းတွေမပြောနဲ့ အမိန့်နာခံမှုနဲ့စခန်းသွားရတဲ့ စစ်တပ်လိုဟာမှာတောင်ရှိတတ်လို့ စစ်တပ်စစ်တပ်ချင်း အာဏာပြန်သိမ်းတာတွေဖြစ်ကြတာပါ။ ကွဲလွဲမှုဟာပြဿနာမဟုတ်ပေမယ့် အဲဒီ ကွဲလွဲမှုကို ဘယ်လိုဖြေရှင်းသလဲဆိုတာက ပြဿနာတွေရဲ့အစပဲ ဖြစ်နေပါတယ်။ နိုင်ငံရေးအရဖြစ်ရတဲ့ ပြဿနာနဲ့ကွဲလွဲမှုကို နိုင်ငံရေးနည်းအရအေးအေးချမ်းချမ်းမဖြေရှင်းရင်(ဒါမှမဟုတ်)ဖြေရှင်းခွင့်မရှိတော့/မရတော့ရင်(ဒါမှမဟုတ်)ဖြေရှင်းခွင့်မပေးတော့ရင် စစ် ဆိုတာမျိုးက နိုင်ငံရေးရဲ့အကျိုးဆက်အဖြစ် မလွဲမသွေပေါ်တတ်လာတာပဲဖြစ်ပါတယ်။။ တခါ အဲဒီအကျိုးဆက်ကိုလည်း ဆက်ပြီးသယ်ဆောင်နေဦးမယ်ဆိုရင် ဖြေရှင်းရပိုခက်ပြီး ပြဿနာက နက်သထက်နက်သွားတော့တာပါပဲ။        ကျနော်တို့ပြည်တွင်းစစ်ကြီးဟာ ကမ္ဘာပေါ်မှာသက်တမ်းအရှည်ဆုံးနဲ့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့မရသေးတဲ့ ဗမာ့နိုင်ငံရေးရဲ့ အချက်အခြာပြဿနာအဖြစ် ဆက်ပြီးရှိနေပါသေးတယ်။ 
ဗမာပြည်မှာလက်နက်မကိုင်ထားတဲ့ လူမျိုးစုမရှိသလောက်ပဲလို့ ပြောမယ်ဆိုရင်လည်းမမှားနိုင်ပါဘူး။ ဒီလက်နက်ကိုင်ပဋိပက္ခတွေကြောင့်ပဲ တိုက်ခိုက်နေကြတဲ့ဘက်အသီးသီးမှာ အသက်တွေ၊ ဘဝတွေ၊ ကိုယ်လက်အင်္ဂါတွေ ထိတ်လန့်ကြေကွဲရာကောင်းလောက်အောင် ဆုံးပါးခဲ့ကြရ၊ ဆုံးပါးနေကြရဆဲပဲဖြစ်ပါတယ်။ တိုင်းပြည်ပိုင်၊ တမျိုးသားလုံးပိုင်တဲ့ ဘဏ္ဍာငွေတွေဘက်ကကြည့်မယ် ဆိုရင်လည်း မရေတွက်နိုင်အောင်ကို အဆုံးရှူံးကြီးဆုံးရှူံးနေရပါပြီ။ စီးပွားရေးဘက်ကကြည့်မယ်ဆိုရင်လည်း  တချိန်ကကမ္ဘာ့အလယ်မှာ တင့်တောင်းတင့်တယ်ရှိခဲ့တဲ့တိုင်းပြည်ဟာ ခုတော့ ကြွေးနွံနစ်ပြီး ကမ္ဘာ့ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံစာရင်းထဲ ဝင်ခဲ့ရပါပြီ။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိတော့တာနဲ့၊ တမျိုးသားလုံးဖွံ့ဖြိုးတိုးတက်မှုမရှိတော့တာတွေကြောင့်ပဲ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ အထင်သေးအမြင်သေး ခံရတဲ့ အနေအထားအထိရောက်ခဲ့ရပါပြီ။ ဒါတွေဟာ ပြည်တွင်းစစ်ဆိုးကျိုးရဲ့ မြင်သာတဲ့ကိစ္စတွေပါပဲ။  
