Saturday, December 12, 2015

လင်းအေးထင်ရဲ့စာ

0 comments
အင်း… လူ့အခွင့်အရေး ကြေညာစာတမ်းထုတ်တာ ၆၅ နှစ် ပြည့်ပြီဆိုတော့ ဒါလေး ပြန်တင်ဦးမှ…
ပညာဆိုတဲ့စကားလုံးဟာ အရှေ့တိုင်းဒဿနလွှမ်းတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းမှာ လွတ်မြောက်ရာချုပ်ငြိမ်းရာကို မျက်မှောက်ပြုနိုင်တဲ့အသိဆိုပြီး တော်တော်လေး သိမ်သိမ်မွေ့မွေ့ နက်နက်နဲနဲရှိတယ်။
ဒါပေမယ့် ပင်မရေစီးဖြစ်နေတဲ့ဘာသာအသီးသီးက ဆရာတွေက အဲဒီ့ သိမ်မွေ့နက်နဲမှုကို မထင်ဟပ်ပဲ လောကီဟာ စက်ဆုပ်စရာ ရွံစရာမုန်းစရာအဖြစ် ဇွတ်တရွတ် ဖွင့်ဆိုကြတယ်။
နောက်လိုက်နောက်ပါတွေကလည်း အဲ့ဒါကို သံယောင်လိုက်ပြီး လူ့အသိုင်းအ၀ိုင်းဆို မမက်စက်သင့်တဲ့အရာ တန်ဖိုးမထားသင့်တဲ့အရာအဖြစ် ပုံဖော်ကြပြန်တယ်။

ကျနော့်အလိုအရတော့ လူ့သမိုင်း လူ့ဖြစ်အင်ဟာ အလွန်မှတန်ဖိုးထားဂုဏ်ယူသင့်တဲ့အရာ ဖြစ်တယ်။
လူဆိုတဲ့အမျိုးဟာ သတ္တဝါတွေထဲ အင်မတန်မှ သေလွယ်ပျက်စီးလွယ် နုနယ်ရာက ဒီ့နေ့ဒီအချိန် အဆင့်မျိုးရောက်အောင် လက်ဆင့်ကမ်းတည်ဆောက်ခဲ့တာမို့ လူ့သမိုင်းဟာ မသေအောင် အသက်ကိုမွေးနိုင်ခဲ့ကြတဲ့ အောင်သမိုင်းကြီး ဖြစ်တယ်။ ဒီအဖြစ်ကို ကျနော်တို့ အင်မတန်မှအဖိုးထားသင့်တယ်။ ၀မ်းမြောက်ဂုဏ်ယူသင့်တယ်။ မွေးမြူ စောင့်ရှောက်သင့်တယ်။
တစ်ဘက်မှာလည်း လူဟာ တိရိစ္ဆာန်ဗီဇစိတ်အပြည့်နဲ့ သတ်ဖြတ်တာ နိုင်ရာစားတာ စတဲ့ မယုံနိုင်စရာယုတ်ကန်းမှုတွေ ကျူးလွန်တတ်ကြတာမို့၊ ကျနော်တို့ဟာ အဲဒီ့ယုတ်ကန်းမှုကို အလိုက်သင့် လက်သင့်မခံဖို့ရာ၊ ကျနော်တို့ရဲ့ လူ့ အောင်သမိုင်းကြီးကို ပိုလို့တောင် ဂုဏ်ယူ အဖိုးထားထိုက်တယ်။ ဒီလို အဖိုးထားတတ်မှလည်း ကာကွယ်စောင့်ရှောက်လိုစိတ်ရှိမှာ ဖြစ်တယ်။ နီတိတရားတွေထုတ်နှုတ်ပြီး ကျင့်ဝတ်စာရိတ္တတရားတွေချမှတ်ပြီး လူ့ဂုဏ်သိက္ခာကိုဖန်တီးတတ်မှာ ဖြစ်တယ်။
ဒီတော့ ပညာဆိုတာ လူတွေမသေအောင် အသက်ကိုမွေးတဲ့အတတ် ဟုတ်သလို၊ လူတွေ အဆိုးအကောင်း အမှားအမှန် ဝေဖန်ပိုင်းခြား စမ်းစစ်နိုင်စွမ်းဆိုလည်း မမှားဘူး။
လူ့အသိုင်းအ၀ိုင်းကြီးကို သိပ်မုန်းတီး စက်ဆုပ်ပြတဲ့လမ်းကြောင်းဟာ အင်မတန်လွဲတယ်။ တရားမျှတခြင်း ဖော်ဆောင်ဖို့နဲ့ မော်ရဲလတီရှိစေဖို့ကိုလည်း တွန်းအား မဖြစ်စေဘူး။ (လင်းထင်)
ကိုလင်းအေးထင်ပို့စ်ကို ကူးယူဖော်ပြတာဖြစ်ပါတယ်

0 comments:

Post a Comment