Wednesday, December 16, 2015

၂ဝ၁၅ အောက်တိုဘာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂) မျိုးမြင့်ချိ

0 comments
၂ဝ၁၅ အောက်တိုဘာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂) မျိုးမြင့်ချိ
(ပြသဒ်မီးလောင်ခြင်း)
”အမှိုက်တွေ ကောက်ကြ”စတေးတပ်စ်လေးရေးမိပါတယ် “မင်းမှာ အဲ့ဒီ အမှိုက်ကောက်လောက်အောင်တောင် အရည်အချင်းရှိလို့လား။ အမတ်တွေကွ အမတ်တွေ မင်းထက်သာတယ်”ဆိုပြီး ကွန်မန့်နဲ့လုပ်ရော။
“ဟာဗျာ ခင်ဗျားကလည်း ၂ ခုခွဲပြောဗျာ။ တခုက အမှိုက်ကောက်ခြင်းအတတ်ပညာနဲ့ အမှိုက်ကောက်သူ့အရည်အချင်း၊ နောက်တခုက အမတ်ဖြစ်ခြင်းနဲ့ အမှိုက်ကောက်မှု ဘယ်လိုအဆက်အစပ်ရှိ/မရှိပေါ့ဗျာ။ ရှိတယ်ဆိုလည်း ဘယ်လိုရှိ။ မရှိဘူးဆိုလည်း မရှိရက်နဲ့ ဘာ့ကြောင့်ကောက်ရပေါ့”ဗျာလို့ ပြန်မေးရုံရှိသေးတယ် သူလာရေးတဲ့ကွန်မန့်လည်း သူ့ဘာသူပြန်ဖျက် ဆဲဆိုကြိမ်းမောင်းပြီး ဘလော့က်သွားလေရဲ့။ သဘောထားကြီးပုံများ။
အဲ့လိုမှန်းသိ ကွန်မန့်လေး စခရင်န်းရှော့တ်လုပ်ထားရကောင်းသား။
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၅


(အမှိုက်တွေ ကောက်ကြ)
အမှိုက်ကောက်တာ ကောင်းပါတယ် သန့်ရှင်းရေးပေါ့ လူတွေကျန်းမာရေးနဲ့ ညီညွတ်ဖို့လည်းဖြစ်တာပေါ့လေ။ ဒါပေမယ့် ခက်တာက တခါကောက်ပြီး ပြီးသွားတာဆိုရင်တော့ မကောင်းဘူးထင်တာပဲ။ ဘာလို့လည်းဆိုတော့ ခုကောက်ပြီး နောက်ထပ် မကောက်တော့ဘူးဆို ပြန်ပွဦးမှာပဲ။ လူတွေမှာ အမှိုက်ကို စနစ်တကျ စွန့်ပစ်စရာစနစ်မရှိရင်၊ စနစ်ရှိလာဦးတောင် လူတွေမှာ အမှိုက်ကို ကြုံ ကြုံသလို ပစ်တတ်တဲ့ဉာဉ် ရှိနေသေးရင်ပေါ့လေ။
ကျနော်နေတဲ့ ဖို့တ်ဝိန်း(အင်ဒီယားနားပြည်နယ်) မြို့စွန်ကျေးလက်အပိုင်းမှာတော့ ပြန်အသုံးပြုပစ္စည်းထည့်တဲ့ပုံးနဲ့ မီးဖိုချောင်စွန့်ပစ်ပစ္စည်းထည့်တဲ့ပုံးဆိုပြီး ပုံးကြီး ၂ ပုံးခွဲပေးထားတဲ့အပြင် ပရိဘောဂအဟောင်းအပျက်တွေပါ အလေးချိန်ဘယ်မျှအထိ ပစ်လို့ရတယ်ဆိုတဲ့သဘောတူညီချက်နဲ့ တလကို အမှိုက်ရှင်းကြေား ၁၈ ဒေါ်လာ ပေးထားရပါတယ်။
