နိုဝင်ဘာ ၉၊ ၂ဝ၁၅(အပွင့်ဆိုင်ရင်း ဆိုင်ရင်း)
ရွေးကောက်ပွဲရလဒ် ဘာထွက်မယ်ဆိုတာ လူတိုင်း ခန့်မှန်းနိုင်ပါပြီ။ မဲဆန္ဒရှင်တွေဟာ သူတို့ဘာလိုချင် ဘာဖြစ်ချင်ကို အတိအလင်း ထပ်မံဖော်ပြလိုက်ပါပြီ။ တာဝန် အကြိမ်ကြိမ်ကျေပါပြီ။ တာဝန်ကျေရုံထက်မကတဲ့အလုပ်တွေပေါ်လာလည်း ပါဝင်လာဦးမယ့် အရိပ်အမြွက်တွေပြနေပါပြီ။ ဒါ့ကြောင့် သူတို့လိုချင်မှုနဲ့ဖြစ်ချင်မှုဟာ စစ်အုပ်စုကိုတင်မက ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီမိုကရေစီအင်အားစုတွေအတွက်ပါ အကျပ်အတည်းတချို့ ဖြစ်ပါစေလိမ့်မယ်။ ဒီမိုကရေစီနိုင်ငံတွေကလို နိုင်သူအာဏာအပ် ရှူံးသူထွက်နည်းနဲ့ စဉ်းစားရင်တော့ တမျိုးပါ။ ဒီစစ်အုပ်စုကို ဒီနည်းနဲ့စဉ်းစားမရမှန်း လူတိုင်းသိပြီးသားပါ။
လူထုနိုင်ငံရေးရေချိန်ဟာ ၉ဝ ကာလများတုန်းကနည်းတူ မြင့်တက်နေတယ် နိုးကြားနေတယ် သတိရှိနေတယ် ပြင်ဆင်မှုရှိနေတယ် အသင့်ပြင်ထားကြတယ်။ ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်ဖူးခဲ့ကြလှပါပြီ။ ဖွဲ့စည်းပုံဖျက်တဲ့အတွေ့အကြုံလည်း ရှိထားကြသလို လူထုတိုက်ပွဲ အတွေ့အကြုံနဲ့နည်းနာတွေလည်း ကြွယ်ဝနေပါပြီ။ ခံနိုင်ရည်ရော လုပ်နိုင်ရည်ရော သတ္တိရောဗျတ္တိပါ အပြည့်နဲ့ပါ။ အနုအကြမ်း အာဏာဖီဆန်နည်း လက်တွေ့တွေတင်မက နိုင်ငံတကာဗဟုသုတတွေလည်း ရှိနေပါပြီ။ ဆက်သွယ်ရေး နည်းပညာနဲ့ မီဒီယာတွေကို ကျကျနနသုံးတတ်နေပါပြီ။ ဒါကို ဒေါ်စုရော စစ်အုပ်စုကပါ ကောင်းကောင်းသိပါတယ်။
၄၃၆ ပြင်ရေး လက်မှတ်တွေ လိုက်ကောက်တုန်းက "ပြင်မပေးရင် ဘာလုပ်မလဲ" လို့မေးတာကို "မရ ရအောင်ပြင်ရမှာပေါ့"တို့ "ပြင်ချင်စိတ်ရှိရင် ပြင်ကြမှာပေါ့"တို့ "ပြင်ရဲတဲ့သတ္တိရှိရ မှာပေါ့"တို့လို အဖြေမျိုးမကြားချင်တော့လို ခုလို တခဲနက်ထောက်ခံကြတာဖြစ်သလို စစ်အုပ်စုကို ဘယ်လောက်မလိုလားမှန်း မုန်းတီးမှန်းဆန့်ကျင်မှန်း တိုက်ရိုက်ဖော်ပြချက်လည်း ဖြစ်ပါတယ်။
