Wednesday, December 16, 2015

၂ဝ၁၅ အောက်တိုဘာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၃) မျိုးမြင့်ချို

0 comments
၂ဝ၁၅ အောက်တိုဘာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၃) မျိုးမြင့်ချို
(မိုက်လုံးသေးထားသူ)
သန်းရွှေက နေဝင်းလို တုတ်တုတ်ချင်း ဓားဓားချင်းရှင်းမယ်တို့ မိုးပေါ်ထောင်မပစ်ဘူးတို့လည်း မပြောဘူး။
စောမောင်လိုလည်း စစ်တန်းလျားပြန်မယ်တို့ နောင်ဘဝကျမှ ငရဲကျခံမယ်တို့လည်း မပြောဘူး။
သိန်းစိန်လို မိဘပြည်သူများခင်ဗျားတို့ နောက်ပြန်ဆွဲမယ့်သူတွေကိုထားခဲ့မယ်တို့လည်း မပြောဘူး။
ခုလည်းကြည့် စာတွေဖတ်နေတာ..တဲ့။
မပြောတာမှ နှစ် ၂ဝ ကျော် ဗိုလ်ကျသွားတာ တိုင်းပြည်ကို တခွန်းမှကိုမပြောတာ။ စစ်တက္ကသိုလ်ဆင်းပွဲမိန့်ခွန်းကနေ ထွက်ထွက်ပြီး “ငါ ဒါလုပ်တော့မှာနော်”လို့ ပြောတာလေးလောက်ပဲ။ တိုင်းပြည်နားအညည်း သက်သာတာတော့အမှန်ပဲ။ ပြီးတော့ အဆိုးအကောင်းတခုခု တွင်ကျန်မယ့်စကားမျိုးလည်း ယောင်လို့တောင်မပြောဘူး။ သူ့ဟာသူလုပ်စရာရှိတာ လုပ်သွားလိုက်တာများ ဘာသံမှတောင်မကြားလိုက်ရဘူး။ ခု နေရွှေသွေးအောင်နဲ့ ပလေးလိုက်တဲ့အကွက်အထိပဲ။
အရပ်သားစစ်စစ်သမ္မတဆိုသူမှာ လွှတ်တော်အမတ်ဖြစ်ရမယ်တို့ အသက်ဘယ်လောက် ရှိရမယ်တို့ပါဦးတောင် ရင်ဘတ်ဟဗြဲကြီး ကြယ်စေ့တပ်မဟဲ့ဆို ဒီ မှင်စာလေးလည်း “နိုင်ငံတော်သမ္မလေး ခင်ဗျား“တပ်ပြီးအခေါ်မခံရဘူးလို့ ဘယ်သူအာမခံမလဲ ကွယ်တို့။
ကျနော်တို့ အဲ့လောက် မိုက်လုံးမကြီးတန်ကောင်းဘူးလို့ ကိုယ့်ဘာသာ မဲတင်းနေရတာပါပဲ။
နိုဝင်ဘာ ၂၆၊ ၂ဝ၁၅

(တွေ့ကြ တေံကြ)
ဘုရားရေ သန်းရွှေမြေးနဲ့ဒေါ်စုတွေ့တာ "ဟုတ်ပါတယ်"လည်းဆိုရော ”၅၉(စ) လေးပြင်ပေးဖို့ မင်းအဖိုးကိုပြောပေးပါကွာ”ဆိုပြီး ဒူးထောက်အောက်ကျို့ကြပြန်ရော။ ကျားသနားမှ နွားချမ်းသာဒီမိုကရေစီပါ့လား။ တိုးလျှိုးဖို့အသင့်ဖြစ်နေသူတွေထဲ ”ပြည်သူ” တယောက်မှမပါတာတော့ သေချာတယ်။ ဒီနေရာမယ် ကျနော်ပြောတဲ့ “ပြည်သူ”ဆိုတာ တနိုင်ငံထဲအတူနေသူတိုင်းကိုမဆိုလိုမှန်း လူတိုင်းသိကြမှာပါ။
နိုဝင်ဘာ ၂၆၊ ၂ဝ၁၅

(သူများတွေ အိမ်ပြန်ချိန်ကြီးကြမှ ခင်ဗျားက....)
ဒီနေ့မနက်၂ နာရီထိုးကတည်းက အိပ်ရာကနိုးတယ်။ ပြန်အိပ်မရတဲ့အတူတူဆိုပြီး ကော်ဖီပြင်းပြင်းတခွက် ဖျော်သောက်တယ်။ ပြီးတော့ ဦးရွှေအောင်ရဲ့ ”အတ္တဝါဒမှ အနတ္တဝါဒသို့”ထဲက ပြန်ဖတ်ချင်တဲ့အခန်း လှန်ဖတ်တယ်။
ခနနေတော့ ကွန်ပြူတာရှေ့ထိုင် ဖေ့စ်ဘွတ်ခ်တက်လိုက်တယ်ဆိုရင်ပဲ ယမုံနာဆီမှာ
ကိုပေါက်(ကဗျာရေးတဲ့ ကမာပုလဲ)ဆုံးပြီဆိုတဲ့သတင်းတွေ့တော့ စိတ်ထဲနင့်ကနဲနေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကိုထားခဲ့ပြန်ပြီတယောက်လို့ ကိုယ့်ဘာသာတွေးပြီး သက်ပြင်းချမိတယ်။
မဲဆောက်-ထုံထောင်းရပ်ကွက်ထဲက ဒေးမူတို့ကျောက်စားပွဲမှာ လောက်ခေါင်နဲ့ထိုင်ရင်း အနာဂတ်တွေဖတ်ကြတော့ “ခင်ဗျားတို့ ဟိုရောက်သွားလည်း ဒီကလူတွေကို သတိရပါဗျာ” လို့ ပြောခဲ့မှာခဲ့တဲ့ သူ့စကားသံပြန်ကြားတယ်။ သူပြောတဲ့ “သတိရပါဗျာ”မှာ ဘာချူသံမှ မပါသလို တခါမှ ဘာနားပူနားဆာမှလည်း ဘယ်သူ့ကိုမှ မလုပ်တဲ့သူပဲ။ ဒီရောက်ပြီးမှ သူနဲ့ ၂ ခါလားပဲ ဂျီတော့ခ်ခေတ်က တော့ခ်ခဲ့ဖူးတယ်။ ကျနော် လူကြုံရင် အသေးသုံးလေး နည်းနည်း ထည့်ပေးလိုက်မယ်ပြောပြီး ငွေလေးတရာ တခါတော့ပို့ဖူးတယ်။ အဲ့အထဲက ၅ဝ ကို သူ့ထက်ပို ခြိုးခြံနေရသူကို ခွဲပေးလိုက်သတဲ့။ မနက်ဖြန်ကျ ကျနော် မုန့်ဟင်းခါး တဝသွားစားမယ် ဘဲကြီးရေ။ အဟဲ ညနေစောင်းတော့ လောက်ခေါင်လေးနဲ့ ခတ်ကျဲကျဲဝိုင်းမဗျ..တဲ့။ ကိုပေါက်ရာ ခင်ဗျားဖို့ပါဗျဆိုတော့ ကျနော်က သိတ် ဒီလောက်ကြီးမလိုလှဘူးဗျ၊ အဆင်ပြေပါတယ်..တဲ့။
အဲ့ဒါတွေတွေးမိရင်း ညဆိုင်းအလုပ်ဆင်းနေတဲ့ ဇော်ကြီး (သစ်ကောင်းအိမ်)ဆီကို မက်ဆေ့ဂ်ျလှမ်းပို့လိုက်တယ်။ ကိုပေါက်ဆုံးပြီဆိုပြီး။
ထုံထောင်းက သစ္စာမဂ္ဂဇင်းအပေါ်ထပ်မှာ ကျနော်တို့ မရှိအတူရှိအတူနေခဲ့ရတဲ့တခနဟာ တကယ်တော့ ဘဝကိုယ်စီရင်းနှီးပြီး လာဆုံးဆည်းကြတာမဟုတ်လား။ ခေတ်ပြိုင်က စာမူခလေးများ ကိုမန်းမျိုးမြင့် လာထုတ်ပေးတဲ့ရက်တွေဆို ကျနော်တို့ အူစိုကြရတာ မဟုတ်လား။ လွမ်းစရာ အောက်မေ့စရာပါ။
သူဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲကို အသက်ထက်ဆုံး ထမ်းပိုးသယ်ဆောင်ခဲ့တယ်။ ခုတော့ သူ သေပြီ။ ကဗျာတွေချန်ခဲ့တယ်၊ ဒီမိုကရေစီရေးအလံ လူထုလွတ်မြောက်ရေး အလံတွေကို တလူလူလွှင့်ရင်း ခရီးနှင်သွားပြီ။
လားရာဂတိတကယ်ရှိတယ်ဆို ခင်ဗျားဟာ ကောင်းရာလောက်နဲ့ မထိုက်ပေဘူး။ အကောင်းဆုံးဂတိကသာ ခင်ဗျားအဖို့ရှိအပ်ပေတယ်။
သူများတွေအိမ်ပြန်ချိန်ကြီးကြမှ ခင်ဗျားကသေရတယ်လို့ဗျာ။
နိုဝင်ဘာ ၁၈၊ ၂ဝ၁၅

(ပြည်သူ့ရွှေမန်း တို့ရွှေမန်း)
ရွှေမန်းတော့ နိုင်ငံရေးထဲက အာဏာအဝန်းအဝိုင်းထဲက စင်ထွက်သွားပြီဆိုပြီး ပြောဆိုနေသံတွေကြားရပါတယ်။ ရွေးကောက်ပွဲမှာ သူ့မဲဆန္ဒနယ်က အရွေးမခံရတဲ့အပေါ်တည်ပြီး ခုလို ကောက်ချက်ဆွဲတာပဲ ဖြစ်ဖို့များပါတယ်။ ကျနော်တော့ အဲ့သလို(လောလောဆယ်) မတွေးသေးပါ။ ရွှေမန်းဟာ အာဏာရမက်ကြီးပါတယ်၊ သမျွတထက်ကြီးတာရှိတောင် လုပ်ချင်ပါတယ်။ သေနတ်ကို အမိန့်မပေးနိုင်တဲ့အချိန်မှာ ဘယ်နေရာက ဘယ်အညှာကို ကိုင်ရမယ်ဆိုတာ ဘယ်ခလုပ်ကိုညှစ်ရမယ်ဆိုတာ တွက်တတ်ပါတယ်။ ကိုယ့်တွက်ကျန်မယ့်နိုင်ငံရေးကို ဘယ်လိုပလေးရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ သိန်းစိန်ထက် အပြန်များစွာ နပ်ပါတယ်။
အခြားစစ်ထိပ်သီးတွေနဲ့ နည်းနည်းကွာတဲ့ သူ့ဉာဉ်က အထက်စီးရောက်နေချိန် ခြေနဲ့နင်းဖို့ဖနောင့်နဲ့ပေါက်ဖို့ဝန်မလေးသလို အောက်စီးရောက်သွားရင် ဒူးထောက်ဖို့ ခြေသလုံးပြေးဖက်ဖို့ လက်မနှေးသူပါ။ ကြည့်နေပါ မကြာပါဘူး “ကျနော်တို့ စစ်အစိုးရအနေနဲ့ အရင်ကလုပ်ခဲ့တာတွေအပေါ်မှာ ကျနော်တယောက်တည်းအနေနဲ့ ကျနော် မှားယွင်းလုပ်ခဲ့ကိုင်ခဲ့မိတာတွေအတွက် တိုင်းပြည်နဲ့လူထုကို တောင်းပန်ပါတယ်။ ခွင့်လွှတ်ကြဖို့လည်း အနူးအညွှတ်မေတ္တာရပ်ခံပါတယ်”တို့ဘာတယ်တို့ လာလိမ့်မယ် ထင်ပါတယ်။ ဒါဆို လူထုကြားထဲ အမှတ်ရမယ်။ သေနတ်အမိန့်ပေးနိုင်တဲ့ စစ်ခေါင်းဆောင်သစ် စစ်ခေါင်းဆောင်ဟောင်းတွေကြားမှာ ဒေါသအဆိပ် ငယ်ထိပ်တက်မယ်။ နိုင်ငံတကာကသြဘာပေးပြီး လူပုဂ္ဂိုလ်အခြေခံနိုင်ငံရေးအရ သူ့ဘက် တိမ်းညွှတ်လာနိုင်တယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အမှန်တကယ်လုပ်လိုသော စစ်ဗိုလ်ချုပ်ဟောင်းကြီးဆိုပြီး ကောင်းခြီးပေးကြလိမ့်မယ်။
နောက်ပြီး ရွှေမန်းသားအဖမှာ ညောင်မြစ်တူး ပုတ်သင်ဥပေါ်မယ့် တနွယ်သွားငင်ရင် တစင်လုံးပါသွားမယ့် စီးပွားရေးကြီးတွေ ရှိပါတယ်။ အဲ့ဒါကြီးတွေက ကျန်တဲ့စစ်အုပ်စုဝင်တွေနဲ့ ချိတ်ဆက်ပတ်နွယ်နေမှန်း ရွှေမန်းရော အခြားစစ်အုပ်စုထိပ်သီးတွေရော သိပါတယ်။ သူ့ကိုအပြီးကန်ထုတ်ဖို့လည်းမဖြစ်တော့သလို အထဲပြန်ဆွဲသွင်းဖို့လည်း မဖြစ်နိုင်တော့ပါ။ အကောင်းဆုံးနည်းကတော့ ခတ်ခွာခွာထားပြီး မျက်စေ့ဒေါက်ထောက်ကြည့်တဲ့နည်းနဲ့ ထားပါလိမ့်မယ်။
ဒီအခြေအနေပေါ်ကနေတွက်တော့ သူဘယ်လောက်ပဲကစားကစား သူ့မှာ ဘယ်အပေါ်မှာမှ (ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်)ဘာသြဇာ ဘာပါဝါမှမရှိလေတော့ အင်န်အယ်လ်ဒီက သူ့ကိုထိပ်တင်ပြီး ပလေးဖို့လည်းမဖြစ်နိုင် ကြံ့ဖွံ့ကပြန်သုံးဖို့လည်းမလွယ်နဲ့ နိုင်ငံရေးမျောက်သစ်ကိုင်းလွတ်သလို လွတ်လိမ့်မယ်ထင်ပါတယ်။ ဒါကို သူ မသိပဲမနေပါ။
ဒါ့ကြောင့် သူ စောင့်ပါလိမ့်မယ်။ သူ နောက်တဂွင်ပေါ်တဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ပါလိမ့်မယ်။ ထိုင်ပြီး အသားလွတ်ကြီးစောင့်နေမှာတော့မဟုတ်ပါ။ သူ စောင့်ရင်း ကစားနေမှာပါ။ နောက်တဂွင်ဟာ ကြားဖြတ်ရွေးကောက်ပွဲလိုဟာလည်း ဖြစ်ရင်ဖြစ် နောက် ၅ နှစ်အကြာ ရွေးကောက်ပွဲလည်းဖြစ်ရင်ဖြစ်ပါလိမ့်မယ်။
ဒါမှမဟုတ်လည်း ဒါမှမဟုတ်လည်း တပ်မတော်က နိုင်ငံတော်အာဏာလွှဲပြောင်းယူလိုက်သည် လို့ ဖြစ်တဲ့အခါကြမှ ပြည်သူ့စစ်ဗိုလ်ချုပ်ဟောင်းကြီးဆိုပြီး ထွက်ချလာနိုင်ပါတယ်။
သူစောင့်နေမှာပါ။ သူ စောင့်ရင်း ကစားနေမှာပါ။ သူ အာဏာရမက်ပြင်းပါတယ်။ သူ လက်ရော ဇက်ရော ရဲပါတယ်။
နိုဝင်ဘာ ၁၆၊ ၂ဝ၁၅

(ပါးကိုက်နားကိုက်)
အမေရိကန်ဦးဆောင်တဲ့နေတိုးစစ်အုပ်စုက အကြမ်းဖက်မှုကိုတိုက်တဲ့စစ်နဲ့ အီရတ်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်အပါအဝင် အာရပ်နိုင်ငံတွေမှာ စစ်ပွဲထဲမပါတဲ့ လူနေရပ်ကွက်တွေ ကျောင်းတွေဆေးရုံတွေကို ဗုံးကြဲတာအပါအဝင် အခြားနည်းပေါင်းစုံနဲ့ အရပ်သူအရပ်သားတွေကို သွားသတ်ဖြတ်နေချိန်မှာ အဲ့ဒီအကြမ်းဖက်သမားတွေကလည်း နေတိုးစစ်အုပ်စုဝင်နိုင်ငံတွေထဲဝင်ပြီး စစ်နဲ့မဆိုင်တဲ့အရပ်သူအရပ်သားတွေကို ခြိမ်းခြောက်သတ်ဖြတ်တာတွေ အပြန်အလှန်လုပ်နေကြတာ ဘယ်သူမှ ငြင်းမရဘူး။
စစ်နဲ့မဆိုင်တဲ့အရပ်သူအရပ်သားပေါ်အကြမ်းဖက်တာဖြစ်ဖြစ် အကြမ်းဖက်မှုကိုတိုက်တဲ့စစ်ဆိုပြီး စစ်ထဲမပါတဲ့အရပ်သူအရပ်သားကို အကြမ်းဖက်တာဖြစ်ဖြစ် အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပဲ။ ရာဇဝတ်မှုဟာ ရာဇဝတ်မှုပဲ။ ရာဇဝတ်မှုမှာမှ ဒီလိုရာဇဝတ်မှုကြီးတွေဟာ စစ်ရာဇဝတ်မှုမြောက်ရုံမက ကမ္ဘာ့လူသားထုအပေါ် လွန်ကျူးတဲ့ရာဇဝတ်မှုကြီးတွေပါဖြစ်တယ်။
ဘယ်လူမျိုး ဘယ်ဘာသာဖြစ်ဖြစ် ဘာစနစ်ကိုယ်စားပြုအစိုးရဖြစ်ဖြစ် အလားတူအမှုမျိုးကျူးလွန်ရင် ပြစ်တင်ရှုတ်ချဆန့်ကျင်နေရုံနဲ့မပြီးဘူး။
အရင်းအမြစ်ကစ ဖော်ထုတ်တိုက်ဖျက်နိုင်မှတော်ကာကြမယ်။
နိုဝင်ဘာ ၁၄၊ ၂ဝ၁၅

(သမ္မတအထက်က သမ္မတ)
ကျမက သမ္မတအထက်မှာနေမှာဆိုတဲ့စကားကို ဒေါ်စု ဘာရည်ရွယ်ချက်နဲ့ လူသိရှင်ကြားပြောခဲ့သလဲကို ကျနော်သဘောမပေါက်ပါ။ သူ မပြောလည်း သူဟာ အင်န်အယ်လ်ဒီရဲ့ Policy Maker and Decision Maker မှန်း လူတိုင်း သဘောပေါက်ပါတယ်။
နောက်တချက်က ပါတီခေါင်းဆောင်တိုင်း သမ္မတတွေဝန်ကြီးချုပ်တွေမလုပ်ကြ မဖြစ်ကြဦးတောင် သူ့ပါတီကဖြစ်သွားတဲ့ သမ္မတ/ဝန်ကြီးချုပ်၊ သူ့ပါတီအစိုးရစတာတွေဟာ မိခင်ပါတီရဲ့ဦးဆောင်မှု လမ်းညွှန်မှု ပေါ်လစီတွေကိုအကောင်အထည်ဖော်ရုံတင်မက ပါတီရဲ့စည်းမျဉ်းစည်းကမ်း အထက်အောက်နာခံမှု တာဝန်ခံမှုတာဝန်ယူမှုတွေရှိကြရစမြဲပါ။
ဒေါ်စု ဘာလို့ အဲ့သလိုပြောရသလဲကို ကျနော် နားမလည်ပေမယ့် ဒီစကားပြောလိုက်လို့ စစ်တပ်ကရမယ်ရှာပြီး အာဏာသိမ်းလိမ့်မယ်ဆိုပြီး လူထုကို သွယ်ဝိုက်ခြိမ်းခြောက်တဲ့သဘောဆန်ဆန် အကောက်အယူနဲ့ အပြောအဆိုကိုတော့ လုံးဝလက်မခံပါ။
စစ်တပ်ဟာ အာဏာနဲ့ပတ်သက်ရင် လက်ယဉ်တာကြာပါပြီ။ အာဏာနဲ့ သူဌေးဖြစ်ဖေါ်မြူလာကို ကိုင်တွယ်ကျင့်သုံးနေတာပါ။ စစ်တပ်အာဏာမဲ့သွားရင် ဒါမှမဟုတ် အာဏာချိနဲ့သွားရင် သူတို့လည်ပင်းပေါ်စွပ်လာမယ့်ကြိုးကွင်း ဘယ်နှကွင်းမှန်း ကျနော်တို့ထက် သူတို့ပိုသိပါတယ်။ အာဏာနဲ့ပတ်သက်ရင်း ငမ်းငမ်းတက်သလို မလုပ်ဝံ့မလုပ်ရဲမလုပ်ရက်တာ ဘာမှမရှိပါ။
ဖဆပလ မကွဲလည်း၊ ဦးနုနံမည်ကောင်းယူပြီး စာ ၂ စောင်ပြ နိုင်ငံရေးသူတော်စင်မလုပ်လည်း ဆိုရှယ်လစ်တပ်မှူးတွေလွှတ်ပြီး အာဏာအေးဓမြတိုက်တာ အသာတကြည်ထုတ်မပေးရင် ဗိုလ်နေဝင်း အာဏာလုမှာပါ။
တောင်ကြီးညီလာခံတို့၊ ဖက်ဒရယ်လ်ကိစ္စတို့၊ ၁ဝ နှစ်ကြာပြီးခွဲထွက်ရေးကိစ္စတို့ မပြောလည်း ချောက်ထဲကျဖို့အကြောင်းပြချက်က ရှိထားပြီးသားပါ။
ခေါင်းဖြတ်လူသတ် ဂိုဒေါင်ဖေါက် ကုန်သွယ်ရေးရုံးကတပ်စု သေနတ်အသိမ်းမခံရလည်း ဗိုလ်စောမောင် ဗိုလ်ခင်ညွန့်တို အာဏာသိမ်းဖို့ ရက်ရာဇာရွေးပြီးသားပါ။
ဦးကြည်မောင် နူးရင်ဘာ့ဂ်ကိစ္စမပြောလည်း ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီကို အာဏာမလွှဲရေးသဘောထား ရှိထားနှင့်ပြီးသားပါ။
လူထုလက်ထဲက တိုင်းပြည့်အာဏာကို စစ်တပ်က မတရားသိမ်းပိုက်ရင် သိမ်းပိုက်တဲ့စစ်တပ်သာ တရားခံပါ။ သူ ကျူးလွန်ခဲ့သမျှအစုစုအတွက် သူသာ တရားခံပါ။
ဦးကြည်မောင် တရားခံမဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည် တရားခံမဟုတ်ပါ။
နိုဝင်ဘာ ၁ဝ၊ ၂ဝ၁၅

(အားဟာတရားမှာပဲရှိတယ်)
ကလိန်ခြုံတင်အေး ရွေးကော်က ငွေကြေးအသုံးစားရိတ်ရမယ်ရှာပြီး ပထမအဆင့် လူလျှော့ဖို့ကြံစည်နေတာ ပွင့်ကျလာတယ်။ ဒုတိယ တတိယအဆင့်တွေကတော့ ဘာတွေဖြစ်လေမလဲ။ တိုင်စာတို့ ကန့်ကွက်စာတို့လည်း ပါလာနိုင်တာပဲ။ ကိုယ့်လူတွေ “တိုင်” တော့ အဖက်လုပ်ဖော်မရပေမယ့် သူ့လူတိုင်ရင်တော့ “ကိုင်” မယ်ထင်တယ်။ ပြင်ထားကြဖို့ပါ။
“စု”နေတဲ့လူထုအင်အားကို ပြန့်ကြဲမသွားအောင် ပြည်ထွက်မသွားအောင်
မျှော်လင့်ချက်အမှန်နဲ့ “စည်း”ထားကြပါခင်ဗျား။ ဒါဟာ “အား”ပါ။ တရားတဲ့ဘက်က ရပ်ကြသူတွေပါ။
နိုဝင်ဘာ ၉၊ ၂ဝ၁၅

(ဖျက်ရမယ့်ဖွဲ့စည်းပုံ)
၈၈ အပြီးမှာ ပြန့်ကြဲသွားတဲ့ မြေပေါ်ဒီမိုကရေစီအင်အားစုတွေကို ပြန်စုနိုင်တဲ့ အဓိကအဖွဲ့အစည်းက အင်န်အယ်လ်ဒီလို့ ယေဘုယျပြောနိုင်တယ်။ ကျန်ပါတီတွေက ဆိုင်းဘုတ်တ်နဲ့မူမှာကိုက အကန့်အသတ်ရှိပြီးဖြစ်နေတယ်။ အင်န်အယ်လ်ဒီမှာက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတာကြောင့်လည်းဖြစ်တယ်။

အဲ့ဒီအင်အားတွေစုပြီး ၉ဝ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့နိုင်လိုက်တယ်။ တနည်းပြောရရင် လူထုစုစည်းမှုအားကို ကျကျနနရလိုက်တယ်။ ဒါပေမယ့် အဲ့ဒီအင်အားကိုမသုံးဝံ့တော့ ပြည်တွင်းမှာ စစ်အုပ်စုပြုသမျှနုရတဲ့အခြေဆိုက်သွားတယ်။ ပါတီ ဆိုင်းဘုတ်မပြုတ်ရေးအတွက်တောင် မနည်းရုန်းကန်ခဲ့ရတယ်။ ဒီမိုကရေစီရေးဦးဆောင်လှုပ်ရှားသူတွေဟာ ထောင်ထဲနဲ့ တောထဲရောက်ကုန်တယ်။ ဒီတင် တောပြန်လက်နက်ချနဲ့ နောင် နိုင်ငံရေးမလုပ်တော့ပါဘူးဆိုပြီး အမတ်အဖြစ်ကရော အင်န်အယ်လ်ဒီအဖြစ်ကရောထွက်တဲ့ မြို့နေလက်နက်ချတွေ ပေါ်လာတယ်။

တချို့က လက်နက်တင်ချတာမဟုတ် သစ္စာပါဖေါက်သေးတာ။ သစ္စာဖေါက်တာမှ အင်န်အယ်လ်ဒီအပေါ်တင်မက လူထုအပေါ်၊ တိုင်းပြည်အပေါ်ပါ သစ္စာအပြိုင်အဆိုင် အလုအယက်ဖေါက်ကြတယ်။ စစ်အုပ်စုက ကောက်သင်းကောက်ယူ သုံးတဲ့ သစ္စာဖေါက်တချို့တော့ချမ်းသာကြပြီး ကျီးမယုံဒေါင်းမယုံသစ္စာဖေါက်တွေကတော့ နိုင်ငံရေးဘဝ ဘယ်သောအခါမှ နလန်ပြန်မထူပဲ ဆင်ဖြူ့မျက်နှာဆင်မဲမကြည့်ဝံ့တဲ့အဖြစ်နဲ့ သိမ်ငယ်စိုးရွံ့ အရှက်မျက်နှာနဲ့လူလုပ်နေကြရတယ်။

ခုတခါ လာပြန်ပြီ။ ခုလည်း အင်န်အယ်လ်ဒီကို ဒေါ်အောင်ဆန်းစုကြည်ပဲဦးဆောင်နေတယ်။ နှစ်ပေါင်းများစွာ သေနတ်နားထင်အတေ့ခံရပြီး ၂ဝဝ၈ စစ်ဖွဲ့စည်းပုံနဲ့ ခြေမန်းကွင်းအစွပ်ခံထားရတဲ့တိုင်းပြည်ကလူထုတွေ စုစည်းမိကြပြန်ပြီ။ ခုလည်း အဲ့ဒီစုစည်းမှုအားကို ကျကျနနရလိုက်ပြန်တယ်လို့ဆိုရမယ်။ ခုရော အဲ့ဒီအင်အားကို သေသေချာချာသုံးဝံ့ပါ့မလားက တွေးစရာဖြစ်နေတယ်။ မသုံးဝံ့လို့ ပြုသမျှနုရဦးမယ့်အခြေဆိုက်တယ်ဆို လက်နက်ချတွေ လက်နက်ချသစ္စာဖေါက်တွေ ပလူပျံလာလေဦးမလား။

ပြဿနာအားလုံးရဲ့အရင်းအမြဟ်ဟာ စစ်အာဏာရှင်စနစ်ပဲ။ စစ်အာဏာရှင်စနစ်ကို အတိအလင်းကာကွယ်ပေးထားတာက ၂ဝဝ၈ ဖွဲ့စည်းပုံပဲ။ ဒီဖွဲ့စည်းပုံဟာ သူတို့အသက်ဗူးပဲ။ သူတို့ဝိဉာဉ်ကိန်းရာပဲ။

ကျနော်တို့လုပ်ရမှာက အဲ့ဒီဖွဲ့စည်းပုံဖျက်ရေးပဲ။


0 comments:

Post a Comment