Tuesday, May 22, 2012

ဂန္ဓလရာဇ်ကထာ(၄)–တရုတ်၏ နိုင်ငံတကာဆက်ဆံရေးအယူအဆ(စောထူးပွယ်နှင့် ကိုဝင်းကျော်ပြန်ဆိုသည်)

0 comments
(စစ်အေးကာလ၏ဇာတ်ရှိန်အမြင့်ဆုံးအချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဟင်နရီကစ်ဆင်းဂျား ဂန္ဓလရာဇ်ကထာ (On China) စာအုပ်သစ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ အရေးပါသော စာအုပ်တစ်အုပ်အဖြစ် ထွက်ရှိလာခဲ့ ပါသည်။ အမေရိကန်၏သံတမန်အဖြစ် တရုတ်နိုင်ငံသို့ အခေါက်ပေါင်း ၅၀ ကျော် သွားရောက်ခဲ့သည့် ကာလအတွင်း သံတမန်တစ်ဦး၏ ပြတင်းပေါက်မှတဆင့်မြင်တွေ့ရသည့် တရုတ်နိုင်ငံအကြောင်းဟုလည်း ဆိုနိုင်ပါလိမ့်မည်။ မည်သည့်ချိန်ခါဟု မသိခဲ့ရသော တရုတ်အင်ပါယာကြီး စတင်တည်ထောင်ချိန်မှ ထောင်စုနှစ်သစ်ကာလများအထိ အင်အားကြီးနိုင်ငံတစ်ခု၏ ကြီးထွားဖွံ့ဖြိုးလာပုံနှင့် တည်တံ့နေပုံကို သီဝရီများဖြင့် မမွမ်းကြပ်စေဘဲ အခန်းပေါင်း ၁၈ ခန်းဖြင့် ရေးသားတင်ပြထားသော လေ့လာချက်များလည်း ဖြစ်သည်။ ထိုစာအုပ်ထဲမှ ကစ်ဆင်းဂျား၏အမြင်ကို လေ့လာနိုင်ရန်အတွက် ကိုဝင်းကျော်နှင့် ကျွန်တော် စောထူးပွယ်တို့က Ecovision Journal တွင် အပတ်စဉ် ဘာသာပြန်ဆိုဖော်ပြခဲ့ပါသည်။ အွန်လိုင်းတွင် ရရှိနိုင်ရန် မိတ်ဆွေများအတွက် ဘာသာပြန်ဆိုမှုများကို ဝေမျှလိုက်ရပါသည်။ ဆက်လက်ဖော်ပြသွားပါမည်။)
(ဤနေရာကယူပါသည်) http://sawhtoopwe.wordpress.com/2011/09/27/163/
ဂန္ဓလရာဇ်ကထာ() – တရုတ်၏ နိုင်ငံတကာဆက်ဆံရေးအယူအဆ
တရုတ်၏ နိုင်ငံတကာဆက်ဆံရေးအယူအဆ
သမာသမတ်ကျခြင်းလော၊ တန်းတူရည်တူလော
တရုတ်ပြည်တွင် ကြီးကျယ်ခမ်းနားသော ခရစ်ယာန်ဘုရားကျောင်းတော်များမရှိသလို ဘလင်နန် နန်းတော် များလည်းမရှိပေ။ ဘလင်နန် နန်းတော်ကိုတည်ဆောက်ခဲ့သည့် မားလ်ဘိုရိုဂ်နယ်စားလို ချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသော နိုင်ငံရေးအရကျော်ကြားသည့် သူကောင်းမျိုးများလည်း တရုတ်တွင်မရှိခဲ့ပေ။ သီးခြား လွတ်လပ်သော မင်းသားများ၊ နယ်စားများ၊ ကောင့်မြို့စားများ၊ ကိုယ်ပိုင်အုပ်ချုပ်ကြသည့် မြို့ပြနိုင်ငံများ၊ (အာဏာပိုင်တို့၏သြဇာအောက်မှ ကင်းလွတ်သည်ဟု ခံယူထားကြသည့်) ရိုမန်ကက်သလစ် ဘုရားကျောင်း တော်များ၊ (ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကိုတည်ထောင်ရန် ဆန္ဒပြင်းပြကြသည့်) ပရိုတက်စတင့်အုပ်စုများဖြင့် ဥရောပသည် မော်ဒန်ခေတ်ကိုနိုင်ငံရေး ကွဲပြားမှုတစ်ထွေးကြီးပိုက်ကာ ၀င်ရောက်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် တရုတ်သည် ခက်ခဲလှသောဘုရင့်စာမေးပွဲများတွင် ၀င်ရောက် ဖြေဆိုအောင်မြင်ကြသူများကို နယ်အသီးသီးသို့စေလွတ်ပြီး စီးပွားရေးနှင့်လူအဖွဲ့အစည်း၏မျက်နှာစာ အသီးသီးကို ထိန်းသိမ်းအုပ်ချုပ်စေခြင်းဖြင့် အင်ပါယာဗျူရိုကရေစီကို အပြည့်အ၀ထူထောင်ကာ နှစ်ပေါင်း ၁၀၀၀ ကျော် အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သော အကြောင်းကြောင့် ကမ္ဘာအခင်းအကျင်းသို့ တရုတ်၏ချဉ်းကပ်မှုသည် အနောက်ကမ္ဘာကကျင့်သုံး သည့်စနစ်နှင့် များစွာကွာခြားခဲ့သည်။ ဥရောပ၏ အလယ်ခေတ်အဆောက်အအုံသည် ၁၆ ရာစုနှင့် ၁၇ ရာစု၌ ပျမ်းမျှအင်အားချင်းညီမျှသည့် အုပ်စုများအဖြစ်ကွဲသွားခြင်းနှင့် ကက်သလစ်ဂိုဏ်းခွဲအမျိုးမျိုး ကွဲသွားခြင်းများ ကြုံခဲ့ပြီးနောက်တွင် အနောက်ကမ္ဘာ၏ ခေတ်သစ်နိုင်ငံတကာဆက်ဆံရေး အယူအဆသစ်တစ်ရပ် ပေါ်ထွက် လာခဲ့သည်။ ပါဝါကိုချိန်ညှိရသည့် သံခင်းတမန်ခင်းသည် ရွေးချယ်စရာတစ်ခုအောက်လျော့သော မရှောင် မတိမ်းသာ ကိစ္စတစ်ခုဖြစ်သည်။ မည့်သည့်နိုင်ငံမျှ မိမိတို့အလိုဆန္ဒအတိုင်း လုပ်နိုင်လောက်အောင် အင်အား ရှိသည်မဟုတ်။ မည်သည့်ဘာသာရေးကမှလည်း ကမ္ဘာတစ်ဝန်းလုံး လက်ခံနိုင်လောက်အောင် လုံလောက်သော သြဇာရှိသည်မဟုတ်။ ထို့ကြောင့်ပင် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ခြင်းနှင့် ဥပဒေအရ ညီမျှမှုရှိခြင်းတို့သည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်ရေးရာ၏ အခြေခံသဘောတရားဖြစ်လာသည်။
တရုတ်ကမူထိုသို့မဟုတ်ပေ။ သူနှင့်နှိုင်းယှဉ်လောက်သော ယဉ်ကျေးမှု သို့မဟုတ် အရှိန်အဟုန်မျိုးရှိသော လူအဖွဲ့အစည်းများနှင့် ရင်ဆိုင်ကြုံတွေ့ဖူးခဲ့ခြင်းမရှိဟူသည့် ရိုးစင်းသောအကြောင်းပြချက်ဖြင့် အခြားနိုင်ငံ တစ်ခုနှင့် တန်းညီသောရေရှည်ဆက်ဆံရေးမျိုး မထားရှိခဲ့ဖူးချေ။ တရုတ်အင်ပါယာသည် မိုးနတ်မင်းက ပေးသော အခွင့်အာဏာဖြင့်သော်လည်းကောင်း၊ သဘာဝဥပဒေသအရသော်လည်းကောင်း ပထ၀ီတစ်ခွင် အုပ်စီးထားသင့်သည်ဟု ယူဆခဲ့ကြသည်။ ထိုအခွင့်အာဏာကြောင့်ပင် တရုတ်ဧကရာဇ်မင်းများအတွက် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရာတွင် ပြိုင်ဘက်နိုင်ငံဆက်ဆံရေးမျိုး ထားရှိစရာမလိုလောက်အောင်ဖြစ် ခဲ့သည်။ သူတို့ကိုယ်တိုင်ကလည်း ထိုသို့သဘောမထားလိုခဲ့ပေ။ အမေရိကန် ပြည်ထောင်စုလိုပင် မိမိကိုယ် မိမိ အထူးအခန်းကဏ္ဍမှပါဝင်ကပြနေသည်ဟု တရုတ်က တွေးထင်ခဲ့သည်။ သို့သော် အမေရိကန်၏ ယူနီဗာဆယ်လစ်ဇင်အယူအဆလို သူ၏တန်ဖိုးများကို ကမ္ဘာတစ်ဝန်းပျံ့နှံ့အောင်အားထုတ်မှုမျိုးကိုမူ မလုပ်ခဲ့ ပေ။ သူ့နယ်ပယ်နှင့် ထိစပ်နေသောနေရာများမှ ဘာဘေးရီးယန်း (နိုင်ငံခြားသားအရိုင်းအစိုင်း)များကို ထိန်းချုပ်ထားလျှင် လုံလောက်ပြီဟုသောအယူအဆတွင် ပိတ်မိနေခဲ့သည်။ ထိုသို့ကျင့်သုံးခဲ့သဖြင့် ကိုရီးယား ကဲ့သို့သော မျိုးနွယ်တူများက တရုတ်၏အထူးဂုဏ်ဒြပ်ကို အသိအမှတ်ပြုပေးခဲ့ရသည်။ ယင်းကဲ့သို့ အသိအမှတ်ပြုခြင်းကြောင့် ကုန်သွယ်ခွင့်ကဲ့သို့သော အကျိုးအမြတ်များကို မင်းဧကရာဇ်က ချီးမြှင့်ခဲ့သည်။  သူတို့သိပ်မသိသော ဥရောပသားတို့ကဲ့သို့ ဝေးလံခေါင်ဖျားသည့်နေရာများမှ ဘာဘေးရီးယန်းများကိုမူ တရုတ်တို့က