ငြိမ်းချမ်းရေး ပဲ့တင်သံ (အပိုင်း-၁) မျိုးမြင့်ချို (မေ ၁၀ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်) သောတရှင်များခင်ဗျား.. ခုတပတ်ကစပြီး မြန်မာပြည်ပြည်တွင်းစစ်နဲ့ပတ်သက်တာတွေ၊ အတိတ်က ပျက်ပြယ်ခဲ့ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နဝတ၊ နအဖနဲ့ အခု ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရလက်ထက်အထိ တည်ဆောက်ခဲ့၊ ပျက်ပြယ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေဘက် လှည့်ပြီး (ငြိမ်းချမ်းရေး ပဲ့တင်သံ)ခေါင်းစဉ်နဲ့ တတ်နိုင်သမျှုစုစည်း တင်ပြသွားမယ်လို့ ရည်ရွယ်ပါတယ်။
အခုလို ပြောင်းလဲတင်ပြရတာဟာလည်း လက်ရှိမြန်မာပြည်ရဲ့အနေအထားနဲ့ တိုက်ရိုက် သက်ဆိုင်နေလို့ဖြစ်ပါတယ်။ လတ်တလော ပြည်တွင်းကနိုင်ငံရေးအလှည့်အပြောင်းနဲ့အတူ ပြည်ပနိုင်ငံတွေရဲ့ မြန်မာပြည်အပေါ်သဘောထားနဲ့ဆက်ဆံရေးတွေမှာ သက်ရောက်မှုတွေ သိသိသာသာကြီး ဖြစ်ထွန်းလာတာတွေ့ရပါတယ်။ အဲဒါတွေကြောင့် ပြည်ပကနေပြီး ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန်ပိုဖြစ်လာပါတယ်။ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုပင်မစီးကြောင်းမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဟာ ဘယ်တုန်းကနဲ့မှမတူအောင် ကျယ်လောင်ပြင်းထန်လာနေပါတယ်။ ဒါ့ကြောင့် ဒီပြောင်းလဲလာတဲ့အနေအထားနဲ့အတူ အပစ်အခတ် ရပ်စဲရေးကတဆင့် ပြည်တွင်းစစ်ကြီးချုပ်ငြိမ်းတဲ့အထိကြိုးပမ်းကြရာမှာ ကျနော့်တင်ပြချက်တွေဟာ အုတ်တစ်ချပ်သဲတစ်ပွင့်၊ တစုံတရာ အထောက်အကူဖြစ်နိုင်ကောင်းရဲ့ဆိုတဲ့မျှော်လင့်ချက်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။
သောတရှင်များခင်ဗျား.. (၁၉၄၈) ခုနှစ်ဟာ ထူးခြားထင်ရှားပြီး ကြီးမားတဲ့ဖြစ်စဉ်ကြီးတွေ ပေါ်ထွန်းစေခဲ့တဲ့နှစ်အဖြစ် ခေတ်သစ်မြန်မာ့သမိုင်းမှာ တွင်ခဲ့၊ ဝင်ခဲ့ပြီဆိုတာ ဘယ်သူမှငြင်းကြလိမ့်မယ် မဟုတ်ပါဘူး။ ဇန်နဝါရီ (၄) ရက်နေ့မှာရခဲ့တဲ့လွတ်လပ်ရေးနဲ့ မရှေးမနှောင်းမှာပဲ အမျိုးသားစည်းလုံး ညီညွတ်မှုပြိုကွဲခဲ့ရ၊ ပြည်တွင်းစစ်မီးကြီးထတောက်ခဲ့ရ၊ တိုင်းသူပြည်သားတွေ ကျီးလန့်စာစားဘဝနဲ့ နေလာခဲ့ကြရ၊ လူ့အခွင့်အရေးတွေ၊ လူမျိုးစုတိုင်းရင်းသားအခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှူံးခဲ့ကြရ၊ တိုင်းပြည်လည်း အထည်ကြီးပျက်ဘဝနဲ့ ကမ္ဘာ့အလယ်မှာမျက်နှာငယ်ရ ဖြစ်နေချိန်မှာပဲ သဏ္ဍန်မျိုးစုံနဲ့အာဏာရှင်အစိုးရတွေတက်လာ၊ အာဏာကိုအရင်းပြုပြီး လူထုအပေါ် နိုင့်ထက်စီးနင်းလုပ်ရင်း ကြီးပွားချမ်းသာကြနဲ့မို့ တိုင်းပြည်ဟာ ခုထက်တိုင်စိတ်မချမ်းမြေ့စရာတွေ၊ ခါးသည်းနာကျင်ကြေကွဲမှုတွေ၊ မျက်ရည်တွေနဲ့ပိတ်ဖုံးပြီး စစ်မီးလျှံနဲ့ယမ်းငွေ့တွေတအူအူကြားမှာ ဒုက္ခအတိပြီးနေရပါတယ်။
