(စစ်အေးကာလ၏ဇာတ်ရှိန်အမြင့်ဆုံးအချိန်တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟင်နရီကစ်ဆင်းဂျား၏ ဂန္ဓလရာဇ်ကထာ (On China) စာအုပ်သစ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ အရေးပါသော စာအုပ်တစ်အုပ် အဖြစ် ထွက်ရှိလာခဲ့ပါသည်။ အမေရိကန်၏သံတမန်အဖြစ် တရုတ်နိုင်ငံသို့ အခေါက်ပေါင်း ၅၀ ကျော် သွားရောက်ခဲ့သည့်ကာလအတွင်း သံတမန်တစ်ဦး ၏ ပြတင်းပေါက်မှတဆင့်မြင်တွေ့ရသည့် တရုတ်နိုင်ငံအကြောင်းဟုလည်း ဆိုနိုင်ပါလိမ့်မည်။ မည်သည့်ချိန်ခါဟုမသိခဲ့ရသော တရုတ်အင်ပါယာကြီး စတင်တည်ထောင်ချိန်မှ ထောင်စုနှစ်သစ်ကာလများအထိ အင်အားကြီးနိုင်ငံ တစ်ခု၏ ကြီးထွားဖွံ့ဖြိုးလာပုံနှင့်တည်တံ့နေပုံကို သီဝရီများဖြင့်မမွမ်းကြပ်စေဘဲ အခန်းပေါင်း ၁၈ ခန်းဖြင့် ရေးသားတင်ပြထားသော လေ့လာချက်များလည်းဖြစ်သည်။ ထိုစာအုပ်ထဲမှ ကစ်ဆင်းဂျား၏အမြင်ကို လေ့လာနိုင်ရန်အတွက် ကိုဝင်းကျော်နှင့် ကျွန်တော် စောထူးပွယ်တို့က Ecovision Journal တွင် အပတ်စဉ် ဘာသာပြန်ဆိုဖော်ပြခဲ့ပါသည်။ အွန်လိုင်းတွင် ရရှိနိုင်ရန် မိတ်ဆွေများအတွက် ဘာသာပြန်ဆိုမှုများကို ဝေမျှလိုက်ရပါသည်။ ဆက်လက်ဖော်ပြသွားပါမည်။)
(ဤနေရာကယူပါသည်) http://sawhtoopwe.wordpress.com/2011/09/27/163/
ဂန္ဓလရာဇ်ကထာ(၂) – တရုတ်တို့ လွှမ်းမိုးသောခေတ်
တရုတ်ယဉ်ကျေးမှုသည် ထောင်စုနှစ်ပေါင်းများစွာချီခဲ့သည်ဖြစ်သော်လည်း တရုတ်သည် သူတို့နှင့် ပမာဏအားဖြင့်ရော ဆန်းပြားရှုပ်ထွေးမှုအရပါ နှိုင်းသာယှဉ်သာရှိသော အခြားယဉ်ကျေးမှုကြီးများ၊ နိုင်ငံများနှင့် ဆက်ဆံလိုခြင်းမရှိခဲ့ချေ။ တရုတ်သည် အိန္ဒိယကိုသိထားခဲ့ပြီးဖြစ်သော်လည်း သမိုင်းကာလအတန်ကြာအောင် နိုင်ငံအုပ်ချုပ်မှုနယ်နိမိတ်ချင်း ခြားနားစွာရှိနေခဲ့ကြောင်း နောင်အခါတွင် မော်စီတုန်းက မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ယဉ်ကျေးမှုကြီးနှစ်ရပ်တို့သည် ကုန်စည်များနှင့်ဗုဒ္ဓဘာသာလွှမ်းမိုးမှုတို့ကို ပိုးလမ်းမကြီးတစ်လျှောက် ကူးသန်းလျက်ရှိနေခဲ့သော်လည်း အခြားတစ်ဖက်၌မူ ထိုးဖောက်၍မရနိုင်သော ဟိမ၀န္တာတောင်တန်းကြီးနှင့် တိဘက်ကုန်းမြေမြင့်တို့က နံရံတံတိုင်းသဖွယ်ခြားခဲ့သည်ဖြစ်သဖြင့် ဖာသိဖာသာပင်နေခဲ့သည်။ အလယ်အာရှမှ တားဆီးထားသော ကြီးမားသည့်ကန္တာရများကလည်း တရုတ်တို့အား ပါရှားနှင့်ဘာဘီလိုနီးယားအရှေ့ပိုင်းတို့မှ ယဉ်ကျေးမှုများနှင့် ခြားနားထားခဲ့သည်။ ရောမအင်ပါယာနှင့်ဆိုလျှင် ပို၍ပင် ဝေးကွာစေသည်။ ကုန်စည်လှည်းတန်းတို့က မကြာခဏခရီးဖြတ်သန်းနေခဲ့သည့်တိုင် တရုတ်သည် လူ့အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ယင်းနှင့် နှိုင်းသာယှဉ်သာသောပမာဏနှင့် အောင်မြင်မှုရရှိသည့် အခြားလူ့အဖွဲ့အစည်း များနှင့် ထွေးရောယှက်တင် မရှိခဲ့ပါ။ တရုတ်နှင့်ဂျပန်တို့တွင် တူညီသောအခြေခံယဉ်ကျေးမှုနှင့် နိုင်ငံရေးအဆောက်အဦများ ရှိကြသော်လည်း နှစ်နိုင်ငံလုံးသည် တစ်ဦး၏အင်အားကြီးမားသာလွန်မှု ကို တစ်ဦးကလက်ခံရန် အဆင်သင့်မဖြစ်ခဲ့ကြ။ ထိုအတွက် နှစ်နိုင်ငံလုံး၏ဖြေရှင်းနည်းမှာ တစ်ကြိမ်လျှင် ရာစုနှစ်များချီကြာသည့်အထိ အဆက်အသွယ်ဖြတ်ထားခြင်းပင် ဖြစ်သည်။ ဥရောပသည်လည်း တရုတ်တို့က အနောက်သမုဒ္ဒရာဟုသိထားကြသည့် အခြားတစ်ဖက်မှာ ရှိနေသည်။ ဆိုလိုသည်မှာ (ဧကန်အားဖြင့် သမုဒ္ဒရာမခြားသည့်တိုင်) တရုတ်ယဉ်ကျေးမှုနှင့်ကွာလှမ်းသော လက်လှမ်းမီရန်လည်း သနားစဖွယ် ဖြစ်နိုင်ခြေမရှိသောနေရာတွင် တည်ရှိခြင်းကြောင့်ဖြစ်သည်ဟု တရုတ်ဧကရာဇ်က ၁၇၉၃ ခုနှစ်တွင် ဗြိတိသျှသံတမန်တစ်ဦးအား ပြောကြားခဲ့သည်။
တရုတ်အင်ပါယာ၏နယ်မြေပိုင်နက်သည် ရေစပ်သို့ရောက်သည့်အထိဖြစ်ကြောင်း ဆိုခဲ့ကြသည်။ စုန့်မင်းဆက်(၉၆၀-၁၂၇၉) တည်းကပင် တရုတ်သည် ရေကြောင်းနည်းပညာအရာတွင် ကမ္ဘာကို ဦးဆောင်လျက်ရှိခဲ့ပြီး၊ ယင်း၏ရေယာဉ်အုပ်စုများက အင်ပါယာကြီးအား အောင်မြင်သိမ်းပိုက်နိုင်ခြင်းနှင့် ရှာဖွေဖော်ထုတ်နိုင်ခြင်း ခေတ်ကာလတစ်ခုကို ဆောင်ကျဉ်းပေးခဲ့သည်။ သို့တိုင် တရုတ်သည် ပင်လယ်ရပ်ခြားမှ ကိုလိုနီနယ်မြေများကို လိုအပ်ခြင်းမရှိခဲ့ဘဲ၊ ကမ်းရိုးတန်း၏တခြားဘက်မှ နိုင်ငံများပေါ်လည်း စိတ်ဝင်စားမှု အနည်းအကျဉ်းသာ ရှိခဲ့သည်။ တရုတ်သည် ပြင်ပကမ္ဘာသို့ စွန့်စားသွားရောက်ပြီး ဘာဘေးရီးယန်းများအား ကွန်ဖြူးရပ်လမ်းစဉ် သို့မဟုတ် ဗုဒ္ဓ၀ါဒတို့ဆီ ပြောင်းလဲပစ်ရန် အကြောင်းပြချက်တစ်ခု ဖန်တီးခဲ့ခြင်းမရှိချေ။ စုန့်ရေယာဉ်တပ်များနှင့် မာလိန်မှုများကို