Friday, December 18, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၅)
           
ကျွန်တော်၏ စမ်းချောင်းမှ ဆီဆုံလမ်းအိမ်ကလေး
ကျွန်တော် တပ်ကထွက်ပြီးနောက် ၁၉၅၇ ခုနှစ်၊ ဇူလိုင်လဆန်းမှစ၍ ၁၉၇၄ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်အထိ နှစ်ပေါင်း ၁၇ နှစ်နီးပါး နေထိုင်ခဲ့သည့် စမ်းချောင်းရပ်ကွက်တွင်းရှိ ဆီဆုံလမ်း အိမ်နံပါတ် ၃၆ နေအိမ်လေးသည် ကျွန်တော်တို့မိသားစု စုံစုံလင်လင်နှင့် အရှည်ကြာဆုံးနေခဲ့ရသည့်အိမ်ကလေးဖြစ်ကာ ကျွန်တော်တို့ မိသားစုအတွက် မမေ့နိုင်ဖွယ်ရာကလေး ဖြစ်ပါတော့သည်။

ဤရပ်ကွက်ကလေးမှာ ဗမာရပ်ကွက်သန့်သန့်လေး ဖြစ်သည်။ ကျွန်တော်တို့နေသောလမ်းကလေးမှာ လမ်းတိုလေးဖြစ်ပြီး၊ အိမ်ခြေ ၅ဝ ခန့် ရှိပါသည်။ အများစုမှာ တလိုင်းအိမ်လေးများဖြစ်ပြီး၊ နှစ်ထပ်အပြည့်အိမ် ၄-၅ အိမ်သ ရှိပါသည်။ မြေကွက်မှာ ပေ ၂၅+၅ဝ သာရှိပါသည်။ အိမ်တိုင်းကလည်း မြေအပြည့်ဆောက်ထားသဖြင့် အိမ်ကလေးများမှာ မှောင်ကုပ်ကုပ်လေးများသာ ဖြစ်ပါသည်။

ကျွန်တော်တို့ ထိုရပ်ကွက်ကိုရောက်စက မိလ္လာစနစ်မှာ ဇလားအိမ်သာစနစ်ဖြစ်သဖြင့် ကျွန်တော့်သားသမီးများ မကြာခဏ ဖျားကြနာကြ ဖြစ်ကြပါသည်။ နောင်မှ ရေလောင်းအိမ်သာစနစ်ဖြစ်သွားမှ ခလေးများလည်း သက်သာသွားကြပါသည်။ ထို ၁၉၅ဝ ခုနှစ်နှင့် ၆ဝ ခုနှစ်များ အကြားက လူအများ စီးပွားရေးတစုံတရာချောင်လည်သေးသည့်အတွက် သင်္ကြန်ပွဲများ၊ သီတင်းကျွတ်ပွဲများကို ကျွန်တော်တို့ရပ်ကွက်တွေမှာ အလွန်စည်ကားစွာကျင်းပတတ်ကြပါသည်။ အိမ်တိုင်းကလည်း အစားအသောက်များလုပ်ဆောင်ပြီး အိမ်တိုင်းစေ့ လျှောက်ဝေတတ်ကြ ပါသည်။ နောက်ပိုင်း လူတွေ စီးပွားရေးကျပ်လာသောအခါ မလုပ်နိုင်ကြတော့ပါ။

ကျွန်တော်  ဤအိမ်ကလေးတွင်နေစဉ် ကျွန်တော့်အိမ်ပတ်ပတ်လည်တွင် ထောက်လှမ်းရေးကလူများ ဝင်ရောက်လာပါတော့သည်။ တချို့ အိမ်တွေကိုတော့ အခွင့်အရေးများပေး၍ဝယ်ယူပါသည်။ ကျွန်တော့်အိမ် ဝင်သမျှထွက်သမျှလူများကိုလည်း ချဉ်းကပ်သိမ်းသွင်းကြပါသည်။ လမ်းထိပ် တဖက်တချက်တွင်လည်း ဆိုက္ကားသမားများပုံစံနှင့် တနေကုန် ဆိုက္ကားများပေါ်တွင် ထိုင်စောင့်နေသူများလည်း ရှိသည်။ အိမ်ရှေ့ တနာရီကြား၊ နှစ်နာရီကြားဖြတ်လျှောက်ပြီး စောင့်ကြည့်နေသူများလည်း ရှိသည်။  ကျွန်တော် အိမ်ကထွက်တာနှင့်တပြိုင်နက် အရိပ်လို နောက်က ပါလာတတ်ပါသည်။ နောက်ပိုင်းကျလေဆိုးလေ ဖြစ်လာပါသည်။ မဆလခေတ်တွင် စီးပွားရေးအကွက်အကွင်းဟူသမျှ မဆလ က ကိုင်ထားရာ မည်သူမျှ မဆလကို မလွန်ဆန်နိုင် ဖြစ်လာရပါသည်။ ကျွန်တော်တို့ အတော်ရင်းနှီးသည့်ရဲဘော်များ၊ မိတ်ဆွေများ၊ ဆွေမျိုးများ အတော်များများ မဆလသတင်းပေးများ ဖြစ်သွားကြပါသည်။ ကျွန်တော်တို့သည် ကိုယ့်မိသားစုဝင်များမှလွဲ၍ ဘယ်သူ့မှ မယုံရဲတော့ပါ။