ကျနော့်အတွေးကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီပါတီနဲ့ ဒီမိုကရေစီ အင်အားစုများအနေနဲ့ ဒီ့မတိုင်ကိစ္စတွေတုန်းကလို စစ်အုပ်စုနဲ့ ကြိတ်ဝိုင်းတွေ လက်သိပ်ထိုးတွေလုပ်ဖို့၊ မြင်းတစီးဓားတလက်နိုင်ငံရေးမျိုး ငါ့လှေငါထိုးနိုင်ငံရေးမျိုးနဲ့ စခန်းသွားဖို့ မလွယ်တော့ပါ။ ခက်သွားပြီလို့ ဆိုချင်ပါတယ်။ ဗြောင်လုပ်ရတော့မယ်။ လူထုကိုအသိပေးပြီးမှ လူထုနဲ့အတူသွားရတော့မယ်။ ဘယ်နှပွင့်ဆိုင် ညာနှပွင့်ဆိုင်နည်းတွေနဲ့ လူထုကိုနားလှည့်ပါးရိုက်တာမျိုးလုပ်ဖို့ ခက်သွားပါပြီ။ ခုပြောလိုက်ရင် နောက်ပြောစရာ မကျန်မှာစိုးလို့ဆိုတဲ့စကားမျိုးလည်း ပြောဖို့မလွယ်တော့ပါ။ အာဏာမှမရှိတာ ဘာလုပ်လို့ရမှာလဲလို့ဆင်ခြေပေးမရအောင် "ရော့ အာဏာယူပေတော့" လို့ ထိုးအပ်လိုက်တာပါ။ လူထုနဲ့အင်န်အယ်လ်ဒီ အပြန်အလှန် နိုင်ငံရေးပဋိဉာဉ် ချုပ်ဆိုလိုက်တာပါ။ တိုင်းပြည်ကို ဦးဆောင်ပေတော့လို့ ဒုတိယမ္ပိပြည်သူ့အာဏာ အပ်နှင်းလိုက်တာပါ။ တနည်း တိုတိုပြောရရင် ခေါင်းဆောင်တွေကို ပေးလိုက်တဲ့ လူထုနိုင်ငံရေးဖိအားပါ။
စစ်အုပ်စုဘက်ကလည်း ဒေါ်စုကိုရထားပြီဆိုပြီး သူခိုးရွှေရတပြပြရော၊ ဒီမိုကရေစီပြစားမှုရော ဆက်လုပ်ဖို့ခက်သွားပါပြီ။ (နောက်တမျိုး လှည့်ဖျားဖို့ ဆင်ကြံ ကြံလာမှာပါ။ နိုင်ငံရေးကလိန်ခြုံမှာပါ။ ဘယ်လောက် အောင်မြင်မယ် မအောင်မြင်ဘူးသာ မပြောနိုင်သေးတာပါ) "၂ဝ၁ဝ ရွေးကောက်ပွဲနဲ့တက်လာတဲ့ လူထုရွေးကောက် တင်မြှောက်တဲ့အစိုးရ"ဆိုတဲ့ ဘယ်သူမှ အပြည့်အဝ လက်မခံသေးတဲ့တရားဝင်ဖြစ်မှုကို ငမ်းငမ်းတက် လိုချင်နေတုန်းဖြစ်ပေမယ့် ရဖို့ အရင်ကထက် ပိုလို့တောင်ခက်သွားပါပြီ။
ခု ရွေးကောက်ပွဲဟာ လူထုနဲ့ ဒေါ်စုဦးဆောင်တဲ့လက်နက်မဲ့ဒီမိုကရေစီအင်အားစုတွေကြားက အပြန်အလှန် နိုင်ငံရေးပဋိဉာဉ်ဖြစ်သွားပါပြီ။ လူထုကပေးတဲ့ ဖိအားဖြစ်သွားပါပြီ။