စစ်နိုင်မွန်ဂိုတို့ကကြီးကြပ်ဦးဆောင်၍ ဂျပန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ရန် နှစ်ကြိမ်ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် နှစ်ကြိမ်လုံးတွင် ဂျပန်တို့က နတ်လေဟု ဆိုစမှတ်ရှိကြပြီး ကာမိကာဇေဟု ခေါ်သည့် ပြင်းထန်သောရာသီဥတုဖြင့်ကြုံကာ တပ်ခေါက်ခဲ့ကြရသည်။ မွန်ဂိုနန်းဆက် နန်းကျခဲ့ပြီးသည့်တိုင် ထိုစွန့်စားသွားရောက်မှုမှာ နည်းပညာအရ ဖြစ်နိုင်ခြေရှိသော်လည်း ထပ်မံကြိုးပမ်းမှုမရှိတော့ချေ။ ယင်းနှင့်ပတ်သက်၍လည်း ဂျပန်ကျွန်းဆွယ်ကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်တို့ မည်သည့် အကြောင်းကြောင့်လိုလားခဲ့ကြောင်း မည်သည့် တရုတ်ခေါင်းဆောင်ကမှ ပြောဆိုခဲ့ခြင်းမရှိချေ။ သို့သော် မင်မင်းဆက်အစောပိုင်း နှစ်ကာလများဖြစ်သည့် ၁၄၀၅ ခုနှစ်မှ ၁၄၃၃ ခုနှစ်အတွင်း တရုတ်သည် သမိုင်းတွင်အမှတ်ရစရာအကောင်းဆုံးနှင့် အံ့ဖွယ်ထူးကဲမှုအရှိဆုံး ရေတပ်တစ်ခုကို စတင်ထူထောင် ခဲ့သည်။ ရေတပ်ဗိုလ်ကြီး ကျန်းဟဲသည် နည်းပညာအရ မည်သူမျှရင်ဘောင်မတန်းနိုင်သည့် သင်္ဘောရတနာများကို ဂျာဗား၊ အိန္ဒိယ၊ အာဖရိကကျွန်းဆွယ်နှင့် ဟိုးမုဇ်ရေလက်ကြားတို့ထိ ရွက်လွှင့်ထွက်ခွာခဲ့သည်။ ရေတပ်ဗိုလ်ကြီးကျန်း ရွက်လွင့်ခဲ့သည့်ကာလတွင် ဥရောပတို့၏ ရှာဖွေစူးစမ်းခြင်းခေတ် စတင်ခြင်းမပြုရသေးချေ။ တရုတ်တို့၏ ရေတပ်အင်အားသည် အရွယ်အစားအရရော၊ ခေတ်ဆန်မှုအရရော၊ ရေယာဉ်အရေအတွက်အရပါ အခြား (ရေတပ်များ)ထက် ရင်ကြားစေ့ရန် မစွမ်းသာလောက်အောင်သာလွန်သည့်နည်းပညာများ ပိုင်ဆိုင်ခဲ့ပုံရသည်။ ထို့အတွက်လည်း နောက်ထပ် နှစ် ၁၅၀ ကျော်မှပေါ်ပေါက်ခဲ့သော စပိန်ရေတပ်များကို သေးသေး ညှက်ညှက် ဖြစ်သွားစေသည်။
ထိုရွက်လွှင့်ခရီး၏ စစ်မှန်သောရည်ရွယ်ချက်အပေါ် သမိုင်းဆရာများက ဆက်လက်ငြင်းခုန်ကြဆဲပင်။ ကျန်းဟဲသည် စူးစမ်းရှာဖွေထုတ်ဖော်သည့်ခေတ်၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မွတ်ဆလင်တရုတ်လူမျိုး မိန်းမစိုးတစ်ဦးဖြစ်သော သူသည် ကလေးဘ၀ကပင် စစ်တပ်သို့ သွတ်သွင်းလေ့ကျင့်ခံခဲ့ရပြီး ထိုမှအပ အခြားသောထင်ရှားသည့်သမိုင်းအချက်အလက် မတွေ့ရချေ။ သူလှည့်လည်၍ တစ်ထောက်နားရာတိုင်းတွင် တရုတ်မင်းဧကရာဇ်၏ ထင်ရှားကြီးကျယ်ပုံကို