ကျွန်တော် တပ်ကထွက်ရပြီး ထိုအိမ်လေးသို့ပြောင်းရောက်လာစက ကျွန်တော့်ဇနီးက အိမ်ဖော်လေးတယောက်တော့ရှိမှဖြစ်မည်ဟု ပြောလာပါသည်။ ကျွန်တော့်အနေနှင့် အိမ်လုံခြုံရေးအတွက် လူပိုထားလို့မဖြစ်ကြောင်းနှင့် အိမ်အလုပ်တွေကို ကျွန်တော် ကူလုပ်ပါ့မည်ဟု ဆိုကာ နှစ်သိမ့်ပြီးတားမြစ်ရပါသည်။ သူက ဤကိစ္စ တခါပဲပြောဖူးပြီး နောက်ထပ်ဘယ်တော့မှ ထပ်ပြောဆိုခြင်းလည်းမရှိတော့ဘဲ အိမ်အလုပ်ဟူသမျှ တယောက်တည်းကျုံးလုပ်ခဲ့ပါသည်။ သူ့မိခင် ဒေါ်တင် ကျန်းမာစဉ်ကတော့ သူ့ကို အတော်အတန်ကူညီနိုင်ခဲ့ပါသည်။ ရန်ကုန်တွင် ကျောင်းလာနေကြသော ဆွေမျိုးနီးစပ်ကလေးမများလည်း ဝိုင်းဝန်းကူညီနိုင်သမျှကူညီကြပါသည်။

ကျွန်တော် တပ်ကထွက်ရသည့် ၁၉၅၇ ခုနှစ်တွင် ကျွန်တော့်သမီးအကြီးဆုံး လှလှက ငါးတန်းမျှသာရှိသေးပြီး အငယ်ဆုံးသားလေး တွတ်တွတ်မှာ ထိုနှစ်ကမှ ကျောင်းစနေခြင်းဖြစ်ပါသည်။ သားသမီး ငါးယောက်စလုံးကို သာသနာပြုကျောင်းဖြစ်သည့် ပြည်လမ်းရှိ စိန့်ဖီလိုမီနာတွင် ထားရာ ကျောင်းစရိတ်၊ ကျောင်းကားခကပင် ကျွန်တော်ရသည့်ပင်စင်လစာ၏ထက်ဝက်ခန့် ရှိပါသည်။ ကျောင်းဖွင့်စ ရက်များဆိုလျှင် နှစ်စဉ်ကြေး၊ အဝတ်အစားဖိုး၊ စာအုပ်ဖိုး၊ အားကစားဖိုးစသဖြင့် နင့်နေအောင်ပေးရရာ ကျွန်တော့်ဇနီးက ဒီလတော့ ဆင်နဲ့ဆွဲရမ်းသလိုပဲဟု ညည်းတွားတတ်ပါသည်။

ကျွန်တော် တပ်ထဲမှာရှိစဉ်ကတည်းက တပ်မှူးကြီးများအတွက် မြေများခွဲဝေပေးထားရာ၊ ကျွန်တော့်တွင် မြေနှစ်ကွက်ရှိနေပါသည်။ ကျွန်တော့်နာမည်နှင့် ဂရန်ထွက်ထားပြီး ဖြစ်ပါသည်။ တကွက်မှာ နတ်မောက်လမ်းသွယ်မှဖြစ်ပြီး တကွက်မှာ ချင်းချောင်းရိပ်သာတွင်းမှာ ဖြစ်ပါသည်။ ကျွန်တော်က နတ်မောက်လမ်းသွယ်ကမြေကွက်ကိုရောင်းချပြီး ဆီဆုံလမ်းအိမ်ဝယ်စဉ်ကတင်ခဲ့သည့် ကြွေးကိုဆပ်ကာ၊ ကျန်ငွေများကို ဘဏ်ထဲသွင်းထားပြီး လစဉ်လိုအပ်သမျှကို ဖဲ့ထုတ်ရပါသည်။ ထိုငွေကုန်သွားသောအခါ ချင်းချောင်းခြံကို တခြမ်းဖဲ့ ရောင်းရ ပါတော့သည်။

