ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ပဉ္စမတွဲ၊ အခန်း(၁၄)
ဂူဗိမာန်ရဲ့မျက်နှာစာမှာတော့ ဆရာကြီး၏ ဂုဏ်အင်္ဂါ(၄)ရပ်ကိုဖော်ပြသည့်
တံဆိပ်ကြီး(၄)ခုကို တပ်ဆင်ထားပါသည်။(ပူးတွဲပါပုံ)
၁။ စာပေယဉ်ကျေးမှုတော်လှန်ရေးကြီးဆင်နွှဲခဲ့၍ စာအုပ်တံဆိပ်
၂။ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့၍ ဒေါင်းတံဆိပ်
၃။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုဆင်နွှဲခဲ့၍
ချိုးငှက်တံဆိပ်
၎။ အဖိနှိပ်ခံပြည်သူများဖက်မှ ထာဝစဉ်ရပ်တည်ခဲ့ပြီး အထူးသဖြင့်
အလုပ်သမားနှင့်တောင်သူလယ်သမားများ ဆင်းရဲတွင်းမှ လွတ်မြောက် စေလိုသည့်အထိမ်းအမှတ်အဖြစ်
တူတံစဉ်တံဆိပ် တံဆိပ်ကြီး(၄)ခု တပ်ဆင်ထားပါသည်။ အတွင်းမျက်နှာစာများမှာလည်း ဆရာကြီး၏
လေးချိုးကြီးများမှ ကောက်နုတ်ချက်များကို ရေးသားထားပါသည်။
ဤဂူဗိမာန်ကြီးမှာ ဆရာကြီး၏ဂုဏ်သိက္ခာနှင့်လိုက်လျောအောင်ပင်
ခံ့ခံ့ညားညားတည်တည်ငြိမ်ငြိမ်ရှိပေသည်။ ဆရာကြီးအနိစ္စရောက်ပြီး နှစ်နှစ်ပြည့် ၂၃-၇-၆၆
နေ့မှာ ဤဂူဗိမာန်ကိုဖွင့်လှစ်နိုင်ခဲ့ပါသည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်ငွေ တသိန်းခွဲနီးပါး
ဖြစ်ပါသည်။
ဆရာကြီး၏ မိသားစုဝင်များ
ဆရာကြီး၏သားမက် ဆရာကြီးဦးယော(စာရေးဆရာကြီး ဇေယျ)သည်
ဆရာကြီးအပေါ်တွင် သားသမက်အဖြစ်သာမက နိုင်ငံရေးတပည့် သားမြေးတယောက်လို လေးစားပြုစုစောင့်ရှောက်ခဲ့တာကို
ကျွန်တော်တို့ လေးစားဖွယ်တွေ့ခဲ့ရပါသည်။ ဆရာကြီးသည် သမီးကြီးဒေါ်မြရီနှင့် သမီးငယ်ဒေါ်မြသီတို့ကို
ပိုမိုချစ်ဟန်ရှိသည်။ သား - ဦးစိန်ညွန့်ကို သိပ်မတွေ့ရချေ။ ဦးယောနှင့်ဒေါ်မြရီတို့မှာ
သမီးချည့် ၃ - ၄ ယောက် ရှိပြီး၊ အားလုံး အပျိုကြီးတွေချည်းဖြစ်သည်။ ဦးယောသားမှာ ထိုစဉ်က
ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်သဖြင့် အထိန်းသိမ်းခံထားရရာ ဈာပနနေ့ တရက်မှာ ထောက်လှမ်းရေးကလာပို့ပြီး
ကန်တော့ခိုင်းပါသည်။ ဆရာကြီးကွယ်လွန်ချိန်အထိ အတူတူအိပ်သွားသည့် မြေးလေးတယောက် လည်း
ရှိပါသည်။
ဆရာကြီး၏သမီးကြီး ဒေါ်မြရီမှာ ဖခင်ကြီးကို အတော်ဂရုစိုက်စောင့်ရှောက်တာတွေ့ရပါသည်။
ဖခင်ကြီး၏ အပေါင်းအသင်းမိတ်ဆွေများ ကိုလည်း ဖော်ရွေပျူငှာစွာဧည့်ဝတ်ကျေတတ်ပါသည်။ ဆရာကြီးသည်
အသက်အရွယ်ကြီးရင့်လာသောအခါ တပြည်လုံး ပြည်သူများက ဆရာကြီး၏ အကျင့်သီလ ဖြူစင်မှု၊ အထူးသဖြင့်
ပြည်သူများဘက်က တသက်ပတ်လုံးရပ်တည်မှု စတာများကြောင့် အလွန်ပင်ကြည်ညို လေးစားလာကြပြီး၊
ထေရ်ကြီးဝါကြီးတဦးကဲ့သို့ သဘောထားကြကာ ဝင်ရောက်ကန်တော့ကြတာများ အတော်ပင်များလာသဖြင့်