ပြည်တွင်းစစ်ကြီးလို့ပြောလိုက်တာနဲ့ တချို့သူတွေအဖို့ ဗြိတိသျှနယ်ချဲ့သာ တစ်ဦးတည်းသော တရားခံဆိုပြီး တန်းကနဲလက်ညှိုးထိုး လိုက်ကြတော့တာပါပဲ။ ပြည်တွင်းစစ်ကြီးဟာ နယ်ချဲ့စနစ်နဲ့ နယ်ချဲ့သမားရဲ့ သွေးခွဲသပ်လျှိုမှုနဲ့ခွဲခြားအုပ်ချုပ်ရေးကြောင့်၊ နယ်ချဲ့ သမားချခဲ့တဲ့မျိုးစေ့၊ မွှေးခဲ့တဲ့မီး၊ ထားခဲ့တဲ့အမွေဆိုးဆိုတဲ့ကောက်ချက်တွေ မမှန်ဘူးလို့ကျနော်မဆိုလိုပါဘူး။ နယ်ချဲ့စနစ်ဟာ ပြည်တွင်းစစ်ဖြစ်ရတဲ့ အရင်းခံအကြောင်းတွေထဲမှာ အဓိကကျတဲ့ကိစ္စတခုဖြစ်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီချခဲ့တဲ့မျိုးစေ့၊ ထားခဲ့တဲ့အမွေဆိုး မွှေးခဲ့တဲ့မီးပွားကို မီးတောက်မီးလျှံကြီးတွေဖြစ်လာအောင် ဘယ်သူတွေက ဆက်လုပ်ခဲ့ကြပါသလဲ။ မကောင်းတဲ့အမွေဆိုးမှန်းသိသိနဲ့ ဘာလို့များဆက်ခံခဲ့ရပါသလဲ။ နိုင်ငံရေးနဲ့ကိုယ်ကျိုးစီးပွားတွေအပေါ် ဘယ်လိုအခြေခံပြီးလုပ်ခဲ့ကြသလဲ စတာတွေကိုပါ ဆက်စဉ်းစားကြရ မယ်ထင်ပါတယ်။ နယ်ချဲ့စနစ်ဟာ ပြည်တွင်းစစ်ရဲ့လက်သည်ဆိုရင် အဲဒီမွေးလာတဲ့ကလေးဆိုးကို ပိုပြီး သွမ်းသထက်သွမ်းအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ခဲ့ကြသူတွေ၊ မြှောက်နေကြသူတွေမှာရော ဘာတာဝန်မှမရှိကြတော့ဘူးလားလို့ အမေးထွက်လာမှာပါ။
ပြည်တွင်းစစ်ရဲ့ပူးတွဲတရားခံတွေဟာ နယ်ချဲ့စနစ်ကိုလက်ညှိုးထိုးပြီး ကိုယ့်အပြစ်ကိုဖုံးကွယ်ဖို့ ကျိုးကြောင်းမသင့်မခိုင်လုံတဲ့ဆင်ခြေတွေထုတ်ပြပြီး ကိုယ့်ကိုယ်ကိုကာကွယ်နေကြသလို၊ မိမိပါဝင်ကျူးလွန်ခဲ့တဲ့အပြစ်ကို ဝန်ခံပြုပြင်ဆင်ခြင်ရမယ့်အစား တပါးသူပြုခဲ့တဲ့အပြစ်နဲ့ ကြေးတန်းတိုက်ပြီး ကိုယ်လွတ်ရုန်းနေကြတာပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် အဓိကထားပြီးပြောချင်တာက ပြည်တွင်းစစ်တရားခံဘယ်သူဘယ်ဝါဆိုပြီး လူပုဂ္ဂိုလ်တွေကိုတရားခံအဖြစ် အမည်တပ်အပြစ်ဖို့နေတာတွေဟာ အကျိုးမရှိလှဘူးလို့မြင်ပါတယ်။ ဒီလို ဆိုလိုက်ပြန်တော့ (လူကြောင့်ဖြစ်ရတဲ့ကိစ္စမှာ လူကိုမပြောလို့ ဘာကိုပြောရမှာလဲ) လို့ မေးစရာရှိပါတယ်။ ဒါပေမဲ့ စဉ်းစားစရာက အဲသလို ပုဂ္ဂိုလ်စွဲချက်တွေနဲ့ လူအပေါ်ချည်းပဲ အပြစ်တင်နေမယ်ဆိုရင်တော့ ကျနော်တို့ဖြေရှင်းချင်၊ ပြေလည်ချင်တဲ့ကိစ္စဆီအရောက်သွားဖို့ ပိုခက်လာလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်ကလည်း လူအပေါ် အပြစ်တင်တာတွေကြောင့် ဖြစ်စဉ်တိုင်းမှာအလွန်အရေးပါတဲ့ ခေတ်နောက်ခံအခြေအနေနဲ့ အဲဒီအခြေအနေကတွန်းပို့နေတဲ့ ဖြစ်ရပ်တွေ၊ စနစ်ဆိုင်ရာကိစ္စတွေ၊ အဖွဲ့အစည်းနဲ့အတွေးအခေါ်ဆိုင်ရာကိစ္စတွေဟာ အလိုလိုမှေးမှိန်သွားတတ်တဲ့သဘာဝ ရှိနေတတ်ပါတယ်။ ခေတ်ကြောင့်စနစ်ကြောင့်ဆိုတာတွေက နောက်တန်းရောက်သွားပြီး အဲဒီ ခေတ်စနစ်ကို ကိုယ်စားပြုသူ၊ အကောင်အထည်ဖော်သူ၊ ဦးဆောင်သူတဦးတယောက်ထဲအပေါ်မှာပဲ တာဝန်ရှိမှုမှန်သမျှဟာ ပုံကျသွားတတ်ပြန်ပါတယ်။
