ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ပဉ္စမတွဲ၊ အခန်း(၁၃)
ဆရာကြီးမှိုင်း၏ နောက်ဆုံးနေ့ရက်များ
ဆရာကြီး သက်တော် ၁၃ဝ ပြည့် စာစောင်ထုတ်ဝေဖို့ပြင်ဆင်နေသည့်ရဲဘော်များက
ကျွန်တော့်ကို ဆရာကြီးနှင့်ပတ်သက်၍ ဆောင်းပါး တိုလေးတစောင်ရေးသားပေးပါရန် တောင်းဆိုလာပါသည်။
၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁ နာရီ (သန်းခေါင်ကျော်ချိန်)တွင်
ကွယ်လွန်သွားသောဆရာကြီးသည် ကျွန်တော်၏လက်ပေါ် ကျွန်တော့်မျက်စိအောက်တွင်ပင်ဖြစ်သဖြင့်
ထိုမမေ့နိုင်ဖွယ်အကြောင်းကိုသာ ကျွန်တော်ရေးရပါတော့မည်။
ဆရာကြီးသည် တသက်တာပတ်လုံး သူအင်မတန်ချစ်မြတ်နိုးသောဗမာပြည်သူများ၏အရေး
စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရာတွင် သူ၏ နောက်ဆုံးဆောင်ရွက်ချက်များမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး
ဖြစ်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ဆရာကြီးသည်
၁၉၅၆ ခုနှစ်မှစ၍ ပထမ(၈)ဦးကော်မတီဖွဲ့ပြီး ဆောင်ရွက်ပါသည်။ ထိုအဖွဲ့ ပျက်ပြီးသောအခါ
၁၉၆၁ ခုနှစ်တွင် ဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကိုထပ်မံဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါသည်။
ထိုအဖွဲ့တွင် ဆရာကြီးက ဥက္ကဋ္ဌဖြစ်ပါသည်။ ကျွန်တော်သည် ထိုစဉ်က တပ်မတော်မှ ပင်စင်အနားပေးခံထားရပြီးဖြစ်သဖြင့်
ထိုအဖွဲ့တွင် ဒုဥက္ကဋ္ဌအဖြစ်ပါဝင်ခဲ့ပါသည်။ မကြာမီက ကွယ်လွန်သွားသူ လွှတ်တော်ရှေ့နေကြီးဦးထွန်းတင်မှာ
ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်ပါသည်။ ဦးထွန်းတင်မှာ ပထမ (၈)ဦးကော်မတီတွင်လည်း
အတွင်းရေးမှူးတာဝန်ယူခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အတွေ့အကြုံအတော်ရှိနေသူ
ဖြစ်ပါသည်။ တခြားသူများလည်း အများအပြားပါဝင်ရာ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ တော်ဘုရားလေး၊
မုံရွာဦးတင်ရွှေ၊ ဦးစိုးမင်း (ဗလစ)၊ ဦးလှကျော်၊ ဦးဘကျော်၊ ဦးလှတင်စသည့် လွှတ်တော်ရှေ့နေကြီးများဖြစ်ကြပါသည်။
ကရင်အမျိုးသားခေါင်းဆောင်များဖြစ်သော မန်းကျော်အုံး၊ စောကျော်စိန်တို့လည်း ပါဝင်ပါသည်။
ထိုဒုတိယ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးကို လူအင်အားများများနှင့်ဖွဲ့စည်းပြီး
တပြည်လုံးတွင် လှည့်လည်စည်းရုံးလှုံ့ဆော်နိုင်သဖြင့် နယ်ခရိုင်တော်တော်များများတွင်
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ခွဲများ တည်ထောင်နိုင်ပြီး ရန်ကုန်ခရိုင်တွင်း တိုက်နယ်တိုင်းလိုလိုတွင်
အဖွဲ့ခွဲများ ဖွဲ့စည်းတည်ထောင်လာနိုင်ပါသည်။ ဤကဲ့သို့ အရှိန်ကောင်းကောင်းနှင့်လှုပ်ရှားနေစဉ်မှာပင်
