ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၉)
၁၉၇၈ ခုနှစ် သူကွယ်လွန်ချိန်တွင် ကျွန်တော် တောတွင်းရောက်နေပါပြီ။
ရန်ကုန်တွင်ကျန်ခဲ့သော ကျွန်တော့်ဇနီးက သူ့ဈာပန အလွန် စည်ကားကြောင်းပြောပြ၍ နောက်မှ
ကျွန်တော်သိရပါသည်။ အချိန်မတန်မီ ကွယ်လွန်သွားခဲ့ရသည့် သူ့အား ကျွန်တော်နှမြောမိပါသည်။
ကျွန်တော်တို့၏ ညဆွေးနွေးပွဲများကလည်း အလွန်စည်ကားပါသည်။
အထူးသဖြင့် ကျေးလက်တောရွာကတက်လာသည့် လူထုများက သူတို့ဒေသများတွင် နံမည်အမျိုးမျိုးနှင့်ဖွဲ့စည်းထားသည့်
လက်နက်ကိုင်တပ်များ (ပြူစောထီးများ၊ ကာကွယ်ရေးများ)၏ အနိုင်ကျင့်မှုအမျိုးမျိုး၊ ဒုက္ခအဖုံဖုံတို့ကို
ပြောပြတတ်ပါသည်။ အထူးသဖြင့် အိမ်စောင့်အစိုးရလက်ထက် စစ်တပ်၏အမိန့်ဖြင့်ထုတ်ခဲ့သည့်အမိန့်အမျိုးမျိုး၊
လူထုအား အတင်းအကျပ်လုပ်ဆောင်စေခိုင်းသည့် အမှုများစတာတွေ ပါတတ်ပါသည်။ တခါတရံ အမိန့်ထုတ်သည့်တပ်မှူးကြီးများ၏
ကလေးကလား စဉ်းစားနည်းများ၊ ရှေ့နောက်မညီသည့်အမိန့်များစတာတွေ ပြောဆိုကြရင်း ငိုအားထက်ရယ်အားရသည့်အဖြစ်များလည်း
ရှိပါသည်။ ပြည်သူများ၏ ဒုက္ခ ဆင်းရဲများကို ကြားရသည်မှာ အလွန်ရင်မောဖွယ်ရာ၊ ရင်နာဖွယ်
ဖြစ်ပါတော့သည်။ အလွန်ကြင်နာဖွယ် ဖြစ်ပါသည်။
ကျွန်တော် ပုသိမ်မြို့ကိုရောက်စဉ်က ထိုကဲ့သို့သော ညဆွေးနွေးပွဲများတွင်
ပုသိမ်ကလူတချို့က အိမ်စောင့်အစိုးရလက်ထက် သူတို့ပုသိမ်မြို့မှ အိမ်တိုင်းရှိ အိမ်သာများကို
သန့်ရှင်းရေးအတွက်ဆိုကာ ချောင်းများ၊ မြစ်များဘက်လှည့်ဆောက်ခိုင်းသဖြင့် ချောင်းရေ၊
မြစ်ရေများ အညစ် အကြေးများဖြင့် ရောနှောသွားကာ သုံးမရဖြစ်သွားရပုံများအကြောင်းပြောပြီး
ထိုအမိန့်ထုတ်သည့်အနောက်တောင်တိုင်းမှူး (ထိုစဉ်က ဗိုလ်မှူးကြီးကြည်မောင် ဖြစ်ပါသည်)အကြောင်း
ပြဿနာများကို သေသေချာချာမလေ့လာဘဲ အမိန့်ချလုပ်ဆောင်ပုံတွေအကြောင်းပြောပြီး တသောသော
ရယ်မောကြရပါသည်။
နောင် ဗိုလ်မှူးကြီး ကြည်မောင်တပ်ကထွက်ရပြီးနောက် ကျွန်တော့်ဆီ
မကြာခဏလာလည်ရာ တနေ့စကားစပ်မိ၍ ထိုအကြောင်းများကို ကျွန်တော်က သူ့ကိုပြောရာတွင် သူက
ဘာမှပြန်မပြောဘဲ ရယ်ကျဲကျဲပဲလုပ်နေပါသည်။