ခင်မင်နှီးစွာဆက်ဆံသည်။ အကယ်၍ တင်စီးလာခဲ့လျှင် မတူမတန်သလိုဆက်ဆံကာ အဖက် မလုပ်တော့ပေ။ ထိုသူတို့အား တရုတ်နည်းတရုတ်ဟန်သို့ ပြောင်းလဲပေးရန်ကိုမူ အနည်းငယ်သာ စိတ်ဝင်စား ခဲ့သည်။ မင်မင်းဆက်ကို ထူထောင်ခဲ့သည့် မင်းဧကရာဇ်က ၁၇၃၂ တွင် သူ့အမြင်ကို ဤသို့ဖော်ထုတ်ခဲ့သည်။အနောက်ဘက်သမုဒ္ဒရာကနိုင်ငံတွေကို ဝေးကွာတဲ့အရပ်လို့ ခေါ်ဆိုသင့်ပေတယ်။ သူတို့တွေဟာ (ငါတို့ဆီ ကို) ပင်လယ်တွေကိုဖြတ်ပြီး လာခဲ့ကြရတယ်။ ပြီးတော့ (ရောက်ရှိဖို့) လတွေနှစ်တွေ ဘယ်လောက် ကြာ တယ်ဆိုတာ သူတို့အတွက် ရေတွက်ဖို့ခက်ခဲလှပေတယ်။ ဘယ်လောက်ပဲများများ စိတ်ရင်းကောင်းကောင်းနဲ့ လာသူများကို ကောင်းမွန်စွာဆက်ဆံရမယ်ဟု မိန့်ကြားခဲ့သည်။
တရုတ်နှင့် အလွန်ပင်အလှမ်းကွာဝေးသော နေရာများတွင်ရှိနေသော နိုင်ငံများကို လွမ်းမိုးရန်ဆိုသည်မှာ လက်တွေ့မကျသော စဉ်းစားချက်ဖြစ်သည်ဟု တရုတ်ဧကရာဇ်မင်းများက ထင်မြင်ခဲ့ကြသည်။ ခြွင်းချက်ရှိ သောဝါဒ (Exceptional-ism) ကို ကိုင်စွဲသော တရုတ်မူအရ တရုတ်သည် အိုင်ဒီယာများကို တိုင်းတပါးသို့ တင်ပို့ခြင်းမပြုခဲ့ဘဲ တစ်ပါးသူတို့ကသာ သူတို့ဆီသို့ လာရောက်ရှာဖွေရယူစေသည်။  အိမ်နီးချင်းများသည် လည်း တရုတ်အစိုးရ၏အချုပ်အခြာပိုင်စိုးမှု (suzerainty)ကို အသိအမှတ်ပြုထားသမျှ၊ တရုတ်နှင့် တရုတ် ယဉ်ကျေးမှုတို့ကိုထိစပ်ခြင်းဖြင့် အကျိုးအမြတ်များရရှိနေလိမ့်မည်ဟု တရုတ်တို့က ယုံကြည်ထားသည်။ ထိုသို့ မယုံကြည်သူများကို နိုင်ငံခြားသားအရိုင်းအစိုင်း (ဘာဘေးရီးယန်း)များ ဟု သတ်မှတ်ခဲ့သည်။ မင်းဧကရာဇ်၏ အလိုတော်အတိုင်းလိုက်နာခြင်းနှင့် အင်ပါယာဆိုင်ရာဓလေ့ထုံးတမ်းများကို စောင့်ထိန်းခြင်းသည် ယဉ်ကျေးမှု အနှစ်သာရပင် ဖြစ်သည်။  အင်ပါယာအားကောင်းချိန်တွင် ယဉ်ကျေးမှုနယ်ပယ်ကိုလည်း ချဲ့ထွင်ပြီးဖြစ်သည်။ မိုးကောင်းကင်အောက်ရှိ လူမျိုးအားလုံးသည် ဟန်တရုတ်တိုင်းရင်းသားအများစုနှင့် ဟန်မဟုတ်သော တိုင်းရင်းသားအုပ်စုပေါင်းများစွာကိုစုစည်းထားသည့် လူမျိုးစုံနယ်ပယ်ကြီး တစ်ခုသာဖြစ်သည်။
နိုင်ငံခြားသံတမန်များသည် တိုင်းပြည်အရေးများ သို့မဟုတ် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် အင်ပါယာ၏ ရုံးတော်သို့ လာရောက်ခဲ့ခြင်းမရှိ၊ သူတို့သည် ဧကရာဇ်မင်းကြီး၏ လွမ်းမိုးမှုကိုခံယူကာ အပြောင်းအလဲဖြစ်ရန် လာကြသည်ဟု တရားဝင်တရုတ်မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်။ ဧကရာဇ်မင်းကြီးသည် အခြားသောတိုင်းပြည်အကြီးအကဲများနှင့် ညီလာခံပြုလုပ်ခဲ့ခြင်းမရှိ၊ ယင်းတို့သည် ဧကရာဇ်မင်းကြီး၏ ဘုန်းတော်ကြီးမြတ်မှုကို အသိအမှတ်ပြုရန် လက်ဆောင်ပဏ္ဏာများဆောင်ယူကာအဝေးမှလာရောက်သော ရှေ့တော်မှောက်ခစားကြသူများအဖြစ် လာရောက်ကြခြင်းဖြစ် သည်။ တရုတ်ဘုရင့်လွတ်တော်က ကမ္ဘာ အရပ်ရပ်သို့ သံတမန်များစေလွှတ်လျှင် ၎င်းတို့သည် သံတမန်များအဖြစ်စေလွှတ်ခြင်းမဟုတ်။ ကောင်းကင်ဘုံ မှ စေလွှတ်လိုက်သောကောင်းကင်တမန်တော်များအဖြစ် စေလွှတ်ခြင်းဖြစ်သည်။ တရုတ်အစိုးရ အဖွဲ့ အစည်းသည် ကမ္ဘာအခင်းအကျင်းတွင် ထက်အောက်ပုံစံကိုထင်ဟပ်ခဲ့သည်။ တရုတ်သည် ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်တို့ကဲ့သို့ လက်ဆောင်ပဏ္ဏာဆက်သသောနိုင်ငံများနှင့် ဆက်ဆံရေးကို ဓလေ့ထုံးတမ်းများဆိုင်ရာ ၀န်ကြီးဌာနမှ ကိုင်တွယ်သည်။ ယင်းနိုင်ငံသားများနှင့်သံတမန်ဆက်ဆံရေးကို ကြီးမြတ်သောဟန်ချက်ညီမှု (Great Harmony) ဖော်ဆောင်နိုင်အောင် ကြီးမားနက်နဲသည့် အုပ်ချုပ်ရေးလုပ်ငန်းတာဝန်၏ မျက်နှာစာ တစ်ရပ်အဖြစ်သာ ပုံဖော်ညွှန်းဆိုပြသည်။ တရုတ်ဇာတ်သွင်းနိုင်မှုနည်းသည့် မြောက်ဘက်နှင့်အရှေ့ဘက်ရှိ တောင်တန်းဒေသလူမျိုးများဆက်ဆံရာတွင်လက်အောက်ခံနယ်မြေများဆိုင်ရာရုံးတော်”(Court of Dependencies) ကို ကိုလိုနီနယ်မြေများဆိုင်ရာ ဘုရင့်လွတ်တော်သဖွယ် အားထားခဲ့ပုံရသည်။ ထိုရုံးတော်၏ မစ်ရှင်မှာ သစ္စာခံမင်းသားများကို ဘွဲ့ထူးဂုဏ်ထူးများချီးမြှင့်ကာ အာဏာအပ်နှင်းပြီး နယ်ခြားဒေသငြိမ်းချမ်း ရေး ထိန်းသိမ်းရန်ဖြစ်သည်။
၁၉ ရာစုတွင် အနောက်နိုင်ငံများ၏ ကျူးကျော်မှုများ၏ ဖိအားကြောင့်သာ တရုတ်သည် သံတမန်ရေးရာများကို စီမံဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကဲ့သို့ ဌာနတစ်ခုကိုထူထောင်ခဲ့သည်။ ထိုဌာနသည် အနောက် အင်အားကြီးနိုင်ငံများနှင်ဆင်နွှဲသော စစ်ပွဲနှစ်ကြိမ်ရှုံးနိမ့်ပြီးသည့် ၁၈၆၁ ခုနှစ်မှသာ အစိုးရ၏ သီးခြားလွတ် လပ်သောလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်လာခဲ့သည်။ ယင်းဌာနကိုလည်း ယာယီလိုအပ်ချက်တစ်ခုအဖြစ်သာ ထားရှိပြီး အကျပ်အတည်းလျော့ကျသွားသည်နှင့် ဖျက်သိမ်းသိမ်းရန် စဉ်းစားထားသည်။ ထို့ကြောင့် ၀န်ကြီး ဌာနသစ်ကိုလည်း ယခင်က သံဒင်္ဂါးဌာနက အသုံးပြုခဲ့သော မထင်မရှားအဆောက်အအုံဟောင်းတစ်ခုတွင် ထားရှိရန် သေချာစွာစီစဉ်ခဲ့ခြင်း ဖြစ်သည်။ ချင်မင်းဆက်လက်ထက်တွင် နိုင်ငံရေးအမြော်အမြင်ကြီးမားသော မင်းသားကုန်း၏ စကားအရဆိုလျှင်နောက်ကွယ်ကအဓိပ္ပာယ်ကတော့ အခြားသောအစဉ်အလာအစိုးရ ရုံးတွေနဲ့ အဆင့်မတူနိုင်ဘူးဆိုတာပါပဲ။ ဒါကလည်း တရုတ်နဲ့နိုင်ငံခြားတိုင်းပြည်တွေကြား ကွဲပြားခြားနားတယ် ဆိုတာကို ထိန်းသိမ်းထားခြင်းပါပဲဟု ဖြစ်သည်။
နိုင်ငံများကြား နိုင်ငံရေးနှင့်သံတမန်ရေးဟူသည့် ဥရောပဟန်အိုင်ဒီယာများကိုမူ တရုတ်အတွေ့အကြုံတွင် မသိရှိထားခဲ့ချေ။ တရုတ်ပြည်တွင်း စည်းလုံးမှုပျက်ပြားချိန်တွင်ဖြစ်ပေါ်သည့် ပုန်ကန်သောအစဉ်အလာပုံစံမျိုး တစ်ခုသာ ရှိခဲ့ဖူးသည်။ မိုးကောင်းကင်အောက်တွင်ရှိကြသောလူမျိုးအားလုံး ပြန်လည်ပေါင်းစည်းခြင်းနှင့် အတူ သဘောထားကွဲလွဲမှုများအဆုံးသတ်သွားပြီး တရုတ်ကိုဗဟိုပြုထားသည် မင်းဆက်သစ်တစ်ခုပြန်လည် ပေါ်ထွက်လာခဲ့သည်ချည်းပင်ဖြစ်၍ ယင်းသည်ကပင် ရေးသားမထားသောဥပဒေသတစ်ခုလို ဖြစ်နေခဲ့သည်။