သူတို့ဘက်က အပတ်စဉ် အင်္ဂါနေတိုင်း မနက် ၆ နာရီမထိုးခင် အမှိုက်သယ်ကားကြီးတွေနဲ့ လာသယ်သွားတာပါပဲ။ ကိုယ်က အဲ့ဒီပုံးကြီးတွေကို အိမ်ရှေ့ ခြံစည်းရိုးစပ် ကားလမ်းဘေး ချထားလိုက်ရုံပဲ။ လာသယ်သွားတာမှ လူတောင် မသိလိုက်ရဘူး။ ကိုယ့်ဘက်က အမှိုက်သိမ်းကြေး တလ ပေးဖို့ပျက်တာနဲ့ နှိုးဆော်စာရောက်လာတယ်။ ဘယ်နေ့နောက်ဆုံးပေးပါဆိုပြီး။ အဲ့နေ့မှမပေးရင် အဲ့အပါတ်အင်္ဂါကစပြီး လာမသိမ်းပေးဘူး။ ဒီမှာတော့ ဒီအလုပ်လည်း သက်ဆိုင်ရာက ကန်ထရိုက်ချပေးထားတဲ့ ပုဂ္ဂလိကကုမ္ဗဏီတွေကပဲ လုပ်တာပါ။ ဒီမှာက ထောင်လိုဟာမျိုးတောင် အချို့ပြည်နယ်တွေမှာ ပုဂ္ဂလိကလက်အပ်ပြီး Run နေကြတာကိုး။
အမှိုက်ကို စနစ်တကျစွန့်တဲ့စနစ်ဖြစ်အောင်က အစိုးရတာဝန်ပဲ။ ပုဂ္ဂလိကပဲ ကန်ထရိုက်ချချ အစိုးရမြူနီစီပယ်ကပဲ တာဝန်ယူယူပေါ့။ တန်အောင်ယူ တန်အောင်ဝန်ဆောင်တယ်ဆို ဘာပြောစရာရှိမလဲ။ ရွှေပြည်ကြီးမှာက မီတာဘောက်စ် ထိန်းသိမ်းခကြတော့သာ ပုံမှန်ယူတာ မီတာဘောက်ပျက်စီးတော့ ကိုယ့်ဘာသာပြင်နေရတာမျိုး မဟုတ်လား။ အခွန်သာစည်းကြပ်တာ တာဝန်ကြ မယူသလောက် မဟုတ်လား။
ဆိုတော့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး(စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး ထည့်မပြောပါ)တွေလည်း လုပ်ပါ။ အမှိုက်လေးလည်း ပုံမှန်ကောက်ကောက်ပေးပါ။
အနည်းဆုံး လွှတ်တော်ထဲ မဝင်ရခင်အချိန်လေးအထိပေါ့။ လေလောဆယ် ဘာအလုပ်မှလည်း သိတ်မရှိကြသေး ဆိုတာကိုး။ နောက်ကြရင်တော့ သင်တန်းတွေဘာတွေ တက်ကြရတော့မှာ မဟုတ်လား။ လွှတ်တော်ထဲတွေဘာတွေရောက် ဝန်ကြီးဝန်ကလေးဖြစ်သွားရင်တော့ ပိုတောင် အလုပ်တွေရှုပ်မှာရော အရှုပ်တွေလုပ်ရမှာကောက ရှိတယ်မဟုတ်လား။ ဘယ့်နှယ်လို့ အားအားယားယား အမှိုက်လိုက်ကောက်နေစရာ လိုလိမ့်မလဲ။ အဲ့ဒီအချိန်ကြ ဒေါ်စုက ကောက်ခိုင်းဦးတောင် မကောက်နဲ့တော့ပေါ့။ သူကလည်း ကောက်ခိုင်းတော့မယ် မထင်ပါဘူး။
တခါပြီး ပြီးရောဆိုပြီး ကောက်တာမျိုးတော့လည်း မဖြစ်စေ့ချင်ပါ။
လူတွေကိုလည်း အမှိုက်စနစ်တကျစွန့်ပစ်တဲ့အလေ့ထုံသွားအောင် လုပ်ပေးပါ။
အစိုးရကိုလည်း အမှိုက်စနစ်တကျစွန့်ပစ်တဲ့စနစ် စီစဉ်ပေးဖို့ လောဆော်ပေးပါ။
ကဲ အမတ်တွေ အမှိုက်စကောက်ကြစိုရဲ့။
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၅