တကယ်တော့ ဗိုလ်မှူးကြီးကြည်မောင်မှာ တိုင်းချစ်ပြည်ချစ်စိတ်ပြင်းထန်သူ
ဖြစ်ပါသည်။ သို့သော် စစ်သားသာဖြစ်သဖြင့် တိုင်းပြည်
တည်ဆောက်ရေးလုပ်ငန်း၊ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်တတ်၊ မကျွမ်းကျင်ပါ။
ထို့အပြင် ဒီမိုကရေစီလုပ်ဟန်လည်း မရှိပါ။ ထို့ကြောင့် မိမိစေတနာနှင့်လုပ်တာပဲဟုသဘောထားကာ
အကျိုးဆက်ဘယ်လိုရှိမရှိ၊ လူထုကိုလည်း မမေး၊ မစဉ်းစား စွတ်လုပ်မိခြင်း ဖြစ်ပါသည်။ တကယ်လည်း
ကြိုးစားပန်းစား သူတတ်သမျှ၊ မှတ်သမျှလုပ်ရှာပါသည်။
သို့သော် ဤကဲ့သို့သော စစ်သားလူရိုးကြီးမျိုးကိုပင် ဗိုလ်နေဝင်းစစ်အာဏာရှင်စနစ်က
မကြိုက်နိုင်ခဲ့ပါ။ ကိုကြည်မောင်သည် နှစ်မစေ့ခင်ပင် ပင်စင်ယူခဲ့ရပြီး ပင်စင်လစာလေးဖြင့်
အတော်ချို့ချို့တဲ့တဲ့နေရှာပါသည်။ မိသားစုအသိုင်းအဝိုင်းတောင့်တင်း၍သာ အပေါ်ယံ ဟန်မပျက်
နေနိုင်ခြင်းဖြစ်ပါသည်။
သူပင်စင်ယူပြီးနောက် ကျွန်တော့် စမ်းချောင်း၊ ဆီဆုံလမ်းအိမ်ကိုလည်း
မကြာခဏလာလည်တတ်ပါသည်။ တခါတရံ သူ့ဇနီး ကြည်ကြည် ရော သားသမီးများပါ ပါလာတတ်ပါသည်။ တခါတော့
သူရောက်လာပြီး “ဗိုလ်ချုပ် ကျွန်တော် ဒီနေ့ ဘာနဲ့လာခဲ့သလဲသိလား” ဟု မေးပါသည်။ ကျွန်တော်က
“ဘာနဲ့လာခဲ့သလဲဗျ”ဟု ပြန်မေးတော့၊ သူက “ကျွန်တော် အိမ်ကထွက်တော့ MI နှစ်ကောင် အိမ်ရှေ့မှာ
ကားနဲ့ ထိုင်စောင့်နေတာ တွေ့တယ်။ ဒါနဲ့ ကျွန်တော်လည်း အဲဒီကားပေါ်တက်ပြီး ကဲ - မင်းတို့လည်း
ငါသွားမယ့်နေရာကိုလိုက်မှာပဲ၊ ဒီတော့ ငါ့ကိုအဲဒီနေရာသာလိုက်ပို့ကွာလို့ ပြောပြီး ကျွန်တော်
ဗိုလ်ချုပ်အိမ်လိုက်ပို့ခိုင်းလိုက်တာ”ဟု ပြောပြီး တဟားဟားရယ်နေပါတော့သည်။
သူက အဲသလို လူမျိုးဖြစ်သည်။ ဗိုလ်နေဝင်းကိုလည်း မကြိုက်၊
မကြည်ညို၊ ဗိုလ်နေဝင်းလုပ်နေသည့် မဆလဆိုတာကိုလည်း မကြိုက်။ သူ့တိုင်းမှာ ဗိုလ်နေဝင်းတို့ကလာကျင်းပသည့်
လယ်သမားဆွေးနွေးပွဲကြီးများကိုလည်း မတက်ရောက်၊ ရှောင်နေတတ်တာတွေကို ဗိုလ်နေဝင်းကငြိုးထားပြီး
သူ့ကို တပ်ကထုတ်ပစ်ခဲ့တာဖြစ်ပါသည်။
ကိုကြည်မောင်အနေနှင့် ကွန်မြူနစ်ကိုဆန့်ကျင်တာလည်း ကွန်မြူနစ်တွေမှာဒီမိုကရေစီမရှိဟု
ထင်မြင်နေတာကြောင့်လည်း ဖြစ်ပါသည်။ ထို့ပြင်သူက အမေရိကန်ဒီမိုကရေစီကိုလည်း အတော်အထင်ကြီးပါသည်။