၎င်း၏အင်ပါယာအဆင့်အတန်းအရ တရုတ်သည် ၀န်းရံနေသောအိမ်နီးချင်းနိုင်ငံသားများကို သမာသမတ် ကျမှုကိုသာပေးသည်။ တန်းတူရည်တူသဘောမထားခဲ့ပေ။ တရုတ်သို့ လက်ဆောင်ပဏ္ဏာဆက်သရသည့် အလေ့အထကို မည်မျှစောင့်ထိန်းလိုက်နာခြင်းနှင့် တရုတ်ယဉ်ကျေးမှုကို ရရှိမှုအချိုးအစားအရ ၎င်းတို့အား လူသားဆန်စွာသော်လည်းကောင်း၊ ဂရုဏာမေတ္တာတရားဖြင့်သော်လည်း ဆက်ဆံမည်ဖြစ်သည်။
နိုင်ငံတကာအရေးအခင်းများတွင် တရုတ်တို့ချဉ်းကပ်ခဲ့မှုနှင့်ပက်သက်လျင် အထင်ရှားဆုံးအချက်မှာ ၎င်းတို့၏ တခမ်းတနားကြီးကျယ်သောသွင်ဟန်တို့ထက် မဟာဗျူဟာအမြင်ထက်မြက်မှုနှင့် သက်တမ်းရှည်မှုတို့ကို အားပြုခဲ့ခြင်းဖြစ်သည်။ တရုတ်သမိုင်း၏ ကာလအတော်ကြာအောင်ပင် တရုတ်၏ပြောင်းလဲနေပြီး ရှည်လျား လှသော နယ်ခြားဒေသများတွင်နေထိုင်ကြသည့် လူဦးရေနည်းသောလူမျိုးများက တရုတ်တို့ထက်ပို၍ လက်နက်အင်အားကောင်းကာ ပို၍ရွှေ့လွယ်ပြောင်းလွယ် ရှိခဲ့ကြသည်။ တရုတ်၏ မြောက်နှင့် အနောက်ဘက် တွင် နေရာရွှေ့ပြောင်းနေထိုင်တတ်သည့် မန်ချူးများ၊ မွန်ဂိုများ၊ အိုက်ကွာများနှင့် တိဗက်လူမျိုးများရှိသည်။ နောက်ဆုံးတွင်မူ ရုရှားအင်ပါယာမှ နယ်ပယ်ချဲ့ထွင်သူများလည်း ရှိသည်။ ၎င်းတို့က တရုတ်၏ စိုက်ပျိုးရေး အချက်အခြာနယ်မြေများရှိသည့် နယ်ခြားဒေသကို မြင်းတပ်များဖြင့်ဝင်ရောက်စီးနင်းပြီး အထိအခိုက်နည်း စွာဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသူတို့အား လက်တုံ့ပြန်တိုက်ခိုက်ရန် စေလွတ်လိုက်သည့် တရုတ်တပ်ဖွဲ့များ အဖို့မူ တောင်စဉ်တောင်တန်းကို ဖြတ်ကျော်ရသည့်အခက်အခဲ၊ ထောက်ပို့ရေးတပ်များအတွက် အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။ တရုတ်စကြ၀ဠာဗေဒတွင် လက်အောက်ခံနိုင်ငံများဟု မည်ကာမတ္တသာရှိ သည့် တရုတ်တောင်ဘက်နှင့်အရှေ့ဘက်တွင် နေထိုင်ကြသူများကလည်း ထင်ရှားသည့် ရိုးရာစစ်ပညာများ နှင့် အမျိုးသားရေးအမှတ်အသားသရုပ်များကို ပိုင်ဆိုင်ထားကြသည်။ ယင်းတို့မှ ဇွဲနဘဲ အလွန်ကောင်းသူ များဖြစ်သည် ဗီယက်နမ်များကမူ တရုတ်၏ ကြီးမြတ်သာလွန်သည်ဟုအထင်ရောက်မှုကို ပြင်းပြင်းထန်ထန် ခုခံပြီး တိုက်ပွဲတွင် တရုတ်ကိုအနိုင်တိုက်သည်ဟု ထင်မြင်သည်။
တရုတ်တွင် အိမ်နီးချင်းနိုင်ငံများအားလုံးကို သိမ်းပိုက်နိုင်သည့်အနေအထားမရှိပေ။ ၎င်း၏လူဦးရေမှာ ဘိုးဘွားပိုင်မြေယာများကို လုပ်ကိုင်စားသောက်နေသည့် လယ်သမားများက အများစုဖြစ်သည်။ တရုတ်၏ အထက်တန်းလွှာ မူးကြီးမတ်ရာများဆိုသည်မှာလည်း စစ်ပွဲတွင်ရဲစွမ်းသတ္တိပြခဲ့၍ သူတို့၏ ရာထူးကိုရရှိလာ ခြင်းမဟုတ်။ ကွန်ဖြူးရှပ်၏ဂန္တ၀င်ကျမ်းများနှင့် စာပန်းချီရေးခြင်း၊ ကဗျာလင်္ကာစပ်ဆိုခြင်း စသော အနုပညာ များကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် ရရှိလာခြင်းဖြစ်သည်။ နိုင်ငံတစ်ခုချင်းအားဖြင့် အိမ်နီးချင်းနိုင်ငံသားများ သည် စုစည်းညီညွတ်မှုပမာဏတစ်ခုခုဖြင့် စီးနင်းလာနိုင်ဖွယ်ရှိသော အလေးထားရမည့် ခြိမ်းခြောက်မှုများ လုပ်လာနိုင်သည်။  သမိုင်းပညာရှင် အိုဝင်လက်တီမိုးက ဤသို့ရေးသားခဲ့သည်။