(သန်းရွှေကို အရေးယူယူ မယူယူ)
ဘီဘီစီခေါင်းစဉ်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုနားလည် သိမြင်ခံယူသလဲနဲ့ ဘယ်ပုံအဓိပ္ဗါယ်ဖွင့်သလဲ ဆိုတဲ့အပေါ်မှာတည်တာပါ။
ဗမာပြည်မှာရှိနေတဲ့အမျိုးသား(လူမျိုးစုတွေ) တစုနဲ့တစု သူတပြန်ကိုယ်တပြန်ချနေကြတာ မရှိဘူး။ နယ်စပ်ခြင်းထိစပ်နေမို့ သိတ်မပြောပလောက်တဲ့ပြဿနာတချို့ရှိခဲ့တာ ဝါဒရေးရာကိစ္စနဲ့ကွဲကြပြဲကြတာရှိပေမယ့် တလျှောက်လုံး မပြီးနိုင်မစီးနိုင် တိုက်ခိုက် သတ်ဖြတ်နေတာမရှိ။
ဗမာပြည်တွင်းစစ်ဆိုတာလည်း ဗမာလူမျိုးနဲ့ အခြားလူမျိုးစုတွေ ဖြစ်နေကြတာမဟုတ်ပဲ ”ဘာသာရေးလူမျိုးရေးအခြေခံ ဗမာလူမျိုးကြီးဝါဒီ လက်ဝါးကြီးအုပ်စစ်အရှင်းစနစ်”ကို ကိုယ်စားပြုတဲ့ စစ်အုပ်ကတဘက် ဗမာအပါအဝင်အခြားလူမျိုးစုတွေကတဘက် ဖြစ်နေတဲ့ပြဿနာပဲ။
ဆိုတော့ မသင့်မမြတ်ဖြစ်နေကြတာ လူမျိုးစုတစုနဲ့အကြားမှမဟုတ်သလို ဗမာလူမျိုးနဲ့ အခြားလူမျိုးစုတွေကြားမှာ ဖြစ်နေတာလည်းမဟုတ်ဘူး။
ဖြစ်နေတာက ”ဘာသာရေးလူမျိုးရေးအခြေခံ ဗမာလူမျိုးကြီးဝါဒီစစ်အရင်းရှင်အုပ်စု”ကတဘက် အခြားရှိသမျှသော လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ မြေပေါ်ဒီမိုကရက်တစ် အင်အားစုများကတဘက် အဲ့သလို ဘက်ကြီး ၂ ဘက်မှာဖြစ်နေတာ။
ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ စစ်အုပ်နဲ့ အစုတစုစု ဒါမှမဟုတ် အဖွဲ့တဖွဲ့ဖွဲ့ ဒါမှမဟုတ် နိုင်ငံရေးတပါတီတီ ပြေလည်ရေး အပေးအယူတည့်ရေးမဟုတ်ဘူး။ အဲ့သလို ၂ စုကြား ၂ ဖွဲ့ကြား ၂ ပါတီကြားကိစ္စလောက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်သွင်းပြီး ပြေလည်အောင်လုပ်ရင် သူတို့ကြားမှာ သင့်မြတ်ပြေလည်ကောင်း ပြေလည်နိုင်စရာရှိပေမယ့် သမိုင်းနဲ့ချီပြီးဖိနှိပ်ခံနေရလို့ သမိုင်းနဲ့ချီပြီး တော်လှန် ခုခံနေရမှုတွေကတော့ ပျောက်သွားပြေလည်သွားဖို့မဖြစ်နိုင်ဘူး။ဆက်ရှိမြဲရှိနေမှာသေချာတယ်။ ဖိနှိပ်မှုတွေ တွန်းလှန်ခုခံမှုတွေ၊ စစ်တွေ သွေးထွက်သံယိုတွေ ပြဿနာတွေနဲ့ ဂျာအေး သူ့အမေရိုက် ဖြစ်နေဦးမှာပဲ။