ထုတ်ဖော်ပြောကြားမြဲ ဖြစ်သည်။ ရောက်လေရာအရပ်မှ အုပ်ချုပ်သူများအား လက်ဆောင်ပဏ္ဏာများ ဖောဖောသီသီအပ်နှင်း၍ လူကိုယ်တိုင်သော်လည်းကောင်း၊ သံတမန်လွှတ်၍သော်လည်းကောင်း တရုတ်ပြည်သို့လည်ပတ်စေရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနည်းဖြင့် (ကျန်းဟဲ ရောက်ရှိခဲ့ရာ) နိုင်ငံများသည် တရုတ်အင်ပါယာကြီး၏ အင်အားကြီးသာလွန်မှုကို အသိအမှတ်ပြုရန်အတွက် အစဉ်အလာဖြစ်သော ရိုသေသမှုပြုခြင်းများအားဖြင့် တရုတ်ဗဟိုပြုကမ္ဘာ့အခင်းအကျင်းကြီးထဲမှ သူတို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရာရောက်သွားခဲ့သည်။ တရုတ်၏ ကြီးမြတ်မှုကို ကြေညာဖော်ကျူးခြင်းနှင့် ဟိတ်ကြီးဟန်ကြီးဖြင့် ဖိတ်ကြားခြင်းထက်လွန်လျှင် ကျန်းဟဲသည် နယ်နိမိတ်ချဲ့ထွင်လိုသည့် ရည်မှန်းချက်ကို မပြသခဲ့ချေ။ လက်ဆောင်နှင့်ပဏ္ဏာသမှုတို့ကို ပြန်သယ်ဆောင်သွားရုံသာဖြစ်၍ တစ်မိုးအောက်တစ်နိုင်ငံဟူသော နယ်နိမိတ်ကိုချဲ့ထွင်လိုသည့် ဆုလာဘ်ကိုမျှော်ကိုးသည့် ကိုလိုနီဖြစ်စေခြင်းနှင့်သယံဇာတတို့ကိုမူ သူမယူငင်ခဲ့ချေ။ အလွန်ဆုံး တရုတ်ကုန်သည်များအတွက် မျက်နှာကောင်းရမည့်အခြေအနေများကို တရုတ်၏ ရှေးကျသောပါဝါအပျော့ကျင့်သုံးမှုတစ်ခုအနေဖြင့် သူဖန်တီးခဲ့သည်ဟုသာ ဆိုနိုင်ပေသည်။ ၁၄၃၃ ခုနှစ်တွင် တရုတ်နိုင်ငံမြောက်ပိုင်းမှ ခြိမ်းခြောက်မှုများ မကြာခဏဖြစ်ပွားခဲ့ရသည်နှင့်တိုက်ဆိုင်စွာပင် ကျန်းဟဲတို့၏ ရေကြောင်းခရီးစဉ်အဖွဲ့လည်း ရုတ်ချည်းရပ်တန့်ခဲ့ရသည်။ နောက်တက်လာသည့် မင်းဧကရာဇ်က ရေတပ်အားဖျက်သိမ်းလိုက်ကြောင်း အမိန့်ထုတ်ခဲ့ပြီး၊ ကျန်းဟဲ၏ ရေကြောင်းခရီးစဉ်မှတ်တမ်းများလည်း အဖျက်ဆီးခံခဲ့ရသည်။ ထိုသို့ ခရီးစဉ်မျိုးလည်း နောက်ထပ်မပေါ်ပေါက်တော့ချေ။ သို့သော် တရုတ်ကုန်သည်များကမူ ကျန်းဟဲပြေးဆွဲခဲ့သောလမ်းကြောင်းအတိုင်း ခေါက်တုန့်ခေါက်ပြန် ရွက်လွင့်ခဲ့ကြသည်။ တရုတ် ရေတပ်၏စွမ်းပကားသည်လည်း မှေးမှိန်ဖျော့တော့ခဲ့ရသည်။ မည်မျှပင် ဆိုးရွားခဲ့ပါသနည်းဆိုလျှင် တရုတ် အရှေ့တောင်ဘက်ကမ်းရိုးတန်းတွင် ပင်လယ်ဓားပြများ မကြာခဏဒုက္ခပေး သောင်းကျန်းလွန်းလှသောကြောင့် မင်မင်းဆက်သည် ကမ်းရိုးတန်းတွင်အခြေချနေထိုင်သူများကို ကုန်းတွင်းဆယ်မိုင်အတွင်းသို့ အတင်းအကြပ် ရွှေ့ပြောင်းစေခြင်းဖြင့် တုန့်ပြန်ဖြေရှင်းခဲ့ရသည်။ ထို့ကြောင့် ကြီးစိုးခြယ်လှယ်ရေးအတွက် နည်းပညာအရတတ်နိုင်ခဲ့သည့် တရုတ်၏ရေတပ်သမိုင်းသည် အဖွင့်အပိတ်လုပ်မရသော ပတ္တာတစ်ခုနှင့်တူနေလေတော့သည်။ အနောက်ကမ္ဘာနိုင်ငံများသည် ရေကြောင်းမှစူးစမ်းရှာဖွေဖော်ထုတ်မှုကို စတင်သဘောကျလာစဉ်မှာပင် တရုတ်တို့သည် ယင်းနယ်ပယ်မှ မည်သူ့စနက်မျှမပါဘဲ အနားယူခဲ့ရသည်။ တရုတ်၏ တုဘက်ကင်းသော တစ်ကိုယ်တော်နေထိုင်မှုသည် တစ်မူထူးသည့် တရုတ်ကိုယ်ပိုင်သဘောထား အသိအမြင်တစ်ရပ်ကို ထူထောင်ရာရောက်စေခဲ့သည်။ အထက်တန်းလွှာတရုတ်တို့က တရုတ်သည် ယဉ်ကျေးမှုပေါင်းများစွာထဲမှ မဟာယဉ်ကျေးမှုကြီးတစ်ရပ် ဟူသည့်သဘောမျိုးမဟုတ်ဘဲ၊ တုဘက်ကင်းသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်ဟူသည့်အမြင်နှင့်
ပို၍အသားကျလာကြသည်။ ၁၈၅၀ တွင် ဗြိတိသျှဘာသာပြန်ဆရာတစ်ဦးက“မတူကွဲပြားသော အကျိုးကျေးဇူးများကိုခံစားရနိုင်ပြီး တစ်မျိုးတစ်ဘာသာစီဖြစ်နေသော အကျိုးယုတ်မှုများကိုလည်း ခံစားရနိုင်သည့်နိုင်ငံများစွာတို့သည် အချက်အလက်အနည်းအကျဉ်းမျှသာရရှိစေကာမူ ကောင်းမွန်စွာ ကြောင်းလမ်းစောကြောခြင်းအားဖြင့် သူတို့မသိကျွမ်းကြသော အခြားနိုင်ငံသားများအကြောင်းကို ချင့်ချင့်ချိန်ချိန် မှန်မှန်ကန်ကန်သိမြင်လာနိုင်သည်ဟူသော ထင်ဟပ်မြင်ယောင်နိုင်ခြင်းဖြင့် အသိဥာဏ်ရှိသော ဥရောပနိုင်ငံများက အသားကျခဲ့သည်။ သို့သော် တရုတ်တို့ကိုလည်း ထိုနည်းတူပင် ဖြစ်နိုင်သည်ဟုထင်လျှင် အလွဲကြီးလွဲပေလိမ့်မည်။ နိုင်ငံခြားသားများနှင့် ကင်းကင်းလွတ်လွတ်နေပြီး ကိုယ့်နိုင်ငံကိုယ် အမွှမ်းတင်ခြင်းကြောင့် အခြား(နိုင်ငံ)များနှင့် နှိုင်းယှဉ်ကြည့်ရန် အခွင့်အလမ်းကိုလည်း မရခဲ့။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ သူတို့၏ စိတ်ကူးအကြံအစည်တို့ကိုလည်း ဘောင်ခတ်ထားကြသည်။ ထို့ကြောင့် တရုတ်တို့သည် သူတို့ဘာသာ သင်းပင်းဖွဲ့ခြင်း၏ကြီးစိုးမှုမှလည်း မလွတ်နိုင်ကြ။ အရာရာကိုလည်း ကိုယ့်အသိအမြင်သက်သက်မျှဖြင့် တိုင်းထွာ ဆုံးဖြတ်ကြလေသည်” ဟုရေးသားခဲ့သည်။ တရုတ်သည် ဘေးပတ်လည်တွင် ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာဟူသည့် မတူကွဲပြားသော