Tuesday, December 8, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၁)

ထိုအတောအတွင်းက ကျွန်တော်နှင့်နယ်ခရီးလိုက်သူများလည်း များပါသည်။ ကျုံမငေးသခင်တင်မောင်၊ ဒေးဒရဲမှ ဦးခင်မောင်မြင့်၊ ပြည်သူ့ရဲဘော်ခေါင်းဆောင်ဟောင်းများ စသဖြင့် အတော်များများပါဝင်ရာ၊ ကျွန်တော်လည်း ထိုလှုပ်ရှားမှုကို အတော်ပင် အားရကျေနပ် ခဲ့ပါသည်။ နယ်များက တရားပွဲများသာမက ရန်ကုန်မြို့တွင်းတရားပွဲများကလည်း ကြာလေ အရှိန်ကောင်းလေဖြစ်လာပါသည်။ ဒီကြားထဲတွင် တက္ကသိုလ်တွင် တကသ မှ ကြီးမှူး၍ကျင်းပသည့်ဟောပြောပွဲများတွင်လည်း ကျွန်တော့်ကိုဖိတ်ကြားတတ်သဖြင့် မကြာခဏသွားရောက် ဟောပြောခဲ့ရပါသည်။ ဤသို့ စည်းရုံးလှုပ်ရှားလာခဲ့ရာ ပထမအကြိမ်ငြိမ်းချမ်းရေးအဖွဲ့ (ဆရာကြီးမှိုင်းဦးစီးခဲ့သော ၁၉၅၄ ခုနှစ် အစောပိုင်းများ ကာလ လှုပ်ရှားမှုများ)၏ အရှိန်အဝါမျိုး လှုပ်ရှားအုံကြွလာပြီး၊ ရန်ကုန်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေးအင်အားပြပွဲကြီးလုပ်ရန် တာစူနေစဉ် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း၏ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုကြီး ပေါ်ပေါက်လာပါတော့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ညက ကျွန်တော်တို့တတွေ ကမာရွတ်မြို့နယ်အတွင်း ဟောပြောပွဲလုပ်နေသည့်နေရာကို ကမာရွတ်ရဲစခန်းက ရဲအဖွဲ့ဝင်အချို့ရောက်လာပြီး ကျွန်တော်တို့ဟောပြောပွဲကို စောစောသိမ်းရန်ပြောခဲ့ပါသည်။ ကျွန်တော်တို့လည်း ဟောပြောပွဲပြီးလျှင် လုပ်နေကျဆွေးနွေးပွဲမလုပ်တော့ဘဲ တရားပွဲကိုရုပ်သိမ်းပြီးအိမ်ပြန်လာခဲ့ကြပါသည်။ ကျွန်တော် အိမ်ပြန်ရောက်ချိန်တွင် ဗိုလ်မှူးအောင် အိမ်မှရော၊ ဗိုလ်မင်းခေါင်ဆီမှရောလွှတ်လိုက်သည့်လူများ ရောက်ရှိနေပြီး ကျွန်တော့်ကို စောင့်နေကြပါသည်။ ပြီးနောက် စစ်တပ်က အာဏာသိမ်းပြီးဖြစ်ကြောင်း၊ ဝန်ကြီးများအားလုံးကိုဖမ်းသွားပြီဖြစ်ကြောင်း၊ ဝင်ဒါမီယာကိုလည်း စစ်တပ်နဲ့ဝိုင်းထားကြောင်း ပြောပြကြ ပါသည်။

၁၉၆ဝ ခုနှစ်၊ ရွေးကောက်ပွဲအပြီး ဦးနုရဲ့ ပထစအစိုးရ တက်လာသည့်အခါ ဦးနုအနေနှင့် ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရကို အာဏာလွှဲပေးရသည့် ဖြစ်ရပ်အပေါ်သင်ခန်းစာယူပြီး နိုင်ငံရေးသမားများအချင်းချင်းအကြား ပြန်လည်ညီညွတ်ဖို့အားထုတ်မှုများ လုပ်လာပါသည်။ ပြည်တွင်းစစ်ရှိနေသဖြင့် စစ်တပ်အနေနှင့် အင်အားကြီးနေတာကိုလည်း သဘောပေါက်ပုံရပါသည်။ ထို့ကြောင့် တောတွင်း အင်အားစုများနှင့် စေ့စပ်ရန်အားထုတ်မှုများလည်း လုပ်ဆောင်လာပါသည်။ သို့သော် ဦးနုနှင့် သူ၏ ပထစအဖွဲ့ဝင်များမှာ ပြည်သူလူထု အကျိုးထက်၊ မိမိတို့ကိုယ်ကျိုးစီးပွားပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်မှုကြောင့် သူတို့အချင်းချင်းအကြား အကွဲအပြဲများကလည်း မထိန်းနိုင် မသိမ်းနိုင်ဖြစ်ကာ အပြန်အလှန်အပုပ်ချမှုများကြောင့်လည်း ထိုခေတ် ဖဆပလ၊ ပထစနိုင်ငံရေးသမားများ ဂုဏ်သိက္ခာအကြီးအကျယ် ကျဆင်းခဲ့ရပါသည်။ ကွဲရပြဲရသည့်အခြေခံများမှာလည်း စားခွက်လုမှုများက စပါသည်။