နောက်တချက်က တရားဥပဒေစိုးမိုးရေးဆိုတာ အတိုဆုံးချုပ်ပြောရရင် ”လူဟာ သူကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်အပေး ခံကိုခံယူစေရမယ်” နောက်မှ သက်ညှာတဲ့သဘောနဲ့(အစိုးရ) အမိန့်ထုတ်ပြန်ပြီး အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ပေးတာတို့ဘာတို့ လုပ်တန်လုပ်ရမှာပဲ။
တိုင်းပြည်နဲ့ချီပြီးကြီးမားတဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေတောင် တရားအစီအရင် မခံရဘူးဆို အဲ့ဒီတရားဥပဒေစိုးမိုးရေးမိုးကို ဘယ် သာမန်ရာဇဝတ်သားလေးကတောင် ဂရုစိုက်အလေးထားနေမယ် မဟုတ်ဘူး။ ဗမာပြည်မှာ ရာဇဝတ်မှုဒီလောက်ထူပြောပြီး ကျူးလွန်သူတွေ ဒီလောက်လွတ်မြောက်နေတာကိုပဲကြည့်။ ဘယ်နှလောင်းပြိုင်သတ်မှုကြီးတွေ လက်သည်မပေါ်တာ၊ မူးယစ်ဆေးဝါးတန်နဲ့ချီ ပြီးမြို့လည်ကောင်ကြီးမိလည်း ပိုင်ရှင်မရှိတာ၊ ရဲ ၂ ယောက် သတ်ပလိုက်တဲ့ ရာဇဝတ်ကောင်ကလည်း သေဒဏ်ကျတာများအဆန်းလိုက်လို့ လို့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကို လှောင်ပွဲဖွဲ့သွားတာတွေကိုကြည့်။
ပြစ်မှုကျူးလွန်ခဲ့သူကို တရားဥပဒေနဲ့အညီ တရားစီရင်တယ်ဆိုတာ လက်စားခြေတာ မဟုတ်သလို အာဃာတထားပြီး အညှိုးနဲ့ခြေမှုန်းတာလည်းမဟုတ်ဘူး။ ကျူးလွန်ခဲ့သူအေဖို့ နောင်ကျဉ်စေရေးနဲ့ နောက်နောင် အလားတူကျူးလွန်သူတွေ ထွက်ပေါ်မလာရေးကိုရှေးရှုတဲ့ မျှတတဲ့တရားစီရင်ရေးဖြစ်ဖို့လုပ်ရတာမျိုးပဲ။ ဒါမှ တရားဥပဒေဆိုတာလည်းတည်သလို တည်တဲ့တရားဥပဒေလည်း လူတိုင်းအပေါ် အညီအမျှစိုးမိုးမှာပဲ။
အဲ့သလိုမဟုတ်လို့ကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ တရားဥပဒေစိုးမိုးရေးဆိုတာ စကားလုံးတွေအနေနဲ့ပဲ ပြောဖို့ကာင်းပါတယ်။ နားထောင်လို့ပဲကောင်းပါတယ်။
ဒီဇင်ဘာ ၁ဝ၊ ၂ဝ၁၅


(ဗုံးဖြစ်တဲ့ညီညီဦး)
သတ်မှတ်ချက်အရ ဒီနေ့ လူ့အခွင့်အရေးနေ့။ လွန်ခဲ့တဲ့ကာလတချို့ဆီက ဒီနေ့ကိုအကြောင်းပြုပြီး စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဆိုက်ပွဲဝင်ခဲ့ ဦးဆောင်ခဲ့ ကူညီခဲ့ကြလို့ ထောင်ထဲရောက်လာတဲ့လူတွေမှ နည်းလား။ ခု အဲ့ဒီလူတွေ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရသာ ခံစားနေရပြီလား။
