ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ပဉ္စမတွဲ၊ အခန်း(၁၉)
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ပဉ္စမတွဲ၊ အခန်း(၁၈)
ကျွန်တော် ၁၉၅၇ ခုနှစ်၊ စစ်တပ်က ထွက်ခါနီး၊ စစ်ရုံးချုပ်၌
ကျွန်တော် ဗိုလ်နေဝင်းကိုသွားနှုတ်ဆက်စဉ် ဗိုလ်နေဝင်းက အေးဗျာ အပြင်ရောက်ပြီးရင် ကျွန်တော့်ဆီ
အေးအေးဆေးဆေးလာတွေ့လှည့်ပါဦးဟု မှာလွှတ်ပါသည်။ ထို့ပြင် အတွင်းဝန်ရုံး၌အလုပ်လုပ်နေသော
ကျွန်တော့်ဦးလေးကိုလည်း ကြားပွဲစားတဦးကချဉ်းကပ်ပြီး ဗိုလ်ကျော်ဇောနာမည်နှင့် ပဲခူးရိုးမက
သစ်ကန်ထရိုက်လျှောက်ပါ။ ရရပါစေ့မယ်ဟု လာပြောဖူးပါသည်။ ထို့ပြင် ကျွန်တော်တို့တပ်မှူးကြီးများအတွက်ပေးထားသည့်
မြေကွက်များတွင် အိမ်ဆောက်မည်ဆိုက လိုအပ်သည့် အိမ်ဆောက်ပစ္စည်းများ အစိုးရဝေးနှုန်းနှင့်ထုတ်ပေးမည်ဟု
ကျွန်တော်နှင့်အလွန်ရင်းနှီးသည့် ဗိုလ်မှူးကြီးမြဝင်းက ကျွန်တော့်ဇနီးကို လာပြောပါသည်။
ထိုစရိတ်ကိုလည်း မိမိက စိုက်စရာမလို၊ ငှားရမ်းမည့်သံရုံးများကို သုံးနှစ်စာလေးနှစ်စာ
ငှားရမ်းစရိတ်၊ စာချုပ်ချုပ်ကြိုယူပြီး ဆောက်ရုံသာဖြစ်သည်။ ထိုကြွေး သုံးလေးနှစ်နှင့်ကျေသွားပါက
မိမိအိမ်ပိုင်တလုံးရပြီး အိမ်ငှားစရိတ်ဆက်စားရန်သာ ဖြစ်ပါတော့သည်။ ဤနည်းဖြင့် တပ်မှူးကြီးများ
အိမ်တလုံးကနေနှစ်လုံး၊ သုံးလုံး ဆောက်နိုင်ကြသည်။ တပ်မှူးကြီးများအား ဗိုလ်နေဝင်းက
ပြည်သူ့ဘဏ္ဍာငွေ သုံးပြီး ဝယ်ယူသည့်နည်းများဖြစ်ပါသည်။ ထို နည်းဖြင့် စစ်တပ်မှထွက်ရသည့်တပ်မှူးများကို
ငြိမ်အောင် သူလုပ်ထားနိုင်ခဲ့ပါသည်။
ကျွန်တော် ဘာတခုမှလက်ခံခြင်း မရှိဘဲ ရသည့်ပင်စင်လေးနှင့်ပင်
လောက်ငအောင်နေပါသည်။ ရရှိထားသည့်မြေကွက်ကိုတော့ ကျွန်တော် တပ်ထဲမှာ နေစဉ်ကတည်းကပင်
ကျွန်တော့်ငွေပေးပြီး ဂရန်ထွက်အောင်လုပ်ထားခြင်း ဖြစ်ပါသည်။ ထိုမြေကွက်များကို ဖဲ့ဖဲ့ရောင်းပြီး
အိမ်စားရိတ်ဖြည့်ရပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးပျက်သွားစဉ်ကလည်း ဖမ်းဆီးမည့်လူစာရင်းကို
ဗိုလ်နေဝင်းဆီတင်ရာတွင် စာရင်းထိပ်တွင်ပါဝင်သည့် ကျွန်တော့် နာမည်ကို ဗိုလ်နေဝင်းကပဲ