တကယ်ကတော့ ခေတ်တခုစနစ်တခု အမှားအမှန်အကောင်းအဆိုးနဲ့ အဲဒါတွေရဲ့ရလဒ်တွေ အကျိုး ဆက်တွေထွက်လာအောင်ပုံဖော်ခဲ့တဲ့ အသင်းအပင်းဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ အဖွဲ့အစည်းတွေ မှာလည်း တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တဖုံ တာဝန်မကင်းကြပါဘူး။ တာဝန်ရှိမှုအကြီးအသေးနဲ့ အနည်းအများသာကွာပါတယ်။ တချိန်တုန်းက အတူတွဲခဲ့ကြ၊ အတူလုပ်ခဲ့ကြ၊ အတူအကောင်အထည်ဖော် ခဲ့ကြသူတချို့ဟာ သူတို့ပြုခဲ့တဲ့တာဝန်ရှိမှုကို ရှောင်ရှားချင်တဲ့အခါမျိုးမှာ တာဝန်ရှိမှုမှန်သမျှ ထိပ်ဆုံးကလူဆီမှာပုံချတတ်ကြတာလည်း သမိုင်းမှာ အထင်ရှားရှိခဲ့ပါတယ်။ တာဝန်ရှိမှုတွေအားလုံး ခေါင်းဆောင်အပေါ်ပုံချလိုက်ရုံနဲ့ မိမိရဲ့ တာဝန်ရှိမှုဆိုတာက ပျေက်ပျက်သွားရိုးထုံးစံတော့လည်း မရှိတတ်ပါဘူး။ အဲသလိုမျိုး ဖြစ်ရပ်တွေ၊ အဲသလိုမျိုး လူပုဂ္ဂိုလ်တွေဟာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အရေအတွက်မနည်းလှတာ တွေ့ရမှာဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ ကိစ္စတခုကတော့ လူပုဂ္ဂိုလ်အပေါ်ချည်းပဲ အပြစ်ဖို့ရင်းဖို့ရင်းကနေ သားစဉ်မြေးဆက် အငြိုးမပြေနိုင်တာတွေ၊ အာဃာတတရားတွေနဲ့ အမုန်းသံသရာလည်ပြီး ရှေ့ဆက် မတက်နိုင်ဖြစ်ရမှာလည်း ရှိပါသေးတယ်။ ဒီတော့ ကျနော့်အနေနဲ့ ကျနော့်အမြင်အတွေးတွေကို တင်ပြတာမှာရော၊ အချက်အလက်တွေကို ထုတ်ပြပြောဆိုရာမှာပါ အတတ်နိုင်ဆုံး လူပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ အကျဉ်းချုပ်ပြီးတင်ပြဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရေးတို့ကို မျက်နှာမူဦးတည်ပြီးလည်း တင်ပြသွားမှာပါ။
နောက်တပတ်တွေမှာတော့ အစောဆုံးပြည်တွင်းလက်နက်ကိုင်အုံကြွမှုစတင်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ စစ်ရပ်စဲအောင် အာဏာရအစိုးရက မလုပ်လိုတဲ့အခါ၊ မလုပ်တဲ့အခါမျိုးတွေမှာ လူထုရဲ့အခန်းကဏ္ဍအရေး ပါလာပုံ၊ အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းနဲ့ လူထုလှုပ်ရှား မှုတွေလိုအပ်လာပုံနဲ့ပေါ်ပေါက်လာပုံ၊ ဦးဆောင်သူတွေရဲ့အနေအထားနဲ့ အစိုးရရဲ့တုံ့ပြန်ပုံစတာတွေကို လက်လှမ်းမီသမျှ ကြိုးပမ်းရှာဖွေ တင်ဆက်သွားပါ့မယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်
0 comments:
Post a Comment