သူ၏ အဓိကအားနည်းချက်မှာ ဗမာပြည်သူတွေ နိုင်ငံရေးအရ တိုးတက်လှည့်ပြောင်းသွားသည့်ခေတ်
၁၉၄၂ - ၄၅ အတွင်း သူ ဗမာပြည်မရှိဘဲ၊ ဂျပန်တွင် စစ်ပညာသင်သွားနေရသည့်အတွက် ဗမာပြည်သူများ၏နိုင်ငံရေးနှင့်
သူမကျွမ်းဝင်၊ မရင်းနှီးဖြစ်သွားရခြင်း ဖြစ်ပါသည်။ သို့သော်လည်း ပြည်သူလူထုအပေါ် သူ၏စေတနာကိုမူ
ကွယ်လွန်သွားချိန်အထိ တတ်စွမ်းနိုင်သမျှ၊ စွမ်းအားရှိသမျှ ဖော်ပြသွားခဲ့ပါသည်။ ၁၉၉ဝ
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌအဖြစ်နှင့် အပြတ်အသတ်အနိုင်ရအောင်
စွမ်းဆောင်ပေးသွားခဲ့ပါသည်။ ထိုအချိန်က ဒီချုပ်၏ ကျန်ခေါင်းဆောင်များအားလုံး အကျဉ်းကျနေပါသည်။
ထိုအချိန်က ဗိုလ်မှူးကြီးကြည်မောင်လိုပင် ကျွန်တော့်ဆီကို
မကြာခဏလာတတ်သည့်တပ်မှူးကြီးတဦးမှာ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) ဖြစ်ပါသည်။
သူက ရှမ်းပြည်တောင်ကြီးတွင် တပ်မင်းလုပ်နေစဉ် ဗိုလ်စကြာရောက်လာပြီး ခေတ္တတည်းခိုကာ သူ့အိမ်မှတဆင့်
ထိုင်းသွားပြီး ဦးနုတို့နှင့်ပူးပေါင်းသွားသဖြင့် ဗိုလ်နေဝင်းအကြီးအကျယ်စိတ်ဆိုးကာ
ဖမ်း၊ ဖြုတ်၊ ထောင်ချပြီးမှ အငြိမ်းစား ပေးခြင်းခံရသူ ဖြစ်သည်။ တကယ်တော့ ဗိုလ်စကြာ၏အကြံအစည်ကို
သူဘာမှ သိတာမဟုတ်။ သူတို့တတွေ ဂျပန်စစ်တက္ကသိုလ်တက်နေစဉ် ဗမာပြည်မှာ ဂျပန်တော်လှန်ရေးပေါ်ပေါက်ပြီး
ဂျပန်စစ်ရှုံးကာ လက်နက်ချရသည်။ ထိုစဉ် ဂျပန်တွင်သောင်တင်နေသော သူတို့အားလုံးကို ထိုစဉ်က
ဂျပန်ပြည်ရှိ ဗမာပြည်၏စစ်သံမှူးဗိုလ်စကြာက ကယ်ထုတ်ခေါ်လာ၍ ရန်ကုန်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။
ဤကျေးဇူး မျက်နှာဖြင့် သူ့ဆီဝင်လာသောဗိုလ်စကြာကို သူက ဧည့်ခံလိုက်ခြင်းပင်ဖြစ်သည်။
ဗိုလ်နေဝင်းက ကိုတင်မောင်ကိုသာ ဖမ်းဆီးထောင်ချရုံမက
သူ့ဇနီးကိုပါ ဖမ်း၊ ထောင်ချပစ်သည်။ ကိုတင်မောင်ကို ကျွန်တော်သည် အစောပိုင်းကတည်းက ရင်းနှီးသိရှိပြီးဖြစ်သည်။
ကျွန်တော်တို့ ကန္ဒီစာချုပ်အပြီး ဖွဲ့စည်းခဲ့သည့် အမှတ် ၃ ဗမာ့သေနတ်ကိုင်တပ်ရင်းမှာ
ကျွန်တော် ဒုရင်းမှူးဖြစ်စဉ် သူက ဒုတပ်ခွဲမှူးဖြစ်ခဲ့ပြီး၊ ကျွန်တော်တို့အတူတူပင် မေမြို့၌ဖွင့်လှစ်သော
