Tuesday, May 22, 2012

ဂန္ဓလရာဇ်ကထာ(၃) – ကွန်ဖြူးရှပ်ဝါဒ(စောထူးပွယ်နှင့်ကိုဝင်းကျော် ဘာသာပြန်သည်)

0 comments
(စစ်အေးကာလ၏ဇာတ်ရှိန်အမြင့်ဆုံးအချိန်တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟင်နရီကစ်ဆင်းဂျား ဂန္ဓလရာဇ်ကထာ (On China) စာအုပ်သစ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ အရေးပါသောစာအုပ်တစ်အုပ် အဖြစ် ထွက်ရှိလာခဲ့ပါသည်။ အမေရိကန်၏သံတမန်အဖြစ် တရုတ်နိုင်ငံသို့ အခေါက်ပေါင်း ၅၀ ကျော် သွားရောက်ခဲ့သည့်ကာလအတွင်း သံတမန်တစ်ဦး ၏ ပြတင်းပေါက်မှတဆင့်မြင်တွေ့ရသည့် တရုတ်နိုင်ငံအကြောင်းဟုလည်း ဆိုနိုင်ပါလိမ့်မည်။ မည်သည့်ချိန်ခါဟုမသိခဲ့ရသော တရုတ်အင်ပါယာကြီး စတင်တည်ထောင်ချိန်မှ ထောင်စုနှစ်သစ်ကာလများအထိ အင်အားကြီးနိုင်ငံ တစ်ခု၏ ကြီးထွားဖွံ့ဖြိုးလာပုံနှင့်တည်တံ့နေပုံကို သီဝရီများဖြင့်မမွမ်းကြပ်စေဘဲ အခန်းပေါင်း ၁၈ ခန်းဖြင့် ရေးသားတင်ပြထားသော လေ့လာချက်များလည်းဖစ်သည်။ ထိုစာအုပ်ထဲမှ ကစ်ဆင်းဂျား၏အမြင်ကို လေ့လာနိုင်ရန်အတွက် ကိုဝင်းကျော်နှင့် ကျွန်တော် စောထူးပွယ်တို့က Ecovision Journal တွင် အပတ်စဉ် ဘာသာပြန်ဆိုဖော်ပြခဲ့ပါသည်။ အွန်လိုင်းတွင်ရရှိနိုင်ရန် မိတ်ဆွေများအတွက် ဘာသာပြန်ဆိုမှုများကို ဝေမျှလိုက်ရပါသည်။ ဆက်လက်ဖော်ပြသွားပါမည်။)
(ဤနေရာကယူပါသည်) http://sawhtoopwe.wordpress.com/2011/09/27/163/
ဂန္ဓလရာဇ်ကထာ() – ကွန်ဖြူးရှပ်ဝါဒ
အင်ပါယာများအားလုံးနီးပါးကို အင်အားသုံးကာဖွဲ့စည်းထူထောင်ယူရခြင်း ဖြစ်ပါသည်။ သို့သော် အင်အားသုံး၍ အရှည်တည်တံ့စေရန်တော့ မည်သို့မျှမဖြစ်နိုင်ပါ။ အရှည်တည်တံ့စေဖို့ဆိုလျှင် ထို 
အင်အားကို တိမ်းညွှတ်မှုတစ်ရပ်အဖြစ် ပြောင်းလဲပေးနိုင်ဖို့လိုအပ်သည်မှာ လောကနိယာမပင်ဖစ်သည်။ အခြားတစ်ဖက်တွင်လည်း အုပ်ချုပ်သူ၏အားအင်တို့သည် ထိုနယ်မြေတို့ကို အနာဂတ်ထိဆက်လက် သိမ်းပိုက်ထားလိုခြင်းကြောင့် ခြေကုန်လက်ပမ်းကျရ ပြန်ပါသည်။ ဆက်လက်သိမ်းပိုက်ထားနိုင်ခြင်း