ဖျက်ပစ်ပေးလိုက်သည်ဟု ကြားရပါသည်။
၁၉၇၃-၇၄ ခုနှစ်၊ မဆလ ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲပြီး
ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ စိုင်းပြင်းနေစဉ် ကျွန်တော့်အိမ်သို့ စမ်းချောင်း လအက
ဥက္ကဋ္ဌ ဗိုလ်ကျော်ဆွေဆိုသူရောက်လာပြီး ထိုဆန္ဒခံယူပွဲအတွက် ကြီးကြပ်သည့်ကော်မရှင်တွင်ဥက္ကဋ္ဌလုပ်ရန်
လာဖိတ်ပါသည်။ ကျွန်တော်လည်း စိတ်တိုတိုနှင့်ပင် “ဟေ့-မင်းတို့လက်ထက်မှာ လူတွေ ဒီလောက်ဒုက္ခရောက်နေတာ
ဒီလိုအစိုးရမျိုးကို ငါက ပခုံးနဲ့ထမ်းတင်ပေးရဦးမှာလား။ ငါ့အနေနဲ့ဘာမှမတတ်နိုင်လို့
ထိုင်ကြည့်နေတာ။ တတ်နိုင်ရင် မင်းတို့အစိုးရဖြုတ်ချဖို့တောင် ငါ့မှာဝတ္တရားရှိတယ်”ဟု
ပြောချလိုက်ပါသည်။ သူလည်း ပြန်သွားပြီး အထက်အဆင့်ဆင့်ကို တိုင်ကြားပါတော့သည်။ လူအတော်များများလည်း
ဒီတချီတော့ ကျွန်တော် အဖမ်းခံရတော့ မည်ဟု ထင်နေကြပါသည်။ ကျွန်တော်လည်း အတော်သတိထားနေထိုင်ပြီး
အပြောအဆိုလည်း ဆင်ခြင်ပါသည်။ ထိုနေ့ကတော့ စိတ်ပေါက် လာပြီး ပြောချလိုက်ခြင်းဖြစ်ပါသည်။
ထိုသတင်း ဗိုလ်နေဝင်းဆီ ရောက်သွားသောအခါ ဗိုလ်နေဝင်းက
“ဟုတ်သားပဲကွ၊ မင်းတို့က သွားစတာကိုး။ ဗိုလ်ကျော်ဇောဆိုတာ မြွေပွေးကွ။ သူ့ထိမှ ပေါက်တာ။
သူ့ဟာသူ အေးအေးနေပစေ”ဟုဆိုကြောင်း ကြားရပါသည်။ ကျွန်တော့်ဆီလည်း ဘယ်သူမှ ထပ်လာခြင်း
လည်း မရှိတော့ပါ။ ဘယ်လောက်တောင် ဖြစ်လာသလည်းဆိုလျှင် ထိုဆန္ဒခံယူပွဲမဲရုံကို ကျွန်တော့်ဘေးအိမ်ကကားရုံတွင်
လာဖွင့်ပြီး ကျွန်တော်တို့အိမ်သားတွေ မဲလာမထည့်မချင်းစောင့်ကာ ညနေအချိန်ကုန်မှ မဲရုံပိတ်ပါသည်။
နောက်မဲစာရင်းထွက်လာသောအခါ မဲမထည့်သူခြောက်ယောက်ဟု ကျွန်တော်တို့အိမ်သားများကို စာရင်းပြထားတာတွေ့ရပါသည်။
ကျွန်တော်တို့ကို မဲထည့်ရန်လာမခေါ်ဝံ့ပါ။ တခြားမဲရုံများ လူကုန်လာထည့်သဖြင့် အစောကြီးပိတ်သွားကြသော်လည်း
ကျွန်တော်တို့အိမ်နားကမဲရုံမှာမူ လူကုန်လာမထည့်သေးသဖြင့် စောင့်ရသည်ဆိုပြီး အချိန်ကုန်သည်အထိစောင့်ပြီးမှ
မဲရုံသိမ်းရပါတော့သည်။
ကျွန်တော်တို့ ဆီဆုံလမ်းမှ အိမ်လေးမှာပင် ကျွန်တော့်သမီးအငယ်စန်းစန်းကို
