Thursday, December 3, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁ဝ)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁ဝ)
၂။ လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်။      ။ ဦးထွန်းတင်မှာ အတော်စောစွာကပင် စတင်၍ ဆရာကြီး၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသူ ဖြစ်ပါသည်။ ကျွန်တော် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ စတင်လေ့လာသည့်အချိန်တွင်မှ သူနှင့်သိရှိလာခြင်း ဖြစ်ပါသည်။ စတင်သိရှိချိန်ကစ၍ (သူအကျဉ်းကျခံသွားသည့် အချိန်များကလွဲလို့) တောက်လျှောက် ကျွန်တော်နှင့် ရင်းရင်းနှီးနှီးဆက်ဆံ နေခဲ့ကြသည်မှာ ကျွန်တော်တောခိုခဲ့သည့် ၁၉၇၆ ခုနှစ်အချိန်ထိပင် ဖြစ်ပါသည်။

ကျွန်တော်နှင့် ဦးထွန်းတင်တို့နှစ်ဦး ဤမျှရင်းနှီးချစ်ခင်ကြရခြင်းမှာ ကျွန်တော်တို့၏နိုင်ငံရေးရည်မှန်းချက်ချင်းတူညီသည့်အပြင် ကျွန်တော်တို့ နှစ်ဦး၏ အိမ်ချင်းနီးသည့်အကြောင်းလည်း ပါဝင်ပါသည်။ သူ၏ အိမ်မှာ စမ်းချောင်းလမ်းတွင်ရှိပြီး ကျွန်တော့် ဆီဆုံလမ်းအိမ်နှင့် ဟိုဘက်လမ်း သည်ဘက်လမ်းသာ ဖြစ်ပါသည်။ ထို့ပြင် သူ့တွင် ကိုယ်ပိုင်ကားလည်းရှိရာ ကျွန်တော်တို့ သွားစရာလာစရာရှိတိုင်း သူနှင့်ပင် သွားရလာရ ပါသည်။

ဦးထွန်းတင်သည် တရုတ်သွေးပါရှိပြီး၊ ဖခင်မှာ အလွန်နာမည်ကြီးသည့် ရှေ့နေတဦးလည်းဖြစ်ပါသည်။ သူတို့ညီအစ်ကိုအားလုံးလည်း ပညာတတ်ကြီးများ ဖြစ်ကြကာ ကျွန်တော်တို့အကြား စီးပွားရေးအရ သူက အချောင်လည်ဆုံးဖြစ်ပါသည်။ သူ့ ဇနီးဖြစ်သူမှာလည်း ပညာတတ်တဦးဖြစ်ကာ အရာရှိကြီးတဦးလည်း ဖြစ်ပါသည်။

ဦးထွန်းတင်မှာ သူ၏ ရှေ့နေလုပ်ငန်းလုပ်ဆောင်ရာတွင်လည်း ငွေရေးကြေးရေးကိုပဓာနမထားဘဲ ငွေကြေးမတတ်နိုင်သည့် နိုင်ငံရေးသမားများ၊ ပြည်သူများဘက်မှ လိုက်ပါပေးလေ့ရှိပါသည်။ ဤနေရာတွင် အကောင်းဆုံးသာဓကမှာ သူကွယ်လွန်ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေအမှုကို လိုက်ပါဆောင်ရွက်နေဆဲဖြစ်ကြောင်းတွေ့ရခြင်း ဖြစ်ပါသည်။ ခေတ်အဆက်ဆက်အစိုးရများ၏ မတရားစွဲဆို၊ အမှုဆင်ခြင်းခံရသည့်အမှုများဘက်မှ ထာဝစဉ်လိုက်ပါဆောင်ရွက်ပေးတတ်ပြီး တခါတရံ ရှေ့နေခပင် မရရှာပါ။ သူက အိတ်စိုက်ပင် လုပ်ရပါသေးသည်။

ဤအတွက်ကြောင့်ပင် အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေးကောင်စီခေတ်များတွင် ဖမ်းဆီးထောင်ချခြင်းခံရပြီး ကိုကိုးကျွန်းသို့ပင် ပို့ဆောင် အကျဉ်းချခံရဖူးပါသည်။ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း တက်တက်ကြွကြွပါဝင်လုပ်ဆောင်ပေးမှုများကို ကြားသိရပါသည်။
           