အထူးစစ်သင်တန်းကို တက်ခဲ့ကြရ ပါသည်။ (ဤအကြောင်းအရာ တော်တော်များများကို သူ၏ တိုင်းပြည်က
နုနု၊ မုန်တိုင်းက ထန်ထန်စာအုပ်တွင်ရေးသားပြီး ဖြစ်ပါသည်။)
ထိုစဉ်က ကျွန်တော်တဦးတည်း အိမ်ထောင်ကျသေးပြီး ကျန်အရာရှိများမှာ
လူပျိုလူလွတ်များဖြစ်သည်။ ထိုစဉ်က ကိုတင်မောင် (သူ့ ပထမဇနီး) မေပယ်လ်နှင့် မေတ္တာရှိနေကြသော်လည်း
မိန်းကလေးမိဘများကသဘောမတူသဖြင့် လက်မထပ်ရသေးဘဲရှိနေပါသည်။ ထိုစဉ်က ချစ်ဒုက္ခရောက်နေသူနောက်တဦးကတော့
ကိုလှဖေ (နောက်ပိုင်း တောခိုသွားသူ)ပါ။ ကိုလှဖေကလည်း တင်တင် (လူထုဒေါ်အမာ ညီမ)နှင့်
မိဘများကခွင့်မပြုသဖြင့် လက်မထပ်နိုင်ဖြစ်နေရပါသည်။ ကျွန်တော့်ဇနီးမှာ သူတို့၏ပုဏ္ဏားတိုင်
ဖြစ်နေပြီး၊ တနေ့တမျိုး အမျိုးမျိုးဖြင့် မရိုးနိုင်အောင် သူတို့၏သောကအတက်အကျကို နားထောင်နေရပါသည်။
နောင်တော့လည်း သူတို့နှစ်တွဲစလုံး ဘေးဘီအကူအညီဖြင့် လက်ထပ်ဖြစ်သွားကြပါသည်။ သို့သော်
မေပယ်လ်မှာ သက်ဆိုးမရှည်ပါ။ သူ၏ နောက်ဇနီးမှာ ရှမ်းအမျိုးသမီး ဖြစ်ပါသည်။
ကျွန်တော့်အိမ်တွင် ကိုကြည်မောင်၊ ကိုတင်မောင်နှင့်
နောက်တဦး ကိုတင်ထွန်း (ဗိုလ်မှူးကြီးတင်ထွန်း)တို့ဆုံမိကြလျှင် ရှေးဟောင်း နှောင်းဖြစ်သာမက
ဗိုလ်နေဝင်းအကြောင်း၊ သူ့ဇနီးခင်မေသန်းအကြောင်း သူတို့သိလာသမျှကြားလသမျှ ကောလာဟလအစုံပြောပြီး
တဝေါဝေါနှင့် ပွဲကျနေတတ်ကြပါသည်။ ဗိုလ်စိန်ဝင်း ဝန်ကြီးချုပ်ဖြစ်လာတော့ ဖွတ်-မိကျောင်းဖြစ်၊
မြစ်မချမ်းသာဆိုပြီး ဗိုလ်စိန်ဝင်း ကို့ရိုးကားယားလုပ်သမျှတွေကိုပြောပြီး ရယ်နေတတ်ကြပါသည်။
ထိုပြင် ထိုစဉ်က ဗိုလ်နေဝင်းအနီး အနားပြာလုပ်နေသော ဗိုလ်စန်းယု အကြောင်းလည်း ပါတတ်ပါသည်။
ထိုကာလမျိုးတွင် ကျွန်တော့်အိမ်ပတ်လည်ရှိထောက်လှမ်းရေးများ
အလွန်အလုပ်ရှုပ်သွားတတ်ကြပါသည်။
ကျွန်တော် ဤကာလအတွင်းက ရင်းနှီးခဲ့သည့်အခြားရဲဘော်ရဲဘက်များကိုလည်း
ဤနေရာတွင် မှတ်တမ်းတင်ရေးသားလိုပါသည်။ သူတို့အား ကျွန်တော် အထူးပင်သတိရလွမ်းဆွတ်မိပါသည်။
၁။ ဗန်းမော်တင်အောင်။ ။ ကျွန်တော် သူ့ကို ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများလုပ်ဆောင်နေစဉ်ကာလမှာ