၁၉၇ဝ ခုတွင် ကျွန်တော့်သမီးအကြီး ဆေးတက္ကသိုလ်မှဘွဲ့ရပြီး သမီးအငယ်စန်းက စီးပွားရေးတက္ကသိုလ်မှဘွဲ့ရပြီး နည်းပြဆရာမ အလုပ်ပါ ရရှိကာ ဆက်တိုက် သားသမီးများကျောင်းပြီးသွားသဖြင့် ကျန်မြေတခြမ်းကိုရောင်းချစရာမလိုဘဲ ဖြစ်သွားပါတော့သည်။ (နဝတ ခေတ်တွင် ထို ကျန်မြေကို နိုင်ငံပိုင်အဖြစ်သိမ်းသွားပါသည်။)

ဤကာလအတွင်း ကျွန်တော့်အတွက် အပင်ပန်းဆုံးအလုပ်မှာ သားသမီးများစာပြပေးရသောကိစ္စ ဖြစ်ပါသည်။ ကျွန်တော်တို့ ဗမာပြည်၏ ပညာရေးစနစ်မှာ အလွန်ချို့တဲ့ပေရာ ကျောင်းသားများကိုကျူရှင်ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် ပညာ ဖြစ်ဖြစ်မြောက်မြောက်တတ်ဖို့မလွယ်ပါ။ ထို့ကြောင့် ကျွန်တော့်မှာ အပိုကျူရှင်ခလည်းမတတ်နိုင်သဖြင့် ကိုယ်တိုင်ကိုယ်ကျ သင်ပေးရပါတော့သည်။ ထိုခေတ်ကတောင် ပညာတတ် ဖြစ်ဖို့ အလွန်ပင်မလွယ်ကူရာ ယခုကာလတွင်တော့ ဆိုဖွယ်ရာမရှိတော့ပါ။

နောက်ပိုင်းကျတော့ သူတို့ကို စာသာမက နိုင်ငံရေးစာပေများဖတ်လာအောင်လည်း နည်းပေးလမ်းပြလုပ်ပေးရပါသည်။ တလတကြိမ်လည်း သူတို့နှင့် အစည်းအဝေးသဘောမျိုးထိုင်ကာ သူတို့၏ချို့ယွင်းချက်၊ အားနည်းချက်များကိုထောက်ပြပြီး ပြုပြင်ပေးခဲ့ရပါသည်။ တက္ကသိုလ် ရောက်ကုန်သည်နှင့် ကျွန်တော်က သားသမီးများကို မိမိတို့တနေ့တာတွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များ၊ အကြောင်းအရာများကို ပြန်ပြောပြ ခိုင်းပါသည်။ အထူးသဖြင့် သူတို့ဘာသာသူတို့မဖြေရှင်းနိုင်သည့်ကိစ္စများကို ဘာမဆို ပြန်တိုင်ပင်ရန်အားပေးရပါသည်။

ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံး သားသမီးများ ပညာတတ်မြောက်ရေး၊ လိမ်မာရေးခြားရှိရေးအတွက် အားစိုက်လုံးပန်းကြ ရသောကြောင့် ကျွန်တော်တို့ မိခင်အိုကြီးများအပေါ်မှာတော့ တာဝန်လစ်ဟင်းခဲ့ကြပါသည်။ ကျွန်တော့်ယောက္ခမ ဒေါ် တင်မှာ သူ့ သုံးဆယ်အိမ်ကြီးပေါ်လူငှားတင်၍ ထိုအိမ်လခလေးနှင့်ပင် နေထိုင်သွားရရှာပါသည်၊ ကျွန်တော့်မိခင် ဒေါ်တင့်မှာမူ ဆိုင်းစုရွာရှိ အိမ်နှင့်ခြံကိုရောင်းကာ ရန်ကုန် ရှစ်မိုင်ရှိ ဉာဏစာဂီကျောင်းတိုက်တွင် ဇရပ်ကလေးတဆောင်ဆောက်ပြီး နေထိုင်သွားရှာပါသည်။ ကျွန်တော်တို့သည် ကလေးများကျောင်းပိတ်ချိန်၊ အခါကြီး၊ ရက်ကြီးများတွင် သူတို့(ဒေါ်တင်နှင့်ဒေါ်တင့်တို့ နှစ်ယောက်၊ ထိုရှစ်မိုင်ဇရပ်တွင် အတူနေကြတာများသည်)ဆီ သွားရောက်ကန်တော့သည့်အခါမျိုးတော့ ရှိတတ်ပါသည်။ သူတို့ နေထိုင်မကောင်းလျှင်တော့ ကျွန်တော့် သမီးက သွားခေါ်လာပြီး အိမ်မှာထား ကုသပေးရပါသည်။ ကျန်အချိန်များတွင်တော့ ကျွန်တော်တို့ သိပ်အာရုံမပြုနိုင်ပါ။
၁၉၆၃ ခုနှစ်တွင် တပ်မတော်ပင်စင်နှင့်ပတ်သက်၍ ဥပဒေသစ်တခုပေါ်လာရာ၊ ကျွန်တော့် ပင်စင်လစာတိုးငွေ နောက်ပြန်ကြေး (Back Pay) ကျပ်ငွေ သုံးထောင်ကျော်ရလိုက်ပါသည်။ ကျွန်တော်က ထိုအကြောင်းကို ဘာမှမသိပါ။ တပ်မတော်မှတ်တမ်းရုံးက စာရေးများက သူတို့ဘာသာသူတို့တွက်ချက် လျှောက်လွှာတင်၊ ငွေထုတ်လာပြီးမှလာပို့ပါသည်။ ကျွန်တော်လည်း ထိုငွေနှင့်ပင် သားသုံးယောက်ကို စမ်းချောင်း မြသိန်းတန်ဓမ္မာရုံမှာ ရှင်ပြုပေးခဲ့ပါသည်။