၁၉၆၂ ခု၊ မတ်လ ၂ ရက် ဗိုလ်နေဝင်း အာဏာသိမ်းမှုပေါ်ပေါက်ကာ တော်လှန်ရေးကောင်စီအစိုးရ တက်လာပါတော့သည်။
ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းလည်း တုံ့နှေးသွားရ ပါတော့သည်။
ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီက ၁၉၆၃ ခုနှစ်တွင် တောတွင်းအဖွဲ့များနှင့်
ဟန်ပြစေ့စပ်ဆွေးနွေးပွဲများလုပ်ပြီး ၁၉၆၃ နိုဝင်ဘာတွင် စေ့စပ်ဆွေးနွေးပွဲများပျက်ကာ၊
မကြာမီမှာပင် အဖွဲ့အစည်းအားလုံးဖျက်သိမ်းသည့်အမိန့် ထုတ်ပြန်လိုက်သဖြင့် ကျွန်တော်တို့
ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့လည်း လှုပ်ရှားမှုရပ်လိုက်ရပါတော့သည်။
ဆရာကြီးမှာ ထိုကာလတွင် အတော် အင်အားချည့်နဲ့နေပြီဖြစ်သဖြင့်
ကျွန်တော်တို့က ထိုအဖွဲ့အစည်းများဖျက်သိမ်းသည့်အမိန့်အကြောင်း တလုံးတပါဒမျှမပြောဘဲ
ဖုံးဖိထားကြပါသည်။ ဆရာကြီး၏နေအိမ်၊ စမ်းချောင်း၊ ချမ်းသာလမ်းသို့ ကျွန်တော်တို့တတွေ
သွားမြဲသွားကာ ဆွေးနွေးကြ၊ တိုင်ပင်ကြတွေလုပ်နေပါသည်။
ထိုကာလက ဆရာကြီးအိမ်တွင် အစဉ်အမြဲ မပြတ်ဝင်ထွက်သွားလာနေသူများထဲတွင်
အများဆုံးနှင့် ပုံမှန်အကျဆုံးလူသုံးဦး ရှိပါသည်။
ပထမ တဦးမှာ ဆရာကြီး၏ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပြုစုနေသော
ဒေါက်တာဆင်ဖိုး ဖြစ်ပါသည်။ ဒေါက်တာဆင်ဖိုးမှာ ဆရာကြီးနှင့်ဆွေမျိုးတော်စပ်သူမဟုတ်သော်လည်း၊
မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်၍ ဆရာကြီး၏ဆောင်ရွက်ချက်များကို ကြည်ညိုလေးစားပြီး ဆရာကြီး၏
သမားတော်ကြီးတာဝန်ကို မိမိဆန္ဒနှင့်မိမိဘာသာ လာခံယူထားသူ ဖြစ်ပါသည်။ တချိန်တွင် ဒေါက်တာဆင်ဖိုးအား
အစိုးရက နယ်ပြောင်းဖို့စီစဉ်ရာ၊ ကျွန်တော်က ထိုစဉ်က တော်လှန်ရေးကောင်စီ ကျန်းမာရေးဝန်ကြီး၊
ဗိုလ်မှူးကြီးလှဟန်ထံ ပုဂ္ဂိုလ်ရေးစာတစောင်ရေး၍ ဒေါက်တာဆင်ဖိုးမှာ ဆရာကြီး၏ကိုယ်ရေးဆရာဝန်ကြီးဖြစ်နေ၍
တတ်နိုင်လျှင် မပြောင်းဘဲထားပေးပါရန်ပန်ကြားရာ၊ ဗိုလ်မှူးကြီးလှဟန်က သဘောတူညီပြီး ဒေါက်တာဆင်ဖိုးအား
ရန်ကုန်မှာပဲထားပေးခဲ့ပါသည်။ ဗိုလ်လှဟန်မှာ ကျွန်တော်တပ်ရင်း(၄ )တပ်ရင်းမှူးဖြစ်စဉ်က
ဆေးမှူး တာဝန်ယူခဲ့ဖူးသဖြင့် ကျွန်တော်နှင့် တစုံတရာရင်းနှီးမှု ရှိပါသည်။
ဒုတိယမှာ လွှတ်တော်ရှေ့နေကြီးဦးထွန်းတင် ဖြစ်ကာ၊ တတိယမှာ
ကျွန်တော် ဗိုလ်ကျော်ဇော ဖြစ်ပါသည်။ ကျွန်တော်တို့နှစ်ဦးမှာ စမ်းချောင်း ရပ်ကွက်ထဲမှာသာ
နေသူများဖြစ်သဖြင့်တကြောင်း၊ ကျန်လူအတော်များများမှာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲပျက်သွားပြီးနောက်