စတင်သိရှိရခြင်း ဖြစ်ပါသည်။ ကျွန်တော် တပ်ကထွက်ခါနီးနှင့်ထွက်ခါစကာလများတွင် သူ၏လင်းယုန်ဂျာနယ်က
ကျွန်တော့်အကြောင်း တော်တော်များများ ရေးသားခဲ့တာ တွေကို သတိထားမိသည်။ ကျွန်တော်က သူ့ကို
ဦးတင်အောင်လို့ပဲ ခေါ်ပါသည်။
သူသည် ကျွန်တော် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တရုတ်ဖြူကျူးကျော်မှုနှင့်
နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီတွင် ဒုဥက္ကတဦးအဖြစ် နှင့်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွင်
အတွင်းရေးမှူးများအဖွဲ့ဝင်တဦးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရာ ကျွန်တော်တို့ အတူတကွ
အစည်းအဈေးများထိုင်ခြင်း၊ နယ်များသို့ခရီးထွက်ဟောပြော စည်းရုံးခြင်းများလုပ်ဆောင်ကြရသဖြင့်
ရင်းနှီးခင်မင်လာမိ ကြပါသည်။
ကျွန်တော် သူ့အပေါ်သတိပြုချက်မှာ တိုင်းပြည်နှင့် ပြည်သူအပေါ်
များစွာချစ်မြတ်နိုးပြီး သူ့ဆောင်ပုဒ်ဖြစ်သော မိမိခေတ်မှာ မိမိပခုံးပေါ် ကျလာတဲ့တာဝန်တွေကို
ကျေပွန်အောင်လုပ်ဆောင်ရေးကို များစွာအလေးထားပြီး၊ အမှုကိစ္စတာဝန်တွေကို ကြိုးကြိုးစားစားဆောင်ရွက်ပုံကို
တွေ့ရသည်။ ပင်ကိုယ်စိတ်နေစိတ်ထားကလည်း အလွန်ကောင်းမွန်ပြီး ကျွန်တော့်အပေါ် အလွန်ညှာတာလေးစား
ဦးစားပေးဆက်ဆံတာ တွေကို ခရီးသွားစဉ်တလျှောက်လုံး တွေ့ခဲ့ရသည်။
အလွန်ကျော်ကြားသည့်စာရေးဆရာကြီး ဖြစ်သော်လည်း စာပေရေးသားခြင်းထက်
နိုင်ငံရေးတာဝန်တွေကို မပျက်မကွက်ဦးလည်မသုန် ဆောင်ရွက်ခဲ့သည့်သူတဦးလည်း ဖြစ်သည်။
ထိုနိုင်ငံရေးယုံကြည်ချက်ဖြင့် ပြည်သူ့ဘက်ကရပ်တည်ပြီး ရေးသားမှုများကြောင့် အကြိမ်ကြိမ်
ဖမ်းဆီး ထောင်ချ၊ နောက်ဆုံး ကိုကိုးကျွန်းသို့ပင် ပို့၊ အကျဉ်းချခြင်းခံရပေသည်။ စီးပွားရေးအရလည်း
ခက်ခဲကျပ်တည်းပုံရပါသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူသည် လုပ်သင့်လုပ်ထိုက်သည့် နိုင်ငံရေးတာဝန်၊
တော်လှန်ရေးတာဝန်မှန်သမျှကို မတွန့်မဆုတ်၊ ဇွဲသတ္တိ ကြီးမားစွာ မဆုတ်မနစ် လုံးပန်းအားထုတ်
လုပ်ဆောင်သွားခဲ့သူဖြစ်ကြောင်း သိနိုင်ပါသည်။ နောက်ဆုံး ကိုကိုးကျွန်းက လွတ်လာချိန်တွင်
သူ့ကျန်းမားရေး သိသိသာသာဆိုးဝါးကျဆင်းနေသည်ကို တွေ့ရပါသည်။