အိမ်ထောင်ချပေးပါသည်။ စန်းစန်းက သူ့အစ်မကို သူ သွားဆရာဝန်လေးတယောက် (ထိုစဉ်က အလုပ်သင်ဆရာဝန်လေး)နှင့်
မေတ္တာရှိနေကြောင်း၊ သူ့အကြောင်းစုံစမ်းကြည့်ပြီး ကြီးကြီးမားမား အပြစ်မရှိလျှင် ထိုသူနှင့်
သူလက်ထပ်လိုကြောင်း ပြောလာပါသည်။ ထိုစဉ်က စန်းစန်းမှာ စီးပွားရေးတက္ကသိုလ်၌ နည်းပြဆရာမ
လုပ်နေပါသည်။ လှလှက သူ့ သူငယ်ချင်း သွားကောလိပ်၌ ဆရာမလုပ်နေသူမှတဆင့် ထိုသူငယ်အကြောင်းစုံစမ်းရာတွင်
ဗန်းမော်မှဖြစ်ပြီး ပြည်နယ်စတိုင်ပင်နှင့် ကျောင်းတက်နေရသူဖြစ်ကြောင်း၊ ရိုးသားကြိုးစားသူဖြစ်ကြောင်းသိလာရသဖြင့်
ကျွန်တော်တို့လည်း ထိုအိမ်လေးမှာပင် အကျဉ်းရုံးလက်ထပ်ပေး ခဲ့ပါသည်။
သမီးငယ်လက်ထပ်ပြီး တနှစ်အကြာတွင် သားအငယ် ကျော်ဇောဦးက
သူနှင့်မေတ္တာရှိနေသည့် စီစီဆိုသည့်မိန်းကလေးနှင့် လက်ထပ် လိုကြောင်းပြောလာသဖြင့် ကျွန်တော်တို့မှာ
နောက်မင်္ဂလာကိစ္စကို စီစဉ်ရပါတော့သည်။ စီစီမှာ ဖတဆိုးလေးဖြစ်ပြီး အမေတခု၊ သမီးတခုနှင့်
ကြီးပြင်းလာရသူ ဖြစ်သည်။ မိခင်ဖြစ်သူမှာလည်း အစ်မကြီးဖြစ်သူနှင့် တစီးပွားတည်းအတူနေလာသူဖြစ်သည်။
ကန်တော်ကြီး ထီလုပ်ငန်း ပိုင်ရှင်များဖြစ်ပြီး၊ ပဲခူးဘက်တွင်လည်း ဆေးလိပ်ခုံများရှိကြသည်။
(နောင်မှ ကျွန်တော်သိရသည်မှာ စီစီ၏ဖခင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင် တဦးဖြစ်ပြီး
တောခိုရာသို့ပါသွားကာ ပျဉ်းမနား၌ ငှက်ဖျားနှင့်ကျဆုံးသွားသူ ဖြစ်ပါသည်)
ကျွန်တော့်ဇနီးမှာ ထိုကာလက အကြောက်ဆုံးကိစ္စမှာ မင်္ဂလာဆောင်ဖိတ်စာ
ဖြစ်ပါသည်။ ကျွန်တော်တို့သည် မင်္ဂလာဆောင်ဖိတ်စာရပါက စိတ်အတော် ညစ်သွားတတ်ပါသည်။ တခါတရံ
တလတည်း ဖိတ်စာနှစ်စောင်သုံးစောင် ရတတ်ပါသည်။ ခင်မင်လေးစားသောအားဖြင့် ဖိတ်ကြားကြတာဖြစ်သဖြင့်
မသွား၍လည်း မကောင်းပါ။ သွားပြန်ကလည်း မင်္ဂလာပွဲနှင့်အညီ ထိုက်ထိုက်တန်တန်လက်ဖွဲ့မှ ကောင်းပေသည်။
လက်ဖွဲ့သည့်စနစ်သည် မရှိသင့်တော့ပါ။
ထို့ကြောင့် ကျွန်တော်တို့ဇနီးမောင်နှံက ကိုယ့်သားသမီးများမင်္ဂလာဆောင်တော့
မင်္ဂလာဖိတ်စာတွင် “လက်ဖွဲ့ခြင်း သည်းခံပါ”ဟူသော စာတန်း ထည့်ရိုက်ခဲ့ပါသည်။ သမီးစန်းစန်းတုန်းကတော့