အဖမ်း အဆီးများခံကြရသဖြင့်တကြောင်း ဖြစ်ပါသည်။
ကျွန်တော်တို့သုံးဦးသည် ဆရာကြီးဆီ အမြဲဆိုသလိုသွားရောက်ကြပြီး၊
ဆရာကြီးနှင့်စကားစမြည်ပြောဆိုကြ၊ ဆွေးနွေးကြ လုပ်ကြပါသည်။ ဆရာကြီးကလည်း ကျွန်တော်တို့သုံးဦး
အဖမ်းအဆီးခံရမှာအလွန်စိတ်ပူသဖြင့် သတိဝီရိယနှင့်နေရန် မပြတ်သတိပေးတတ်ပါသည်။ ကျွန်တော်တို့
တရက်နှစ်ရက် သူ့အိမ်မရောက်လျှင် သူ့သမီးမြေးများကိုလွှတ်၍ ကျွန်တော်တို့အခြေအနေကို
မေးလေ့ရှိပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့ကလည်း မပြတ်သွားရောက်နေရပါသည်။
ဆရာကြီးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပျက်သွားကတည်းက
အတော်စိတ်ထိခိုက်သွားပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့က အဖွဲ့အစည်းများဖျက်သိမ်းသည့်အကြောင်း
မပြောပြခြင်း ဖြစ်ပါသည်။ သို့သော် တနေ့ ဆရာကြီးအတွက် ကွမ်းသီးဝယ်ရာတွင် ကွမ်းသီး ထုတ်လာသည့်သတင်းစာရွက်တွင်
ထိုသတင်းပါရှိရာမှ ဆရာကြီးသိရှိသွားပါတော့သည်။
ဆရာကြီးက တိုင်းပြည်တော့ ပိုဆိုးတော့မှာပဲဟုဆိုကာ အိပ်ရာတွင်
လဲသွားပါတော့သည်။ ထိုအချိန်ကစ၍ ဆရာကြီး ထူထူထောင်ထောင် ဖြစ်မလာတော့ဘဲ၊ တရွေ့ရွေ့ ကျန်းမာရေးဆုတ်ယုတ်လာပါတော့သည်။
ကျွန်တော်တို့တတွေ ဆရာကြီးအိပ်ရာဘေးတွင်ပင် ဝိုင်းဝန်းထိုင်ပြီး ဆရာကြီးအား စိတ်သက်သာရာသက်သာကြောင်း
ပေါ့ပေါ့ပါးပါးကိစ္စများသာ ပြောဆိုဆွေးနွေးကြရပါသည်။
တခါက ကျွန်တော်ဆရာကြီးအိပ်ရာဘေး ထိုင်နေစဉ် ဆရာကြီးက
ကျွန်တော့်လက်ကို လျှောက်စမ်းကြည့်ပြီး လက်စွပ်လည်းမရှိပါကလားဟု ပြောပါသည်။ ကျွန်တော်က
ကျွန်တော်တခါမှ လက်စွပ်မဝတ်ဖူးကြောင်းပြောရာ သူက အေး-ငါလည်း မဝတ်ဖူးဘူးကွဟု ပြန်ပြောပါသည်။
ဆရာကြီးမှာ မှတ်ဉာဏ်ကောင်းလှပြီး၊ ရွှတ်နောက်နောက်လည်း
ပြောတတ်ဆိုတတ်ပါသည်။ တခါက ကျွန်တော်တို့ရောက်သွားစဉ် သူက ခရီးရောက်မဆိုက် ကျွန်တော်တို့ကို
“ငါ့ဆီ မနက်က သခင်တင် လာသွားတယ်ကွ”ဟုပြောပါသည်။ ကျွန်တော်တို့ကလည်း ရုတ်တရက် ဖြစ်သဖြင့်
“ဘယ်သခင်တင်လည်း ဆရာကြီး”ဟု ပြန်မေးရာ၊ သူက ရယ်ရွှန်းဖတ်ရွှန်းဖြင့် “ဘယ်သခင်တင် ဖြစ်ရမလည်းကွ။
မီးခွက်မှုတ် သခင်တင်ပေါ့”ဟု ဆိုလိုက်ပါသည်။ ကျွန်တော်တို့လည်း ဝိုင်းဝန် ရယ်မောကြရပါသည်။
၁၉၆၄ ခုနှစ်၊ ဇူလိုင်လဆန်းလောက်ကစ၍ ဆရာကြီးအခြေအနေ အတော်ဆိုးဝါးလာပါသည်။
ကျွန်တော်တို့သုံးဦးမှာ တနေကုန် ဆရာကြီး အိမ်မှာပင်နေရပြီး ညအတော်မိုးချုပ်မှအိမ်ပြန်ကြရပါသည်။
အခြေအနေမကောင်းသောနေ့များတွင် ညတောင် အိမ်မပြန်ဖြစ်ကြပါ။
ဒေါက်တာဆင်ဖိုးမှာလည်း နေ့ရောညပါ ဆရာကြီးနားတွင်နေ၍
ပြုစုပါသည်။ အာဇာနည်နေ့နှင့်လည်းနီးနေသဖြင့် ရက်မထပ်အောင် အထူးကြိုးစားပြီး ဆေးဝါးများသွင်းကာ