သူ့တွင် တာဝန်သိစိတ်လည်း ကြီးမားပါသည်။ ကျွန်တော်နှင့်အတူ
ရေနံချောင်းဘက်တွင် ညတရားပွဲဟောနေစဉ်အတွင်း လူတစုက စစ်ဝတ်စစ်စားများနှင့် တရားပွဲအားနှောင့်ယှက်ရန်
ရောက်လာခဲ့ကြပါသည်။ ဦးတင်အောင်ဟောပြီး၍ ကျွန်တော်ဟောနေစဉ် ဖြစ်ပါသည်။ ဦးတင်အောင်သည်
တရားဟောစင်မြင့်ပေါ်မှ မသိမသာဆင်းချသွားပြီး တရားပွဲကြီးကြပ်သူများနှင့်အတူ ထိုလူစုကို
တနေရာသို့ခေါ်သွားကာ အကျိုးအကြောင်းမေးမြန်းဖြေရှင်းပြီး သူတို့ကို ပြန်သွားစေခဲ့ပါသည်။
ကျွန်တော်သည်လည်းကောင်း၊ တရားပွဲလာ ပရိသတ်သည် လည်းကောင်း တစုံတရာ သိရှိခြင်းလည်းမရှိ၊
ထိခိုက်ခြင်းလည်းမရှိဘဲ တရားပွဲချောမောစွာ ပြီးဆုံးသွားခဲ့ပါသည်။ နောက်နေ့ကျမှ ကျွန်တော်သိခြင်း
ဖြစ်ပါသည်။ ထိုနှောင့်ယှက်သူများမှာ တည်မြဲများဖြစ်ကြသည်ဟု သိရပါသည်။ တရားပွဲမထိခိုက်အောင်
ဦးတင်အောင်က ကြားဝင်ပြီး ပြေလည်အောင်ဖြေရှင်းပေးခဲ့သည်။
သူ့တွင် သည်းခံစိတ်လည်း ကြီးမားပါသည်။ သူ၏ “ကိုလိုနီခေတ်
မြန်မာနိုင်ငံသမိုင်း”စာအုပ်ကို တချို့သူများက ဤကိစ္စမှာ သမိုင်းကိစ္စ ဖြစ်သည်။ စာပေနယ်ပယ်ကိစ္စမဟုတ်ဘဲ
မကျွမ်းကျင်သည့်သမိုင်းကိစ္စကို ဝင်ရေးရမလားဟု ပြစ်တင်ဝေဖန်ကြပါသည်။ သူက ပြန်ချေပခြင်း
မပြုသော်လည်း စိတ်ကောင်းပုံမရပါ။ ကျွန်တော့်အမြင်အရတော့ ဦးတင်အောင်မှာ လက်ဝဲနိုင်ငံရေးသမားကြီးတဦးဖြစ်သဖြင့်
ထူးခြားသည့် နိုင်ငံရေးအမြင်များပါနိုင်ပြီး၊ သမိုင်းပညာအနေနှင့် ပိုမိုကြွယ်ဝလာနိုင်သည်ဟု
ကျွန်တော့်အမြင်ကို တင်ပြပြောဆိုပေးသည့်အခါတွင်တော့ သူစိတ်သက်သာရာရ၊ ကျေနပ်သွားပုံရပါသည်။
ကျွန်တော်သူ၏ ထူးခြားချက်ကြီးတခု ထပ်မံတွေ့ရှိရသည်မှာ
သူသည် ပြည်သူလူထု၏ရန်သူရန်ဘက်များကို ပြတ်ပြတ်သားသား တင်းတင်း မာမာသဘောထားပြီး ဝေဖန်တိုက်ခိုက်တတ်သော်လည်း
တခြားပြည်သူပြည်သားများ၊ မိမိနှင့်လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်များအပေါ် တွင်မူ လွန်စွာစိတ်ရှည်ပြီး
နူးညံ့ပျော့ပျောင်းစွာဆက်ဆံတတ်ပါသည်။ ကျွန်တော်တို့နယ်ခရီးများတွင် သူ၏စာဖတ်ပရိသတ်ကလည်း
တတပ်တအားပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။
0 comments:
Post a Comment