လူထုအားနဲ့သာ သမိုင်းကိုဖန်တီးလို့ရသလို၊ လူထုအားကြောင့်ပဲ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ မရှုမလှပျောက်ကွယ်သွားကြတာတွေလည်း လူ့သမိုင်းမှာ အထင်အရှားရှိပါတယ်။
နိုဝင်ဘာ ၈၊ ၂ဝ၁၅
(ကမိုးသီးရဲ့ နှစ်ကျပ်ကွက်)
မိုးသီးဇွန်က ရွှေမန်းကိုမဲပေးဖို့ ဘာဖို့ညာဖို့ပြောနေတာ နိုင်ငံရေး ၂ ကျပ်ကွက် မဟုတ်ဘူး။ ကလေးအတွေးနဲ့ ဝင်ပလေးတာလည်း မဟုတ်ဘူး။ အိုးပင်နင်လေး လေးငါးမျိုးလောက် ဘယ်အကောင်ပါဝါ ဘယ်လောက်ဆိုတာလေးလောက်၊ အခြေခံရွှေ့ကွက်လောက်လေး နည်းနည်းပါးပါးသိရုံလေးနဲ့ ဂရင်န်းဒ်မာစတာစတိုင်လ် ဝင်ဖမ်းတာ မဟုတ်ဘူး။ နိုင်ငံရေး နည်းပရိယာယ်လည်း မဟုတ်ဘူး။
သူ တကယ်ယုံနေတာ။ သူ ရွှေမန်းကို တကယ့်ကို ယုံနေတာ။ မယုံရင် သူ အဲ့လိုမပြောဘူး။ အဲ့လိုပြောလို့အတွယ်ခံရမှာ သူမသိလို့ မဟုတ်ဘူး။ သူယုံကြည်တာကို အဆဲခံပြီး ပြောနေတာ။ သူ့ခမျာ တကယ့်ကို ယုံနေရှာတာပါ။
ရွှေမန်းကို တကယ့်ဒီမိုကရေစီဘက်တော်သား စစ်ဗိုလ်ဟောင်းကြီးလို့၊ အစစ်အမှန်ပြုပြင်ပြောင်းလဲရေးလိုလားသူကြီးလို့၊
သတ်သတ်လွတ်စားဖို့ စိတ်ပြောင်းလာတဲ့ ကျားသူတော်ကောင်းကြီးလို့၊
ခြတောင်ပို့ထဲက ဘုရားလောင်းဖွတ်မင်းကြီးလို့၊
ဖက်ဆစ်တွေထဲက ဖက်ဆစ်ကောင်းတယောက်လို့ သူတကယ့်ကို နှစ်နှစ်ကာကာယုံပြီး ပြောတာပဲလို့ ကျနော်တော့ ကောက်ချက်ချတယ်။ ပြဿနာက ရွှေမန်းလို ဂျင်ပေါ်ကထုံး ကြက်သွန်ခံလိုလူက သူထင်သလို လူအမဟုတ်ဘူးဆိုတာ သူမသိတာပဲ။
ကျနော် သူနဲ့နှစ်ယောက်တည်းရော စကားဝိုင်းမှာရော ထိုင်ပြောဖူးတယ်။ နားထောင်ကောင်းတယောက်လည်းမဟုတ်သလို အပြောကောင်းတယောက်လည်း မဟုတ်ဘူး။ စကားပြောရင် မူလအဂျင်ဒါကနေ ချော်ချော်ထွက်ပြီး အချိတ်အဆက် လွတ်လွတ်သွားတာများတယ်။ ဘေးလူက မနည်းပြန်တည်ယူလည်း ”တည်”ပြောဖို့ ခက်သလိုပဲ။
သူ တကယ်ယုံနေတာပါ။ ယုံချင်ယောင်ဆောင်နေတာ မဟုတ်ပါ။
ခမျာ သနားဖို့လည်းကောင်းရှာတယ်။
နိုဝင်ဘာ ၄၊ ၂ဝ၁၅
0 comments:
Post a Comment