သန်လျင်ရေနံချက်စက်ရုံဗုံးခွဲတယ်လို့မဟုတ်မမှန်လုပ်ကြံစွပ်စွဲထောင်အချခံရပြီး သေဒဏ်ကျ၊ အဲ့ဒီကမှ တသက်တကျွန်းပြောင်းပြီး အကျဉ်းထောင်တွေထဲ နှစ် ၂ဝ ကျော် အပြောင်းအရွေ့တွေခံရင်း ဖိနှိပ်မှု ရက်စက်မှု ညှဉ်းဆဲမှုတွေခံရင်း ရောဂါဘယပေါင်းစုံ စိတ်ပိုင်းရုပ်ပိုင်းဒဏ်ရာဗလဝနဲ့ သေဖို့သေချာမှထောင်ကလွှတ်ပေးလိုက်တဲ့ ကိုညီညီဦး လူ့အခွင့်အရေးနေ့မှာပဲ ကျဆုံးသွားပြီ။
အင်းစိန်ထောင် ၅ တိုက်နဲ့ ကြိုးတိုက်မှာ သူတို့တစုလုံးနဲ့အတူ ခနတာနေခဲ့စဉ်ကာလကို ပြန်အမှတ်ရမိတယ်။
သေပြီးနောက် ဂတိရှိတယ်ဆို ခင်ဗျားအတွက် အကောင်းဆုံးဂတိရှိနေပြီးသား ဖြစ်မှာပါ။
ဒီဇင်ဘာ ၁ဝ၊ ၂ဝ၁၅(ဟူးမန်းရိုက်စ်သုတ္တန်)
“တို့က လူ့အခွင့်အရေးကို တနည်းပြောရရင် လူတကာရဲ့အခွင့်အရေးကို လိုက်ကာကွယ်နေတာက တို့အခွင့်အရေးကို အစိုးရက ချိုးဖေါက်လာမှာ စိုးလို့ပဲ”
”သူများအခွင့်အရေးကို အစိုးရကချိုးဖေါက်နေချိန်မှာ ကိုယ်က ရေငုံနှုတ်ဆိတ်နေမယ်ဆိုရင် ဒါဟာ လောကပါလတရားနဲ့လည်းမညီသလို ”တချိန်ချိန်မှာ ငါတို့အခွင့်အရေးကိုပါ ချိုးဖေါက်လာပါတော့”လို့ အစိုးရကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့မညီတဲ့ လုပ်ပိုင်ခွင့် Mandate သွားပေးလိုက်သလိုဖြစ်မှာပဲ”
“ဆိုတော့ သူတပါးအခွင့်အရေးကို လိုက်ကာကွယ်ပေးတယ်ဆိုတာ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်ကာကွယ်ရာရောက်တာပဲ”
”အစိုးရဆိုတာ ဘုရားခန့်တဲ့သူဖြစ်တောင် ဗိုလ်ကျလို့ရရင် ကျမှာပဲ။ ကိုယ့်အပေါ်မှ မဟုတ်ဘူး၊ ဘယ်သူ့အပေါ်မှ ဗိုလ်ကျလို့မရအောင် ဥပဒေနဲ့ လူမှုပဋိဉာဉ်နဲ့ ထိန်းချုပ်ရတာပဲ။ သူများအခွင့်အရေးချိုးဖေါက်နေတာငြိမ်နေရင် သေချာတယ် နောင်တချိန်မှာ နင့်အခွင့်အရေး သူချိုးဖေါက်လာလိမ့်မယ်”
အဲ့ဒါ ဒီမနက် ကျနော်နာရတဲ့ သုတ္တန်ဒေသနာ။
ဒီဇင်ဘာ ၉၊ ၂ဝ၁၅

(ကမ်းမကုန်သေးတဲ့ မိုက်ခ်)
“ဆီးရီးယားဒုက္ခသည်တွေ ငါ့ပြည်နယ်လာမှာလက်မခံဘူး၊ လာတာလက်မခံဘူး”လို့ အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးမိုက်ခ်ပန့်စ်လည်း လက်ခုပ်သံချူ မဲမြှူစကားပြောတာပဲ။
တနေ့က ဆီးရီးယားဒုက္ခသည် တမိသားစုရောက်လာပြီ။ အဲ့ဒီအစ်ရှူးနဲ့စပ်လို့ ကျနော်တွေးမိတာ မနေ့ညက ရေးခဲ့ပါတယ်။