ဆွဲနိုင်သမျှအချိန်ကိုဆွဲပါသည်။
ဇူလိုင်လ ၂၂ ရက်တွင်တော့ ဆရာကြီး သတိသိပ်မရှိတော့ပါ။
ဒေါက်တာဆင်ဖိုးက ကျွန်တော့ကို ဆရာကြီး၏လက်မောင်းသွေးကြောကို ဖိကိုင်ထားစေပြီး၊ အခြေအနေထူးခြားရင်ပြောဖို့
ပြောထားပါသည်။ သူလည်း အသက်ကယ်ဆေးအမျိုးမျိုး ထိုးပေးနေပါသည်။ ဆရာကြီး၏ ပတ်လည်တွင် ဆရာကြီး၏မိသားစုများအပြင်
ကျွန်တော်တို့သုံးဦး ရှိနေပါသည်။
ကျွန်တော်လည်း ဆရာကြီးလက်မောင်းသွေးကြောကိုကိုင်ပြီး
သွေးခုန်နှုန်းကိုသတိထားနေရာ ရုတ်တရက်သွေးခုန်တာ ဟိုရောက်၊ ဒီရောက် ဖြစ်ကာ ရပ်သွားပါတော့သည်။
ကျွန်တော်လည်လန့်ပြီး တချက်အော်လိုက်ရာ ဒေါက်တာဆင်ဖိုး အပြေးအလွှားစမ်းသပ်စစ်ဆေးပြီး
ကွယ်လွန် သွားပြီဖြစ်ကြောင်းပြောချလိုက်ပါသည်။ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက်
၁ နာရီအချိန် ဖြစ်ပါတော့သည်။
ဤတွင် အနီးရှိ ဆရာကြီး၏သမီးငယ် ဒေါ်မြသီက တချက်ဟစ်၍ငိုလိုက်ရာ၊
အနီးအနား အိမ်ပတ်ဝန်းကျင်တွင်စောင့်နေသော ကြေးမုံ သတင်းထောက်က သတင်းစာတိုက်ပြေးပြီးသတင်းပို့သဖြင့်
နောက်နေ့မနက်အစောထုတ် ကြေးမုံသတင်းစာမျက်နှာဖုံးပြည့် ဆရာကြီးပုံဖြင့် အထူးထုတ်ထွက်လာပါတော့သည်။
မြန်မာ့အသံကလည်း နံနက်ရှစ်နာရီသတင်းတွင် ဆရာကြီးကွယ်လွန်ကြောင်းထုတ်ပြန်ပေးရာ ထိုသတင်း
တပြည်လုံး ပျံ့နှံ့သွားပါတော့သည်။
ဤသည်မှာ ဆရာကြီး ကျွန်တော်၏လက်ပေါ်တွင် ကွယ်လွန်သွားခဲ့သည့်
အကြောင်းအရာများကို ကျွန်တော်မှတ်မိသလောက် ပြန်လည် ရေးသားပေးပို့လိုက်ခြင်း ဖြစ်ပါသည်။
၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်
ခွန်မင်း။
ဆရာကြီး ကွယ်လွန်သည့်သတင်း ပြန့်သွားပြီးနောက် ဆရာကြီး၏
ချမ်းသာလမ်းအိမ်လေးမှာ လူများလာရောက်ဂါရဝပြုကြသဖြင့် ပြည့်နှက် နေပါတော့သည်။ ဆရာကြီး၏
ရုပ်ကလာပ်ကို ဆရာကြီးခါတိုင်းအိပ်နေကျ အိမ်ရှေ့ခန်းကလေးမှာပင် ပြင်ဆင်ထားပါသည်။ ဆေးရုံကြီး
ရေခဲတိုက်မှလူများကိုခေါ်၍ မပုပ်သိုးအောင် ဆေးများထိုးရပါသေးသည်။ အိမ်ရှေ့တွင်ပင် မဏ္ဍပ်တခုထိုးထားရပါသည်။
နယ်များမှ သတင်း ကြားကြားချင်း တပည့်တပန်းများ ရန်ကုန်သို့ရောက်ချလာကြပါသည်။
အစောဆုံး ရောက်လာကြသူများထဲတွင် မန္တလေးမှ လူထုဦးလှသည်
ထိုကွယ်လွန်သည့်နေ့မှာပင် ရောက်ချလာပါသည်။ ကျွန်တော်တို့လည်း ဆရာကြီးဦးယောကိုအမှူးပြု၍
ဈာပနကော်မတီဖွဲ့လိုက်ပါတော့သည်။ ထိုစဉ်က ငြိမ်းချမ်းရေးအဖွဲ့ဝင်များ လူစုံတက်စုံမပါနိုင်တော့ချေ။
တချို့လည်း အဖမ်းခံရပြီးဖြစ်ကာ၊ တချို့လည်း တိမ်းရှောင်နေရချိန်နှင့်သွားတိုးနေပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ တဖက်သတ်ရပ်ပစ်လိုက်မှုအတွက်ရော၊