အိမ်သားများမှာ ဧည့်ခံရတာနှင့်ပင် မသက်သာ လှပါ။
ဆရာကြီး ဦးယောမှာ စာပေဗိမာန်တွင် ပထမပိုင်းက ညွှန်ကြားရေးမှူးချုပ်
ဖြစ်ပါသည်။ ဆရာကြီးဦးယော ဆိုဗီယက်ယူနီယံကို လေ့လာရေး ခရီးထွက်နေတုန်း၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ
အထူးကိုယ်စားလှယ်တယောက် ငြိမ်းချမ်းရေးကမ်းလှမ်းရန် ဆရာကြီးအိမ်သို့ရောက်ရှိလာရာ ဦးယော၏
ခုတင်အောက်တွင် ဝှက်ပေးထားခဲ့ရပါသည်။ ဤကိစ္စ နောင် အစိုးရကသိသွားသောအခါ ဦးယော နိုင်ငံခြားက
ပြန်အရောက်တွင် ပင်စင်ပေးလိုက်ပါတော့သည်။
ထိုအထူးကိုယ်စားလှယ်မှာလည်း မကြာမီ လက်နက်ချလိုက်ပါတော့သည်။
တနေ့ ထိုသူနှင့်ဒေါ်မြရီတို့ ပွဲတပွဲတွင် ပက်ပင်းတိုးရာ ဒေါ်မြရီက “ရှင် ဒီလိုလက်နက်ချမယ်မှန်းသိရင်
ကျွန်မအိမ်မှာရှင်ရှိစဉ်တုန်းက အစိုးရအပ်ပြီး ဆုငွေငါးသောင်းယူပါရဲ့”လို့ ပြောပစ်ခဲ့ဖူးပါသည်။
ထိုစဉ်က ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ဆုငွေများ ထုတ်ထားခဲ့ပါသည်။
ဆရာကြီး၏ သမီးငယ် ဒေါ်မြသီမှာ ဒေါ်မြရီလောက် စိတ်ဓာတ်မာပုံမရပါ။
ဆရာကြီးအားလည်း အတော်အားကိုးချစ်ခင်ပုံရသည်။ ဆရာကြီးနှင့်ပတ်သက်လာလျှင် အမြဲပင် မျက်ရည်တစမ်းစမ်းဖြစ်နေတတ်ပါသည်။
ဆရာကြီးကွယ်လွန်ခါနီး မမာမချာဖြစ်နေသည့်ကာလ တလျှောက်လုံးလည်း ဆရာကြီးအိပ်ရာဘေးကမခွာဘဲ
ပြုစုရှာပါသည်။ သူကိုယ်တိုင်လည်း ကျန်းမာရေးကောင်းပုံမရပါ။
ကျွန်တော်တို့ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဆရာကြီးရာပြည့်ပွဲလုပ်မည့်အစီအစဉ်အားလုံးမှာ
ကျောင်းသားများရဲ့ ချီတက်ဆန္ဒပြပွဲ ကြီးကြောင့် ဖျက်လိုက်ရပါတော့သည်။ ပင်ကိုယ်က ကျွန်တော်တို့က
ဆရာကြီး၏ဂူဗိမာန်တွင် ဆွမ်းကျွေး၊ စာပေဟောပြောပွဲ၊ စာတမ်း ဖတ်ပွဲများလုပ်ရန် စီစဉ်ထားခြင်း
ဖြစ်ပါသည်။ သို့သော် တက္ကသိုလ်ကျောင်းသားများက “မှိုင်းရာပြည့်ပွဲ”ကို သူတို့အစီအစဉ်နဲ့သူတို့ပြုလုပ်၍
ဂူဗိမာန်သို့ချီတက်လာကာ အလေးပြုကြပါတော့သည်။ ထို့ကြောင့်ပင် ကျွန်တော်တို့စီစဉ်ထားသည့်အခမ်းအနားများ
ဖျက်သိမ်းလိုက်ရ ပါတော့သည်။ ထိုအခါတွင်လည်း ဒေါ်မြသီက မျက်ရည်တစမ်းစမ်းနဲ့ “ဖေဖေတို့များ
ကုသိုလ်ဆိုးလိုက်တာ၊ ရာပြည့်ပွဲလေးတောင် ရှောရှောရှူရှူ မလုပ်ရဘူး”ဟု ဝမ်းပန်းတနည်း
ဆိုလာပါသည်။
ကျွန်တော်က “ဟာ - မဟုတ်တာဘဲ၊ ဘယ်နှယ့်ကုသိုလ်ဆိုးရမလဲ။
ဒါဟာ ဆရာကြီးကို ပြည်သူတွေက အကောင်းဆုံးဂုဏ်ပြုလိုက်တာပဲ”လို့ ပြောလိုက်မိပါသည်။ ကျွန်တော်သည်
ထိုနေ့က တကယ်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။ ဦးသန့်အရေးအခင်းကို အကြမ်းဖက်ဖြိုခွဲပြီး၊