ချယ်နယ်လ် ၁၅-၁ က သူ့တုန်ပြန်ချက် ည ၁၁ နာရီသတင်းမှာ နားဆင်ပါဆိုလို့ မအိပ်ပဲစောင့်နားထောင်တယ်။
”ဖက်ဒရယ်ဂါးဗမင်န့်အထောက်အပံ့နဲ့ရပ်တည်ပြီး ဒုက္ခသည်ပြန်လည်နေရာချထားရေးလုပ်နေကြတဲ့အေဂျင်စီတွေကို ဖက်ဒရယ်လ်ဖန်းဒ်တွေပြတ်အောင်”လုပ်ပြမယ်ဆိုပြီး ဓါးကြိမ်း ကြိမ်းတော့ သက်ဆိုင်ရာအေဂျင်စီတွေက တာဝန်ရှိသူတွေ ပြုံးစေ့စေ့ကြတယ်။
ဒီလူကြီးလည်း လူ့အပြုံးခံ ဖြစ်မှန်းမသိဖြစ်ပါရောလား။
ကျနော် နိုင်ငံသားဖြေတော့ “မင်းတို့ပြည်နယ်အုပ်ချုပ်ရေးမှူးနံမည်ပြောပါ”ဆိုလို့ သူ့နံမည်ကြီးတောင် ပြောပြရခဲ့သေးတယ်။
ဒီဇင်ဘာ ၉၊ ၂ဝ၁၅

(သွေးမဆုံးမီ)
ကျနော့် နိုင်ငံရေးမီးရှူးသန့်စင်ချိန်က “အချက်အလက်မရှိရင် စကားမပြောနဲ့” မူကို အတိအကျလိုက်နာကျင့်သုံးခဲ့ပါတယ်။ ဒါ့ကြောင့် ကောင်းတာတွေလည်းရှိသလို ဘာမှမပြောလိုက်ရပဲ လက်ဦးမှုအယူခံလိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။
အဲ့ကလေး အိမ်ထောင်ပြုခဲ့ရင် ကျနော် နိုင်ငံရေးမြေးလေးတောင် ချီရလောက်ပြီ။ ခက်တာက သူကလည်း ခုထိ လူလားမမြောက် ကျနော်ကလည်း ဘုန်းကြီးပျံရော ထီးတော်တင်ရော ဘာမှ မမီခဲ့။
အဲ့သလိုနဲ့ ကျီးမမည် ဘုတ်မမြောက် ကျနော့်နိုင်ငံရေးဟာ ဘယ့်နှယ်လို့ တသားမွေး တသွေးလှမလဲကွယ်ရို့။
တော်တော့တော်သေးတယ် နိုင်ငံရေးသွေးမဆုံးသေးလို့။
ခု ကျနော်လည်း အချက်အလက်မရှိပဲ စကားပြောတတ်လာပြီ။
ဒီဇင်ဘာ ၉၊ ၂ဝ၁၅

(အရူး ထရမ့်ပ်)
ဒေါ်နယ်လ်ထရမ့်ပ်တော့ အိမ်ဦးချီးတက်ပါမိသွားပြီ။ ကိုယ်တင်မယ့်မင်းလောင်းအတွက် ရီပါဘလီကင်န်တွေလည်း မျက်စေ့မျက်နှာ ခတ်ပျက်ပျက်ဖြစ်ကြပြီ။ ဒီမိုကရက်တွေရဲ့ “ပြောပေ့စေ လွှတ်ထားလိုက်။ မပြောရင် ဆွဆွပေး၊ အတိုက်အခံလုပ် ငြင်းခုန်မနေနဲ့” မူ အလုပ်ဖြစ်တယ် ဆိုရမယ်။
သူ့ရည်မှန်းချက်ကိုက သမ္မတဖြစ်ရေးမဟုတ်ပဲ ပွဲဆူအောင်လှန့်ပြီး နံမည်ကြီးသထက် ကြီးရေးပဲ။ ဒီလူကြီး အသံလည်းပြာလှပြီ ငွေလည်းကုန်လှပြီ။ ပြန်မှ ထေမိပါ့မလား သူ့ငွေကုန်သံပြာခံရကျိုး နပ်ပါ့မလား။ ရီပတ်ဘလီကင်န်က သမ္မတဖြစ်တောင် သူ့ရင်းစားလေးပြန်ရပါ့မလား။ သူဌေးဆိုတော့ ငွေတော့ရှာတတ်မှာပါ။ ဒီနေရာမှာ အပဲ့ခံပေးရတာ ဟိုနေရာက ပြန်ဖဲ့ယူမယ် ထင်တာပဲ။