ထိုသို့သော အကြောင်းများကြောင့် ဘာဘေးရီးယန်းများ၏ တရုတ်အပေါ်ကျူးကျော်ခဲ့မှုများသည် အမြဲတမ်း ရှိနေသည့် ခြိမ်းခြောက်မှုများဖြစ်သည်။ ဘာဘေးရီးယန်းများတစ်ဦးက အခြားဘာဘေးရီးယန်းတစ်ဦး၏ တိုက်ခိုက်လာမည့်အရေးကို ရှေ့ နောက် ၀ဲ ယာ သတိပြုနေရခြင်းဖြင့် တရုတ်အပေါ် ကျူးကျော်လာမည့်အခြေ အနေကို စိတ်ချလက်ချဘေးဖယ်ထားနိုင်မည်။
တရုတ်၏ ရုပ်ဝတ္ထုများကြွယ်ဝမှုနှင့် အချက်အချာကျသည်ဟု အမွှန်းတင်ထားမှုများကပင် ဘက်ပေါင်းစုံမှ ကျူးကျော်မှုများအား ဖိတ်ခေါ်ထားသကဲ့သို့ ဖြစ်စေခဲ့သည်။
တရုတ်၏ အထင်ကရရုပ်ပုံလွှာကို အနောက်ကမ္ဘာမှသရုပ်ဖော်ပြလေ့ရှိသော အလွန်ထင်ရှားသည့် မဟာ တံတိုင်းကြီးကိုကြည့်လျှင် ခဲရာခဲဆစ် ကြိုးပမ်းထားသည့် အောင်မြင်သောဖြေရှင်းမှုတစ်ခုဖြစ်သည့်တိုင် တရုတ်၏အခြေခံ ထိခိုက်လွယ်မှုကိုရောင်ပြန်ဟပ်ခြင်းပင် ဖြစ်သည်။ အမြော်အမြင်ရှိသော တရုတ်နိုင်ငံရေး ခေါင်းဆောင်များသည်သံတမန်ရေးနှင့် စီးပွားရေးနည်းလမ်းအသွယ်သွယ် အပေါ်အားပြုခြင်းမှာ ရန်ပြုလာ ဖွယ်ရှိသော နိုင်ငံခြားတိုင်ပြည်များနှင့်ဆက်ဆံရေးကို တရုတ်ကိုယ်တွယ်ဖြေရှင်းနိုင်သည့်အနေအထား ရောက်ရှိနိုင်ရန်ဖြစ်သည်။ အမြင့်ဆုံးဆန္ဒမှာ သိမ်းပိုက်ရန်ထက် (တရုတ်သည် အခါအားလျော်စွာ အဓိကကျ သော စစ်ဆင်ရေးမှုပြုလုပ်သည့်တိုင်) ကျူးကျော်မှုကိုတားဆီးရန်နှင့် ဘာဘေးရီးယန်းများ ညွန့်ပေါင်းမဖြစ် စေရန်သာ ဖြစ်သည်။
တရုတ်မင်းဧကရာဇ်၏ အံ့သြထိတ်လန့်ဖွယ်ရာပုံရိပ်ကို ဖော်ထုတ်ပြသရင်း ကုန်သွယ်ရေးမက်လုံးများ၊ ကျွမ်း ကျင်သောနိုင်ငံရေးအခင်းအကျင်းများအသုံးပြု၍ ကျူးကျော်လာဖွယ်ရှိသူများက တရုတ်၏ အင်အားကို စမ်းသပ်မှုအားတားဆီးရန်အတွက် တရုတ်ကိုဗဟိုပြူသည့်နှုန်းစံများကို စောင့်ကြည့်လေ့လာစေခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများအား အပျော့ဆွဲ ဆွဲခဲ့လေသည်။ တရုတ်၏ရည်မှန်းချက်မှာ ဘာဘေးရီးယန်းများကို သိမ်းပိုက်ရန်နှင့် လက်အောက်ခံအဖြစ်သွတ်သွင်းရန်မဟုတ်၊ “(သူတို့အား) ဇက်ကြိုးလျော့လျော့ဖြင့် ထိန်းချုပ်ရန် (ji mi)” ဖြစ်သည်။  မနာခံသူများအတွက်မူ ကျော်ကြားလှစွာသောနည်းတစ်ခုဖြစ်သည့်ဘာဘေးရီးယန်းများကို ဘာဘေးရီးယန်းများဖြင့် ခွေခြင်းဆိုသည့်နည်းဖြင့် ၎င်းတို့ကြား ခွဲခြားကာ တရုတ်က အမြတ်ထုတ်မည်ဖြစ်သည်။ တရုတ်၏ အရှေ့မြောက်နယ်ခြားဒေသမှလူမျိုးစုများက ခြိမ်းခြောက် လာဖွယ်ရှိသည်များကို မင်မင်းဆက်လက်ထက်အရာရှိတစ်ဦးရေးသား သကဲ့သို့
