စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၆၁) မျိုးမြင့်ချို မေ ၃ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ဒီလိုနဲ့ အဲဒီနေ့စစ်ကြောရေးကတော့ ချောချောမောမောနဲ့ပြီးသွားခဲ့တယ်လို့ဆိုရမှာပါပဲ။ ကျနော့်ကိုလည်း လက်ဘက်ရည်လေး မုန့်လေးချပေး၊ ရယ်စရာမောစရာတွေပြောပြီး အခန်းထဲပြန်မပို့ခင်မှာ “အခု မင်းပြောခဲ့တာတွေအားလုံးကို အထက်ကိုတင်ပြပြီး အထက်က အေးဆေးဆိုရင်တော့ မင်းလည်းအေးဆေးပေါ့ကွာ၊ မင်းခုလို ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတာ မင်းအတွက်ကောင်းပါတယ်၊ လူကြီးတွေလည်း သဘောကျကြ မှာပါကွာ။ လိုရင်တော့ထပ်တွေ့ကြတာပေါ့ကွာ” ပြောပြီး အခန်းပြန်ခေါ်သွားဖို့ ပြောလိုက်ပါတယ်။ ကျနော် အခန်းထဲပြန်ရောက်ပြီး သိတ်မကြာပါဘူး ကျနော့်မိတ်ဆွေကြီးတပ်ကြပ်က မသိမသာအခန်းနားလာပြီး လေသံနဲ့ “ဟေ့ကောင်..အေးဆေးပဲမဟုတ်လား၊ ငါထင်သားပဲ၊ မင်းပြန်လွတ်ရင်လွတ်မှာကွ၊ အေးဆေးနေတော့ကွာ၊ ဒီမှာဖြစ်ခဲ့တာတွေလည်း မေ့ပစ်လိုက်ကွာ၊ သူများတွေလည်း လျှောက်ပြောမနေနဲ့၊ တော်ကြာနေ ဘာမဟုတ်ညာမဟုတ်နဲ့ အာချောင်မှုနဲ့ထပ်ရောက်လာဦးမယ်။ ဘေးအခန်းမှာ လူသစ်တွေရောက်နေတယ်ကွ အဲ့ကောင်တွေနဲ့ အဆက်အသွယ်တော့မလုပ်နဲ့၊ အဲဒီကောင်တွေက ခေါင်းမာတဲ့ကောင်တွေထင်တာပဲ၊ သူပုန်တွေကွ၊ မင်းလို မဟုတ်ဘူး” လို့ ပြောပြန်ပါတယ်။ ဆေးလိပ်နဲ့မီးခြစ်လည်း အခန်းထဲပစ်သွင်းပေးပြီး ပြန်ထွက်သွားပါတယ်။
သူပြန်ထွက်သွားတော့ အခန်းလည်းတိတ်ဆိတ်နေတာမို့ ဘေးဘီကအသံတွေကိုလည်းခတ်တိုးတိုးကြားနေရပါတယ်။ ခတ်အုပ်အုပ်ကြိမ်း မောင်းနေသံတွေကြားနေရသလို နာနာကျင်ကျင်နဲ့ ညည်းတွားစုပ်သတ်နေသံတွေလည်း ထွက်နေပါတယ်။ ကျနော်လည်း အခန်းထဲမှာအသာ ငြိမ်ကုပ်ပြီး နားပဲစွင့်နေရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာကိုရောက်လာကြပြီဆိုကတည်းက နိုင်ငံရေးနဲ့ပတ်သက်မယ့်သူတွေဆိုတာတော့ တထစ်ချပြောနိုင်ပါတယ်။ သူတို့အခန်းတွေကိုတော့ ခဏခဏဖွင့်လိုက်၊ ပိတ်လိုက်၊ ဆဲဆိုကြိမ်းမောင်းလိုက်နဲ့ဆိုတော့ တနေ့တနေ့ ဒီလူတွေ ကို အထုတ်အသွင်းလုပ်နေတာ အကြိမ်ပေါင်းမနည်းဘူးဆိုတာတော့ သိနေရပါတယ်။ တခါတလေ ပြန်သွင်းပြီးသိတ်မကြာဘူး ဆေးမှူးကြီးအသံလည်းကြားကြားနေရတာမို့ ဒီလူတွေခမျာ အတော်ခံနေရတာ ဖြစ်မှာပဲလို့လည်း တွက်မိပါတယ်။
ကျနော့်ဘေးအခန်းက ဒီလူတွေရောက်မလာသေးခင်က ကျနော့်နေရထိုင်ရတာ သိတ်မဆိုးလှဘူးဆိုပေမယ့်