၃။ တော်ဘုရားလေး (သို့မဟုတ်) မင်းသားကြီး။     
နောက်ပိုင်း ဦးအောင်ဇေဟုအမည်ပြောင်းခဲ့သော သီပေါမင်း၏မြေးတော်၊ တော်ဘုရားလေးမှာ ကျွန်တော်နှင့်စတင်သိရှိချိန် ၁၉၆ဝ ခုနှစ်များ အတွင်းက ဦးသန့်ဇင်ဟုခေါ်ပါသည်။ ကျွန်တော်က သူနှင့်စတင်သိရှိကတည်းက မင်းသားကြီးဟုခေါ်ရာ ဤအမည်တွင်သွားပြီး အားလုံးက ဤအတိုင်းပင်လိုက်ခေါ်ပြီး သူကလည်း ကျေနပ်ပုံရပါသည်။

ကျွန်တော်တို့တတွေ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆရာကြီးမှိုင်းအိမ်မှာ အစည်းအဈေးများထိုင်ကြသည့် အခါများတွင် ဆရာကြီးက သူတို့ တို့ဗမာအစည်းအရုံးအတွက် နယ်များကိုလှည့်လည်စည်းရုံးရာမှာ သခင်ထိပ်တင်ကိုယ်တော်ကြီးကို ထိပ်ဆုံးကနေရာပေး၍ လူထုကိုစည်းရုံးရပုံ၊ အထူးသဖြင့် ကျေးလက်လူထုများက မင်းသားပါလာတယ်ဆို၍ ဝမ်းသာအားရ လာရောက် နှုတ်ဆက်ကန်တော့ကြပုံများကို ပြန်လည်စားမြုံ့ပြန် ပြောပြတတ်ပါသည်။ တဆက်တည်း ဆရာကြီးက “အေး-မင်းတို့လည်း ဂရုစိုက်ကြ၊ တော်ဘုရားလေးကိုရှေ့တင်ပြီး စည်းရုံးရေးဆင်းကြကွာ”လို့ ရယ်ရွှန်းဖတ်ရွှန်းနှင့် တော်ဘုရားလေးကို စတတ်နောက်တတ်ပါသည်။ တကယ်လည်း ကျွန်တော်တို့နယ်ဘက် စည်းရုံးရေးဆင်းရာတွင် သီပေါမင်း၏မြေးတော်ပါလာသည်ဟူသောသတင်း ပျံ့နှံ့ရောက်ရှိသည့် ကျေးလက်များက လူထုများ တခုတ်တရ မြို့ပေါ်တက်လာပြီး တရားပွဲတက်ကြပါသည်။

မင်းသားကြီးမှာ လူပုံပန်းကလေးက နွဲ့နွဲနောင်းနောင်း ပုပုပျပ်ပျပ်ကလေးသာ ဖြစ်သည်။ စကားပြောအလွန်ချိုသာအေးဆေးပြီး ရိုးသား ပွင့်လင်းသူလည်း ဖြစ်ပါသည်။ အလွန်ချစ်စရာကောင်းသူ ဖြစ်ပါသည်။ လူပုံက အေးအေးပျော့ပျောင်းသော်လည်း၊ စိတ်ဓာတ်ကတော့ အလွန်မာကြောခိုင်မာသူဖြစ်ပြီး သူ့တသက်တာလုံး ပြည်သူများဘက်က တစိုက်မတ်မတ်ရပ်ခံသွားသူသာ ဖြစ်ပါသည်။ ဖမ်းဆီးထောင်ချ၊ ညှဉ်းပန်းမှုများလည်း ခံခဲ့ရသူ ဖြစ်ပါသည်။

