ငြိမ်းချမ်းရေးပဲ့တင်သံ (အပိုင်း-၃) မျိုးမြင့်ချို မေ ၂၄ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်
သောတရှင်များခင်ဗျား..
စစ်ပွဲတိုင်းမှာ စစ်ဖြစ်လာစေတဲ့ အရင်းခံအကြောင်းတွေလည်း ရှိကြစမြဲပါပဲ။ အရင်းခံအကြောင်းတရားတွေမှာလည်း တဖြည်းဖြည်းချင်း တငွေ့ငွေ့အရှိန်ရလာတဲ့အဝေးကြောင်းနဲ့ လတ်တလောဖြစ်ရပ်တွေဆိုတဲ့ အနီးကြောင်းရယ်လို့ရှိပါတယ်။ အကြောင်းအချက်နဲ့ အခြေအနေတွေပြည့်စုံမှ စစ် ဆိုတဲ့အကျိုးဆက် ထဖြစ်ရတာပါ။ ပထမကမ္ဘာစစ်ကြီးလို့ပြောကြတဲ့ စစ်ပွဲကြီးဟာ တကယ်တော့ ဒုတိယကမ္ဘာစစ်ကြီးလို ကမ္ဘာ့နေရာအသီးသီးက နိုင်ငံစုံပါဝင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလွန်ကြီးကျယ်ပြီး အဆုံးအရှူံးအသေအပျောက် အပျက်အစီးတွေ အဆမတန်ကြီးမားခဲ့လို့သာ ကမ္ဘာစစ်လို့ ဆိုကြတာလို့ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးကတော့ ပိုပြင်းထန်ကြီးမားသလောက် ကမ္ဘာသူကမ္ဘာသားတွေနဲ့ ကမ္ဘာမြေလည်း ကြေမွမတတ်အထိနာခဲ့ရပါတယ်။
ဘာပဲပြောပြော ဒီစစ်ကြီး ၂ ပွဲကြောင့်ပဲ ကမ္ဘာ့သမိုင်းကြောင်းမှာ အလှည့်အပြောင်းနဲ့ အချိုးအကွေ့တွေလည်း မလွဲသာမရှောင်သာ ဖြစ်လာခဲ့ရပါတယ်။ အဆိုးထဲကနေရခဲ့ကြတဲ့ အကောင်းတွေကတော့ နှစ်ပေါင်းများစွာကိုလိုနီပြု ကျွန်ဇာတ်အသွင်းခံခဲ့ရတဲ့နိုင်ငံငယ်တွေမှာ အမျိုးသားရေးနိုးကြားမှုတွေ အရှိန်အဟုန်နဲ့ပေါ်ထွန်းလာခဲ့ကြသလို လွတ်လပ်တဲ့အမျိုးသားနိုင်ငံတွေလည်း အပြိုင်အရိုင်းပေါ်ထွက်လာခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာလည်း လွတ်လပ်တဲ့အမျိုးသားအချုပ်အခြာအာဏာပိုင်နိုင်ငံသစ်အဖြစ် ပေါ်ထွန်းရခဲ့ပေမယ့် အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရပြီး ပြည်တွင်းစစ်မီး ထတောက်ခဲ့ရပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတာနဲ့ပတ်သက်လို့ နိုင်ငံရေးသမားတွေ၊ သမိုင်းဆရာတွေ၊ ပညာရှင်တွေ၊ လေ့လာသူတွေ ရေးသားမှတ်တမ်းတင်ခဲ့တာတွေလည်း မနည်းလှပါဘူး။ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ ထုတ်ပြတဲ့အချက်အလက်နဲ့ ဆွဲပြတဲ့ကောက်ချက်တွေမှာတော့ ကွဲလွဲတာတွေအနည်းနဲ့အများဆိုသလို တွေ့ရမှာပါ။ ဒါကလည်း အပြစ်ဆိုရမယ့်ကိစ္စလို့တော့ မထင်ပါဘူး။ ခေတ်နဲ့ဖြတ်သန်းမှုတွေမှ မတူကြတာကိုး။ ခေတ်နဲ့ဖြတ်သန်းမှုနောက်ခံ တူသူတွေမှာတောင် ဖြတ်သန်းရတဲ့နယ်ပယ်နဲ့အဖွဲ့အစည်း၊ ယုံကြည်ကိုင်စွဲတဲ့ အယူအဆနဲ့လမ်းစဉ်တွေမှာမတူကြရင် အချက်အလက်နဲ့ကောက်ချက်ဆွဲတာတွေမှာ ကွဲလွဲကြရမှာပါပဲ။ အုပ်စုသဘော၊ ဘက် သဘောတွေလည်း ပါနေမှာပါပဲ။ ဒါပေမဲ့ ဘက်အသီးသီးကအမြင်တွေကို စေ့ငှအောင် လေ့လာဖတ်ရှူ ဆင်ခြင်နိုင်စွမ်းရှိမယ်ဆိုရင်တော့ အထိုက်အလျှောက် သမာသမတ်ကျမယ့်အမြင်တခုကို တည်ဆောက်ယူလို့ရမယ်လို့ ယုံကြည်ပါတယ်။