သူတို့ရောက်လာပြီးတဲ့နောက် ပိုင်းရက်တွေမှာတော့ အတော့်ကိုဆိုးလာပါတယ်။ ကျနော့်အပေါ် လူစိတ်ကလေးနည်းနည်းရှိတဲ့ တပ်ကြပ်လည်း ဘယ်ရောက်လို့ဘယ်ပေါက်သွားတယ် မပြောတတ်တော့ပါဘူး။ သူ့လည်း မတွေ့ရတော့သလို စကားပြောဖော်လည်းမရှိ။ ဆေးလိပ်လေးလည်း မသောက်ရတော့ဆိုတော့ လူကအချိန်တိုင်းလိုလို တခုခုကိုမျှော်နေမိသလိုပါပဲ။ ကျနော့်အခန်းရှေ့က တယောက်ယောက် ဖြတ်လျှောက်သွားတဲ့ခြေသံကြားတိုင်း ငါ့ကို ပြန်လာထုတ်တာများလား၊ သူတို့ကိုလာထုတ်တာများလားဆိုပြီး တွေးမိနေတတ်ပါတယ်။ တခါတလေ ညဘက်အိပ်ပျော်နေတုန်း စစ်ဖိနပ်သံလိုလို၊ သော့ဖွင့်လိုက်သံလိုလို၊ ဝုန်းကနဲတံခါးဆွဲဖွင့်လိုက်သံလိုလို အသံတွေကြားကြားပြီး ခဏခဏလည်းလန့်လန့်နိုးနေပါပြီ။ အဲသလိုမျိုး နိုးလာလိုက်တိုင်းမှာလည်း ရင်ဘတ်တခုလုံး ဒုန်းဒုန်း..ဒုန်းဒုန်း နဲ့ ခုန်နေပြီး ရေငတ်တာလိုလို၊ ခေါင်းမူးတာလိုလိုတွေဖြစ်၊ တကိုယ်လုံးလည်း ချွေးတွေပြန်နေပြီး မိုးသာပြန်လင်းသွားရော ကောင်းကောင်းပြန်အိပ်လို့မရတော့ပါဘူး။
ညဘက်တွေမှာ အဲသလိုတွေဖြစ်နေလို့ နေ့လည်ဘက်လေးများ ပြန်အစားထိုးအိပ်ရမလားဆိုတော့လည်း အိပ်လို့မဖြစ်ပါဘူး။ ခေါင်းချပြီး အိပ်ပျော်မလားလို့မှိန်းနေတုန်း ဘေးအခန်းကအသံဗလံတွေ၊ ကိုယ့်အခန်းတံခါးက Shutterလေးဖွင့်ပြီး လာလာချောင်းတာတွေ၊ တခါတလေ “ဘာလုပ်နေတာလဲ”ဆိုပြီး လှမ်းမေးလို့ ချက်ခြင်းပြန်မဖြေနိုင်ရင် အခန်းထဲဝင်လာပြီး မသင်္ကာသလို ဟိုကြည့်ဒီကြည့်ကြည့်ရင်း၊ မျက်လုံးနဲ့အမူအရာနဲ့ ခြိမ်းခြောက်တာတွေ၊ တခါတလေ ကြမ်းပြင်ကို တခုခုနဲ့အသားလွတ်ဆောင့်ဆောင့်ပြီး တဒုန်းဒုန်းနဲ့လုပ်တာတွေနဲ့မို့လို့ နေ့လည်နေ့ခင်းတွေလည်း တခါ အိပ်ပျော်ရင် ၁၀မိနစ်ထက် ပိုမခံပါဘူး။ ပြန်နိုးလိုက်၊ ပြန်မှိန်းလိုက်နဲ့ပဲအချိန်ကုန်ရတာဖြစ်ပါတယ်။ အိပ်ရေးတွေပျက်ပါများတော့ သူတို့လာကျွေးတဲ့ ထမင်းဟင်းတွေလည်း စားမဝင်တော့ပါဘူး။ အားဖြစ်အောင်ဆိုပြီးတော့သာ ဝင်သလောက် ကြိတ်မှိတ်စားနေရပေမယ့် စားချင်သောက်ချင်စိတ်ကတော့ တကယ့်ကိုမရှိတော့တာ အမှန်ပါပဲ။ အိပ်မရစားမဝင်နဲ့ ၃ ရက်လောက်ဆက်တိုက်ဖြစ်လာတော့ လူက အမြဲလိုလိုမူးနောက်နေတာ၊ ဗိုက်ဆာပြီး ရေငတ်နေတာ၊ ကြောင်တောင်တောင်လိုလိုဖြစ်နေတာ၊ တခုခုကိုဘာမှန်းမသိပဲ ကြောက်နေတာတွေ အမြဲဖြစ်နေပါတယ်။
ဖတ်ဖူးခဲ့တဲ့စာအုပ်တွေအကြောင်း၊ သိခဲ့ဖူးတဲ့လူတွေအကြောင်း၊ ကြားခဲ့ဖူးတဲ့စကားတွေအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေ တွေးလည်းခဏပါပဲ။ တွေးလိုက်ပြန်ပျောက်သွားလိုက်၊ ပြန်တွေးလိုက် ဘယ်ရောက်သွားမှန်းမသိလိုက်နဲ့ လူလည်းလုံးလည်ချာလည်လိုက် နေပါတယ်။ ဒါနဲ့ စိတ်များတည်ငြိမ်မလားဆိုပြီး တရားလေးဘာလေးထိုင်၊ ဝင်သက်ထွက်သက်လေးမှတ်မယ် ကြံပြန်တော့လည်း ဘေးက အသံဗလံတွေနဲ့ ကိုယ့်စိတ်ထဲဖြစ်နေတာတွေရောပြီး ဘာမှလည်းမှတ်လို့ကိုမရပါဘူး။ ဘာကိုမှလည်း အစအဆုံးတွေးလို့မရပါဘူး။ ကျနော့်ကို ကိုယ်ထိလက်ရောက်
ဘာမှ လာမလုပ်ကြတော့တာမှန်ပေမယ့် စိတ်ထဲ ကိုယ့်ကိုလာလုပ်နေသလိုပဲလို့ ဖြစ်နေပါတယ်။
ဖြစ်နိုင်ရင် ကျနော်ဒီနေရာကနေ လွတ်ရာကျွတ်ရာကို ထွက်ပြေးချင်လှပါပြီ။ ပြေးရအောင်လည်း ဘာမှမတတ်နိုင်၊ ကြာကြာလည်း ဒီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူးလို့တွေးမိတော့ ငါတော့ရူးတော့မယ်နဲ့တူတယ်ဆိုပြီး စိတ်ထဲဖြစ်မိပါသေးတယ်။ ဒါပေမယ့်လို့ “လူဟာ ငါရူးတော့မယ်လို့ သိနေသေးရင်၊ အဲသလိုသိစိတ်နဲ့အတွေး ရှိနေသေးရင် အဲဒီလူဟာ မရူးနိုင်သေးဘူး၊ ရူးမယ့်အခြေအနေကို မရောက်သေးဘူး” လို့ဆိုတဲ့စကား ကို ပြန်တွေးမိတော့အားငယ်မိသလိုလိုပြန်ပါတယ်။ ခုနေ တကယ်ရူးသွားရင်ကောင်းမှာပဲ။ ရူးသွားအောင်၊ ဦးနှောက်ပျက်သွားအောင် နံရံနဲ့ခေါင်းနဲ့ ပြေးဆောင့်ထဲ့လိုက်ရရင်ကောင်းမလား။ ဆောင့်လိုက်ခါမှ တော်ကြာနေမရူးပဲ သေသွားရင်ဒုက္ခပဲဆိုပြီး တွေးမိပြန်ပါတယ်။ သေသွားတာကအရေးမကြီးဘူး။ မသေပဲ တသက်လုံး နဂိုကမှ ဒုက္ခိတလည်းဖြစ် ရူးကလည်းရူးဆိုရင်တော့ ဒုက္ခပဲဆိုပြီးလည်း ထပ်တွေးမိပြန်ပါတယ်။ ခုနေ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲကလို ကိုယ်ပျောက်ဆေးရှိရင်ကောင်းမှာပဲ။ ကိုယ်ပျောက်ဆေးနဲ့ အသာကလေးဒီကနေလစ်သွားလို့လည်း ရမယ်။ ဒီကောင်တွေကိုလည်း ပြန်ပြီးတခုခုလုပ်လို့ရမယ်။ ဒါမှမဟုတ်လည်း တန်ခိုးတခုခုရပြီး မြေလျှိုးမိုးပျံလုပ်နိုင်ရင်ကောင်းမှာပဲ။ ဒါမှမဟုတ်လည်း တန်ခိုးရှင်တပါးပါး၊ ကယ်တင်ရှင်တပါးပါးက ခုနေ ဗြုံးကနဲပေါ်လာပြီး ငါ့ကိုလာကယ်ထုတ်သွားရင်
ကောင်းမှာပဲလို့ လည်းမျှော်နေမိပြန်ပါတယ်။
အဲသလိုမျိုး သောင်စဉ်ရေမရ အတွေးတွေ၊ ကြံစည်မှုတွေ၊ ဖြစ်ရင်ကောင်းမှာပဲဆိုတဲ့ စိတ်ကူးယဉ်မှုတွေ၊ ခြောက်ခြောက်ခြားခြား ကြောက်လန့်တကြား ဖြစ်နေရတာတွေအကုန်စုပြုံပြီး အချိန်နဲ့အမျှ ကျနော့်စိတ်တွေဟာ လေးလံဖိစီးလို့နေပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်။
0 comments:
Post a Comment