ဆွေးနွေးပွဲပျက်ပြီး လူဖမ်းပွဲကြီးများ တရစပ်ဆက်လက်လုပ်နေမှု အတွက်ရော လက္ခဏာပုံရိပ်ဆိုးဝါးနေသည့်
တော်လှန်ရေးကောင်စီသည် ဆရာကြီးကွယ်လွန်သည့်ကိစ္စတွင် ဝင်ရောက် အမြတ်ထုတ်လာပါ တော့သည်။
ကွယ်လွန်သည့်နေ့တွင်ပင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေဝင်း၏သဝဏ်လွှာနှင့်အတူ အသုဘကူညီငွေ
ကျပ်တသောင်းကို ပို့လာပါသည်။ ထိုစဉ်က ပြန်ကြားရေးဌာနအတွင်းဝန်ဦးစောဦးက ဆရာကြီးအိမ်သို့ရောက်ရှိလာပြီး
ဆရာကြီးဦးယောကို လာရောက်ပေးအပ် ပါသည်။ သူကပင် ဆရာကြီး၏ ဈာပနကို နိုင်ငံတော်ဈာပနလုပ်လျှင်
သိပ်ကြီးမားကျယ်ပြန့်သွားမှာကြောင့် ဈာပနကော်မတီဖွဲ့ပြီး ထိုကော်မတီ ကပင် ကြိုက်သလိုစီစဉ်ရန်
လိုအပ်သည့်အကူအညီများကို သူတို့ကပေးပါမည်ဟု ကမ်းလှမ်းပြောကြားလာပါသည်။
ဆရာကြီး၏ဈာပနကို တမျိုးသားလုံးနှင့်ဆိုင်သည့် ဈာပန၊
ပြည်သူ့ဈာပနအဖြစ်ကျင်းပရန် ကော်မတီကဆုံးဖြတ်ပါသည်။ ချမ်းသာလမ်း အိမ်တွင် ရက်သတ္တတပတ်ထားပြီး
ဇူလိုင်လ ၂၉ ရက်နေ့တွင် စမ်းချောင်းဘော့လုံးကွင်းတွင် အများဂါရဝပြုနိုင်ရန် ပြောင်းရွှေ့ထားရှိပြီး
သြဂုတ်လ ၈ ရက်နေ့တွင် သင်္ဂြိုဟ်ရန် ဆုံးဖြတ်ကြပါသည်။
ကျွန်တော်တို့လည်း ဈာပန ခမ်းခမ်းနားနားကျင်းပနိုင်ရေး၊
ဂူဗိမာန်ကောင်းကောင်း တည်ဆောက်နိုင်ရေးအတွက် အလှူခံထွက်ကြပါသည်။ ကျွန်တော်သည် ဝိဓူရသခင်ချစ်မောင်၊
လူထုဦးလှတို့နှင့်အတူ နိုင်ငံရေးသမားဟောင်းများ၊ ဆရာကြီး၏လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊
စာနယ်ဇင်းလောကမှလူများ စသူများဆီသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်အလှူခံကြရာ အလှူငွေများ
ရက်ရက်ရောရောပေးလှူကြပါသည်။ သတင်းစာများထဲမှ ကြေးမုံ၊ လူထုစသည့် သတင်းစာတိုက်များကလည်း
အလှူငွေကိုကူညီလက်ခံပေးရာ နယ်များမှ အလှူငွေများ ရောက်ရှိ လာပါသည်။ ကျွန်တော်တို့သည်
တပတ်နှစ်ပတ်အတွင်းမှာပင် အလှူငွေ ကျပ်ငွေတသိန်းကျော် ရရှိလာပါသည်။
သတင်းစာတိုင်းလိုလိုမှာလည်း ဆရာကြီး၏ဂုဏ်အင်္ဂါများကိုဖော်ပြကြပြီး
ဆရာကြီးကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြကြ ပါသည်။ အနိုင်နိုင်ငံက ဝမ်းနည်းကြောင်းသဝဏ်လွှာတွေလည်း
ရောက်ရှိလာပါသည်။ တရုတ်သံရုံး၊ ဆိုဗိယက်သံရုံး၊ ကိုရီးယားသံရုံး၊ ဟန်ဂေရီသံရုံး၊ ဗီယက်နမ်သံရုံး
စသည်တို့မှ သံရုံးတာဝန်ခံများလည်းရောက်ရှိလာကြပြီး သူတို့နိုင်ငံများမှပို့သည့် ဝမ်းနည်းသဝဏ်လွှာများ
လာရောက်ပေးအပ်ကြပါသည်။
ဆရာကြီး၏ရုပ်ကလာပ်ကို ချမ်းသာလမ်းမှာ တပတ်ထားပြီး ဇူလိုင်လ
၂၉ ရက်နေ့မှာ အစိုးရကပေးတဲ့စမ်းချောင်းဘော့လုံးကွင်း(ပဒုမ္မာကွင်း) ထဲရွှေ့ပြီး၊ တပြည်လုံး