လူ့အဖွဲ့အစည်းများရှိနေခဲ့သည်ကို မသိ မဟုတ်။ သို့သော် တရုတ်တို့၏ အထင်အမြင်၌မူ တရုတ်သည်ပင်ကမ္ဘာလောကကြီး၏ဗဟိုချက် (ဗဟိုမင်းနိုင်ငံတော်ကြီးဖြစ်သည်ဟု ယူဆသည်။ အခြားလူ့အဖွဲ့အစည်းများသည် သူတို့နှင့်အဆင့်ကွာသည်ဟု သုံးသပ်သည်။ တရုတ်တို့က ထိုသို့ မြင်ယောင်ခဲ့သည့်နည်းတူ တရုတ်ယဉ်ကျေးမှုနို့သက်စို့ရပြီး တရုတ်ကိုပဏ္ဏာဆက်ရသည့် အိမ်သည်နိုင်ငံအချို့သည် လောကတံတွာဓမ္မတာကို လိုက်နာကြရဖို့ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံနှင့်အနီးဝန်းကျင်မှ လူများအကြားရှိနယ်ခြားမျဉ်းမှာ နိုင်ငံရေးအရ၊ ပထ၀ီမြေပြင်အနေ အထားအရထက် ယဉ်ကျေးမှုခြင်းကွဲပြားရာ၌ ပို၍ သိသာထင်ရှားသည်။ တရုတ်ယဉ်ကျေးမှုသည် အရှေ့အာရှတိုက်တစ်ခုလုံးသို့ ဖြာထွက်ပြန့်နှံ့နေခဲ့ခြင်းနှင့်ပတ်သက်၍ ခေတ်သစ် အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် လူစီယန်ဖေးက တရုတ်သည် “အမျိုးသားနိုင်ငံယောင်ဆောင်ထားသော ယဉ်ကျေးမှုကြီးတစ်ရပ်ပေပဲ” ဟု ထင်ထင်ရှားရှား မှတ်ချက်ပေးခဲ့ဖူးသည်။ ထိုသို့ အစဉ်အလာကို ထိန်းထားခဲ့သောတရုတ်တို့၏ ကမ္ဘာ့အခင်းအကျင်းတွင်ရှိနေနှင့်ပြီးသား တင်းမားမှုများသည် ခေတ်သစ်(မော်ဒန်) ကာလတိုင်အောင် တည်တံ့ခဲ့သည်။ ယခင်ရာစုနှစ် နှစ်ခုစာခန့်တည်းက မန်ချူး တို့၏ အနိုင်စားခံခဲ့ရသဖြင့် မန်ချူးတို့လက်အောက်တွင် ရှိနေခဲ့ရသော်လည်း တရုတ်မင်မင်းဆက် ဧကရာဇ်သည် ၁၈၆၃ ခုနှစ်တွင် အေဘရာဟမ်လင်ကွန်းထံသို့ အမေရိကန် ပြည်ထောင်စုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိလိုပါကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။ တရုတ်ဧကရာဇ်သည် သ၀ဏ်လွှာထဲ၌ မိုးတစ်လုံးလေတစ်လုံးဖြင့် “လောကဓာတ်စကြာဝဠာအား အုပ်ချုပ်ရန်အတွက် ကောင်းကင်ဘုံမှညွှန်ကြားတော်မူမှုကိုရရှိပြီးနောက် ဗဟိုအင်ပါယာကြီးဖြစ်သော တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများအကြား မည်သို့ပင်ကွဲပြားမှုများရှိဦးတော့ တစ်မိတည်းသားချင်းပမာ ကျွန်ုပ်တို့က လေးမြတ်စွာသဘောထားပေသည်” ဟု ရေးသားခဲ့သည်။ ထိုစာသ၀ဏ်ကို ပို့လွှတ်သည့်အချိန်တွင် တရုတ်မြေပိုင်နက်ပေါ်မှအကျိုးစီးပွားများကို မျက်စေ့ကျနေကြသော အနောက်မှ ပါဝါနိုင်ငံများနှင့် တရုတ်သည် စစ်ပွဲနှစ်ကြိမ်တိုင်အရေးနိမ့်ခဲ့ရပြီး ဖြစ်သည်။ ထိုသို့သော အဖြစ်ဆိုးများကို မင်းဧကရာဇ်သည် တရုတ်၏ကြံ့ကြံ့ခံနိုင်မှုနှင့် ယဉ်ကျေးမှုအရသာလွန်ကြီးမားမှုတို့ကြောင့် အဆုံးသတ်တွင် ကျော်လွှားနိုင်ခဲ့သော အခြား ဘာဘေးရီးယန်းကျူးကျော်မှုများနှင့် တစ်သဘောတည်းထားခဲ့ပုံရသည်။
သမိုင်းခေတ်များစွာအတွင်း တရုတ်တို့ထိုမျှ အပြောကြီးခဲ့သည်မှာ တကယ်တမ်း အံ့သြဖွယ်တစ်ခုတော့ မဟုတ်ပါ။ ဟန်လူမျိုးတရုတ်တို့သည် မူလအခြေစိုက်ရာမြစ်ဝါမြစ်ဝှမ်းမှ အနီးတစ်ဝိုက်ရှိ လူ့အဖွဲ့အစည်းများသို့ တရုတ်တို့ဟန်ပန် အသွေးအဆင်များအတိုင်း အဆင့်များစွာဖြင့် မျိုးဆက်အလိုက် တိုးချဲ့ယူသွားခဲ့ကြသည်။ တရုတ်တို့၏ သိပ္ပံနှင့်နည်းပညာထွန်းကားမှုတို့သည် ထိုအချိန်က အနောက်ဥရောပ၊ အိန္ဒိယနှင့်အာရပ် ခေတ်ပြိုင်နိုင်ငံများနှင့် တန်းညီခဲ့ပြီး၊ မကြာခဏဆိုသလို ပို၍ပင် ထူးချွန်နေတတ်ခဲ့သည်။ တရုတ်သည် အစဉ်အလာအရ ဥရောပနိုင်ငံများထက် လူဦးရေအရရော နယ်မြေပိုင်နက်အရပါ သာခဲ့သည်မှာ စက်မှုခေတ်ပြောင်းတော်လှန်ရေးမတိုင်မီထိဖြစ်သည်။ ထိုအချိန်တွင် တရုတ်က လွန်စွာမှချမ်းသာသည်။ မြစ်ကြီးများအား ဆက်သွယ်ထားသည့် ကျယ်ပြန့်သောတူးမြောင်းစနစ်နှင့် လူဦးရေဗဟိုချက်များကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာပေါ် တွင် ကုန်ထုတ်လုပ်မှုအမြင့်မားဆုံးသောစီးပွားရေးနှင့် လူဦးရေအထူထပ်ဆုံး ကုန်သွယ်မှုဧရိယာကြီး ဖြစ်ခဲ့သည်။ သို့သော် နိုင်ငံတွင်း အထူးဖူလုံလျက်ရှိခြင်းကြောင့် အခြားသောဒေသများသည် (တရုတ်၏) ကျယ်ဝန်းမှုနှင့်ဥစ္စာဓနတို့အားဖြင့် အပယိကမျှသာ ဖြစ်နေခဲ့လေသည်။ တကယ်တမ်းတွင် ပြီးခဲ့သော ရာစုနှစ်ပေါင်း နှစ်ဆယ်၌ ၁၈ ရာစုမျှကြာအောင် ကမ္ဘာ့ဂျီဒီပီတွင် တရုတ်ပါဝင်သည့် အချိုးအစားသည် အနောက်ကမ္ဘာထက် ပိုမိုများပြားခဲ့သည်။ ၁၈၂၀ ခုနှစ် ကုန်ခါနီးတွင် တရုတ်သည် ထိုစဉ်ကကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ အနောက်ဥရောပ၊ အရှေ့ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ဂျီဒီပီသုံးရပ်ပေါင်းထက်ပင် ပိုနေသေးသည်။