စစ်တပ်အနေနှင့်ကလည်း ပြည်တွင်းစစ်ဖြစ်မှုကြောင့်ရော၊ တရုတ်ဖြူကျူးကျော်မှုကိုတိုက်ပေးနေရမှုကြောင့်ပါ ဗမာပြည်နိုင်ငံရေး လောကတွင် နိုင်ငံရေးအင်အားစုတရပ်ဖြစ်လာရပါသည်။ ထို့အပြင် စစ်တပ်ကို ၁၉၅ဝ ခုနှစ်နောက်ပိုင်းတွင် ဆိုရှယ်လစ်တပ်မှူးများက အုပ်စီးသွားပါသည်။ စစ်တပ်ထဲက နေရာကောင်းဟူသမျှကို ဆိုရှယ်လစ်တပ်မှူးများက ရယူသွားပါသည်။

စစ်တပ်အနေနှင့် ပြည်တွင်းစစ်ကိုတိုက်ရင်း စစ်တပ်ကို သက်သာချောင်ချိရေးဆိုတာကိုအကြောင်းပြကာ ဒီအက်စ်အိုင်လုပ်ငန်းများနှင့် ဘီအီးဒီစီလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်လာကြပါသည်။ ဤတွင် စစ်တပ်အာဏာနှင့်ပေါင်းပြီး စစ်ဗိုလ်များစီးပွားရေးလုပ်လာကာ စစ်ဗျူရိုကရေစီစနစ်အစို့အညှောက်များ ပေါ်ပေါက်လာပါတော့သည်။ ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် စစ်တပ်က အထက်လွှာများ ဤလုပ်ရပ်၏အရသာကို မြိုးမြိုးမြက်မြက်ခံစားမိသွားပါတော့သည်။

ဖဆပလ၊ ပထစခေတ်များတွင်လည်း ၎င်းတို့၏စီးပွားရေးပေါ်လစီအရ လိုင်စင်သူဋ္ဌေးများနှင့်ပေါင်း၍ နိုင်ငံရေးသမားများက အရင်းအနှီး စုဆောင်းကြီးထွားလာရာ စစ်တပ်၏စီးပွားရေးလုပ်ငန်းများနှင့် ပဋိပက္ခများ ဖြစ်လာပါတော့သည်။ ဤတွင် စစ်တပ်က မခံမရပ်နိုင်ဖြစ်လာပြီး စီးပွားရေးလည်း လုပ်လို့ရ၊ စစ်တပ်အာဏာလည်းလက်လွှတ်စရာမလိုတဲ့ စစ်အာဏာသိမ်းမှုတွေ ဖြစ်လာရခြင်းဖြစ်ပါသည်။

နိုင်ငံတကာ့အခြေအနေအရကလည်း အာရှတိုက်တွင်ကွန်မြူနစ်ဒီလှိုင်းကြီး (ထိုခေတ်က ဗီယက်နမ်စစ်ပွဲ ခြိမ့်ခြိမ့်သဲသဲဖြစ်နေသည့်ကာလ)ကို တားဆီးနိုင်သည့်၊ ကွန်မြူနစ်ကိုအပြတ်အသတ်မုန်းပြီးတိုက်နေသည့် ပြည်တွင်းက ဖောက်ပြန်ရေးအင်အားစုများ အာဏာရမှုကို ဖောက်ပြန်သည့်အင်အားကြီးနိုင်ငံများက လိုလားနေသည့်အခြေအနေ ဖြစ်ပါသည်။ ထိုကဲ့သို့သော အင်အားစုများကို ဝိုင်း၍ပုံ၍ အားပေးနေချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။

ဗမာပြည် ပြည်သူလူထုကလည်း အတော်နိုးကြားတက်ကြွနေပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများကို တောင်းဆို လှုပ်ရှားလာကြရာ စီးပွားရေးကလည်း ဘက်စုံချွတ်ခြုံကျလာသဖြင့် ပိုမိုမတည်မငြိမ်ဖြစ်နေပါသည်။ ဝန်ကြီးချုပ်ဦးနုသည် နယ်ချဲ့အလိုကျ လက်ယာသမားကြီးတဦးပင်ဖြစ်သော်လည်း ဤတက်ကြွလာနေသောပြည်သူလူထုကြီးကို ပြတ်ပြတ်သားသား ရက်ရက်စက်စက် နှိမ်နင်းဖို့ဆိုတာကိုတော့ လုပ်နိုင်မည် မထင်ပါ။ ပစ်သတ်ဖို့ဆိုတာတော့ ပို၍ပင် မဖြစ်နိုင်ပါ။