၎။ ဒေါက်တာဆင်ဖိုး။      
ကျွန်တော်တို့အကြားတွင် နိုင်ငံရေးသမားမဟုတ်ဘဲ အမြဲတန်းကန့်လန့်ကန့်လန့်ပါနေသူတဦး ရှိပါသေးသည်။ သူကတော့ ဒေါက်တာဆင်ဖိုး ဖြစ်ပါသည်။ သူသည် ဆရာကြီးမှိုင်းအား ပုဂ္ဂိုလ်ရေးအရအလွန်လေးစားကြည်ညိုသူတဦးဖြစ်ကာ၊ ဆရာကြီး၏ ပုဂ္ဂိုလ်ရေးဆရာဝန်ကြီးအဖြစ် မေတ္တာဖြင့် သူဘာသာသူသတ်မှတ်ပြီး လာရောက်စောင့်ရှောက်ကုသပေးနေသူ ဖြစ်ပါသည်။

သူသည် လန်ဒန်သို့ ပညာတော်သင် စေလွှတ်ခြင်းခံရသော်လည်း လန်ဒန်ရှိ “ကားလ်မာ့က်စ်” ၏အုတ်ဂူကို သွားရောက်အလေးပြုမိသဖြင့် ဘွဲ့မရရှိဘဲ ပြန်လာရသူဖြစ်ပါသည်။ နောက်ပိုင်း ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ထားရာ နိုင်ငံရေးသမားများ၊ တောပြန်များနှင့် သူတို့မိသားစုများ စသည့် ငွေရေးကြေးရေးမချောင်လည်သူများအားလုံး၏ အားထားမှီခိုရာဆေးခန်းလေးဖြစ်လာ ပါတော့သည်။ သူက ဆေးအလကား ကုသ ပေးရုံသာမက တချို့လူနာများကို ဆိုက်ကားခပင် ဆီးပေးရသည့်အဖြစ်မျိုး မကြာခဏကြုံရပါသည်။ အလွန်စေတနာကြီးသည့် ဆရာဝန်တဦး ဖြစ်ပါသည်။

ဆရာကြီးမှိုင်းအား ပုံမှန်လာရောက်ကြည့်ရှုစစ်ဆေးပြီး အချိန်မှန်မှန် အားဆေးထိုး၊ အားဆေးသွင်းနှင့် လုပ်ကိုင်ကုသပေးပါသည်။ ဆရာကြီး ဤမျှအထိ အသက်ရှည်၍အနာမဲ့စွာ နေထိုင်သွားနိုင်မှုမှာ ဒေါက်တာဆင်ဖိုး၏ကျေးဇူးပင် ဖြစ်ပါသည်။ ဆရာကြီး၏ နိုင်ငံခြားခရီးများတွင် လည်း သူက လိုက်ပါစောင့်ရှောက်ပေးပါသည်။

သူ မကြာခဏ ပြောတတ်သည့်စကားတခွန်း ရှိပါသည်။ “လောကမှာ ရေမချိုးလို့သေတဲ့မသာ မရှိဘူး။ ရေချိုးမှားလို့ သေတဲ့မသာပဲရှိတယ်။ ဒါကြောင့် ကျွန်တော် လန်ဒန်မှာနေခဲ့တဲ့ကာလတလျှောက် တခါမှ ရေမချိုးခဲ့ဘူး” ဆိုသောစကား ဖြစ်ပါသည်။ ကျွန်တော် မကြာခဏ သတိရနေမိပါသည်။

ကျွန်တော် ယခုနေရသောအရပ်မှာ ဆောင်းတွင်းမှာ အလွန်အေးတတ်သဖြင့် (ဒါတောင် တရုတ်ပြည်တွင် အတော်နွေးသောအရပ် ဖြစ်သည်) ကျွန်တော် ရေချိုးကြောက်သောကြောင့် ရေချိုးခါနီးတိုင်း သူ့စကားကို သတိရနေတတ်မိခြင်း ဖြစ်ပါသည်။