သူဌေးဆိုတာ ပိုက်ဆံကလွဲလို့ ဘာမှမရှိတဲ့လူမျိုးကိုခေါ်တာဆိုတဲ့စကား အကြွင်းမဲ့မမှန်ဦးတောင် ဒီလူကြီးနဲ့ကြ မှန်တန်သလောက်မှန်တယ်။
ဒီဇင်ဘာ ၈၊ ၂ဝ၁၅

(အမှိုက်မရှိ အမှိုက်ရှာ)
ဘုရားရေ အရင်တုန်းက “အလုပ်မရှိအလုပ်ရှာ...”ပဲကြားဖူးတာပါ။ ခုတော့ “အမှိုက်မရှိ အမှိုက်ရှာ...”ဖြစ်နေပါရောလား။
“.....နေ့ကျရင် ဒေါ်စုကိုယ်တိုင် ခင်ဗျားဘက်လာပြီးတော့ အမှိုက်ကောက်မယ် ဘာညာနဲ့ ရေးထားတာတွေတွေ့လို့ဗျ၊ ဟုတ်လား”လို့ ကော့မှူးနဲ့သိတ်မဝေးဆဲ့ဆီက မိတ်ဆွေတယောက်ကို လှမ်းတောက်ကြည့်တော့
“ကြားတာပဲဗျ။ သေချာတော့ မသိသေးဘူး။ အဲ့ဒါ မနေ့က ကော့မှူးက အပိုင်စားကို လှမ်းမေးတော့ ဟုတ်တယ်ပြောတာပဲ။ ပြဿနာက သူက ဘယ်ရပ်ကွက် ဘယ်လမ်း ဘယ်နေရာကောက်မယ်လို သေချာပြောမထားတော့ အဲ့ကောင်တွေ ခေါင်းစားနေကြတာဗျ” တဲ့။ သူပြောကာမှ ပိုနားရှုပ်သွားတယ်။
ဒါနဲ့ “ဘာပြောတာလဲဗျ ခေါင်းစားနေကြတယ်ဆိုတာက“။
“သြော် သူ လိုက်ကောက်မယ့်နေရာမှာ အမှိုက်မရှိရင် အမှိုက်နည်းနည်းပါးပါး ကြိုချထားရအောင်ရယ်။ နောက်ပြီး ရှိတယ်ဆိုရင်လည်း နည်းနည်းသန့်တဲ့ လက်တွေဘာတွေ သိတ်မပေကျံမယ့် အမှိုက်မျိုးလေးတွေ မြင်သာအောင်ချထားဖို့ပေါ့ဗျာ။ အဲ့ဒါစီစဉ်နေကြတာ။ သူက ဘယ်နားကောက်မယ်ဆိုပြီး အတိအကျပြောမထားတော့ ဒီကောင်တွေ ဘာလုပ်ရမှန်းမသိတွေ ဖြစ်နေကြတာဗျ။ ရီလည်းရီရတယ်”တဲ့။
သူ့စကားဆုံးမှ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ငါ့နှယ် အ ရန်ကောလို့ တမိတာပါပဲ။
ဒီဇင်ဘာ ၇၊ ၂ဝ၁၅

(ရှင်တို့ စစ်သားတွေလုပ်နေပြီးတော့)
ဒီပဲယင်းလုပ်ကြံမှုအပြီး ဒေါ်စုနေအိမ်အကျယ်ချုပ်ပြန်ကျ။ သန်းရွှေနဲ့ကြိတ်ညှိ။ ဒေါ်စုဘက်က ဒီပဲယင်းကြေအေးပေးရပြီး အင်န်အယ်လ်ဒီအနေနဲ့ အမျိုးသားညီလာခံ NC ပြန်တက်ဖို့သဘောတူ။ သန်းရွှေဘက်က ဒေါ်စုကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေး၊ ဒီပဲယင်းအဖမ်းဆီးခံအားလုံးလွှတ်ပေးမယ်သဘောတူ နောက်မကြာခင် သန်းရွှေကပေးတဲ့ သဘောတူညီချက်ဖျက်။ ဒီ့ပြင်အကွက်ရွှေ့သွား။ ဒေါ်စုနဲ့ ဒီပဲယင်းတွေလည်းမလွတ်၊ NC လည်းပြန်မတက်ရ။ ၂ဝဝ၈ ကြီးမပြီးခင် ရက်စေ့နဲ့လွှတ်ရတော့မှာမို့ ယက်တောကိစ္စပြပြီး တဘက်လှည့်နဲ့ပြန်ထိန်း။ ဒီလိုနဲ့ ၂ဝ၁ဝ ကြံ့ဖွံ့ဆွမ်းကြီးလောင်းပွဲနဲ့ သိန်းစိန်ဘိသိတ်မြှောက်အပြီး ဒေါ်စုပြန်လွတ်။