ကလည်း နိုင်ငံ့အကြီးအမှုးတစ်ဦး၏အဆုံးစွန်သောတာဝန် ဖြစ်နေပြန်သည်။ ဖိနှိပ်ချုပ်ချယ်ခြင်းကို အများကဆန္ဒရှိလာသောအခါတွင် အင်ပါယာများတည်တံ့ကြသည်။ တရုတ်သည်လည်း ထိုသို့ပင်ဖြစ် သည်။ စည်းလုံးမှုရခြင်း၊ အချိန်မှန်မှန်ပင် ပုန်ကန်ထကြွမှုများ ပေါ်ပေါက်ခြင်းနှင့် တဖန်ပြန်လည်စည်း လုံးခြင်းတို့ကိုပြုရသည့်နည်းမှာ အခါအားလျှော်စွာ ကြမ်းကြုတ်မှုများရှိခဲ့သည်။ တရုတ်သမိုင်းသည်လည်း သွေးဆာလျက်ရှိသော တော်လှန်ပုန်ကန်မှုများနှင့် နန်းရအာဏာရှင်များ အထိုက်အလျှောက် ကြုံတွေ့ခဲ့ရသည်။ သို့သော် ထောင်စုနှစ်များချီ၍ သက်တမ်းကြာမြင့်ရပ်တည်နိုင်ရေး အတွက် တရုတ်ကအသုံးချခဲ့သည်မှာ မင်းဧကရာဇ်များကချမှတ်သောမင်းပြစ်မင်းဒဏ်များထက် လူထုကြီးနှင့်ပညာတတ်အရာရှိများနှင့်ဖွဲ့စည်းထားသော အစိုးရတို့အကြားထားရှိသော တန်ဖိုးထားသည့် အသိုက်အမြုံတစ်ခုပင် ဖြစ်လေသည်။
တွေ့ရခဲလှသော တရုတ်ယဉ်ကျေးမှု၏ခြွင်းချက်တစ်ရပ်မှာ ထိုတန်ဖိုးထားမှုများမှာ လုံးဝဥဿုံ ဘာသာရေးနှင့်စပ်လျဉ်းမှုမရှိခြင်းပင် ဖြစ်သည်။ အိန္ဒိယတွင် ဗုဒ္ဓ၀ါဒပေါ်ထွန်းလာချိန်၌ ၀ိပဿနာနှင့် စိတ်ငြိမ်းချမ်းမှုတို့ကို အလေးထားဟောပြောခဲ့သည်။ ဂျူးဘာသာက ထာဝရဘုရားသခင် တစ်ဆူတည်းရှိကြောင်း၊ နောက်ပိုင်းတွင် ပေါ်ထွန်းလာသော ခရစ်ယာန်နှင့်အစ္စလာမ်ဘာသာတို့မှ တမန်တော်များက တမလွန်ဘ၀အကြောင်းများကို ဟောပြခဲ့ကြသော်လည်း တရုတ်ကမူ အနောက်တိုင်း သားတို့၏အမြင်၌ ဘာသာရေးသွန်သင်မှုတစ်ရပ်ထူထောင်ခဲ့ခြင်း မရှိသည်ကိုတွေ့ရသည်။ စကြာဝဠာ အား မည်သို့မည်ပုံဖန်ဆင်းခဲ့သည်ဟူသော ဒဏ္ဍာရီမျိုးကို တရုတ်တို့မပြောခဲ့ကြပါ။ သူတို့၏စကြာဝဠာ ကိုတော့ သူတို့တရုတ်များကိုယ်တိုင်သာ တည်ထောင်ဖန်ဆင်းထားခဲ့ခြင်းသာဖစ်သည်။ သူတို့၏ တန်ဖိုးထားမှုများသည် စကြာဝဠာတစ်ခွင် ကမ္ဘာတစ်ခုလုံးတွင် အသုံးတည့်သည်ဟုကြွေးကျော်ခဲ့ပြီး ယင်းတန်ဖိုးထားမှုများ၏ မူလရင်းမြစ်သည်လည်း တရုတ်တို့သာဖြစ်သည်ဟု ဆိုသည်။