ဘာမှပြဿနာမပေါ်ပါ။ ကျွန်တော်တို့ပဲဦးစီး၊ ကျွန်တော်တို့စိတ်ကြိုက်ပဲလုပ်ရသဖြင့် အဆင်ချောခဲ့ပါသည်။
အိမ်မှာ အကျဉ်းရုံးလက်ထပ်လို့လည်း ဖြစ်သည်။
သို့သော် ကျွန်တော့်သား မင်္ဂလာပွဲကျတော့ မိန်းကလေးဘက်ကပြောစရာတွေ
ဖြစ်လာပါသည်။ စီစီ့ ကြီးဒေါ်ကြီးမှာ သူ့သမီးတဦးလည်း မင်္ဂလာဆောင်ပြီးပြီဖြစ်ရာ ဟော်တယ်ကြီးတခုခုတွင်ဆောင်ရမည်ဟု
ဆိုလာပါသည်။ ကြီးဒေါ်ကြီးဘက်က ကြည့်တော့လည်းသမီးကျ တခမ်းတနားလုပ်ပေးခဲ့ပြီး တူမကျမှ
ဖြစ်ကတတ်ဆန်းလုပ်ပေးသည်ဟု အပြောခံရမှာစိုးဟန် ရှိပါသည်။
စီစီမှာ ကျွန်တော်တို့ လူကြီးများအကြား အတော်ဗျာများသွားပါတော့သည်။
နောက်တော့ ဒေါ်သိန်း (စီစီ့ ကြီးဒေါ်ကြီး)က ဟော်တယ်မှာ အခမ်းအနားကျင်းပရေးကိုအလျှော့ပေးပြီး
ကျွန်တော်တို့က “လက်ဖွဲ့ခြင်း သည်းခံပါ”ကို ကျွန်တော်တို့ ယောက်ျားလေးဘက်ကဖိတ်သည့် ဖိတ်စာ တဝက်တွင်ပင်ရိုက်နှိပ်ရန်
အလျှော့ပေးလိုက်ရပါသည်။ မင်္ဂလာဆောင်ကို စီစီတို့အိမ် ကျောက်မြောင်းအိမ်တွင်ပင် ကျင်းပဖြစ်ခဲ့
ပါသည်။
၁၉၇၄ ခုနှစ်တွင် ကျွန်တော့်သားသမီးများ အကုန်ဘွဲ့ရကုန်ပြီး၊
အလုပ်အကိုင်များနှင့်ဖြစ်ကာ၊ အိမ်ထောင်ကျသူများလည်း ကျသွားကုန်ပြီ ဖြစ်ပါသည်။ ကျွန်တော့်ဆီဆုံလမ်းအိမ်မှာလည်း
အိမ်ကလေးကသေးငယ်ပြီး ဘေးပတ်လည် ထောက်လှမ်းရေးဝိုင်းနေသဖြင့် အိမ်မှ ကျွန်တော် တရက်ပျောက်မရပါ။
ထို့ကြောင့် ကျွန်တော်အိမ်ကြီးကြီးတလုံးဝယ်ရန်စဉ်းစားပြီး ကျွန်တော်အိမ်ရှာရာ စမ်းချောင်း၊
မြောင်းမြလမ်းထဲတွင်ပင် အိမ်အကြီးကြီးတလုံးရှာတွေ့ပါသည်။ ပေ ၅ဝ ပတ်လည်မြေကွက်တွင် ဟိုဘက်ဒီဘက်
၁ဝ ပေစီချန်ကာ အပြည့် ဆောက်ထားသည့် နှစ်ထပ်အိမ်ကြီးဖြစ်သည်။ ရှေး ကျွန်းကုမ္ပဏီက မန်နေဂျာတဦးကဆောက်ခဲ့သဖြင့်
သစ်များက အကောင်းစားများ ဖြစ်ပေသည်။ ကျွန်တော့်ဆီဆုံလမ်းအိမ်လေးကိုရောင်း၊ အိမ်မှာရှိသမျှပစ္စည်းအားလုံးချရောင်းကာ
ကျွန်တော် ထိုအိမ်ကြီးကို ငွေတသိန်းနဲ့ ဝယ်လိုက်ပါတော့သည်။ ကျွန်တော် လက်ဆောင်ရထားသည့်ပစ္စည်းများ၊
တံဆိပ်များ၊ ဘွဲ့များ၊ နိုင်ငံခြားကပါလာသော လက်ဆောင်ပစ္စည်း များစသဖြင့် အိမ်တွင်ရှိသမျှအကုန်
ချရောင်းရပါသည်။
0 comments:
Post a Comment