ပြည်သူတွေဂါရဝပြုနိုင်ဖို့ ၁ဝ ရက်ထားပါသည်။ ထိုကွင်းထဲက မဏ္ဍပ်မှာ အစိုးရကပင် ဆောက်ပေးထားပါသည်။
အလှူငွေလည်း နောက်ထပ် ငါးထောင်ကျပ်ထပ်ပေးသွားပါသည်။ ထိုမဏ္ဍပ်ထဲတွင်ပင် ပြခန်းလေးတခုထားရှိပြီး
ဆရာကြီးအသက်ရှင်စဉ်က ဆောင်ရွက်ခဲ့သည့်သတင်းဓာတ်ပုံ၊ မှတ်တမ်း၊ ဆရာကြီး၏အသုံးအဆောင်ပစ္စည်းများ၊
နိုင်ငံခြားခရီးစဉ်အတွင်း ရရှိခဲ့သည်လက်ဆောင်များ အတော်စုံစုံလင်လင် ပြသထားပါသည်။
ကျွန်တော်တို့ ဈာပနကော်မတီက ညပိုင်းတွေမှာ ဟောပြောပွဲတွေလုပ်ရန်စီစဉ်ပါသည်။
အဓိကစီစဉ်သူက လူထုဦးလှပါ။ လူထုဦးလှမှာ အလွန် ဆက်ဆံရေးညက်ညောပျော့ပျောင်းသူ ဖြစ်သည်။
သူ၏ ကြိုးပမ်းမှုကြောင့်ပင် ကျန်စာပေနယ်မှ အကျော်အမော်ကြီးများအားလုံး ဝိုင်းရံလာကြပါသည်။
တချို့လူကြီးများသည် ဆရာကြီးအား စာပေဖခင်ကြီးအဖြစ်လေးစားကြည်ညိုသော်လည်း နိုင်ငံရေးအရ
အစိုးရငြိုငြင် သည့်အလုပ်ကိုလုပ်နေသဖြင့် (အထူးသဖြင့် ကျွန်တော်တို့လိုလူမျိုးများ၊
လက်ဝဲသမားများနှင့်တွဲလွန်းသဖြင့်)ဆရာကြီးကိစ္စတွင် အတော် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြပါသည်။
ထိုသူများအားလုံး ဤဆရာကြီးဈာပနကိစ္စတွေ ဝိုင်းရံပါဝင်လာအောင် လူထုဦးလှက စည်းရုံး လုပ်ဆောင်နိုင်ခဲ့ပေသည်။
ကျွန်တော်တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်သွားပြီး တဦးအပေါ်တဦးနားလည်သွားအောင် သူပင်လုပ်ဆောင်ပေး
ခဲ့ပါသည်။
ထိုညများက ဟောပြောပွဲများသည် အလွန်ပင်စည်ကားပါသည်။ ဆရာကြီး၏ဘဝဖြစ်စဉ်များ၊
ဆရာကြီး၏စာပေကဗျာ လေးချိုးကြီးများ အကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးခရီးများထွက်စဉ်ကအကြောင်းအရာများ
အတော်စုံလင်ပါသည်။ ဟောပြောသူများ၊ စာတမ်းဖတ်ကြား သူများ မှာလည်း နိုင်ငံရေးလောက၊ အနုပညာလောကနှင့်
စာပေလောကတို့မှ နာမည်ကြီးပုဂ္ဂိုလ်များဖြစ်ကြရာ လာရောက်နားထောင်သူများ အတော်ပင်များပြားပါသည်။
တည လူထုဦးလှဟောပြောနေစဉ် ဆရာကြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့်
အိမ်ထောင်ပျက်သွားသော်လည်း နောက်ထပ် အိုးအိမ် ထူထောင်ခြင်းမပြုတော့ဘဲ ငါတခါပဲမိုက်တော့မယ်၊
နောက်ထပ်မမိုက်တော့ဘူး - ဟုပြောဖူးသည့်အကြောင်းအရာကို ထည့်သွင်း ဟောပြောရင်း လူထုဦးလှက
“ဆရာကြီး ဦးရန်အောင်လိုပေါ့”ဟု ထည့်သွင်းဟောပြောလိုက်ပါသည်။ ထိုစဉ်က စာရေးဆရာကြီး
ဦးရန်အောင်မှာ ဘယ်နှယောက်မြောက်မှန်းမသိရသော ဇနီးအသစ်လက်ထပ်ပြီးခါစ အချိန်ဖြစ်နေပါသည်။
နားအလွန်ထိုင်း၍ နားကြပ်ကလေး တပ်ထားရသော ဆရာကြီးဦးရန်အောင်မှာ ဟောပြောပွဲရှေ့ဆုံးတန်းတွင်ပင်ထိုင်နေပြီး၊
ဦးလှဟောပြောချက်ကို ပွဲကျသွားသော လူထုကြီးနှင့် အတူ ဘာမှန်းမသိ ညာမှန်းမသိ တပြုံးပြုံးနားထောင်နေရာ
လူတွေက ပို၍ပွဲကျနေပါတော့သည်။
တခါမှာလည်း ဆရာကြီး၏လေးချိုးကြီးတပုဒ်ကိုရွတ်ဆိုရာတွင်
ပဲခူးဘူတာရုံတွင် ခါးပိုက်နှိုက်အကြောင်းပါရာ၊ ပဲခူးသား သခင်ဟောင်း တဦးက ထ၍၊ ထိုရွတ်ဆိုသူကို
ပဲခူးသားများကိုနှိမ်ရကောင်းလားဟုဆိုကာ ရန်တွေ့ပါတော့သည်။ ထိုသူမှာ အရက်မူးနေဟန်လည်း
ပေါက်ပါသည်။ ဘေးကဝိုင်းဝန်းထိန်းသိမ်းလိုက်၍သာ ပွဲမပျက်သွားခြင်းဖြစ်သည်။ အဖြစ်အပျက်များကတော့
စုံလင်လှပါသည်။
ထိုဘော့လုံးကွင်းကြီးထဲတွင် ဈာပနမဏ္ဍပ်ကိုဆောက်လုပ်ထားရာ
လွမ်းသူ့ပန်းခွေများ အဖွဲ့အစည်းအသီးသီးက လာရောက်ချကြပါသည်။ တချို့ တရားမဝင်အဖွဲ့အစည်းများလည်း
ဘယ်အချိန်လာချမှန်း မသိပါ။ လာချတုန်းကတော့ နာမည်တမျိုးနှင့်ဖြစ်ပြီး လူလစ်မှ အပေါ်ယံ
ကပ်ထားသည့်စာရွက်ခွာလိုက်ရာ အောက်မှာက တရားမဝင်အဖွဲ့အစည်းများရဲ့အမည်များ ဖြစ်နေပါသည်။
စစ်စုံထောက်များ ခြေချင်းလိမ် နေသည့်ကြားမှပင် လုပ်ဆောင်ကြခြင်း ဖြစ်ပါသည်။
သြဂုတ် ၈ ရက်နေ့မှာတော့ အစိုးရပေးသည့် ရွှေဂုံတိုင်ဘုရားလမ်းရှိ၊
ကန်တော်မင်ပန်းခြံမှာ ဂူသွင်းမြှုပ်နှံပါတော့သည်။ ကျွန်တော်တို့က ထိုနေရာတွင် ယာယီဂူဗိမာန်ဆောက်လုပ်ထားပြီး
ထိုဂူဗိမာန်ပေါ်တွင် ဆရာကြီးရုပ်ကလာပ်ကို မြှုပ်နှံခဲ့ပါသည်။
ထိုနေ့က ဈာပနမှာ လူထုတရပ်လုံးပါဝင်လှုပ်ရှားသည့် ပြည်သူ့ဈာပနကြီး
ဖြစ်ခဲ့ပါသည်။ ဆရာကြီးရုပ်ကလာပ်ကို ခြေလျင်သယ်ဆောင်ရာ လမ်းတလျှောက် ဦးဝိစာရလမ်းဘေးတဖက်တချက်မှာရော၊
ရွှေတိဂုံကုန်းပေါ်မှာရော လူများကြိတ်ကြိတ်တိုးနေပါတော့သည်။ ကန်တော်မင် ပန်းခြံထဲမှာတော့
ရုပ်ကလပ်ကို သယ်ဆောင်လို့မရနိုင်အောင်ပင် လူတွေပြည့်လျှံနေပါတော့သည်။
ကျွန်တော်တို့ ဈာပနကော်မတီဝင်များမှာ ဈာပနကာလအတွင်း
ပြဿနာမပေါ်ပေါက်ရန် အတော်ပင်ကြိုးစားခဲ့ရပါသည်။ တော်လှန်ရေး ကောင်စီအစိုးရမှာ လူထု၏စိတ်နေသဘောထားကိုသိသဖြင့်
အပေါ်ယံရွှေမှုန်ကြဲ လာရောက်အကူအညီများပေးနေသော်လည်း ကျွန်တော်တို့ ဈာပနကော်မတီထဲတွင်ရော၊
ဘေးပတ်ဝန်းကျင်ပတ်ပတ်လည်မှာရော စုံထောက်များ၊ သတင်းပေးများ၊ မျက်နှာလိုအားရလုပ်လိုသူများနှင့်
ပြည့်နှက်ရောထွေးယှက်တင်ဖြစ်နေပြီး ထိုသူများက နည်းသဏ္ဌာန်ပေါင်းစုံနှင့် ဖျက်လိုဖျက်ဆီးလုပ်ကြရာ
ကျွန်တော်တို့မှာ အတော်ပင် ဂရုစိုက်သတိထားနေကြရပါသည်။
ဤနေရာတွင်လည်း ပြည်သူများ၏ တာဝန်သိစိတ်ဓာတ်ဖြင့် ကျွန်တော်တို့နားရောက်အောင်
အသိပေးမှု၊ သတင်းပေးမှုများ ရှိပါသည်။ ဥပမာ - မဏ္ဍပ်အတွင်းအလှူငွေလက်ခံနေသူ ဘယ်သူဟာ ဘယ်တုန်းက
စစ်ထောက်လှမ်းရေးဖြစ်ခဲ့ကြောင်း၊ ကင်းလှည့်ပေးနေသူ ဘယ်သူဟာ ဘယ်ရပ်ကွက်က သတင်းပေးဖြစ်ကြောင်းစသဖြင့်