မော်ဒန်ခေတ်ဦးပိုင်းတွင် တရုတ်နိုင်ငံသို့ရောက်ရှိလာကြသော အနောက်မှ စူးစမ်းလေ့လာသူများသည် တရုတ်တို့၏ နိုးကြားချက်ချာခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုတို့ကြောင့် မင်သက်ခဲ့ရသည်။ ၁၇၃၆ ခုနှစ်တွင် ပြင်သစ်မှ (ခရစ်ယာန်)ဂျေဆု(တ်)ဂိုဏ်းဝင်တစ်ဦးဖြစ်သော ယန်းဘပ္ပတစ်ဒူ ဟာလ်ဒီသည် တရုတ်နိုင်ငံအပေါ် အနောက်ကမ္ဘာမှ လည်ပတ်ရောက်ရှိလာသူများ၏ မင်သက်မိသောတုန့်ပြန်မှုအား -“ပြည်နယ်တစ်ခုချင်းစီသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ကြွယ်ဝလျက်ရှိသည်။ မြစ်ချောင်းများ၊ တူးမြောင်းများအားဖြင့် ကုန်သွယ်ရေးကို ပံ့ပိုးပေးထားမှုက အင်ပါယာကြီးတစ်ခုလုံး၏ ပြည်တွင်းကုန်သွယ်ရေးကို ဝေဆာတိုးပွားစေသည်။ တရုတ်ပြည်တွင်း ကုန်သွယ်မှုသည် ဥရောပနိုင်ငံများအားလုံး၏ကုန်သွယ်မှုနှင့် မယှဉ်သာအောင် ကြီးမားသည်။ ပြည်နယ်များသည် အသီးသီးသောကုန်ထုတ်လုပ်မှုများနှင့် ဆက်သွယ်နေကြသော မင်းနိုင်ငံများစွာနှင့်တူသည်။” ဟု ပေါင်းရုံးဖော်ပြခဲ့သည်။ ယင်းနောက် နှစ်ပေါင်း ၃၀ အကြာတွင် ပြင်သစ် နိုင်ငံရေးဘောဂဗေဒ ပညာရှင်တစ်ဦးဖြစ်သူ ဖရန်ဆွာကွက်စ်နေက
“ဤနိုင်ငံသည် ကမ္ဘာပေါ်တွင် အလှပဆုံးနိုင်ငံတစ်ခုဖြစ်သည်ကို မည်သူမျှ ငြင်းဆိုနိုင်ကြမည် မဟုတ်ပါ။ သိဖူးသမျှတွင် လူဦးရေအသိပ်သည်းဆုံးနှင့် ဝေဆာဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်သည်။ အကယ်၍သာ ဥရောပ နိုင်ငံများအားလုံးကို တစ်ခုတည်းသောအုပ်ချုပ်စိုးမိုးမှုအောက်တွင်ထားနိုင်မှသာ တရုတ်အင်ပါယာကြီးနှင့် တစ်တန်းတည်းညီမျှနိုင်မည် ဖြစ်သည်” ဟု ထပ်မံဖော်ပြခဲ့သည်။
တရုတ်သည် ပြည်ပနှင့်ကုန်သွယ်ခဲ့ပြီး၊ အခါအားလျော်စွာ ပြည်ပနိုင်ငံများမှ စိတ်ကူးအကြံအစည်များနှင့် တီထွင်မှုများကို ခံယူသည်။ သို့သော် အဖိုးထိုက်တန်ဆုံးသော ပိုင်ဆိုင်မှုများနှင့်အသိဥာဏ်ပညာ အောင်မြင်မှုတို့ကို တရုတ်ပြည်၌သာတွေ့ရနိုင်သည်ဟု တရုတ်တို့က ယုံကြည်ထားကြသည်။ တရုတ်နှင့် ကုန်သွယ်ရခြင်းသည် အနည်းငယ်ချဲ့ကားပြောဆိုမှုတို့မှအပ အကျိုးအမြတ်ဖြစ်ထွန်းလှသော်လည်း အထက်တန်းလွှာတရုတ်တို့ကမူ ယင်းအား သာမာန်စီးပွားရေးဖလှယ်မှုတစ်ရပ်အဖြစ်မဟုတ်ဘဲ သူတို့၏ သာလွန်ကြီးမြတ်မှုအတွက် အလေးအမြတ်ပြုလာခြင်းတစ်ခုပမာသာ ဖော်ပြခဲ့ကြပါသည်။
စောထူးပွယ်
0 comments:
Post a Comment