၅။ ဦးတင်ရွှေ (မုံရွာ)။      
ကိုတင်ရွှေကို ကျွန်တော် ငြိမ်းချမ်းရေးလုပ်ငန်းများပါဝင်လုပ်ဆောင်ရန် စတင်လေ့လာချိန်ကစ၍ ကျောင်းသားခေါင်းဆောင်ဟောင်း တယောက်အဖြစ် သိရှိခဲ့ရပါသည်။ လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်နှင့်တော့ အစောကတည်းက သိရှိရင်းနှီးပြီးဖြစ်ဟန်တူပါသည်။ နောင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းရာမှာလည်း ထိုအဖွဲ့ကြီးကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေးဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်ပြီး အတွင်းရေးမှူးအဖွဲ့တရပ်ကိုဖွဲ့စည်းရာ ထိုအဖွဲ့တွင် ကိုတင်ရွှေပါဝင်လာပါသည်။ ထိုအဖွဲ့ထဲတွင် ထူငယ်များဖြစ်ကြသော ကိုတင်ရွှေနှင့်ဦးစိုးမင်း(ဗလစ)တို့မှာ အသွက်လက်ဆုံး၊ အလုပ်အများဆုံးဖြစ်ကာ အထွေထွေတာဝန်များကို အသေးအမွှားအထိ အားလုံး သိမ်းကျုံးလုပ်ဆောင်ကြသူများ ဖြစ်ကြပါသည်။ ကျွန်တော်တို့အားလုံး အတော်ပင်အားထားရသူ ဖြစ်ပါသည်။

ကျွန်တော် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွင် ဝင်လှုပ်ရှားသောအချိန်တွင် ဆရာကြီးမှိုင်းမှာ ကျန်းမာရေးအရ အတော်ကျဆင်းစပြုလာပြီ ဖြစ်သဖြင့် အဖွဲ့၏အစည်းအဈေးများကို ကျွန်တော်၏ စမ်းချောင်း၊ ဆီဆုံလမ်းအိမ်တွင်သာ ပြုလုပ်တာများလာပါတော့သည်။ တခါတရံ ကျွန်တော်တို့ နယ်များမှပြန်လာသည့်အခါ (သို့မဟုတ်) ဆရာကြီး စိတ်ရွှင်လန်းစေချင်သည့်အခါများတွင်သာ ဆရာကြီး၏ ချမ်းသာလမ်းအိမ်၊ ဆရာကြီး၏အိပ်ရာဘေးတွင်ပြုလုပ်ကြပြီး အကြောင်းအရာအားဖြင့်လည်း ပေါ့ပေါ့ပါးပါး အကြောင်းအရာများသာ ဆွေးနွေးကြပါသည်။ များသောအားဖြင့် နယ်များမှ လူထုများက ဆရာကြီးအား ဆုတောင်းမေတ္တာပို့သည့်အကြောင်းအရာများ၊ လက်ဆောင်ပစ္စည်းများ၊ လမ်းခရီးအတွင်းကြုံရသည့် ရယ်စရာ၊ မောစရာများသာ ပြောဆိုကြပါသည်။

ဤသို့ဖြင့် ကိုတင်ရွှေသည် ကျွန်တော့်အိမ်သို့ မကြာခဏ ဝင်ထွက်သွားလာရာမှ ကျွန်တော့်မိသားစုများနှင့်ပါ သိကျွမ်းခင်မင်ရင်းနှီးလာ ပါသည်။ ကျွန်တော့်ဇနီးက တခါတရံ နောက်ပြောင်ပြီး သူ့ကို လူပျိုကြီးဟု ခေါ်လာပါသည်။ ဦးထွန်းတင်ကလည်း တခါတရံ ခေါ်ဝေါ် နောက်ပြောင်တတ်ပါသည်။ ဤလို နောက်ဖန်များလာတော့ သူက ကျွန်တော့်မှာ လက်ထပ်မယ့်ဇနီးလောင်း ရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရပြီးမှလက်ထပ်မယ်လို့ စီစဉ်ထားပါတယ်လို့ ကျွန်တော်တို့ကို ရင်းရင်းနှီးနှီးပြောပြပါသည်။
ထိုစဉ်က ကိုတင်ရွှေသည် ရန်ကုန်ရှိ ဆိုဗီယက်သံရုံးတွင် ဘာသာပြန်တဦးအဖြစ်ဝင်ရောက်လုပ်ကိုင်နေပါသည်။ သို့ရာတွင် ထိုအချိန်က ဆိုဗီယက်ရုရှားမှာ ပြန်လည်ပြင်ဆင်ရေးသမားဟု နာမည်ဆိုးနှင့်ကျော်ကြားနေသဖြင့် ကမ္ဘာ့လက်ဝဲလောက၏ ဝေဖန်ရှုတ်ချခြင်းကိုခံနေရရာ ကိုတင်ရွှေမှာ ပြန်လည်ပြင်ဆင်ရေးသမားများလက်အောက်တွင် မနေလို၊ အလုပ်မလုပ်လိုသဖြင့် ရတောင့်ရခဲ ထိုအလုပ်မှ နုတ်ထွက်လိုက် ပါတော့သည်။