လူများစုများသည် ၎င်းတို့အချင်းချင်းကွဲပြားနေလျှင် သူတို့အားနည်းနေမည် (အားနည်းလျက်ပင်ရှိသည်) (ထိုသို့ဖြစ်နေခြင်းသည်) သူတို့အား ထိန်းချုပ်စိုးမိုးထားခြင်းဖြင့် အလွယ်တကူကိုင်တွယ်နိုင်မည်။ အကယ်၍ လူမျိုးစုအချင်းချင်းကွဲပြားနေလျင် တစ်စုနှင့်တစ်စုကြဉ်ကြမည်ဖြစ်ကာ နာခံရန်အသင့်ဖြစ်နေမည်။ ကျွန်ုပ်တို့က တစ်စုကို သို့မဟုတ် အခြားတစ်စုကို (သူတို့ မျိုးနွယ်စုအကြီးအကဲများကို) မျက်နှာသာပေးကာ သူတို့တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်စေမည်။ နိုင်ငံရေးလုပ်ငန်းတစ်ခု၏ အခြေခံမူဝါဒတစ်ရပ်တွင် အခိုင် အမာဆိုထားသည်ကဘာဘေးရီးယန်းများကြား စစ်ပွဲများသည် တရုတ်အတွက် အတိတ်နိမိတ်ကောင်းများ ဖြစ်သည်
ထိုစနစ်၏ရည်မှန်းချက်သည် တရုတ်၏ နယ်ခြားများတွင် ညွန့်ပေါင်းများဖွဲ့ခြင်းမှကာကွယ်တားဆီးရန် အခြေခံအားဖြင့် ခံစစ်အနေအထားဖြစ်သည်။ ဘာဘေးရီးယန်းစီမံခန့်ခွဲမှု၏ အခြေခံမူများသည် တရုတ်အရာရှိ များတွင် အရိုးစွဲနေပြီဖြစ်ရာ ၁၉ ရာစု၌ ဥရောပဘာဘေးရီးယန်းများ တရုတ်ကမ်းခြေများသို့ အင်အားဖြင့် ရောက်လာကြသည်အခါ တရုတ်အရာရှိများသည် သူတို့၏စိန်ခေါ်မှုကို သူတို့၏ရှေ့မင်းဆက်များလက်ထက် ကတည်းက အသုံးပြုခဲ့သည့်စကားစုများအတိုင်း ဖော်ပြကြသည်။ သူတို့အပျော့ဆွဲဖြင့်ကိုင်တွယ်နိုင်သည်အထိဘာဘေးရီးယန်းကိုဘာဘေးရီးယန်းဖြင့် ခွေခြင်းကို အသုံးပြုပေ မည်။ ဗြိတိသျှ၏ ကနဦးတိုက်ခိုက်မှုကိုလည်း တုံ့ပြန်ရာတွင်လည်း မိရိုးဖလာမဟာဗျူဟာတစ်ခုကိုပင် အသုံး ပြုခဲ့သည်။ သူတို့က အခြားဥရောပနိုင်ငံများကို ပထမဦးစွာဆွပေးရန် ရည်ရွယ်ချက်ဖြင့်ဖိတ်ခေါ်ခဲ့ကာ ထို့နောက် သူတို့၏ပြိုင်ဘက်ကို ကြိုးကိုင်ခြယ်လှယ်မည်ဖြစ်သည်။
ထိုရည်မှန်းချက်များအကောင်အထည်ပေါ်ရန် တရုတ်ရုံးတော်၏ အသုံးပြုသည်နည်းလမ်းများသည် ထူးထူး ကဲကဲပင် လက်တွေ့ကျလွန်းသည်။ ယွမ်နှင့် ချင်မင်းဆင်များစတင်ခဲ့သည့်အချိန် သူတို့အား တရုတ်ဇာတ်သွင်း ရန် ပမာဏအဖြစ် တရုတ်သည် ဘာဘေးရီးယန်းများကို တံစိုးလက်ဆောင်ပေးသည်။ သို့မဟုတ် ဟန်လူမျိုး ဦးရေအရသာလွန်မှုကို အသုံးပြုခြင်းဖြင့် ထိုသူတို့ကို အားပျော့လာစေသည်။ မအောင်မြင်သည့်အချိန်တွင်မှ ထိုသူတို့ကို အလျှော့ပေးခဲ့သည်။ စစ်စစ်ပေါက်ပေါက် ပရိုတိုကောတစ်ခုဖြင့်  အထက်တန်းလွှာတရုတ်တို့က ကြီးမြတ်သာလွန်မှုဟု အခိုင်အမာဆိုခွင့်ရသွားသည့်တိုင် တရုတ်ဘုရင့်ညီလာခံကမူ အခြားသောအဆက် အစပ်အကြောင်းတရားများအရ ရွှေပြည်အေးနည်းလမ်းကိုသာ ပုံမှန်ကျင့်သုံးခဲ့သည်။ ဤနည်းဖြင့် တရုတ်၏ အနောက်မြောက်ဘက်နယ်ခြားဒေသမှ တောင်ပေါ်ရှောင်နျူလူမျိုးစုများကို ကိုင်တွယ်ရန် ဟန်မင်းဆက် ၀န်ကြီးတစ်ဦးက သူ၏အဆိုပြုချက်၌ငါးစာငါးမျိုးကို ဖော်ပြခဲ့သည်။