၁၉၇ဝ ခုနှစ်မှာတော့ ကျွန်တော့်ယောက္ခမ ဒေါ်တင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားပြီး ၁၉၇၂ ခုနှစ်၊ သြဂုတ်လထဲမှာတော့ ကျွန်တော့်သား အငယ်ဆုံး တွတ်တွတ် (ထွန်းအေးကျော်ဇော)အိပ်ဆေးများ အလွန်အကျွံသောက်၍ သတ်သေသွားပါသည်။

ထိုနှစ်က တွတ်တွတ်သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဓာတုဗေဒအဓိက ဒုတိယနှစ်စာမေးပွဲဖြေအပြီး သူအတော်ဖြေနိုင်သဖြင့် ဂုဏ်ထူး ထွက်လိမ့်မည်ဖြစ်ကြောင်း၊ အမှတ်ကောင်းလျှင် စက်မှုတက္ကသိုလ်သို့ပြောင်းလို့ရကြောင်း ကျွန်တော့်ကို ပြောပြထားပါသည်။ အောင်စာရင်း ထွက်လာသောအခါ သူ ဂုဏ်ထူးပါမလာပါ။ ဤတွင် သူ့စိတ်ဓာတ်အတော်ထိခိုက်သွားပြီး၊ သူ့အစ်ကို အောင်ကျော်ဇော အိပ်ရာအောက်တွင် ထားသည့် အိပ်ဆေးများကိုယူသောက်ပြီး သေကြောင်းကြံစည်သွားခြင်း ဖြစ်ပါသည်။ ထိုစဉ်က သူ့အသက် ၂ဝ ပင် မပြည့်သေးပါ။

ကျွန်တော်တို့လည်း ဘယ်လိုဖြေရမှန်းပင်မသိ ဖြစ်သွားပါတော့သည်။ ကျွန်တော့်ဇနီးလည်း ရူးမတတ် ပုံကျသွားပါတော့သည်။ အတော် ပြင်းထန်လှသည့်လောကဓံတရားကို ကျွန်တော်တို့ အလူးအလိမ့်ခံလိုက်ရပါသည်။

ကျွန်တော့်မိခင်ကြီးကတော့ ကျွန်တော်တို့တတွေ တောတွင်းရောက်နေမှ ၁၉၈၃ ခုနှစ်တွင် သူ့အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန် အနိစ္စရောက်ကြောင်း သတင်းစာထဲကနာရေးကြော်ငြာကို တွေ့ရပါသည်။ ကျွန်တော့်မိခင်ကြီးမှာ ဘာရောဂါမှ ကြီးကြီးမားမား မရှိခဲ့ဖူးပါ။ ကျွန်တော့်သမီးငယ် စန်း ပြန်ပြော၍သိရသလောက်မှာလည်း ချောင်းနည်းနည်းဆိုးပြီး အစားအသောက်ပျက်သွားရာမှ တညအိပ်ရာထဲ တွင်ပင်အိပ်ပျော်ရင်း ကွယ်လွန်သွားသည်ဟု ဆိုပါသည်။ မီးဇာကုန်ဆီခန်း ဖြစ်သွားပုံရပါသည်။


0 comments:

Post a Comment