ထိုဆိုဗီယက်သံရုံးအလုပ်မှနုတ်ထွက်ပြီးလျှင်ပြီးချင်း ကျွန်တော့်အိမ်သို့ ရောက်လာကာ အလုပ်ထွက်လာပြီဖြစ်ကြောင်း အားရပါးရ ပြောပြ ပါသည်။ ကျွန်တော်လည်း ဤလုပ်ရပ်မှာ ချီးကျူးဖွယ်ဖြစ်သော်လည်း သူ့စီးပွားရေးအတွက်ပူပန်မိရာ ခင်ဗျားဘာလုပ်စားမလည်းဟု မေးမိရာ သူက ရှေ့နေလိုက်မည်ဟု ဆိုပါသည်။

သူရှေ့နေလိုက်ရာတွင်လည်း နိုင်ငံရေးသမား အမှုသည်များ၊ ငွေကြေးမတတ်နိုင်သူများထံမှ အခကြေးငွေမယူရုံမက ထိုသူများအတွက် စားဖွယ်သောက်ဖွယ်များပင် ဝယ်ခြမ်းပေးတတ်သေးသည်ဟု ကြားသိရပါသည်။ သူက တဖက်က ရှေ့နေလိုက်ရင်း၊ တဖက်က စာပေစာတမ်း၊ ဘာသာပြန်များ ရေးသားထုတ်ဝေရာ အတော်အောင်မြင်တာကို တွေ့ရပါသည်။

သူနှင့်ကျွန်တော် ရန်ကုန်ခရိုင်အတွင်းရော နယ်မြို့များသို့ပါ အတူတူခရီးထွက် စည်းရုံးရေးဆင်းရဖူးသဖြင့် ပိုမိုရင်းနှီးလာပါသည်။ သူနှင့် သူ၏ဇနီးလောင်းမမြသူတို့ ငြိမ်းချမ်းရေးရမှ လက်ထပ်ကြမည်ဟုစီစဉ်ထားသော်လည်း ၁၉၆၃ ခုနှစ်၊ ဗိုလ်နေဝင်း၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားသောအခါတွင်မူ လက်ထပ်လိုက်ကြရပါတော့သည်။ သူတို့ လက်ထပ်ပြီးနောက် သူတို့ဇနီးမောင်နှံ ကျွန်တော်တို့အိမ်သို့ လာရောက် လည်ပတ်ကြပါသည်။ ကျွန်တော့်သမီးများက ကိုတင်ရွှေ၏ဇနီးကို မမ-မမဟု ခေါ်ဝေါ်နှုတ်ဆက်ရာ ကိုတင်ရွှေက ကျွန်တော့်သမီးများကို မင်းတို့က ငါ့ကိုတော့ဦးလေးခေါ်ပြီး သူ့ကိုတော့ မမ-မမနဲ့ခေါ်နေတာ မတရားဘူးဟုပြောရာ ကျွန်တော့်သမီးများက ဒါကတော့ မမက လှတာကိုးလို့ ပြန်ပြောပါသည်။ ဒါကိုတော့ သူက သဘောကျပုံရပါသည်။ တဟဲဟဲရယ်နေတာ တွေ့ရပါသည်။

ကျွန်တော် တောခိုလာပြီးနောက် သူနှင့်ဈေးကွာသွားရာ ၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲအပြီး ကိုတင်ရွှေအဖမ်းခံရပြီးနောက် ထောင်ထဲမှာပင် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။ ပြည်သူ့ဘက်က ထာဝစဉ်ရပ်တည်ခဲ့ပြီး စကားပြောဆိုရာတွင် ပြုံးပြုံးပြုံးပြုံးနှင့် အလွန်သဘော သကာယကောင်းလှသည့် သူ့ကို ကျွန်တော်အမြဲအမှတ်ရနေမိပါသည်။
ကျွန်တော် သူတို့အားလုံးကို အမှတ်ရနေမိပါတော့သည်။


0 comments:

Post a Comment