ဤကာလတွင် ပြည်တွင်းစစ်ကြောင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိနေသည့် စ်တပ်က အာဏာသိမ်းလိုက်ပြီး ပြည်သူလူထုကို စစ်အာဏာရှင်စနစ်နှင့် အပြတ်နှိမ်နင်းဖိနှိပ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။ ကိုယ်ရေးကြီးပွားလိုစိတ်ပြင်းထန်လှသည့် ဗိုလ်နေဝင်းသည် စစ်အာဏာရှင်စနစ်ကိုထူထောင်လိုက်ပါတော့သည်။ ၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲများအပြီး၊ အတိုက်အခံ ပမညတ အမတ်များ၊ အတော်များများအရွေးခံလာရသောအချိန်က ဗိုလ်နေဝင်းကိုယ်တိုင် ကျွန်တော့်ကိုပြောသည်မှာ “ဒီအတိုင်းဆက်သွားရင်တော့ ဒီကောင်တွေ (ပမညတများကို ဆိုလိုသည်)နောက်ရွေးကောက်ပွဲ နှစ်ကြိမ်လောက်ဆိုရင် အစိုးရဖွဲ့သွားနိုင်တော့မှာ”ဟု ဖြစ်ပါသည်။ ဗိုလ်နေဝင်း၏အခြေခံစိတ်နေစိတ်ထားမှာ ဤကဲ့သို့ပင် ဖြစ်ပါသည်။ သူ၏ အကျင့်သီလစာရိတ္တမှာလည်း ဒီမိုကရေစီအလင်းရောင် အောက်တွင် နေနိုင်သူတဦးမဟုတ်သဖြင့် ဤကဲ့သို့သော ဒီမိုကရေစီစနစ်ကိုလည်းမကြိုက်နိုင် ဖြစ်ပုံရပါသည်။

တော်လှန်ရေးကောင်စီအစိုးရသည် စထွက်ကတည်းက ယဉ်သကိုဆိုသလိုပင် တက်လာလာခြင်းပင် အာဏာရ ပထစခေါင်းဆောင်များကို သာမက လူမျိုးစုခေါင်းဆောင်များ၊ မြေပေါ်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်အများအပြားကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်ပါသည်။ ထို့ပြင် စစ်တပ်အာဏာသိမ်းတက်လာခြင်းကိုကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည့် ကျောင်းသားအဖွဲ့အစည်းများကိုလည်း ဖိဖိစီးစီးဖိနှိပ်ဖို့ ကြိုးပမ်းလာပါသည်။ ကျောင်းသားခေါင်းဆောင်များ သြဇာကြီးနေမှုများကိုလည်း ထိန်းသိမ်းတားဆီးလိုကြပါသည်။ ထို့ကြောင့်ပင် အဆောင်စည်းကမ်းအမျိုးမျိုးထုတ်ပြန်လာပြီး ရန်စလာပါတော့သည်။

ထို့ကြောင့် တဖက်သတ်ထုတ်ပြန်သည့်အဆောင်စည်းကမ်းများရုပ်သိမ်းပေးရန် ဆန္ဒပြပွဲများကို ကျောင်းသားအဖွဲ့အစည်းများ (ဗကသ၊ တကသ၊ ရကသ)ဦးစီး၍ ၁၉၆၂ ခုနှစ် ဇူလိုင် ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင်းပေါ်ထွက်လာရာမှ ကျောင်းသားများအပေါ် ရန်ငြိုးကြီးစွာ ထားရှိနေသည့် ဗိုလ်နေဝင်းဦးဆောင်သောစစ်အုပ်စုဝင်များသည် ဗမာပြည်သမိုင်းတွင် ထိုအချိန်အထိမပေါ်ဖူးသေးသည့် ကြမ်းတမ်း ရက်စက်လှသော “ဇူလိုင် ၇ ရက် ပစ်သတ်မှုကြီး”ကို ကျူးလွန်လိုက်ကြပါတော့သည်။ ထို့ပြင် နောက်နေ့ ဇူလိုင် ၈ ရက်နေ့ မနက် လင်းအားကြီးအချိန်တွင် ကျောင်းသားအများအပြား ပုန်းအောင်းခိုလှုံနေသည်ဟူသေ အကြောင်းပြချက်ဖြင့် တက္ကသိုလ်သမဂ္ဂအဆောက်အအုံ ကြီးကိုလည်း ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်ပါတော့သည်။

စစ်အစိုးရက သူ့ဘီလူးရုပ်ကို အထင်အရှားဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ သို့သော် ဤအဖြစ်အပျက်ကြီးမှာ အလွန်အရုပ်ဆိုး အကျည်းတန် လှသဖြင့် ထိုအချိန်က တော်လှန်ရေးကောင်စီဝင်ခေါင်းဆောင်များအနေဖြင့် သူ့တာဝန်၊ ကိုယ့်တာဝန်ပုံချပြောဆိုနေမှုများကို ဤ အရေးအခင်းကြီးပြီးနောက် နှစ်ပေါင်းများစွာဆက်လက်ပေါ်ထွက်နေသည်ကို တွေ့ရှိနိုင်ပေသည်။ (၁၉၈၈ ခုနှစ်မတိုင်ခင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၏ အိတ်ဖွင့်ပေးစာများကို ကြည့်ပါ။ ဦးနေဝင်း၏ လွှတ်တော်တွင်းပြောဆိုချက်များကိုလည်း ကြည့်ပါ။)

ဤဇူလိုင် ၇ ရက် လူသတ်ပွဲကြီးနှင့် သမဂ္ဂအဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးလိုက်မှုများပြုလုပ်ပြီးနောက် တော်လှန်ရေးကောင်စီ အစိုးရသည် မိမိတို့၏ဆိုးဝါးလှသောပုံရိပ်ကို ပြင်ဆင်နိုင်ရန်အလို့ငှာ ၁၉၆၃ ခုနှစ်၊ ဇွန်လတွင် တောတွင်းလက်နက်ကိုင်အင်အားစုများသို့ “ငြိမ်းချမ်းရေးကမ်းလှမ်းချက်”ကို ထုတ်ပြန်လိုက်ပါသည်။ ထို့အပြင် ကျွန်တော်တို့ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း သူတို့နှင့်အတူ တက်တက်ကြွကြွ ဖိတ်ခေါ်ရန်တိုက်တွန်းသည့် ပြောဆိုမှုများ၊ လုပ်ရပ်များလုပ်ဆောင်လာပါသည်။ သို့သော် ဆရာကြီးအပါအဝင် ကျွန်တော်တို့ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ဝင်များသည် ဗိုလ်နေဝင်းစစ်အုပ်စု၏ ကောက်ကျစ်လှည့်ဖျားတတ်သောအမူအကျင့်ကို သတိရှိ၊ သတိထားမိကြသဖြင့် ရဲရဲကြီးရှေ့ထွက် ဖိတ်ခေါ်ခြင်းမပြုဘဲ၊ ခပ်မှန်မှန်ပင်ရပ်တည်ခဲ့ပါသည်။ ကျွန်တော်တို့တတွေ လက်နက်ကိုင်တောတွင်းအဖွဲ့များကို ဗိုလ်နေဝင်းလက်သို့ ဝကွက်ပေးအပ်လိုက်သလိုဖြစ်မှာ၊ သမိုင်းကြွေးတင်ခံရမှာကို အလွန်စိုးရိမ်ကြပါသည်။

ဤကာလအတွင်းမှာပင် ဇူလိုင် ၇ ရက် တနှစ်ပြည့် အခမ်းအနားရောက်ရှိလာပါသည်။ ကျောင်းသားအချို့က ဖြိုချဖျက်ဆီးခြင်းခံထား လိုက်ရသော သမဂ္ဂအဆောက်အအုံနေရာတွင် ကျောက်တိုင်ငယ်လေးတတိုင်ထူလိုက်ပြီး ဓာတ်ပုံပြပွဲများ၊ အထိမ်းအမှတ်အခမ်းအနားများ လုပ်လာကြပါသည်။ ကျောင်းသားများလှုပ်ရှားမှုအရှိန် မြင့်တက်လာပြီး တညမှာတော့ အဆောင်တံခါးများကိုပိတ်ပြီး တောင်းဆိုချက်များ တင်၍ ဆန္ဒပြပွဲစတင်လိုက်ပါတော့သည်။ အာဏာပိုင်များကလည်း အဆောင်တံခါးများကို ဖွင့်ခိုင်းပါသည်။ ကျောင်းသားများကလည်း ၎င်းတို့ တောင်းဆိုချက်များမရပါက တံခါးမဖွင့်ဟုတင်းခံနေရာ ဝိုင်းထားသောစစ်တပ်က အတင်းအကျပ်ဝင်ရောက်စီးနင်းမည့်လက္ခဏာ ပေါ်ပေါက်လာရာ တင်းမာမှုများမြင့်မားလာပါသည်။


0 comments:

Post a Comment