သူတို့မျက်လုံးတွေအကျင့်ပျက်စေဖို့ ၀တ်ကောင်းစားလှတွေ၊ ရထားလုံးတွေ သူတို့ကိုပေးပါ။ သူတို့ပါးစပ်တွေ အကျင့်ပျက်စေဖို့ စားကောင်းသောက်ဖွယ်တွေ သူတို့ကိုပေးပါ။ သူတို့နားတွေ အကျင့်ပျက်စေဖို့ ဂီတနဲ့ အမျိုး သမီးတွေ သူတို့ကိုပေးပါ။ သူတို့ဝမ်းတွေ အကျင့်ပျက်စေဖို့ တဆောင်တယောင်နဲ့ အဆောက်အအုံတွေ၊ ရိက္ခာ ကျီကျတွေ၊ ကျေးကျွန်တွေ သူတို့ကိုပေးပါ။ သူတို့ စိတ်နှလုံးတွေအကျင့်ပျက်စေဖို့ မင်းဧကရာဇ်က သူတို့ကို မျက်နှာပေးချီးမြှောက်ကြောင်းကိုပြသရန် ဧကရာဇ်မင်းကိုယ်တိုင် ၀ိုင်အရက်တွေ၊ စားကောင်း သောက်ဖွယ် တွေကိုတည်ခင်းတဲ့ မင်းပွဲသဘင်တွေ သူတို့ကိုပေးပါ။ ဒါတွေဟာ ငါးစာငါးမျိုးလို့ ခေါ်ဆိုနိုင်ပေတယ်။
အင်အားကောင်းသည့်ကာလတွင် အလယ်ပိုင်းဘုရင့်နိုင်ငံတော်၏ သံခင်းတမန်ခင်းသည် အင်ပါယာ၏ ပါဝါအတွက် အိုင်ဒီယိုလိုဂျီဆိုင်ရာ ဆင်ခြင်သမှုပြုခြင်းဖြစ်သည်။ အကျကာလအတွင်း၌မူ အားနည်းချက်ကိုဖုံး ကွယ်ရန်နှင့် ပြိုင်ဘက်အင်အားစုများကို တရုတ်ကကြိုးကိုင်ချယ်လှယ်ရာ၌ အထောက်အကူပြုရန်ဖြစ်သည်။ လွန်စွာမဝေးလှသောကာလများက ပါဝါအတွက်ဒေသဆိုင်ရာပြိုင်ဘက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် တရုတ် သည် ကန့်သတ်ထားသော နယ်မြေရည်မှန်းချက်နှင့် ကျေနပ်ရောင့်ရဲခဲ့သည့်အင်ပါယာတစ်ခု ဖြစ်ခဲ့သည်။ ဟန်မင်းဆက် (အေဒီ ၂၅-၂၂၀) အတွင်း ပညာရှင်တစ်ယောက်ရေးသားခဲ့သည်ကမင်းဧကရာဇ်သည် ဘာဘေးရီးယန်းများကို အုပ်ချုပ်တော်မမူ။ မင်းကြီးထံအခစားဝင်ရောက်သူများကိုလည်း ငြင်းပယ်ခြင်းမပြု။ ထွက်ခွာသွားသူများကိုလည်း သိမ်းသွင်းတော်မမူဟု ဖြစ်သည်။ ဦးတည်ချက်မှာ တရုတ်ထိန်းချုပ်မှုအောက် တွင် တိုက်ရိုက်ထားရှိရန်ထက် အဖြည့်ခံသဘော၊ အစွန်အဖျားဒေသတို့ကို သွေးခွဲထားခြင်း သဘောသာဖြစ် သည်။
တရုတ်၏ အခြေခံကျသော လက်တွေ့အကျိုးစီးပွားပဓာန၀ါဒ၏ အထင်ရှားဆုံးဖော်ပြချက်မှာ သိမ်းပိုက်သူများ ကို တုံ့ပြန်ခြင်းသာဖြစ်ခဲ့သည်။ တိုင်းခြားပြည်ခြား မင်းဆက်တစ်ခုတိုက်ပွဲတွင် အောင်နိုင်နေချိန်တွင် တရုတ် ဗျူရိုကရက်အထက်တန်းလွှာများ ကနဦးတွင် သိမ်းပိုက်လာသူကို အခစားဝင်ပြီးဖျောင်းဖျသည်။ အလွယ် ကျယ်ပြန့်ပြီး တစ်မူထူးသောနယ်မြေဖြစ်သည့်အတွက် တရုတ်လမ်းစဉ်များ၊ တရုတ်ဘာသာစကားများနှင့် လက်ရှိတရုတ်ဗျူရိုကရေစီများဖြင့်သာ ထကြွမှုများကိုအုပ်ချုပ်နိုင်ခဲ့သည်ဟု သံတော်ဦးတင်ကြသည်။ မျိုးဆက်တိုင်းတွင် သိမ်းပိုက်လာသူများသည် သူတို့လွှမ်းမိုးလိုသောအနေအထားနှင့် ပို၍ပို၍သဟဇာတဖြစ် လာသည်ကို သူတို့ကိုယ်တိုင် လက်ခံသွားကြသည်။ တရုတ်ကိုသိမ်းပိုက်ရန်အတွက်စတင်ခဲ့သည့် သူတို့ အမိမြေကိုပင် တရုတ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ယူဆသွားကြသည်။ သိမ်းပိုက်လိုက်သူ၏ ခေါင်းပေါ်သို့ သိမ်းပိုက်ခံနယ်မြေများအရေး ကျရောက်လာသည်နှင့်တပြိုက်နက် သိမ်းပိုက်သူများကိုယ်တိုင်ပင်လျှင် အစဉ်အလာ တရုတ်အမျိုးသားအကျိုးစီးပွားများကို ဖြည့်ကျင့်ပေးမိနေကြလေကုန်တော့သည်။
ကိုဝင်းကျော်

0 comments:

Post a Comment