နောက်ဆုံးရလိုက်တာကတော့ “ရှင်တို့ စစ်သားတွေလုပ်နေကြပြီးတော့.....”နဲ့ပဲ ပြီးရ။
နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကလွတ်အပြီး အာရ်အက်ဖ်အေနဲ့ပြောတဲ့စကားတခုမှာ ဒီပဲယင်းကိစ္စအပြီး သန်းရွှေနဲ့တွေ့ခဲ့တဲ့ကိစ္စပြန်မေးတော့မှ လွှတ်ကနဲထွက်လာတဲ့စကား။
ခုလည်း အဲ့ဒီ ”ရှင်တို့ကြီး” နဲ့ရော ရှင်တိုကြီးရဲ့မြေး ”ရှင်တို့လေး”နဲ့ပါတွေ့ကြပြန်တယ်။
ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရောကို ”ရှင်တို့ကြီးနဲ့ရှင်တို့လေး”လို့ပြောင်းရင် ကောင်းမလားတွေးမိတာပါပဲ။
ဒီတခါတော့ ရှင်တို့စစ်သားလူထွက်ကြီးတွေလုပ်နေပြီးတော့....လို့ပြောမှ ရမှာ။
ဒီဇင်ဘာ ၇၊ ၂ဝ၁၅

(ချီးစားမယ့်ခွေး)
ကျနော့်တူမ မရင်နှစ်ကို ”ဗမာပြည်မှာ ခွေးတွေ ချီးစားတယ် သမိးရဲ့”လို့ပြောတော့ ကျနော့်ကို တခါမှ မမြင်ဘူတဲ့လူလိုကြည့်ပြီး “ဘဘ ကလည်း ယာ့ကီး”တဲ့။ အမေရိကန်မှာ လူက ခွေးချီးကြုံးရတာကိုး။
လမင်းတရာကိုအေးဝင်းက အမေရိကန်မှာ ခွေးလိုက်အဆွဲခံရလို့ ကြောက်ကြောက်နဲ့ပြေးရင်း ”ဟဲ့ခွေး”ဆိုပြီး အသားကုန်အော်ထည့်လိုက်တော့ ခွေးဟာ သူ့ဘဝအမှန်နဲ့ သူ့နံမည်အရင်းကိုသိသွားပြီး မျက်နှာလေးငယ်ပြီး ဆက်မလိုက်တော့ဘူးတဲ့။ အမေရိကန်မှာ ခွေးကို နံမည်နဲ့ခေါ်ပြီး လူနီးနီးကြီးကျယ်ကြတာကိုး။
ကျနော်တို့ဘီအီးတပ်မှာ မိုင်းရှာလေ့ကျင့်ထားတဲ့ မိုင်းခွေးတွေရှိတယ်။ ခွေးစရိတ်ကြီးတာနဲ့ ခွေးရိက္ခာလူစားလို့ကုန်တာနဲ့ ဘယ်နေရာမှမသုံးတာကြာတော့ ဘယ်နေရာမှာမှ သုံးမရတော့တဲ့ ခွေးအရပ်သားကြီးတွေဖြစ်ကုန်ကြတယ်။ အဲ့ခွေးတွေကို ခွေးပျက်တွေလို့ခေါ်တယ်။ စစ်ခွေးဟာ ပျက်ပြီဆို ဘာမှကိုသုံးမရတာကိုး။

စစ်အာဏာရှင်စနစ်ရဲ့သန္ဓေဆိုးတို့ကိန်းဝပ်ရာ ဇာတိလက်သည်နေဝင်းကြီးရဲ့ မြေးတော်စပ်တဲ့ ကျော်နေဝင်းဆိုတဲ့အကောင်က “ကျနော်ဟာ စစ်ခွေးအစစ်ပါ”တဲ့။ ရှူးတိုက် အကုန်ကိုက်မှာပဲတဲ့။ တကယ့် စစ်ခွေးတွေဟာ ရှူးတိုက်စရာမလိုပဲကို ကိုက်တတ်ကြောင်း ဒီ စစ်ခွေးစစ်စစ်လေး သိမှမသိပဲကိုး။
နိုဝင်ဘာ ၂၇၊ ၂ဝ၁၅

0 comments:

Post a Comment