တရုတ်လူ့အဖွဲ့အစည်းတွင် နဂိုတည်းကထွန်းကားနေခဲ့သော တန်ဖိုးထားမှုများကို နှောင်းလူတို့အားလုံး သိရှိကြသော ရှေးပညာရှိကြီးကွန်ဖြူးရှပ်၏ ရေးသားပြုစုမှုများမှ ရရှိခဲ့ခြင်းဖြစ်သည်။ ကွန်ဖြူးရှပ် (ဘီစီ ၅၅၁-ဘီစီ၄၇၉) ကို (တရုတ်နိုင်ငံရေး) နွေဦးမှ ဆောင်းဦးကာလအထိဟု ခေါ်ဆိုကြသော ဘီစီ ၇၇၀ မှ ဘီစီ ၄၇၆ အဆုံးတွင် မွေးဖွားခဲ့သည်။ ထိုကာလသည် ဘီစီ ၄၇၅ မှ ဘီစီ ၂၂၁ အထိ တိုင်းငယ် ပြည်ငယ်များအကြား အပြန်အလှန်စစ်ဖြစ်ပွားသော ခေတ်ကာလကြီးဆီဦးတည်သွားမည့် နိုင်ငံရေးကသောင်းကနင်းဖြစ်ရာ အချိန်လည်း ဖြစ်သည်။ အုပ်ချုပ်လျက်ရှိသော ကျိုနန်းတော်၏ သြဇာအာဏာကျဆင်းလာခဲ့ပြီး နိုင်ငံရေးအာဏာ ပြိုင်ဆိုင်လာသည့် ပုန်ကန်သူမင်းသားများပေါ်  သြဇာမလွှမ်းနိုင်ဖြစ်ခဲ့ရသည်။ အလိုရမ္မက်များနှင့် ဆူပူပေါက်ကွဲမှုများက အတောမသတ်ဖြစ်လာသည်။ တစ်မိုးအောက်မြေပြင်နိုင်ငံတော်ကြီးတွင် အရာရာသည် အစီစဉ်မကျ ဖြစ်ခဲ့ရပြန်သည်။
မက္ခီယာဗယ်လီကဲ့သို့ပင် ကွန်ဖြူးရှပ်သည်လည်း မင်းသားတစ်ပါးပါး၏ အတိုင်ပင်ခံအဖြစ် ခန့်ထားခံရရေးအတွက်နှင့် အသက်ရှင်ရပ်တည်ရေးအတွက် သူ့နိုင်ငံတွင် ဟိုဟိုသည်သည် လှည့်လည် သွားလာခဲ့ရသည်။ မက္ခီယာဗယ်လီနှင့်မတူသည်က ကွန်ဖြူးရှပ်သည် ကောက်ကွေ့သော ပါဝါယန္တရားများထက် လူမှုရေးအရဟန်ချက်ညီသော ယဉ်ကျေးမှုစနစ်တစ်ရပ်ပေါ်တွင် ပိုအာရုံထားခြင်း ဖြစ်သည်။ သူ့သွန်သင်ချက်များမှာ သနားဂရုဏာနှင့်အုပ်ချုပ်ရန်၊ ဓလေ့ထုံးတမ်းပွဲလမ်းများကို မှန်မှန်ကန်ကန်ကျင်းပရန်၊ မိဘဘိုးဘေးတို့အား သားမြေးတို့ကလးစားမှုရှိရန်တို့ဖြစ်သည်။ သူ့အား ခန့်ထားသူများအတွက် ဓနဥစ္စာနှင့်သဇာအာဏာရရှိရေးတွင် ဖြတ်လမ်းကိုမပေးခဲ့သည့်တွက် သူ့မျှော်မှန်းချက်ပန်းတိုင်များဖြစ်သည့် မင်းသားတစ်ပါးပါးထံတွင် သူ့ဥပဒေသတို့ကို လက်တွေ့အကောင် ထည်ဖော်ခြင်းမပြုနိုင်မီတွင် သူကွယ်လွန်ခဲ့ရဟန်တူသည်။ ထို့နောက်တွင်တော့ တရုတ်နိုင်ငံသည် နိုင်ငံရေးပြိုကွဲမှုများနှင့်စစ်ပွဲဆီသို့သာ လျောကျသက်ဆင်းခဲ့ရသည်။ သို့သော် သူ၏တပည့်တပန်းများ က မှတ်တမ်းတင်ထားသော ကွန်ဖြူးရှပ်၏အဆုံးအမများကမူ ရှင်သန်ကျန်ရစ်ခဲ့သည်။ သွေးထွက်သံယိုများအဆုံးသတ်သွားပြီးနောက်တွင် တရုတ်သည် ပြန်လည်စည်းလုံးသွားခဲ့သည်။ ဟန်မင်းဆက် (ဘီစီ ၂၀၆ဘီစီ ၂၂၀) သည် ကွန်ဖြူးရှပ်၏ အတွေးအခေါ်များကို နိုင်ငံတော်ဒဿန အဖြစ် ကျင့်သုံးလာခဲ့လေသည်။
ကွန်ဖြူးရှပ်၏အဆိုအမိန့်တို့ထဲမှ ကောက်နှုတ်ထားသောကျမ်းစာနှင့် လေ့လာသူများ ရေးသားပြုစုထားသောအဖွင့်ကျမ်းစာများပါဝင်သော ကွန်ဖြူးရှပ်ကျမ်းစာသည် တရုတ်နိုင်ငံ၏ သမ္မာကျမ်းစာနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပေါင်းစပ်ထားသည့်အလားပင် ဖြစ်သည်။ ထိုကျမ်းစာများသည် တရုတ်၏ မင်းရေးစိုးရာဗျူရိုကရေစီတွင်အမှုထမ်းရန် နိုင်ငံနှင့်အ၀န်းကျင်းပသည့် ဘုရင့်စာမေးပွဲမှရွေးချယ်ခံရသော စာတတ်ပေတတ် အစိုးရအရာထမ်းများ အရိုက်အရာဝင်ရေးနှင့် မင်းဧကရာဇ်၏ကျယ်ပြန့်သောနိုင်ငံတော်တစ်ခွင်တွင် ဟန်ချက်ညီမှုကို ထိန်းသိမ်းထားနိုင်ရေးတို့အတွက် ဗဟိုချက်ထားရသည့်အတတ်တစ်ရပ် ဖြစ်လာခဲ့ကြသည်။ သူတွေ့ကြုံခဲ့ရသော ကသောင်းကနင်းခေတ် ကာလကြီးအတွက် ကွန်ဖြူးရှပ်ကပေးသောအဖြေမှာ သူသင်ကြားပေးခဲ့ပြီး၊ တချိန် တရုတ်ပြည်ကြီး ရွှေထီးဆောင်းစဉ်က သူလက်ခံသိရှိခဲ့ရသည့် တရားမျှတ၍ဟန်ချက်ညီသော လူ့အဖွဲ့အစည်း တစ်ခုဖြစ်ရေးလမ်းစဉ်သာ ဖြစ်သည်။ လူသားမျိုးနွယ်၏ အဓိကရဖြစ်သောစိတ်ထားပေါ်ပုံမှာ ပျောက်ဆုံးလုလုဖြစ်နေသည့်စီစဉ်တကျဖြစ်မှုကို ပြန်လည်ဖန်တီးရေးပင်ဖစ်သည်။ စိတ်လိုအင်ဆန္ဒ ပြည့်ဝမှုဟူသည်မှာ တန်ခိုးပြာဋိဟာတစ်ခု မဟုတ်ပါ။ လွတ်မြောက်မှုတစ်ခုလည်း မဟုတ်ပါ။ နဂိုတည်းကပင် ရှိနေပြီးသားဖြစ်သည့်တိုင် မေ့လျော့ခံလိုက်ရသော နိယာမတရားများကို ပြန်လည်ဖော်ထုတ်နိုင်ဖို့ပင် ဖြစ်သည်။ ပန်းတိုင်သည် တိုးတက်မှုတစ်ခုကို မဆိုလို၊ လမ်းမှန်တည့်မတ်မှုတစ်ခုကိုသာ ဆိုလိုသည်။ ကွန်ဖြူးရှပ်ဝါဒီ လူ့အဖွဲ့အစည်းများတွင် သင်ယူလေ့လာမှုသည် တိုးတက်မှုရဖို့အတွက် တစ်ခုတည်းသော သော့ချက်ဖြစ်သည်။ ထို့ကြောင့်