ကျနော့်အနေနဲ့ကတော့ ရှေ့ပိုင်းမှာတင်ပြခဲ့သလိုမျိုး လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့၊ အဖွဲ့အစည်းတွေပေါ်မှာ သက်ရောက်လွှမ်းမိုးနေတဲ့အယူအဆ အတွေးအခေါ်တွေအပေါ် ဗဟိုပြုစဉ်းစားတာမျိုးမဟုတ်ပဲ အာဏာလက်ရှိနဲ့အာဏာလက်မဲ့ တစ်နည်းပြောရရင် အစိုးရနဲ့ အစိုးရမဟုတ်တဲ့အင်အားစုများဆိုတဲ့အမြင်ပေါ်ကနေ ယေဘုယျသဘော အနှစ်ချုပ်တင်ပြချင်ပါတယ်။ အခု ပြည်တွင်းစစ်ကြီးဖြစ်လာပြီး ဒီလောက် သက်တမ်းရှည်ကြာနေခဲ့ရခြင်းဟာ တစ်တချက်... ဒီမိုကရေစီဆိတ်သုဉ်းနေခြင်းနဲ့၊ နှစ်တချက်...အမျိုးသားတန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိတာကြောင့်ပဲလို့ ကျနော်မြင်ပါတယ်။ လွတ်လပ်ရေးခေတ်ဦး ပွင့်လင်းစအမျိုးသားဒီမိုကရေစီအုပ်ချုပ်ရေးသဏ္ဍန်လို့ ဆိုနိုင်မယ့် ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ဖဆပလ အစိုးရ၊ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့အိမ်စောင့်အစိုးရ၊ သန့်ရှင်းဖဆပလလို့ဆိုတဲ့ ဦးနုရဲ့ ပြည်ထောင်စုအစိုးရ၊ ဗိုလ်ချုပ်နေဝင်းပဲခေါင်းဆောင်ခဲ့တဲ့ တော်လှန်ရေးကောင်စီအစိုးရ၊ မဆလ တစ်ပါတီအာဏာရှင်အစိုးရ၊ ၈၈ အပြီး မှာ စစ်အာဏာသိမ်း နဝတနဲ့နအဖ စစ်အစိုးရတွေအပြင် စစ်ဗိုလ်နဲ့စစ်ခေါင်းဆောင်ဟောင်းတွေကြီးစိုးပြီး ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရတွေအထိ အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမျိုးစုံဗမာပြည်သူတွေအပေါ် ဒီမိုကရေစီနည်းကျကျအုပ်ချုပ်မှုနဲ့ လက်တွေ့ကျင့်သုံးမှု အားနည်းခဲ့တာတွေရှိသလို၊ တခါတရံမှာ ဒီမိုကရေစီလုံးဝကို ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရတဲ့
အဖြစ်မျိုးတွေအထိလည်းရောက်ခဲ့ပါတယ်။ ထိုနည်းတူပဲ အမျိုးသားတန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း တင်းပြည့်ကျပ်ပြည့် လက်ခံကျင့်သုံးခဲ့တာမျိုး ဘယ်တုန်းကမှ တွေ့ခဲ့ရတာ မရှိပါဘူး။ ဒီအခြေအနေတွေကြောင့်ပဲ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရသလို ခုထက်ထိလည်းသက်ဇိုးရှည် နေရတာဖြစ်ပါတယ်။
နောက်တချက်က အဲဒီ အာဏာရအစိုးရအဆက်ဆက်တွေဟာ ဘယ်လိုအခြေအနေမျိုးရောက်မှ ငြိမ်းချမ်းရေးဆိုတဲ့စကားကို ပြောခဲ့ကြတာလဲ၊ ဘာရွယ်ရည်ချက်တွေလဲ ဆိုတာကိုလည်း စောကြော ကြည့်ချင်ပါသေးတယ်။ စစ်ပွဲမှာ ဘယ်ဘက်ကမှ နိုင်နိုင်ခြေမရှိတော့တဲ့အခါမှာ၊ ဒါမှမဟုတ် အင်အားချင်းညီမျှတဲ့အနေအထား ရောက်လာတဲ့အခါမှာ ဒါမှမဟုတ် ရှူံးဖို့သေချာလောက်ရှိတဲ့အခါမျိုးတွေမှာသာ လူတွေဟာ ငြိမ်းချမ်းရေးစကား ပြောတတ်တယ်ဆိုတာမျိုးဟာလည်း မှားတယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တခါတရံမှာ အဲသလိုမဟုတ်ပဲ နိုင်ငံရေးအရဖြစ်နေတဲ့ သီးခြားအခြေအနေတွေအောက်မှာလည်း ငြိမ်းချမ်းရေးဆိုတဲ့အသံကို ပရိယာယ်သဘောနဲ့ ထုတ်ထုတ်လာတတ်ကြတာတွေလည်းရှိပါတယ်။ ခေတ်အဆက်ဆက်မှာ စစ်ဒဏ်ကို မချိမဆန့်ခံနေရတဲ့ မြန်မာပြည်သူတွေအဖို့ ငြိမ်းချမ်းရေးဟာ ထာဝရလိုအပ်ချက်ဖြစ်သလို အစဉ်တစိုက် ကြွေးကြော်တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ တခါတရံမှာ အခြေအနေအရ တောင်းဆိုသံတွေ ကျယ်လောင်ခွင့်မရှိခဲ့ရင်တောင်မှ လူထုရဲ့နှလုံးသားထဲမှာတော့ ငြိမ်းချမ်းရေးဟာ ဖွဲမီးလို တငွေ့ငွေ့လောင်မြိုက်နေရတာပါ။ အခွင့်သာတဲ့အခါတွေမှာ ပြည်သူတွေဟာ ကြွေးကြော်တောင်းဆိုရုံမက ငြိမ်းချမ်းစွာတိုက်ပွဲဝင်ခဲ့ကြတာတွေရှိပါတယ်။ ပြည်သူတွေစစ်ပွဲတွေကိုမလိုချင်တော့ဘူး၊ ပြည်သူတွေငြိမ်းချမ်းရေးကို မွတ်သိပ်နေကြတယ်ဆိုတာ အာဏာရအစိုးရအဆက်ဆက်ကလည်း သိမြင်ကြပါတယ်။ ဒါ့ကြောင့်မို့လည်း လူထုတောင်းဆိုမှုတွေ ကြီးလာရင်ကြီးလာသလို၊ လူထုလှုပ်ရှားမှုရေချိန် မြင့်လာရင် မြင့်လာသလိုကြည့်ပြီး ဟန်ပြအတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပပေးတတ်ပါတယ်။
ခေတ်အဆက်ဆက်က အစိုးရတွေလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ တကယ့်ရည်ရွယ်ချက်က ပြည်တွင်းစစ်ကြီးကို အပြီးတိုင်ရပ်စဲဖို့နဲ့ အစစ်အမှန်ငြိမ်းချမ်းရေး တည်ဆောက်ဖို့တော့ မဟုတ်ကြပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုတဲ့ နိုင်ငံရေးအရှိန်အဟုန်တွေကို လျှော့ချပစ်ဖို့ရယ်၊ နေ့တဓူဝရင်ဆိုင်နေရတဲ့နေတဲ့ အထွေအထွေအကျပ်အတည်းတွေကြောင့် မကျေမချမ်းဖြစ်နေရတဲ့လူထုရဲ့စိတ်အာရုံကို ပြောင်းပစ်ဖို့ရယ်နဲ့ ငြိမ်းချမ်းရေးမရတာ ငါတို့ကြောင့်မဟုတ်ဘူး၊ လက်နက်ကိုင်ခုခံနေကြသူတွေကြောင့်ဆိုပြီး လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေနဲ့ တဘက်အင်အားစုတွေအပေါ် နံမည်ဖျက်ဖို့၊ လက်ညှိုးထိုးအပြစ်ပုံချဖို့ပဲဖြစ်ပါတယ်။
တိုင်းပြည်နဲ့လူထုအပေါ် ကောင်းတဲ့စေတနာနဲ့ စစ်မှန်ရိုးသားတဲ့ရည်ရွယ်ချက်မဟုတ်လေတော့ ဟန်ပြငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေဟာလည်း ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတဲ့အဆင့် မရောက်ခင်ကတည်းက မအောင်မြင်ဖို့၊ ပျက်စီးဖို့ သန္ဓေပါလာပြီးသားဖြစ်နေတာ တွေ့ရမှာပါ။ ဒီမိုကရေစီ မဖွံ့ဖြိုးသရွေ့၊ အမျိုးသားတန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေမရှိသရွေ့ ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာဟာ စိတ်တောင်ကူးကြည့်ဖို့ မလွယ်သေးဘူးလို့ထင်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment