Thursday, December 3, 2015

ကျွန်မ ဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။ ဆောင်းပါးအမှတ်(၃၈)။ ခင်ဆွေဦးရဲ့“ဒို့တိုင်းဌာနီ”

0 comments
ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ။ ဆောင်းပါးအမှတ်(၃၈)။
ခင်ဆွေဦးရဲ့ --- “ဒို့တိုင်းဌာနီ”
 
ဖေဖေတပ်က ပင်စင်ယူရပြီးနောက် ၁၉၅၇ခုနှစ် ဇွန်လမှာ ကျွန်မတို့မိသားစု မင်္ဂလာဒုံကနေ စမ်းချောင်းရပ်ကွက်ထဲ ပြောင်းရွှေ့နေထိုင် ခဲ့ကြရပါတယ်။ တိုင်းမှူးကြီးဘဝက တခမ်းတနား ကင်းနဲ့ အလံတိုင်နဲ့နေနေတော့ တော်ရုံတန်ရုံလူ မလာရဲကြပါဘူး။ ဖေဖေကလည်း အဲဒီတုန်းက အလုပ်က များတယ်လေ။

သာမန်အရပ်သားဘဝနဲ့ ရပ်ကွက်ထဲရောက်လာတော့ မိတ်ဆွအပေါင်းအသင်း ရောင်းရင်းဟောင်းတွေ တယောက်ပြီးတယောက် တသုတ်ပြီး တသုတ် လာရောက်လည်ပတ်ကြပါတယ်။

ဒီလိုနဲ့ စနေ-တနင်္ဂနွေ ရက်အားတရက်မှာ မိသားစုကြီးတစုရောက်လာပါတယ်။ ကွယ်လွန်သူ မျိုးချစ်ပြည်ချစ် စာရေးဆရာကြီးမဟာဆွေရဲ့ ကျန်ရစ်သူဇနီး ဒေါ်ကြည်ကြည်နဲ့ သမီးကြီးဒေါ်ခင်ဆွေဦးတို့ မိသားစုပါ။ အဲဒီတုန်းက မမခင်ဆွေဦးရဲ့သမီးကလေး ပုလဲက ၄-၅ နှစ် အရွယ် ကလေးပါ။

မမ ကလည်း ဗိုလ်ချုပ်လမ်းက စိန်ဂျွန်းကွန်ဗင့်(မိန်းခလေးကျောင်း)မှာ ဆရာမလုပ်ယင်း တဖက်က စာတိုပေစလေးတွေရေးနေပါတယ်။ နံမည်သိပ်မကြီးသေးပါဘူး။ ဖေဖေကို ဒေါ်ကြည်ကြည်က-ကိုရွှေ-လို့ ခေါ်ပြီး မမ ကတော့ ကိုကိုရွှေတဲ့။ ကျွန်မတို့မောင်နှမတတွေက ဒီအခေါ်ကို ထူးဆန်းနေပါတယ်။ ဖေဖေထက်အငယ် ဆွေမျိုးတစုက အစ်ကိုရွှေလို့ပဲခေါ်ကြတာလေ။ သူတို့ပြန်သွားမှ ဖေဖေက သူတို့
မိသားစုနဲ့ ရန်ကုန်မှာလာကျောင်းနေစဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြောင်းပြောပြပါတယ်။ ဖေဖေတသက်လုံးမှာလည်း သူ့ကို-ကိုကိုရွှေ-လို့ခေါ်တာ မမခင်ဆွေဦးတို့ညီအစ်မနှစ်ယောက်ပဲ ဖြစ်ဟန်ရှိပါတယ်။

မမခင်ဆွေဦးက အဲဒီအခေါက်ကစပြီး အကြိမ်ကြိမ်လာရောက်ပြီး ဖေဖေနဲ့စကားတွေပြော မှတ်တမ်းတွေရေး လုပ်ပါတယ်။ ဖေဖေကလည်း သူ့မှတ်တမ်းတွေ စာအုပ်စာတမ်းတွေ ငှားရမ်းပေးတာတွေလည်းတွေ့ရပါတယ်။
 
နောက်မကြာခင်မှာဘဲ မမခင်ဆွေဦးရဲ့ ပထမဆုံးလုံးချင်းဝတ္ထုရှည်အဖြစ် -“ဒို့တိုင်းဌာနီ”ဆိုတဲ့စာအုပ် ထွက်လာပါတယ်။ ထွက်ထွက်ချင်းပဲ မမခင်ဆွေဦးကိုယ်တိုင် စာအုပ်ကိုလက်မှတ်ထိုးပြီး လာပို့ပါတယ်။

ပထမအကြိမ်ထုတ်ဝေတဲ့ စာအုပ်(၁၉၆၁)အဖုံးက ပုသိမ်ထီးလေး ပုခုံးပေါ်တင်ဆောင်းထားတဲ့ အမျိုးသမီးလေးပုံ ပန်ချီကားလေးနဲ့ပါ။ စာရေးသူရဲ့အမှာစာက ကျေးဇူးတင်ရသူများစာရင်းမှာ--- စစ်မှတ်တမ်းရှည်ကြီးများကို   စိတ်ရှည်လက်ရှည် ရှင်းလင်းပြောဆိုပေးခဲ့တဲ့   “ကိုကိုရွှေ(ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော)ကို၎င်း--လို့ ဖေါ်ညွှန်းရေးထားတာတွေ့ရပါတယ်။ (နောက်ပိုင်း ထွက်တဲ့စာအုပ်များမှာတော့ အဲဒီ အမှာစာဖြုတ်ပေးရတယ်-တဲ့။)
   
စာအုပ်ထွက်ထွက်ချင်းပဲ ချက်ချင်းကုန်သွားလို့ ဒုတိယအကြိမ် ပြန်ရိုက်ရပါတယ်။ နောက်ပိုင်းလည်း အကြိမ်ပေါင်းများစွာ ပြန်ရိုက်ရပါတယ်။ စာအုပ်ဝေဖန်ရေးအခန်းများမှာလည်း ဒီစာအုပ်ကိုပဲ တခမ်းတနားချီးကျူးထားတာတွေ ဖတ်ရပါတယ်။ မမခင်ဆွေဦးကိုယ်တိုင် နောက်ပိုင်း ပြောပြဖူးတာတခုလည်း ရှိပါသေးတယ်။ အဲဒီစာအုပ်ကို စာပေဗိမာန်စာပေဆုပေးဘို့ အားလုံးသဘောတူ ရွေးချယ်ပေးပြီးသားတဲ့။

နောက်ဆုံးအဆင့်ကျမှ “ဗိုလ်ကျော်ဇောကို မွှန်းလွန်းတယ်--ဆိုပြီး ပယ်ချခံလိုက်ရတာ”တဲ့။

မမခင်ဆွေဦးလည်း တခါတည်း နံမည်ကြီးစာရေးဆရာစာရင်း ဝင်သွားပါတော့တယ်။ ဝင်လည်း ဝင်လောက်ပါတယ်။ နှစ်တွေနဲ့ချီပြီး အချိန်ယူ ရေးခဲ့တာကိုး။ ဒါ့အပြင် တကယ့်ဖြစ်ရပ်မှန်တွေနဲ့ ရောယှက်ပြီး စိတ်ကူးယဉ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ရေးဖွဲ့ထားမှုဟာ တကယ့်ကို လက်ရာမြောက်ပါတယ်။

နိုင်ငံရေးအနှစ်သာရ(မျိုးချစ်ပြည်ချစ်စိတ်)လည်း မသိမသာလေး ပါသေးတယ်လေ။ မမက အဲသလိုမျိုးဇာတ်လမ်းဖွဲ့တာမှာ အတော် တော်တယ်။ နောက်ပိုင်း အဲသလိုမျိုးဝတ္ထုတွေ တော်တော်ထွက်သေးတယ်။

မမခင်ဆွေဦးက သူတို့မိသားစုတစိတ်တပိုင်း ဖေဖေ့ဘဝဖြတ်သန်းမှုတွေကို ဇာတ်အိမ်ဖွဲ့ပြီး ဗမာ့ပြည် နိုင်ငံရေးခရီးစဉ်ကြီး နောက်ခံထားပြီး ရေးခဲ့တာပါ။ အဲဒီစာအုပ်ထဲပါတဲ့ ကိုသူရရဲ့ရုပ်ရည်ဖော်ပြချက်ကိုကြည့်လိုက်ယင် ဖေဖေရဲ့ ဘီ-အိုင်-အေခေတ် ဗိုလ်မှူးလေးကျော်ဇော (အသက်-၂၂-၂၃ အရွယ်)ဓာတ်ပုံနဲ့ တူမှတူပဲ။ အဲဒီစာအုပ်ဇာတ်လမ်း ဘယ်လောက်အောင်မြင်သလဲဆိုရင် ကျွန်မ သူငယ်ချင်းတွေက… ယူ့မာမီက “မိ”လားတဲ့။ ဒို့တိုင်းဌာနီထဲက အဓိက အမျိုးသမီးဇတ်ကောင်က “မိ”လေ။

ဒီစာအုပ်ကို အစောပိုင်းမှာ အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခွင့်ရခဲ့ပေမယ့် ကျွန်မတို့ တောခိုသွားတဲ့နောက်ပိုင်း ၁၉၇၆ ကစလို့ ကာလတပိုင်း ပိတ်ထားတာခံရသေးတယ်လို့ ကြားရပါတယ်။

နောက်ပိုင်းစာပေစီစစ်ရေးက ဖြုတ်ခိုင်းတာတွေဖြုတ်ပြီး နအဖခေတ်မှာ ပြန်ထုတ်ခွင့်ရလာပါတယ်။
      
ကွှန်မတို့ ဒီစာအုပ်အကြောင်း ပြန်ကြားလာရတာကတော့  ဒီချုပ်ကကြီးမှူးပြီးပြုလုပ်တဲ့ စာဖတ်ဝိုင်းအကြောင်းရေးထားတဲ့ အစိုးရ သတင်းစာထဲက ဆောင်းပါးတစောင်မှာပါ။ အဲဒီဆောင်းပါးကို ကျွန်မ မှတ်မိသလောက်ပြောပြပါဦးမယ်။  …. ခင်ဆွေဦးရဲ့“ဒို့တိုင်းဌာနီ”… စာအုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စာဖတ်ဝိုင်းမှာ ဦးတင်ဦးက ဦးစီးပြီးဟောပြောပို့ချရာမှာ ဦးတင်ဦးဟာ ဗိုလ်ကျော်ဇော (တောခို ဗကပ)ရဲ့ အခန်းကဏ္ဍကို အလွန်အလေးပေး ဟောပြောသွားကြောင်း  အထူးသဖြင့်-တရုတ်ဖြူတိုက်ပွဲများမှာ ရွပ်ရပ်ချွံချွံတိုက်ခဲ့ပုံတွေကို အသားပေးပြောဆိုသွားကြောင်းတွေ  အပြည့်အစုံ ရေးထားတာတွေ့ရပါတယ်။
     
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ နာယကကြီးဦးတင်ဦးကို ကျေးဇူးစကားဆိုရပါဦးမယ်။ ဖေဖေက သူ့ကိုယ်တိုင်ရေးအတ္ထုပွတ္တိကို ရေးတော့ အသက် ၈ဝ-ကျော်နေပါပြီ။ အတော်မေ့လျော့ကုန်ပါပြီ။ သတိတရ ရေးသားထားတာတွေလည်း ၁၉၈၉ ခုနှစ် ပန်းဆန်း က ထွက်လာရစဉ်က ကျန်ခဲ့ပါပြီ။ ဒါကြောင့်ဖေဖေ့ စာအုပ်မှာ-တရုတ်ဖြူ တိုက်ပွဲများအကြောင်းရေးတော့ အသေးစိတ်တွေမပါနိုင်တော့ပါဘူး။ ဒါပေမယ့် ဦးတင်ဦးက ဒီအပိုင်းတွေကိုမှတ်တမ်းတင်ပေးခဲ့ပါတယ်။ အသက်အရွယ်နဲ့မမျှအောင် မှတ်ဥာဏ်ကောင်းမှုဟာ အံ့သြအတုယူ လောက်စရာဖြစ်ပြီး ကျေးဇူးလည်းအထူးတင်ရမှာပါ။
    
ဖေဖေကွယ်လွန်တော့(၂ဝ၁၂-အောက်တိုဘာ-၁ဝရက်) ဗွီ-အို-အေ-တပ်မှူးတပ်သားပြောစကားအစီအစဉ်က ဦးရော်နီငြိမ်း ကအထူးဂုဏ်ပြု အစီအစဉ် ၄ ပတ်ဆက်တိုက်တင်ဆက်ပါတယ်။ ဦးတင်ဦးနဲ့တရုတ်ဖြူတိုက်ပွဲများအကြောင်း ဆက်သွယ်မေးမြန်းထားတာတွေပါ။ အဲဒီအသံခွေဟာ တနာရီကျော်ကြာပါတယ်။ ဖေဖေကွယ်လွန်တာ-တနှစ်မြောက်အထိမ်းအမှတ်အဖြစ် စာအုပ်ထုတ်ဖို့စီစဉ်တော့ ကျွန်မက အချက်အလက်တွေတောင်း--စုဆောင်းရာမှာ ဦးရော်နီငြိမ်းက အဲဒီအသံခွေ ပို့ပေးခဲ့ပါတယ်။

အသံလွှင့်စဉ်က အချိန်အခက်အခဲကြောင့် အကုန်မထုတ်လွှင့်နိုင်ခဲ့ပါဘူး။ အဲဒီအသံခွေရမှ အပြည့်အစုံစာနဲ့ပေနဲ့ -- သူတို့ရင်ထဲက ဗိုလ်ကျော်ဇော အတွဲ(၂)မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဖေဖေ ကွယ်လွန်တာ(၃)နှစ်မြောက် (၁ဝ-၁ဝ-၂ဝ၁၅) အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ “ဗိုလ်ကျော်ဇောပုံရိပ်များ” သတင်းမှတ်တမ်းခွေမှာတော့ အဲဒီအခွေကြီးတခုလုံး ထည့်သွင်းထားပါတယ်။

ဒါတွေအားလုံးအတွက် ဒီချုပ်နာယကကြီးဦးတင်ဦးကို ဖေဖေရဲ့ကျန်ရစ်သူ ကျွန်မတို့မိသားစုဝင်အားလုံးက ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့် ဦးတင်ဦးကြီးအနေနဲ့လည်း အနာရောဂါကင်းစင်၊ အသက်ရာကျော်ရှည်ပြီး တိုင်းပြည်အကျိုးကို ပိုမိုထမ်းဆောင် နိုင်ပါစေကြောင်း မေတ္တာပို့ရပါတယ်။

အဲဒီ အစိုးရသတင်းစာဆောင်းပါး အဆုံးသတ်ကလေးမှာရေးထားတာ ကျန်ပါသေးတယ်။ “ဦးတင်ဦးအနေနဲ့ ဒီဗိုလ်ကျော်ဇောလို ဗမာ့တပ်မတော်ရဲ့ နံပါတ်(၁)သစ္စာဖောက်ကြီးကို ဘာ့ကြောင့် ဒီလောက် အမွှန်းတင်နေရပါသလဲ”တဲ့။

ဦးတင်ဦးကိုလည်း စောင်းချဟန်တူပါတယ်။ အဲ… သစ္စာဖောက်ဆိုလို့ - ဖိလစ်ပိုင်မှာ သမ္မတတာဝန်ယူသွားဘူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း
ရာမို့စ် ဟောပြောပွဲတခုမှာ ပြောသွားတဲ့အကြောင်းအရာတခုကို သတိရမိပါတယ်။ ရာမိုစ့်ဟာ သမ္မတရာထူးသက်တမ်း ၇ နှစ်ပြည့်ပြီး နောက်ပိုင်း အနားယူပြီးနောက် ဖိလစ်ပိုင်နိုင်ငံကိုယ်စား နိုင်ငံတကာကပြုလုပ်တဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ နှီးနှောဖလှယ်ပွဲတွေကို တက်တတ်ပါတယ်။ တခါတော့ တရုတ်ပြည်ရောက်လာပြီး တက္ကသိုလ်ကျောင်းသားများနဲ့တွေ့ဆုံဆွေးနွေးခန်း လုပ်ပါတယ်။ ဒီမှာ ကျောင်းသူတယောက်က-ဒီလိုမေးပါတယ်။--“သမ္မတကြီးရှင့်-ကျွန်မတို့ ကြားဖူးထားတာတခုရှိပါတယ်။ ယခင်သမ္မတ မာကိုစ့်က ပြောတာပါ။ ဖီလစ်ပိုင်မှာ လူထုလှုပ်ရှားမှုဖြစ်တော့ ရာမိုစ့်က ငါ့ကို သစ္စာဖောက်တာလို့ ပြောဖူးပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းချက် ပေးချင်ပါသလဲ”တဲ့။ ဒီတော့ ရာမိုစ့်က “ကျုပ်က ဘယ်သူ့ကို သစ္စာရှိရမှာလဲ။ ပြည်သူကိုလား။ ပြည်သူ့အကျိုးကို သစ္စာဖောက်တဲ့ မာကိုစ့်ကိုလား”လို့ ပြန်မေး ပါတယ်။ “မားကိုစ်လို တိုင်းပြည်ရောင်းစားပြီး ပြည်သူ့အကျိုးကို တစက်မှ ထည့်သွင်းစဉ်းစားခြင်းမပြုတဲ့သူတွေက ကျုပ်ကို-သစ္စာဖောက်လို့ ခေါ်တာတော့ ခေါ်စမ်းပါစေဗျာ”---တဲ့။

ဟုတ်ပါတယ်။ သစ္စာတရားဆိုတာ ပြည်သူအပေါ်မှာပဲ ထားဖို့လိုပါတယ်။

ဒေါ်ခင်ဆွေဦးအကြောင်းလည်း ဆက်ရပါဦးမယ်။ မမခင်ဆွေဦးက သူငယ်ငယ်လေးထဲက စွဲလမ်းကြည်ညိုခဲ့တဲ့ သူရဲ့သူရဲကောင်းကြီး ဖေဖေ့အပေါ် အလွန်သစ္စာရှိပါတယ်။ ဖေဖေအကြောင်းတွေပိတ်ပင်ထားချိန်မှာ သူရရာနေရာက ဖေဖေ့သတင်းကို အဆက်မပြတ်နားစွင့် ရှာပါတယ်။ ကျွန်မတို့တောထဲက ပြန်သွားသူများနဲ့ဆုံရင် “ကိုကိုရွှေနဲ့ တွေ့ခဲ့သလား။ ဘယ်လိုနေသလဲ။ ဘယ်မှာရောက်နေသလဲ” နဲ့ မေးလေ့မြန်းလေ့ရှိတယ်လို့ ပြန်ကြားရပါတယ်။
   
ဖေဖေအကြောင်းတွေ တစုံတရာရေးလို့ရလာတဲ့--ဖေဖေကွယ်လွန်ပြီးချိန်မှာတော့ -သူရေးနေကျ ကလျာမဂ္ဂဇင်းမှာ ဖေဖေ့အတွက် အမှတ်တရဆောင်းပါးတွေ ရေးလာတာတွေ့ရပါတယ်။

ဒါ့အပြင်ဖေဖေအတွက်ရည်စူးပြီး ရန်ကုန်ရှိ ဆွေမျိုးတွေကပြုလုပ်တဲ့ ဆွမ်းကျွေးပွဲများကိုလည်း သွားရောက်ပြီး ဝမ်းနည်းခြင်းမှတ်တမ်း စာအုပ်မှာလည်း  အခုလိုရေးသားထားခဲ့ပါတယ်။

“ကိုကိုရွှေ(ဗိုလ်ကျော်ဇော)ဟာ ကျမအကိုရင်းပါပဲ။ ကျမ ‘ဒို့တိုင်းဌာနီ’ လုံးချင်းဝတ္တု ကိုကိုရွှေကြောင့် ထွက်ပေါ်လာတာအမှန်။ ကျမစိတ်ထဲ ကိုကိုရွှေကွယ်လွန်မယ်လို့ ဘယ်တော့မှမထင်တော့ပါဘူး။ ခင်ဆွေဦး။

မမခင်ဆွေဦးရယ်----အားလုံး အားလုံးအတွက် ကျေးဇူးတင်ပါတယ်။
လှကျော်ဇော။ ၃-၁၂-၂ဝ၁၅။
၃-၁၂-၂ဝ၁၅--ဖေဖေအသက်(၉၆)နှစ်ပြည့်မွေးနေ့
၎-၁၂-၂ဝ၁၅--မေမေကွယ်လွန်တာ(၁၆)နှစ်ပြည့် အတွက် အမှတ်တရရေးဖွဲ့ပါတယ်။
ဓာတ်ပုံအောက်ကစာတန်း။
၁၉၄၂-ဘီ-အိုင်-အေ ခေတ် က ဗိုလ်မှုးလေးကျော်ဇော။

0 comments:

Post a Comment