စာနှင့်သော်လည်းကောင်း၊ လူကိုယ်တိုင်အနားကပ်၍လည်းကောင်း ပြောဆိုသတိပေးသွား ခြင်းများ
ရှိခဲ့ပါသည်။
ထို့အပြင် ကျွန်တော်တို့အတွက် အကြီးဆုံးအခက်အခဲတွေ့ရခြင်းမှာ
ဈာပနကော်မတီထဲရော၊ နောက်ပိုင်းဖွဲ့သည့်ဂူဗိမာန်တည်ဆောက်ရေး ကော်မတီထဲမှာရော ပါဝင်လာကြသည့်
တချို့နိုင်ငံရေးသမားဟောင်းများ၏လုပ်ဟန်များ ဖြစ်ပါသည်။ ထိုစဉ်က တော်လှန်ရေးကောင်စီက
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖွဲ့တော့မည့်ကိစ္စပေါ်ပေါက်နေပြီး၊ နိုင်ငံရေးသမား(အထူးသဖြင့်
လက်ဝဲသမား)အများအပြားကိုလည်း အထူးအရာရှိများပေးစပြုနေရာ ထိုနေရာ ရနိုးနိုးဖြစ်နေသည့်သူအတော်များများ
ကျွန်တော်တို့ကော်မတီများထဲပါလာနေရာ သူတို့က တော်လှန်ရေးကောင်စီရှေ့ မျက်နှာကောင်းရရေးအတွက်
ကျွန်တော်တို့လုပ်ငန်းတွေကို ကပျက်ယပျက်လုပ်လာကြပါသည်။
ဂူဗိမာန်တည်ဆောက်ရေးအတွက် အလှူခံငွေများကလည်း အတော်လုံလုံလောက်လောက်ရထားရာ
တချို့သူများမှာ ထိုငွေများကို မျက်စိကျနေဟန်လည်း ရှိပါသည်။ ဆရာကြီးသမီးအကြီး ဒေါ်မြရီက
ကျွန်တော် ဤကိစ္စများ မရိပ်မိ၊ မသိရှိဟုထင်ဟန်ရှိပြီး ကျွန်တော့်ကို သတိပေးစကားပြောပါသည်။
ဆရာကြီး စတာလင် ငြိမ်းချမ်းရေးဆုရစဉ်ကလည်း တချို့လူများ ဤကဲ့သို့ဝိုင်းဝန်းပြီး စားသောက်ပစ်ဖူးကြောင်း
ဒေါ်မြရီက ပြောပြဖူးပါသည်။
ထို့ကြောင့် ကျွန်တော်တို့မှာ အတော်ပင် စိတ်ရော၊ လူရောပင်ပန်းကြရပါသည်။
အစိုးရကပေးသည့်မြေနေရာလေးကလည်း မဖြစ်စလောက် ဖြစ်ရာ ထိုရသည့်နေရာလေးမှာပင် ဆရာကြီး၏ဂုဏ်သိက္ခာနှင့်ကိုက်ညီမည့်
ထယ်ဝါခံ့ညားသောဂူဗိမာန်တည်ဆောက်ရေးကို ကျွန်တော်တို့ ကြိုးစားခဲ့ရပေသည်။
ဂူဗိမာန်အတွက် ဗိသုကာရှာရာတွင် ကျွန်တော့်ဆီကို ကျွန်တော့်မိတ်ဆွေကြီး
ဗိုလ်မှူးကြီးကြည်မောင် (ထိုစဉ်က သူ စစ်တပ်မှပင်စင်ယူပြီး ဖြစ်သည်)ခေါ်လာသည့်သူ့မိတ်ဆွေ၊
အမေရိကန်ပြန် ဗိသုကာဦးကျော်မင်းကို ရရှိခဲ့ပါသည်။ ဦးကျော်မင်းသည် သူ့အတတ်ပညာပိုင်းဖြစ်သည့်
ဗိသုကာပညာရပ်တွင်ကျွမ်းကျင်ရုံမက အခြေခံနိုင်ငံရေးအရလည်း မျိုးချစ်စိတ်ပြင်းပြပြီး
ဆရာကြီးအားလည်း ကြည်ညိုလေးစားသူဖြစ်သဖြင့် ကျွန်တော်တို့တတွေ ဆရာကြီးဂူဗိမာန်ကိစ္စကို
သူ့အား ပုံအပ်ခဲ့ရပါတော့သည်။
ဦးကျော်မင်းက ဆရာကြီး၏ဂူဗိမာန်ကို အမေရိကန်သမ္မတလင်ကွန်း၏ဂူဗိမာန်ပုံစံကိုအခြေခံယူပြီး
ဆရာကြီး၏ဘဝဖြတ်သန်းမှုများ၊ ဆရာကြီး၏စိတ်နေစိတ်ထားစတာများပါ ပေါ်လွင်အောင် ပုံစံဆွဲပါတော့သည်။
ကယားကျောက်ပြားများကအစ ယွန်းရွှေချည်ထိုးများအဆုံး အစစအရာရာ အသေးစိတ်စီစဉ်ဆောင်ရွက်ပါတော့သည်။
0 comments:
Post a Comment