သင်ယူလေ့လာရန်ထက်သန်ခြင်းမရှိဘဲထားရှိသောကရုဏာတရားကား ရူးနှမ်းခြင်းနှင့်ရောထွေးရာ၏။ သင်ယူလေ့လာရန်ထက်သန်ခြင်းမရှိဘဲဥာဏ်ပညာကိုမြတ်နိုးခြင်းကား ဗဟုသုတနုံနဲ့ခြင်းနှင့်ရောထွေးရာ၏။ 
သင်ယူလေ့လာရန်မထက်သန်ဘဲရိုးသားခြင်းကား အန္တရာယ်ရှိသောအရိုးခံဖြစ်ခြင်းနှင့်ရောထွေးရာ၏။ သင်ယူလေ့လာရန်မထက်သန်ဘဲဖြောင့်မှန်ခြင်းကား လွဲမှားစွာဆုံးဖြတ်တတ်ခြင်းနှင့်ရောထွေးရာ၏။ သင်ယူလေ့လာရန်မထက်သန်ဘဲရဲရင့်ခြင်းကား ထောင်လွှားပုန်ကန်ခြင်းနှင့်ရောထွေးရာ၏။ သင်ယူလေ့လာရန်မထက်သန်ဘဲစာရိတ္တစွဲမြဲခြင်းကား ခေါင်းမာခြင်းနှင့်ရောထွေးရာ၏
ဟူ၍ ကွန်ဖြူးရှပ်က သင်ကြားခဲ့သည်။
အာဏာသက်ဆင်းအုပ်ချုပ်မှုတွင်လူမှုစည်းမျဉ်းကို ကွန်ဖြူးရှပ်ကပို့ချရာတွင် အခြေခံကျသည့်ဝတ္တရားမှာကိုယ့်နေရာကိုယ်သိရန်ပင် ဖြစ်သည်။ ကွန်ဖြူးရှပ်အဆုံးအမကိုလိုက်နာကြသူများသည် အမှုထမ်းရာတွင်ဟန်ချက်ညီရေးကို အလေးပေးကြသည်။ တစ်ဆူတည်းသောထာဝရဘုရားကိုလက်ခံသည့်ဘာသာရေးများမှ တမန်တော်များနှင့်ကွဲပြားစွာပင် လူသားတို့၏တိုးတက်ကောင်းမွန်လာခြင်းအား သမိုင်းနှင့်ချီသောအကြောင်းတရားများကို ကွန်ဖြူးရှပ်က မမိန့်ကြားခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ဒဿနအရမူ နိုင်ငံတစ်ခုလုံးတိုးတက်ကောင်းမွန်လာရခြင်းသည် လူသားတစ်ဦးချင်းစီ၏အပြုအမူများ မှန်ကန်လာခြင်းကြောင့်ဖြစ်သည်ဟု ရှုမြင်သည်။ ကမ္ဘာလောကကို မျက်မှောက်ပြုထားသောသူ၏တွေးခေါ်မှုသည် ဘ၀တမလွန်လမ်းညွှန်တစ်ရပ်မဟုတ်မူဘဲ လူမှုပဋိညာဉ်တစ်ရပ်ကိုပံ့ပိုးခြင်းသာ ဖြစ်လေသည်။
တရုတ်တို့၏အခင်းအကျင်းကြောင့် မင်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည့်အချိန်တွင် အနောက်ကမ္ဘာတွင် ပြိုင်တူရင်ဘောင်တန်းနိုင်သည့်ပုဂ္ဂိုလ်ဟု မရှိခဲ့ချေ။ ဘုရင်မင်းမြတ်သည် ၀ိညာဉ်ရေးနှင့်လူမှုပဋိညာဉ်၏ ဘာသာရေးမသက်ဝင်သော အပိုင်းကဏ္ဍများကိုပါ ရောစပ်ထားသည်။ တရုတ်မင်းဧကရာဇ်ဟူသည် နိုင်ငံရေးတွင် အုပ်ချုပ်သူတစ်ဦးဖစ်ပြီး၊ သိမ်မွေ့နက်နဲသော အယူအဆတစ်ရပ်လည်း ဖြစ်သည်။ နိုင်ငံရေးအခန်းကဏ္ဍမှဆိုလျှင် မင်းဧကရာဇ်သည် လူတကာတို့ထက်မြတ်သော အချုပ်အခြာအစိုးရမှုကို ရရှိထားသည်။ လူသားမျိုးနွယ်ခပ်သိမ်း၏ မင်းဧကရာဇ်ဖစ်သည်။ အာဏာဆင်းသက်အုပ်ချုပ်မှုရှိသည့် ကွန်ဖြူးရှပ် လူမှုအဆောက်အဦကို ထင်ဟပ်သော တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးအုပ်စိုးမှု၏ အခေါင်အဖျားပင်ဖြစ်သည်။ တရုတ်ဘုရင်အား ခစားရာတွင် နဖူးကိုမြေပြင်နှင့်ထိသည့်ထိ သုံးကြိမ်တိုင်ဝမ်းလျားမှောက်အရို အသေပေးရခြင်းမှာ (မင်းဧကရာဇ်၏) မြေတစ်ခွင်လုံးအုပ်ချုပ်စိုးစံခြင်းကို အသိအမှတ်ပြုကြောင်းပင် ဖြစ်လေသည်။
မင်းဧကရာဇ်၏ ဒုတိယသိမ်မွေ့နက်နဲခြင်းမှာ သူ့အဆင့်အတန်းအား ကောင်းကင်ဘုံ၏သားတော်အဖြစ် သတ်မှတ်ထားပြီး၊ ကောင်းကင်၊ မြေကြီးနှင့် လူသားမျိုးနွယ်တို့အကြားမှ ညှိနှိုင်းမှုပေးသူတစ်ဦးဟု လက္ခဏာဆောင်သည်။ မင်းဧကရာဇ်ဘက်မှ စာရိတ္တပိုင်းဆိုင်ရာကျိုးနွံမှုရှိအောင် ထိုအခန်းကဏ္ဍကို ဖန်တီးထားရှိခြင်းဖြစ်သည်။ လူသားဆန်စွာ ပြုမူဆောင်ရွက်ခြင်း၊ ဓလေ့ထုံးတမ်းပွဲလမ်းများ မှန်ကန်စွာကျင်းပခြင်း၊ အခါအားလျော်စွာ တင်းကျပ်သောပြစ်ဒဏ်များချမှတ်ခြင်းစသည်တို့အားဖြင့် မင်းဧကရာဇ်ကို ကြီးငယ်မဟူတို့အကြား မရှိမဖြစ်သည့် ကြီးမြတ်သောဟန်ချက်ညီမှုတစ်ရပ်ဟု မှတ်ယူကြသည်။ မင်းဧကရာဇ်သည် ကောင်းမြတ်ခြင်းဟူသောလမ်းပေါ်မှ သွေဖည်သွားလျှင် တစ်မိုးအောက်နိုင်ငံတော်ကြီးလည်း ကသောင်းကနင်းအဖြစ်သို့ ရောက်ရှိလိမ့်မည်ဖစ်သည်။ သဘာဝဘေးဆိုးကြီးများ ကျရောက်လာခြင်းသည် စကြ၀ဠာကြီးတွင် ဟန်ချက်မညီမှုများ ပေါ်ပေါက်နေပြီဟူ၍ အဓိပ္ပါယ်ရသည်။ ထိုအချိန်တွင် ကောင်းကင်ဘုံကလွှဲအပ်ထားသော 
အုပ်ချုပ်ခွင့်အရိုက်အရာကို ထိုမင်းဆက်က ဆုံးရှုံးရမည်ဖြစ်ပြီး၊ သူပုန်သူကန်များ ထွက်ပေါ်လာမည်။ စကြ၀ဠာ၏ မဟာဟန်ချက်ညီမှုကြီးကို မင်းဆက်သစ်တစ်ခုက ပြန်လည်ထိန်းသိုရပေလိမ့်မည်။
စောထူးပွယ်

0 comments:

Post a Comment