Wednesday, December 16, 2015

သူများတွေ အိမ်ပြန်ချိန်ကြီးကြမှ ခင်ဗျားက....(မျိုးမြင့်ချို)

0 comments
(သူများတွေ အိမ်ပြန်ချိန်ကြီးကြမှ ခင်ဗျားက....)
ဒီနေ့မနက်၂ နာရီထိုးကတည်းက အိပ်ရာကနိုးတယ်။ ပြန်အိပ်မရတဲ့အတူတူ ဆိုပြီး ကော်ဖီပြင်းပြင်းတခွက် ဖျော်သောက်တယ်။ ပြီးတော့ ဦးရွှေအောင်ရဲ့ ”အတ္တဝါဒမှ အနတ္တဝါဒသို့”ထဲက ပြန်ဖတ်ချင်တဲ့အခန်း လှန်ဖတ်တယ်။
ခနနေတော့ ကွန်ပြူတာရှေ့ထိုင် ဖေ့စ်ဘွတ်ခ်တက်လိုက်တယ်ဆိုရင်ပဲ ယမုံနာဆီမှာ
ကိုပေါက်(ကဗျာရေးတဲ့ ကမာပုလဲ)ဆုံးပြီဆိုတဲ့သတင်းတွေ့တော့ စိတ်ထဲနင့်ကနဲနေတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကိုထားခဲ့ပြန်ပြီတယောက်လို့ ကိုယ့်ဘာသာတွေးပြီး သက်ပြင်းချမိတယ်။
မဲဆောက်-ထုံထောင်းရပ်ကွက်ထဲက ဒေးမူတို့ကျောက်စားပွဲမှာ လောက်ခေါင်နဲ့ထိုင်ရင်း အနာဂတ်တွေဖတ်ကြတော့ “ခင်ဗျားတို့ ဟိုရောက်သွားလည်း ဒီကလူတွေကို သတိရပါဗျာ” လို့ ပြောခဲ့မှာခဲ့တဲ့ သူ့စကားသံပြန်ကြားတယ်။ သူပြောတဲ့ “သတိရပါဗျာ”မှာ ဘာချူသံမှ မပါသလို တခါမှ ဘာနားပူနားဆာမှလည်း ဘယ်သူ့ကိုမှ မလုပ်တဲ့သူပဲ။ ဒီရောက်ပြီးမှ သူနဲ့ ၂ ခါလားပဲ ဂျီတော့ခ်ခေတ်က တော့ခ်ခဲ့ဖူးတယ်။ ကျနော် လူကြုံရင် အသေးသုံးလေး နည်းနည်း ထည့်ပေးလိုက်မယ်ပြောပြီး ငွေလေးတရာ တခါတော့ပို့ဖူးတယ်။ အဲ့အထဲက ၅ဝ ကို သူ့ထက်ပို ခြိုးခြံနေရသူကို ခွဲပေးလိုက်သတဲ့။ မနက်ဖြန်ကျ ကျနော် မုန့်ဟင်းခါး တဝသွားစားမယ် ဘဲကြီးရေ။ အဟဲ ညနေစောင်းတော့ လောက်ခေါင်လေးနဲ့ ခတ်ကျဲကျဲဝိုင်းမဗျ..တဲ့။ ကိုပေါက်ရာ ခင်ဗျားဖို့ပါဗျဆိုတော့ ကျနော်က သိတ် ဒီလောက်ကြီးမလိုလှဘူးဗျ၊ အဆင်ပြေပါတယ်..တဲ့။

အဲ့ဒါတွေတွေးမိရင်း ညဆိုင်းအလုပ်ဆင်းနေတဲ့ ဇော်ကြီး (သစ်ကောင်းအိမ်)ဆီကို မက်ဆေ့ဂ်ျလှမ်းပို့လိုက်တယ်။ ကိုပေါက်ဆုံးပြီဆိုပြီး။
ထုံထောင်းက သစ္စာမဂ္ဂဇင်းအပေါ်ထပ်မှာ ကျနော်တို့ မရှိအတူရှိအတူနေခဲ့ရတဲ့တခနဟာ တကယ်တော့ ဘဝကိုယ်စီရင်းနှီးပြီး လာဆုံးဆည်းကြတာမဟုတ်လား။ ခေတ်ပြိုင်က စာမူခလေးများ ကိုမန်းမျိုးမြင့် လာထုတ်ပေးတဲ့ရက်တွေဆို ကျနော်တို့ အူစိုကြရတာ မဟုတ်လား။ လွမ်းစရာ အောက်မေ့စရာပါ။
သူဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲကို အသက်ထက်ဆုံး ထမ်းပိုးသယ်ဆောင်ခဲ့တယ်။ ခုတော့ သူ သေပြီ။ ကဗျာတွေချန်ခဲ့တယ်၊ ဒီမိုကရေစီရေးအလံ လူထုလွတ်မြောက်ရေး အလံတွေကို တလူလူလွှင့်ရင်း ခရီးနှင်သွားပြီ။

လားရာဂတိတကယ်ရှိတယ်ဆို ခင်ဗျားဟာ ကောင်းရာလောက်နဲ့ မထိုက်ပေဘူး။ အကောင်းဆုံးဂတိကသာ ခင်ဗျားအဖို့ရှိအပ်ပေတယ်။
သူများတွေအိမ်ပြန်ချိန်ကြီးကြမှ ခင်ဗျားကသေရတယ်လို့ဗျာ။

0 comments:

Post a Comment