ကျောင်းသားများအား ဖမ်းဆီးနှစ်ရှည်ထောင်ချ၊ ကျောင်းထုတ်နှင့် ရက်ရက်စက်စက်လုပ်ပြထားတာ
မကြာသေးပါ။ မတ်လ ၂၃ ရက်နေ့ မတိုင်မီမှာကို နည်းအမျိုးမျိုးနှင့်ခြိမ်းခြောက်ခဲ့တာပါ။
ဒီကြားထဲကမှ သတ္တိခဲကျောင်းသားများ အုံနှင့်အင်နှင့်ထွက်လာပြီး ဆရာကြီးအား ဂုဏ်ပြုကြခြင်းဖြစ်ပါသည်။
မှိုင်းကလေးများ ပေါ်ထွက်လာခြင်းဖြစ်ရာ ကျွန်တော့်လိုပင် လူအတော်များများက ဝမ်းသာကြိုဆိုအားရခြင်း
ဖြစ်မိကြပါသည်။
ဆရာကြီး ကွယ်လွန်သွားသော်လည်း ဆရာကြီး၏စိတ်ဓာတ်က ရှင်သန်ကျန်ရစ်နေပေသည်။
ဆရာကြီး၏ ပြည်သူများဘက်က ထာဝစဉ် ရပ်တည်ပြီး ပြည်သူများ၏ဘဝသာယာငြိမ်းချမ်းရေးအတွက် တသက်ပတ်လုံးလုပ်ကိုင်ဆောင်ရွက်သည့်
ဇွဲနပဲစိတ်ဓာတ်သည် နောင်မျိုးဆက် အဆက်ဆက်ကို သမိုင်းအမွေအဖြစ်လက်ဆင့်ကမ်းပေးခဲ့ပေသည်။
ထို့ကြောင့် မှိုင်းရာပြည့်လှုပ်ရှားမှုမှာပါဝင်ခဲ့သည့် ကျောင်းသားခေါင်း ဆောင်များမှာ
ထောင်တန်းအကျခံ၊ တချို့လည်း တောထဲရောက် လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်နှင့် ယခု အနှစ်သုံးဆယ်ကြာပြီး
သောအခါ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်တွင် နိုင်ငံရေးခေါင်းဆောင်များအဖြစ်ပေါ်ထွက်လာပြီး
ဖြစ်သည်။ ဆရာကြီး၏ မပြီးဆုံးသေးသော တာဝန်ကို သူတို့ဆက်လက်ဆောင်ရွက်ပေလိမ့်မည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်းတုန်းကလည်း ဆရာကြီးကို
မီလိုက်ခြင်းမရှိသည့် ကျောင်းသားငယ်လေးများက မိမိတို့၏ခံစားရချက် များကို “အဘိုးရေ”ဟု
တ၍ ကျော်ကြားလှသည့် ကမ္ဘာမကြေသစ် သီချင်းကို သီဆိုခဲ့ကြပါသည်။ နောက်တမျိုးဆက် မှိုင်းကလေးများ
ပေါ်လာခြင်း ဖြစ်ပါသည်။
ပြည်သူများဘက်က အင်အားတရပ်အဖြစ် ဆရာကြီးကိုပုံအရိပ်ဖော်သလို
ဆန့်ကျင်ဘက်အင်အားစုကလည်း ဆရာကြီး၏အမည်နာမ စွမ်းပကားကို အကြောက်ကြီးကြောက်ကြပါသည်။
ထို့ကြောင့်ပင် နဝတ၊ နအဖ ခေတ်အဆက်ဆက်တွင် ဆရာကြီး၏နာမည်၊ ဓာတ်ပုံတို့ကို ဖော်ပြခွင့်မပေးခြင်း
ဖြစ်ပေသည်။ ဆရာကြီး၏ဂုဏ်ရှိန်ကား ကြီးမားလှသည်။ ဆရာကြီး၏ဘဝသည် ကောင်းမြတ်လှပေစွ။
ဆရာကြီး မကွယ်လွန်မီကပင် ကျွန်တော်တို့၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများမှာ
သိသိသာသာရပ်ဆိုင်းသွားပြီဖြစ်ရာ၊ ဆရာကြီး ကွယ်လွန်သွားပြီးနောက် အထူးသဖြင့် ဆရာကြီးဂူဗိမာန်တည်ဆောက်ပြီးနောက်
လုံးဝရပ်ဆိုင်းသွားရပါတော့သည်။ ငြိမ်းချမ်းရေးအဖွဲ့ဝင် တော်တော်များများလည်း အဖမ်းခံသွားကြရပြီ
ဖြစ်ပါသည်။
0 comments:
Post a Comment