        မမြင်သာပေမယ့် ပိုပြီးဆိုးတဲ့ ဆိုးကျိုးကတော့ အမျိုးသားစည်းလုံးညီညွတ်မှု အဖတ်ဆည်မရအောင် ပျက်စီးပြိုကွဲသွားခြင်းပဲဖြစ်ပါတယ်။ လူမျိုးစုတွေ တစုနဲ့တစုအကြား သံသယတွေ၊ အမုန်းတရားတွေ၊ အငြိုးအတေးနဲ့အာဃာတတရားတွေဟာ တစထက်တစ ကြီးထွားလာနေကြရပါပြီ။ တကယ်က ဒီပြည်တွင်းစစ်ပြဿနာဟာ ခုမှကောက်ကာငင်ကာ ထဖြစ်ရတဲ့အနာသစ်မဟုတ်ပဲ မျိုးဆက်နဲ့ကိုချီပြီး ကြာမြင့်ခဲ့တဲ့ အနာဟောင်းအနာဆွေးတခုအဖြစ်နဲ့ တိုင်းပြည်ကိုလှိုက်စားနေတာဖြစ်ပါတယ်။ တိုင်းပြည်မှာ လတ်တလောဖြေရှင်းရမယ့်ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက အရေးအကြီးဆုံးအမျိုးသားရေး လုပ်ငန်းတာဝန်တရပ်ဖြစ်နေပါပြီ။
         နိုင်ငံရေးပြဿနာရယ်လို့ဖြစ်လာရင် အစိုးရနဲ့အစိုးရမဟုတ်တဲ့ တနည်းပြောရရင် အာဏာလက်ရှိနဲ့ အာဏာလက်မဲ့ဆိုတဲ့သဘောတွေလည်း ပါလာမှာဖြစ်ပါတယ်။ အဲဒီအနေအထားအောက်ကနေ ဖြေရှင်းကြမယ်ဆိုရင် ပါနေတဲ့ဘက်အသီးသီးရဲ့ ဖြေရှင်းပြေလည်လိုစိတ်ရှိမှုကိုအရင်းခံပြီး သဘောထားကြီးမှု၊ အမြော်အမြင်ရှိမှု၊ စိတ်ရှည်သည်းခံမှု စတာတွေဟာမရှိမဖြစ်လိုတာမှန်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တခြားဘက်တွေနဲ့စာရင် အာဏာလက်ရှိဖြစ်တဲ့အစိုးရရဲ့အခန်းကဏ္ဍဟာ ပိုအရေးပါတယ်လို့ထင်ပါတယ်။ ပြဿနာတွေကိုမဖြေရှင်းခင်မှာ အခြားတဘက်ကသူတွေ လက်ခံလိုက်ပါနိုင်မယ့် အနေအထား အခင်းအကျင်းတွေကို စတင်ဖန်တီးပေးရ၊ ခင်းကျင်းပေးရမှာက အစိုးရပဲဖြစ်ပါတယ်။ ဖန်တီးနိုင်ပြဋ္ဌာန်းနိုင်တဲ့အာဏာဟာ အစိုးရတွေလက်ထဲမှာ ရှိနေလို့ပဲဖြစ်ပါတယ်။
အစိုးရတွေမှာ တိုင်းပြည်နဲ့ချီတဲ့ တမျိုးသားလုံးနဲ့ဆိုင်တဲ့ပြဿနာတွေကို၊ အကျပ်အတည်းတွေကို ဖြေရှင်းလိုစိတ်မရှိရင်၊ ဖြေရှင်းနိုင်စွမ်းမရှိရင်၊ မဖြေရှင်းတော့ရင် တိုင်းသူပြည်သားတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလာပါတယ်။ အစိုးရတွေအနေနဲ့ အဲဒီပြဿနာနဲ့အကျပ်အတည်းတွေကို မဖြေရှင်း ဖြေရှင်းလာအောင် လူထုနည်းနဲ့၊ အကြမ်းမဖက်တဲ့နည်းနဲ့၊ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာအရေးဆိုရင်း အစိုးရကိုဖိအားပေးတာတွေ လုပ်ရလေ့ရှိပါတယ်။ အဲသလိုမျိုး ငြိမ်းချမ်းရေး၊ စစ်ရပ်စဲရေးလှုပ်ရှားမှုတွေဖြစ်လာဖို့ဆိုရင် လူထုက၊ တိုင်းပြည်က ကြည်ညိုလက်ခံလေးစားတဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နဲ့ပြည့်စုံသူ၊ တည်ကြည်သမာသမတ်ကျပြီး တစိုက်မတ်မတ် ဦးဆောင်ဦးရွက်ပြုတဲ့သူတွေ လိုလာပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment